အပိုင်း ၅၂
Viewers 17k

Chapter 52


ယွမ်ရှင်းကျဲအပေါ် အပုပ်ချသူမှာ စုကျီနန်ဖြစ်ကြောင်း ပေါ်ပေါက်သွားသည့်အချိန်တွင် သူ့အားထောက်ခံခဲ့သူအားလုံးသည် တွေဝေသွားကြသည်။ အထူးသဖြင့် စုကျီနန်ပြောခဲ့သော ယွမ်ရှင်းကျဲ၏ မကောင်းသတင်းများအား ယုံကြည်ကာ လိုက်ပါပြောဆိုခဲ့သူများသည် တစ်စုံတစ်ယောက်က သူတို့အားအသုံးချသွားကြောင်း နားလည်လာကြသည်။


စုကျီနန်က (စုကျီနန်..ရှင်းဟိုင်စစ်တက္ကသိုလ်မှထွက်သွားပါ) ဟူသောပို့စ်အားတွေ့ပြီးနောက် အသက်ရှူကျပ်လာလေသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ပို့စ်ကိုနှိပ်ကြည့်လိုက်ချိန်တွင် သူ့အားအပြစ်တင်နေသော တုံ့ပြန်ချက်များအားတွေ့လိုက်ရသည်။ 


(ငါ့မျက်လုံးတွေကန်းနေလို့ စုကျီနန်ကို ဟိတ်ဟန်မထုတ်ပဲ သန့်စင်တဲ့အိုမီဂါတစ်ယောက်အဖြစ်မြင်ခဲ့တာဖြစ်ရမယ်...ငါကသူ့ဆီကသင်ယူဖို့တောင် ကြိုးစားခဲ့သေးတယ်လေ..ပြန်စဥ်းစားရင်းအန်ချင်လာပြီ..)


(စုကျီနန်က ကြောင်သူတော်တစ်ယောက်ပဲ...ယွမ်ရှင်းကျဲကိုအပုပ်ချတဲ့ ပို့စ်တွေရေးပြီးတော့ ဘာမှမသိတဲ့ ဖြတ်လျှောက်တစ်ယောက်လို ဟန်ဆောင်နေသေးတယ်..သူကဟန်ကွမ်ဖြတ်လျှောက်ပဲ..)


(ဘယ်သူကသူ့ကို အမှီအခိုကင်းတဲ့အိုမီဂါလေးလို့ပြောတာလဲ...သူကသေချာပေါက် မကောင်းတဲ့ဗီလိန်ပဲ...)


(တခြားလူတွေရဲ့အမြင်ကောင်းရဖို့အတွက် ပို့စ်တွေအများကြီးရေးခဲ့တာပဲမဟုတ်လား...တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင်လှည့်စားသွားတာပဲ...အိုမီဂါတွေရဲ့ဂုဏ်ယူစရာလေးဟုတ်လား..သူနဲ့တစ်ကျောင်းထဲတက်ရတာနဲ့တင် သိက္ခာကျနေပြီ...)


(တစ်ယောက်ယောက်ကို အပုပ်ချဖို့အတွက် ပေါက်ကရတွေလျှောက်ရေးခဲ့တာပဲ...ငါသူ့အပေါ်လေးစားခဲ့တာမယုံနိုင်ဘူး..ဝေါ့...)


(စုကျီနန်က ကျွမ်းကျင်အဆင့်လက်ဖက်စိမ်းမပဲ...လူအများကြီးကို လှည့်စားနိုင်ခဲ့တာပဲကြည့်...)


(သူက ချီယုရဲ့အကူအညီနဲ့ ကျောင်းလက်ရွေးစင်အဖွဲ့ထဲကို ဝင်နိုင်ခဲ့တာမဟုတ်လား...ရှက်တတ်ရင် မြန်မြန်အနားယူသင့်တယ်...)


အဆိုပါကျောင်းဖိုရမ်က သူ့အား အိုမီဂါများ၏စံနမူနာအဖြစ် ချီးကျူးပြောဆိုခြင်းများဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။ ယခုအခါတွင်မူ သူ့အပေါ် အပြစ်တင်ဝေဖန်ချက်များကိုသာ ဖတ်ရှုရလေသည်။ စုကျီနန်သည် ပြိုလဲကျသွားသည်။


စုကျီနန် မှတ်ဉာဏ်တုအားပိတ်လိုက်သည်။ ထို့နောက် ယွမ်ရှင်းကျဲအား နီရဲသောမျက်လုံးများဖြင့်ကြည့်လိုက်ကာ...


"ယွမ်ရှင်းကျဲ...မင်းငါ့ကိုဒီလိုလုပ်ရဲတယ်ပေါ့...ချီယုက ဗိုလ်ချုပ်ကြီးရဲ့သားပဲ...သူငါ့အတွက်အားလုံးဖြေရှင်းပေးလိမ့်မယ်..."


"ချီယုလား..."


ယွမ်ရှင်းကျဲက မျက်ခုံးပင့်လိုက်ကာ..


"သူက သူ့ပြသနာသူအရင်ရှင်းရလိမ့်မယ်.."


ကျောင်းတွင်းမက်ခါပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦးအလျှော့ပေးခြင်းမှာ ပြောပလောက်သည့်ကိစ္စရပ်မဟုတ်ချေ။ သို့သော် တစ်ကျောင်းလုံးကစောင့်ကြည့်နေသည့်အခါ ကြီးမားသောပြသနာဖြစ်သွားလေသည်။


ချီယုက ယွမ်ရှင်းကျဲနှင့် စုကျီနန်တို့ကြား ထွက်ပေါ်လာခဲ့သည်။ ချီယုအားတွေ့သည်နှင့် စုကျီနန်က အမူအရာအားချက်ချင်းပြောင်းလိုက်ကာ..


"ညီလေးရှင်းကျဲ...ကျောင်းကလူတွေက မင်းနဲ့ယှဥ်ရင် ငါ့ကိုပိုပြီးသဘောကျကြတဲ့အတွက် မင်းမနာလိုဖြစ်မှန်းငါသိပါတယ် ...ဒါပေမယ့် အဲ့လိုဆိုတိုင်း ငါ့အပေါ်ကို ရေဆိုးရေညစ်တွေလောင်းမချသင့်..."


သူ၏ စကားမဆုံးခင်ပင် အရိုက်ခံလိုက်ရသည်။


ရိုက်လိုက်သူမှာ ချီယုဖြစ်လေသည်။


စုကျီနန် ကြောင်အသွားသည်။ သူက မျက်နှာကိုကိုင်ကာ မယုံနိုင်သလို ငေးကြည့်နေသည်။


တခြားတစ်ဖက်တွင်ရှိသော ယွမ်ရှင်းကျဲနှင့်လုရန်ရှုတို့ အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။


စုကျီနန်က မယုံနိုင်သလို အော်လိုက်သည်။


"ချီယု..."


"ငါက ရှင်းကျဲကိုလူတွေဒီလောက်အများကြီးက ဘာလို့ရန်လိုနေကြမှန်း နားမလည်ခဲ့ဘူး..." 


ချီယုက မျက်ခုံးများအားအေးစက်စက်မြှင့်တင်လိုက်သည်။


 "ငါထင်တာ သူ့အပြစ်နဲ့သူခံရတာနေမှာပါလို့...အားလုံးက မင်းလက်ချက်မှန်းမသိခဲ့ဘူး...စုကျီနန်..."


နောက်ဆုံးစာလုံးသုံးလုံးအား အံကြိတ်သံဖြင့်ပြောဆိုခဲ့သည်။


ယွမ်ရှင်းကျဲ၏ ကျောင်းသို့ပထမဆုံးလာရောက်စဥ်က တစ်စုံတစ်ဦးသည် ချီယုအားလှောင်ပြောင်ခဲ့သည်။ 


"စစ်တက္ကသိုလ်သို့ လက်ထပ်၍ဝင်ရောက်ခြင်း.."


ယွမ်ရှင်းကျဲ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးချက်များ ပျံ့နှံ့သွားပြီးနောက် အားလုံး၏လှောင်ရယ်စရာဖြစ်ခဲ့သည်။ ထို့အတူချီယုသည်လည်း လှောင်ပြောင်ခြင်းခံခဲ့ရသည်။


ထို့နောက် ယွမ်ရှင်းကျဲက လက်ထပ်ပွဲဖျက်သိမ်းရန် အဆိုပြုခဲ့စဥ်ကလည်း "ယွမ်ရှင်းကျဲက သူ့နေရာသူသိသွားပြီ"ဟူသောစကားသည် ဒုတိယနှစ်ကျောင်းသားများကြားတွင် ပျံ့နှံ့သွားခဲ့သည်။ သူအရှက်ရမည်စိုးသဖြင့် ချီယုက ယွမ်ရှင်းကျဲနှင့်ပတ်သက်သော မည်သည့်အရာကိုမှ မပြောဆိုခဲ့ဖူးချေ။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် လူအများအပြားက သိရှိနေရသနည်း။ 


ချီယုက သူ့နံဘေးမှလူအားလုံး၏ မနှစ်မြို့ခြင်းကိုခံရသော ယွမ်ရှင်းကျဲအား မနှစ်သက်ခဲ့ချေ။ သူသည် ယွမ်ရှင်းကျဲနှင့် အတူတွဲ၍ပင်လမ်းလျှောက်လိုစိတ်မရှိချေ။


ထိုအရာအားလုံးသည် စုကျီနန်၏ အကြံအစည်များသာ ဖြစ်လေသည်။


"အကိုကြီးယု...သူ့ကိုကြိုက်နေတာလား.."


စုကျီနန်က မျက်ရည်များကျလာပြီးနောက် ယွမ်ရှင်းကျဲအား ညွှန်ပြကာ ပြောလိုက်သည်။


 "ဒီလိုအိုမီဂါမျိုးအတွက် ဘာလို့ကူပြောပေးနေတာလဲ.." 


ချီယု၏နှုတ်ခမ်းများသည် မျဥ်းဖြောင့်တစ်ကြောင်းလိုဖြစ်သွားပြီး စုကျီနန်အား အေးစက်စွာကြည့်လိုက်သည်။


စုကျီနန် ဆက်၍ပြောလိုက်သည်။


 “အကိုကြီးယု...ကျွန်တော်တို့က အလိုက်ဖက်ဆုံးအသင်းလို့ပြောခဲ့တယ်လေ...ကျွန်တော်တို့ရဲ့ခင်မင်မှုကလည်းနက်ရှိုင်းတယ်မဟုတ်လား.."


"ဒါဆို မင်းဘာ့ကြောင့်ဒီလိုလုပ်ခဲ့ရတာလဲ.." 


ချီယု လက်သီးတင်းတင်းဆုပ်ကာ ကျယ်လောင်စွာအော်လိုက်သည်။


 "မင်းဘာ့ကြောင့် ယွမ်ရှင်းကျဲအပေါ် ဒီလိုတွေလုပ်ရက်ရတာလဲ..ငါကမင်းကို တခြားအိုမီဂါတွေထက် ထူးခြားတယ်လို့ထင်ခဲ့တာ...မင်းကရိုးရှင်းပြီးတော့ ပေါင်းသင်းရလွယ်ကူတယ်လေ...မင်းဒီလောက်အထိ ရက်စက်တတ်မယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး.." 


စုကျီနန်က အဆက်မပြတ်အပြစ်တင်ခံရခြင်းကြောင့် တုန်ရီနေလေသည်။ သူက တစ်ခွန်းမှမတုံ့ပြန်ပဲ နှုတ်ခမ်းကိုသာတင်းတင်းကိုက်ထားသည်။ ပိတ်ထားသောမျက်ဝန်းများမှ မျက်ရည်ဥကြီးများတလိမ့်လိမ့်ကျဆင်းနေကာ သနားစဖွယ်ဖြစ်နေလေသည်။


ထိုစဥ် လော့ဝမ်ချွမ်းနှင့်ခယ့်လိုင်တို့ ရောက်ရှိလာကြသည်။

52.2


ယွမ်ရှင်းကျဲက ယခုထက်ထိငိုနေဆဲဖြစ်သော စုကျီနန်အား အေးစက်စက်ကြည့်လိုက်သည်။


"မင်း ရှိုးပြလို့ပြီးပြီလား.."


"ငါမှားပါတယ် ယွမ်ရှင်းကျဲ...ငါတောင်းပန်ပါတယ်.." 


စုကျီနန်၏အသံသည် အနည်းငယ်အက်ကွဲနေသည်။ သူက အားနည်းဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။


 "ငါအဲ့လိုပို့စ်တွေ မတင်ခဲ့သလို မင်းနဲ့ပတ်သက်ပြီးတော့လည်း မကောင်းတာမပြောခဲ့ပါဘူး...ငါကမေးရုံမေးခဲ့တာပါ...မင်းမယုံဘူးဆိုရင် အားလုံးကိုစစ်ကြည့်လို့ရပါတယ်...ငါမင်းကိုအပုပ်မချခဲ့ပါဘူး...မင်းငါ့ကို ဒီလိုဆက်ဆံလို့မရဘူး.." 


"မင်း ပြောလို့ပြီးပြီလား..."


လုရန်ရှုက သူ့အား ဒေါသတကြီးဝင်ပြောလာသည်။


 "စုကျီနန်...မင်းကအဲ့ဒီ့ပို့စ်တွေကို ရှင်းကျဲအပေါ်လူတွေအထင်မှားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့တင်ခဲ့တာလေ...ရှင်းကျဲအပြောအဆိုခံနေရတုန်းက မင်းကိုယ်မင်း အရမ်းဂုဏ်ယူနေခဲ့မှာမဟုတ်လား..." 


"အဲ့လိုဆိုရင်တောင် ယွမ်ရှင်းကျဲလည်း ပြန်ပြီးတုံ့ပြန်ခဲ့တာပဲမဟုတ်လား..."


 စုကျီနန် ရှိုက်ရင်းပြောလိုက်သည်။


 "သူငါ့အကြောင်းတွေအားလုံးကို ဖိုရမ်မှာတင်ခဲ့တယ်လေ...အခုငါ့ကိုအားလုံးက ဝိုင်းပြောနေကြပြီ...ဒါတောင်မကျေနပ်နိုင်သေးဘူးလား.."


ဘေးဘက်မှ အသံတစ်ခုထွက်လာသည်။ 


"မင်းရဲ့အကြောင်းတွေကိုတင်တာ ငါပဲ...ညီလေးရှင်းကျဲနဲ့ ဘာမှမဆိုင်ဘူး.."


အသံပိုင်ရှင်သည် ခယ့်လိုင်ဖြစ်လေသည်။


ယွမ်ရှင်းကျဲ ဤကဲ့သို့မထင်ထားချေ။


"မင်းကို ဒီလိုပို့စ်တွေတင်နေတဲ့လူအဖြစ် သံသယဝင်နေခဲ့တာကြာပြီ..." 


ခယ့်လိုင်က မျက်မှောင်ကြုတ်လိုက်သည်။ 


"စုကျီနန်...မင်းကညီလေးရှင်းကျဲကို အပုပ်ချနေခဲ့တယ်ဆိုတာ ထင်ရှားနေတာပဲ...နောက်ပြီး မနှစ်ကပြိုင်ပွဲမှာတုန်းက အသင်းသားအားလုံးက ချီယုမင်းကိုအလျှော့ပေးလိုက်တယ်လို့ သံသယဝင်ခဲ့ကြတယ်...သူတို့မှာအခု သက်သေရှိနေပြီ..."


ခယ့်လိုင်၏အသံတွင် စက်ဆုပ်မှုအပြည့်ဖြင့်ဖြစ်နေသည်။


 "ငါ့အနေနဲ့ ဒီလိုကိစ္စကြီးကို အားလုံးသိသင့်တယ်လို့ ယူဆခဲ့တယ်...ဒါကြောင့်မို့လို့ ညီလေးရှင်းကျဲနဲ့မတိုင်ပင်ပဲ မင်းအကြောင်းတွေအကုန်လုံးကို ဖိုရမ်မှာတင်ခဲ့တာပဲ.."


ခယ့်လိုင် ဤကဲ့သို့ရှင်းပြနေရခြင်းမှာ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲအား ဖိုရမ်ကိစ္စအရှုပ်အရှင်းများတွင်ပါဝင်မိပြီး အရင်တခါကဲ့သို့အန္တရာယ်ကြုံမည်ကို စိုးရိမ်သဖြင့် သူ့အားသတိပေးခဲ့သောကြောင့်ဖြစ်သည်။


"မင်းက ငါ့အကောင့်ကိုဘလော့လိုက်တာဒါ့ကြောင့်ပေါ့.." 


စုကျီနန်က လက်သီးတင်းတင်းဆုပ်လိုက်သည်။


 "ခယ့်လိုင်..မင်းက ငါ့လိုမျိုး ကျောင်းလက်ရွေးစင်အဖွဲ့က အသင်းသားတစ်ယောက်အစား အပြင်လူကို မျက်နှာသာပေးတယ်ပေါ့ ဟုတ်လား.."


"ငါသာ မင်းအကောင့်ကိုမဘလော့ခဲ့ရင် ယွမ်ရှင်းကျဲက နားနေခန်းထဲမှာ အယ်လ်ဖာတွေကိုဆွဲဆောင်တဲ့ ဖယ်ရိုမုန်းတွေထုတ်နေပါတယ်ဆိုပြီး မင်းကတင်တော့မှာမဟုတ်လား.." 


ခယ့်လိုင်က အေးစက်စက်နှင့်ပြန်လည်ချေပလိုက်သည်။


ချီယု ထိုအရာအားကြားပြီးနောက် စုကျီနန်အား ထိတ်လန့်စွာကြည့်လိုက်သည်။


 "မင်းကဒီလိုမျိုးကိုတောင် တင်ရဲတယ်ပေါ့...ငါတို့သုံးယောက်ကြားမှာပဲ ဒီကိစ္စကိုထားထားမယ်လို့ မင်းနဲ့ငါတိုင်ပင်ပြီး သဘောတူခဲ့တယ်မဟုတ်လား.."


စုကျီနန်၏မျက်နှာသည် မှောင်မဲသွားသည်။ သူ့မျက်လုံးများတွင် နောင်တဖြင့်ပြည့်နှက်နေလေသည်။ ယခုပြသနာသည် ပေါ့သေးသေးမဟုတ်ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။


ထို့နောက် စုကျီနန်က မိုးရေထဲရှိ သစ်တော်ပန်းပွင့်များကဲ့သို့ ငိုကြွေးလိုက်ကာ ယွမ်ရှင်းကျဲအားမေးလိုက်သည်။


 "ညီလေးရှင်းကျဲ...မင်းကျေနပ်ဖို့အတွက် ငါဘာလုပ်ပေးရမလဲ.."


"ကျောင်းထွက်ပြီးတော့ စွန့်ပစ်ကြယ်ကိုပြန်သွား..."


အသံသည် လော့ဝမ်ချွမ်းထံမှလာခြင်းဖြစ်သည်။


သူက စုကျီနန်အား ရှည်လျားကျဥ်းမြောင်းသောမျက်ဝန်းများနှင့် စိုက်ကြည့်ရင်းပြောလိုက်သည်။ ထိုမျက်ဝန်းများမှာ အလွန်အမင်းအေးစက်နေလေသည်။


စုကျီနန်၏ ခြေထောက်များသည် ပျော့ခွေသွားကာ လဲကျတော့မတတ်ဖြစ်သွားသည်။ သူက ချီယုအား တုန်တုန်ယင်ယင်ဖြင့် လှမ်းဆွဲလိုက်ကာ...

 "အကိုကြီးယု...ကျွန်တော်ကျောင်းမထွက်ချင်ဘူး...ကျတ်တီးမြေကို ပြန်မသွားချင်ဘူး...အကိုကြီးယု..ကျွန်တော့်ကိုကူညီပါ.."


အားလုံး၏မျက်လုံးများသည် ချီယုနှင့် စုကျီနန်အပေါ် ကျရောက်သွားသည်။


"အကိုကြီးယု.....နှင်းဆီမိုးသစ်တောပြိုင်ပွဲကိုသတိရသေးလား....”


 စုကျီနန် ချီယုအား မျှော်လင့်တကြီးကြည့်လိုက်သည်။


 "ကြယ်စင်သားရဲ အကို့နားကပ်လာတော့ ကျွန်တော်ကဝင်ကာပေးခဲ့တယ်လေ...နိုင်ငံတကာပြိုင်ပွဲမှာတုန်းက ကျွန်တော်တို့နှစ်ယောက်က ဘာလုပ်ရမယ်ဆိုတာကို ပြောနေစရာမလိုပဲ အချင်းချင်းနားလည်ခဲ့ကြတယ်..ကျွန်တော်က အကို့အတွက်ကင်းထောက်လုပ်ပေးရင်း ကြယ်တံခွန်မက်ခါကို အနိုင်ပိုင်းခဲ့တယ်..နောက်ဆုံးတော့ ပြိုင်ဘက်ရဲ့ချေမွတာကိုခံရမယ့်ဘေးကနေ လွတ်မြောက်ပြီး ကျွန်တော်တို့အသင်းက အနိုင်ပိုင်းနိုင်ခဲ့တယ်..."


စုကျီနန်က သနားစရာကောင်းဟန်ဆောင်ခြင်းအား ဆက်လက်သရုပ်ပြနေခဲ့သည်။


ချီယု စုကျီနန်အားကြည့်ရင်း မျက်လုံးများကိုပိတ်ကာ အေးစက်စွာဆိုလိုက်သည်။


 "စုကျီနန်...ယွမ်ရှင်းကျဲကို အခုချက်ချင်း ဆယ်ကြိမ်အရိုအသေပေးလိုက်.."


ချီယုထိုမျှရက်စက်မည်ဟု စုကျီနန်မျှော်လင့်မထားခဲ့ချေ။


သူ့မျက်လုံးများမှာ ငိုရလွန်း၍ မို့အစ်နေလေသည်။ သူ့အနေဖြင့်တစ်ခါမှ ဤကဲ့သို့ အရှက်မရခဲ့ဖူးချေ။


သို့သော် သူက ပြောသည့်အတိုင်းလုပ်လိုက်သည်။


စုကျီနန်က ယွမ်ရှင်းကျဲ၏ရှေ့တွင် ဒူးထောက်လိုက်သည်။ မျက်ရည်မကျအောင်ထိန်းလိုက်ပြီး လက်ချောင်းများကိုတင်းတင်းဆုပ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ အံကြိတ်ရင်း နဖူးကိုမြေပြင်နှင့်ထိလိုက်သည်။ 


"ငါမှားပါတယ်...ညီလေးရှင်းကျဲ.."


စုကျီနန်ဒူးထောက်ကာ အရိုအသေပေးလိုက်သည်နှင့် အရိပ်တစ်ခုသည် ပြေးထွက်လာကာ သူ့အားထူမလိုက်သည်။ အဆိုပါကျောင်းသားများသည်ယွမ်ရှင်းကျဲအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်ကာ...


"အတန်းဖော် အိုမီဂါအချင်းချင်းကို စုစုအပေါ် ဒီလောက်အထိရက်စက်ရသလား..."


ယွမ်ရှင်းကျဲက လုရန်ရှုအား ရှုပ်ထွေးစွာမေးလိုက်သည်။ 


"အဲ့ဒါ ဘယ်သူလဲ.."


"ငါလည်းမသိဘူးလေ.."


"ဟဲဟောင်မင်...ဒီကိစ္စကမင်းနဲ့ဘာဆိုင်လို့ ဝင်ပါနေရတာလဲ...စုကျီနန်က ဒီလိုလုပ်ရပ်မျိုးလုပ်ထားတာတောင် မင်းကသူ့ကို ကာကွယ်ပေးချင်နေတုန်းပဲလား..." 


ဟဲဟောင်မင်မှာ ကျောင်းလက်ရွေးစင်အသင်းဝင်ပင်ဖြစ်သည်။ ချီယုပြီးလျှင် စုကျီနန်နှင့်ရင်းနှီးသော အယ်လ်ဖာတစ်ယောက်ဖြစ်လေသည်။


"ငါ သူမှားမှန်းသိပါတယ်...ဒါပေမယ့် သူကအိုမီဂါတစ်ယောက်လေ..." 


ဟဲဟောင်မင်က ယွမ်ရှင်းကျဲအားကြည့်ရင်း ပြောလိုက်သည်။ 


"ပြီးတော့ စုစုက စွန့်ပစ်ကြယ်ကလာခဲ့တာ...ငါလည်း စွန့်ပစ်ကြယ်ကလာခဲ့တာပဲ...မြို့တော်ကိုရောက်ဖို့အတွက် သေလုနီးပါးကြိုးစားပြီးလာခဲ့ရတာ...သူကဘယ်လိုလုပ်ပြန်သွားနိုင်မှာလဲ..." 


စုကျီနန်က မျက်ရည်များသုတ်လိုက်ပြီး ဟဲဟောင်မင်အားကြည့်လိုက်သည်။ 


"စီနီယာဟောင်မင်...ကျွန်တော်အမှားလုပ်ခဲ့တယ်..ကျွန်တော်အပြစ်ဒဏ်ကို ရင်ဆိုင်ရမယ်.."


 သူ၏အသံသည် နစ်နာမှုများနှင့် ပြည့်နှက်နေလေသည်။


ဟဲဟောင်မင်၏မျက်လုံးများ၌ မကျေနပ်မှုအချို့ ဖြတ်ပြေးသွားသည်။ ယွမ်ရှင်းကျဲအား အေးစက်စွာကြည့်ကာ.


."ဒီကျောင်းမှာ အိုမီဂါတစ်ယောက်ဖြစ်ရုံနဲ့တင် ခက်ခဲနေပြီ...ကျတ်တီးမြေက အိုမီဂါတစ်ယောက်အနေနဲ့ ပိုပြီးတော့တောင် အခက်အခဲကြုံရမှာ...မင်းကသူ့ကို ဖိအားပေးချင်တုန်းလား.."


လုရန်ရှုမှာ စိတ်တိုရလွန်းသဖြင့် သူ့ကိုကန်ပစ်ချင်လာသည်။


 "ဘာသောက်စကားတွေပြောနေတာလဲ...အိုမီဂါဟုတ်ဟုတ် မဟုတ်ဟုတ် သူကရှင်းကျဲကို အပုပ်ချခဲ့တယ်လေ...သေချာပေါက်ကန်တော့ပြီး တောင်းပန်သင့်တာပဲ မဟုတ်လား.."


"ညီလေးယွမ်ရှင်းကျဲ...စုစုကမင်းရဲ့ မကောင်းသတင်းကိုလိုက်ပြောရုံပဲရှိတာပါ.." 


ဟဲဟောင်မင်က မျက်မှောင်ကြုတ်လိုက်သည်။


 "မင်းကတော့ သူ့ရဲ့မက်ခါကိုဖျက်ဆီးပစ်တဲ့အပြင် ကျောင်းကနေပါ ထွက်သွားရအောင်လုပ်နေတာလေ...ဒါကအိုမီဂါတစ်ယောက်အတွက် ဘယ်လောက်ပြင်းထန်လဲ မင်းသိရဲ့လား..."


လော့ဝမ်ချွမ်း ရှေ့သို့တိုးကာ စကားပြောရန်ပြင်လိုက်သည်။ သို့သော် ယွမ်ရှင်းကျဲက သူ့ထက်ဦးစွာ ပါးစပ်ဟလိုက်သည်။ 


"တကယ်လို့ မင်းအနေနဲ့ စစ်တက္ကသိုလ်မှာရှိတဲ့ အိုမီဂါတွေရဲ့ဘဝက မလွယ်ကူမှန်းသိရင် စုကျီနန်ကိုဆက်ပြီး ကာကွယ်မနေသင့်ဘူး..အိုမီဂါတိုင်းအတွက် အရေးအကြီးဆုံးဖြစ်တဲ့ဂုဏ်သိက္ခာက စုကျီနန်ရဲ့လက်ထဲမှာ ဖျက်ဆီးခံရမယ်ဆိုရင် ပြင်းပြင်းထန်ထန်ကြိုးစားနေတဲ့အိုမီဂါတွေအတွက် မတရားရာကျမယ်မဟုတ်လား..." 


ယွမ်ရှင်းကျဲက ပုံမှန်အားဖြင့် တသီးတခြားနေတတ်ပြီး တည်ငြိမ်လေ့ရှိသည်။ ချီယုနှင့်ပင် အေးအေးဆေးဆေးသာ ပြောဆိုလေ့ရှိသည်။


သို့သော် ဟဲဟောင်မင်က သူ့အား  ဒေါသထွက်စေသည်။


xxxxxxxx