အပိုင်း ၅၃
Viewers 17k

Chapter 53


စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးအခန်းတွင် စစ်ဆေးစဥ်က ခံစားရသောနာကျင်မှုများ၊ အယ်လ်ဖာများ၏ ကွင်းတွင်းကွင်းပြင်ရန်စမှုများနှင့် heat ဝင်ချိန်ကာလများအား ကျော်ဖြတ်ပြီးသည့်နောက်တွင် စစ်တက္ကသိုလ်တွင်နေထိုင်ရသော အိုမီဂါတစ်ဦး၏အခက်အခဲများအား သူသိရှိလာပြီဖြစ်သည်။ 


သို့ရာတွင် ၎င်းသည် စုကျီနန်အားသက်ညှာပေးသင့်သည့် အကြောင်းအရင်းမဖြစ်နိုင်ချေ။


"မင်းအနေနဲ့ ဂါရဝပြုပြီးတောင်းပန်စရာ မလိုပါဘူး.."


ယွမ်ရှင်းကျဲ သူ့အားအေးစက်စက်ကြည့်ကာ တစ်လုံးချင်းပီပီသသပြောသည်။


 "မင်းလုပ်ခဲ့တာတွေက ဒီလိုပေါပေါပဲပဲတောင်းပန်မှုလေးနဲ့ မကာမိနိုင်ဘူး.."


စုကျီနန်က ယွမ်ရှင်းကျဲ၏ စကားများအားကြားပြီးနောက် တုန်ရီလာသည်။ သူသည် ယွမ်ရှင်းကျဲသည်လည်း အိုမီဂါတစ်ယောက်ပင်ဖြစ်သည်ကို မေ့လျော့သွားခဲ့သည်။


ယွမ်ရှင်းကျဲ၏မျက်လုံးများထဲတွင် သူတစ်ခါမှမတွေ့ဖူးခဲ့သော တည်ကြည်မှု၊ ပြတ်သားမှုနှင့် ခက်ထန်မှုတို့အား တွေ့လိုက်ရသည်။


တစ်ဖက်လူက သူ့အားကြည့်ရန်ပင်ပျင်းရိနေသကဲ့သို့ ပြောပြီးပြီးချင်း လှည့်ထွက်သွားလေသည်။


"ကျောင်းက မင်းနဲ့ချီယုအတွက် စုံစမ်းစစ်ဆေးရေးအသင်းစီစဥ်ထားတယ်..."


လော့ဝမ်ချွမ်းက စုကျီနန်အား ငုံ့ကြည့်ရင်းပြောလိုက်သည်။ 


စုကျီနန်သည် ဖြူလျော်သောမျက်နှာဖြင့် ဟဲဟောင်မင်အား မှီလိုက်သည်။ 


"စီနီယာဟောင်မင်..ဒီနေ့ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်..."


"ယွမ်ရှင်းကျဲက အားလုံးကိုလှည့်စားထားတာပဲ.."


ဟဲဟောင်မင်က စုကျီနန်၏နားနားကပ်ကာ တီးတိုးပြောလိုက်သည်။


 "ငါမင်းအတွက် သေချာပေါက် လက်စားချေပေးမယ်.." 


သို့ရာတွင် စုကျီနန်၏အာရုံသည် ချီယုထံ၌သာရှိလေသည်။ သူသည် ဟဲဟောင်မင်အားတွန်းလိုက်ကာ ချီယု၏ဘောင်းဘီစကိုဆွဲလိုက်သည်။


 "အကိုကြီးယု...ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ကူညီရမယ်နော်.." 


ချီယုက သူ့အား စက်ဆုပ်မှုအပြည့်ဖြင့် ကြည့်လာခဲ့သည်။


၎င်းအကြည့်သည် ယခင်ကယွမ်ရှင်းကျဲအား ကြည့်သောအကြည့်နှင့် အတူတူပင်ဖြစ်သည်။ စုကျီနန်သည် ထိုအကြည့်နှင့်အသားမကျချေ။


စုကျီနန်၏နှလုံးသားသည် အသူတရာနက်သောချောက်တွင်းသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။  ဖယ်ကြဥ်ခံရခြင်းက မည်ကဲ့သို့ခံစားရမှန်း သူ နားလည်သွားလေပြီ။


ယွမ်ရှင်းကျဲနှင့်စုကျီနန်ကြားမှ အဖြစ်အပျက်သည် တစ်ကျောင်းလုံးပျံ့နှံ့သွားလေသည်။


ပထမအကြိမ်တွင် ကားလ်နှင့် ဒါရိုက်တာဟွမ်တို့ပူးပေါင်းကာ ယွမ်ရှင်းကျဲအား အပုပ်ချခဲ့ကြသည်။ ကားလ်သည် ကျောင်းထွက်ရလုနီးနီးပင်ဖြစ်သွားခဲ့သည်။ သို့ရာတွင် သူသည် ကိုယ့်အမှားကိုယ်ဝန်ခံခဲ့သောကြောင့် ပြစ်ဒဏ်လျှော့ပေါ့ချမှတ်ခြင်းခံရကာ ကျောင်းတွင်ဆက်လက်နေထိုင်ခွင့်ရခဲ့သည်။ ဒါရိုက်တာဟွမ်ကမူ ရာထူးမှနှုတ်ထွက်ပေးခဲ့ရသည်။


စုကျီနန်တင်ခဲ့သည့် ယွမ်ရှင်းကျဲအားအပုပ်ချထားသောစာများသည် ကျောင်းသားအားလုံး၏ အာရုံကိုဆွဲဆောင်သွားသည်။ စုကျီနန်၏ ကြောင်သူတော်မျက်နှာဖုံးသည် ကွာကျခဲ့ပြီဖြစ်သည်။ ထို့အပြင် သူသည် ပြိုင်ပွဲကွင်းတွင် ယွမ်ရှင်းကျဲအားရှုံးနိမ့်ခဲ့သေးသည်။ စုကျီနန်သည် ယွမ်ရှင်းကျဲနှင့် နှိုင်းယှဥ်ရန်မဖြစ်နိုင်ကြောင်း အားလုံးလက်ခံသွားကြပြီဖြစ်သည်။


"ယွမ်ရှင်းကျဲနဲ့ချီယုတို့ စေ့စပ်ပွဲဖျက်သိမ်းပြီးတာတောင် ယွမ်ရှင်းကျဲက အရည်အချင်းစစ်စာမေးပွဲကိုဖြေပြီး ကျောင်းမှာဆက်ရှိနိုင်ခဲ့တယ်...သူအရည်အချင်းရှိတာ ရှင်းနေတာပဲမဟုတ်လား.."


"ယွမ်ရှင်းကျဲက ပြိုင်ပွဲတိုင်းမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်...သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက အံ့မခမ်းပဲ..."


"စုကျီနန်က ယွမ်ရှင်းကျဲကို အရည်အချင်းမရှိတဲ့လူလို့ ပြောခဲ့ပြီးတော့ ပြိုင်ပွဲမှာကျ ရှုံးသွားတယ်..သူ့မျက်နှာက တော်တော်အရေထူတာပဲ.."


"ယွမ်ရှင်းကျဲက ငါးပွဲဆက်တိုက်နိုင်ပြီး မြန်မြန်တိုးတက်လာခဲ့တယ်...သူကအိုမီဂါတွေအတွက် ဂုဏ်ယူစရာလေးပဲ.."


ထို့အပြင် အရင်နှစ်ပြိုင်ပွဲ၌ စုကျီနန်အပေါ် ချီယု၏အလျှော့ပေးခဲ့မှုသည် စုံစမ်းပေါ်ပေါက်ခဲ့သဖြင့် အဆိုပါကွန်မန့်များသည် ပို၍ပေါက်ကွဲလာခဲ့သည်။


"စုကျီနန်က မနှစ်ကပြိုင်ပွဲအကြောင်းကိုပြောရင် သူ့ကိုယ်သူသိပ်ဂုဏ်ယူတာ...နောက်ဆုံးကျတော့ အယ်လ်ဖာတစ်ယောက်က အလျှော့ပေးလိုက်တဲ့အတွက် ကျောင်းလက်ရွေးစင်အသင်းကို ဝင်ခွင့်ရခဲ့တာပေါ့..ဟုတ်လား..."


"အဲ့ဒီ့လူနှစ်ယောက်က ကျောင်းကိုသိက္ခာချနေတာပဲ...အသင်းမှာ ဒီလိုလူတွေရှိနေမှတော့ လုပ်ဆောင်ချက်က တဖြည်းဖြည်းပိုဆိုးလာတာ အံ့သြစရာမရှိဘူးပဲ..."


"ချီယုက တကယ့်ကိုစိတ်ပျက်စရာပဲ...သူ့မှာ မိတ်ဖက်ရှိနေတာတောင် တခြားအိုမီဂါနဲ့ ရှုပ်ချင်သေးတယ်...ဝေါ့..."


"နောက်တစ်ခါ ချီယုနဲ့စုကျီနန်ကို ယှဥ်ပြိုင်ခိုင်းရင် သွေးကျိန်စာအရင်ကျိန်ခိုင်းပေးပါ.."


"သူတို့နှစ်ယောက်လုံးကို ထုတ်လိုက်တော့.."


"သဘောတူတယ်..."


အဆိုပါ ရန်ပွဲတွင် အကျိုးအမြတ်ရသူသုံးဦးရှိလေသည်။


ယွမ်ရှင်းကျဲသည် ဖိုရမ်မှလူအားလုံး၏ ချီးကျူးခြင်းခံရသော အိုမီဂါတစ်ဦးဖြစ်လာသည်။


လုရန်ရှီသည် ယွမ်ရှင်းကျဲနှင့်စုကျီနန်တို့၏ပြိုင်ပွဲမှ ဖိုရမ်ဒင်္ဂါးတစ်သောင်းရရှိလိုက်သည်။


ခယ့်လိုင်၏ ပို့စ်များတွင်လည်း ထင်မြင်ချက်ကောင်းများ ရရှိခဲ့သည်။


စုကျီနန်နှင့်ချီယုတို့သည် အလွန်ပင်မျက်နှာပျက်ရလေသည်။ သို့ရာတွင် ချီယု၏ဖခင်မှာ ဗိုလ်ချုပ်ကြီးဖြစ်သဖြင့် အထိအခိုက်သိပ်မရှိချေ။


ချီယုနှင့်စုကျီနန်သည် ကျောင်းမှစစ်ဆေးရေးအဖွဲ့၏ ဆင့်ခေါ်ခြင်းခံရချိန်တွင် ချီယု၏ဖခင်ဖြစ်သူချီယင်သည် အပြေးအလွှားရောက်လာခဲ့သည်။


ချီယင်သည် အကြောင်းစုံသိပြီးနောက် ချီယုအား ဗြုန်းစားကြီးရိုက်နှက်တော့သည်။


ယွမ်ရှင်းကျဲက ထိုမြင်ကွင်းအား သွေးအေးအေးရပ်ကြည့်နေခဲ့သည်။


ချီယင် ယွမ်ရှင်းကျဲအား တောင်းပန်စကားပြောလိုက်သည်။


 "အားလုံးက ငါ့ရဲ့ဆုံးမမှုညံ့ဖျင်းတာကြောင့်ပါ...ဒီမသိတတ်တဲ့ကလေးက မင်းကိုထိခိုက်စေခဲ့တယ်...ငါယွမ်မိသားစုအိမ်ကိုလည်း တောင်းပန်စကားလာပြောပါ့မယ်..“


ထို့နောက် သူ ကျောင်းအုပ်ကြီးဘက်သို့လှည့်၍ဆက် ပြောလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် ချီယုကိုကျောင်းထုတ်တာကတော့ မပြင်းထန်လွန်းဘူးလား.."


ချီယင်က ချီယု၏အပြစ်ဒဏ်အား ဤကဲ့သို့မဖြစ်စေလိုပေ။ နိုင်ငံဗိုလ်လုပွဲအား ကျောင်းတွင်းမက်ခါပြိုင်ပွဲမှတဆင့် တက်ရောက်ရမည်ဖြစ်သဖြင့် သူ့အနေဖြင့်ဤကိစ္စအား မရရအောင် တားရမည်ဖြစ်သည်။


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။


သူသည် ချီယင်၏ ပါဝင်ပတ်သတ်လာနိုင်ချေအား ခန့်မှန်းမိခဲ့သည်။ ရလဒ်သည် သူ့အတွက် ကျေနပ်စရာကောင်းတော့မည်မဟုတ်ချေ။ 


ကျောင်းအုပ်က ဗိုလ်ချုပ်ချီယင်နှင့် သီးသန့်စကားပြောလိုက်သည်။


ချီယင် လည်ချောင်းများခြောက်သွေ့လာသည်အထိ ပြောကြားခဲ့သော်လည်း ကျောင်းအုပ်သည် ဆုံးဖြတ်ချက်မပြောင်းလဲချေ။

53.2


ထို့နောက် သ စစ်တပ်ရှိသူ၏ရာထူးအား ထုတ်ကာအသုံးချတော့သည်။ အကယ်၍ ရလဒ်သည် စိတ်ကျေနပ်ဖွယ်မရှိခဲ့ပါလျှင် ရှန်ဟိုင်းတက္ကသိုလ်အား စစ်တပ်မှထောက်ပံ့နေသော အထောက်အပံ့အားလုံးကို လျှော့ချမည်ဖြစ်ကြောင်း ဆိုလာခဲ့သည်။


စစ်ဆေးမှုရလဒ်သည် နောက်တစ်ရက်တွင် ထွက်ပေါ်လာခဲ့သည်။


ချီယုနှင့်စုကျီနန်သည် ပြိုင်ဘက်အားအလျှော့ပေးခြင်းဖြင့် ပြိုင်ပွဲအားအနှောင့်အယှက်ပေးခဲ့သည်။ ထို့ကြောင့် သူတို့၏ဆုများအားလုံးကို ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။ ထို့အပြင် စုကျီနန်သည် ချီယု၏အမှတ်များအနှုတ်ခံရချိန်တွင် ပြိုင်ဘက်ဖြစ်သော ယွမ်ရှင်းကျဲနှင့်လုရန်ရှီတို့အား စော်ကားပြောဆိုခဲ့သည်။ 


ယွမ်ရှင်းကျဲအား မကောင်းသတင်းများပြောဆိုခံရချိန်တွင် ချီယုသည် သူ့အားကာကွယ်ရန်ပြင်ဆင်ခဲ့သည်။ စုကျီနန်ကမူ ယွမ်ရှင်းကျဲအား ကျောင်းဖိုရမ်တွင် အပုပ်ချခဲ့သည်။


ထို့ကြောင့် ချီယုသည် အဓိကအပြစ်ရှိသူအဖြစ်မှ လွတ်မြောက်သွားသည်။ စုကျီနန်အား ကျောင်းဆက်လက်တက်စေသည်။ သူ၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်နေမည်ဖြစ်ပြီး အမှားတစ်စုံတစ်ခုပြုလုပ်သည်နှင့် ချက်ချင်းပင် ကျောင်းထုတ်ပစ်မည်ဖြစ်သည်။


ချီယင်က ချီယုကို ဗိုလ်ချုပ်လောင်းအဖြစ်သတ်မှတ်ထားကြောင်း ပြောခဲ့သောကြောင့် ကျောင်းအုပ်လည်း ရွေးချယ်စရာမရှိပဲ သူ့ကို  မျက်နှာသာပေးရတော့သည်။


ကျောင်းသားများက ဆုံးဖြတ်ချက်အား မကျေနပ်ကြချေ။


သို့ရာတွင် ကျောင်း၏စစ်ဆေးရေးအဖွဲ့သည် သူတို့နှစ်ဦး၏အချက်အလက်များအား မှတ်တမ်းတင်ခဲ့ပြီးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ချီယုနှင့်စုကျီနန်တို့သည် အနာဂတ်တွင် တပ်မတော်အားဝင်ရောက်ရာ၌ လွယ်ကူမည်မဟုတ်ချေ။


ချီယုတွင် ဖခင်ဖြစ်သူ၏အကူအညီရှိသော်လည်း စုကျီနန်ကမူ ဤမျှလောက်ကံမကောင်းချေ။


စုကျီနန်သည် ကျောင်းထုတ်မခံရသည့်အတွက် စိတ်သက်သာရာရသွားသည်။ သို့သော် သူသည် ကျောင်း၏မည်သည့်နေရာကို သွားရောက်စေကာမူ စိတ်ပျက်ရွံရှာသောအကြည့်များဖြင့် ရင်ဆိုင်ရလေသည်။


"အဲ့တာ အရှက်မရှိတဲ့လက်ဖက်စိမ်းမမဟုတ်လား.."


"စိတ်ပျက်စရာပဲ...ကျောင်းမှာဘာလို့ ဒီလိုလူရှိနေတာလဲ.."


"ငါကြားတာတော့ သူကစောင့်ကြည့်ခံနေရတုန်းတဲ့...အမှားတစ်ခုခုတွေ့တာနဲ့ သူလာတဲ့ကျတ်တီးမြေကို ပြန်ပို့မှာလို့ကြားတယ်...သူ့ကိုသေချာစောင့်ကြည့်ရအောင်.."


"စုကျီနန်အမှားတစ်ခုခုလုပ်တာကိုတွေ့တာနဲ့ သတင်းပို့ပြီး သူ့ကိုကျောင်းကနေကန်ထုတ်ပစ်ရအောင်.."


"ကိုယ်ရေးတဲ့ဇာတ်ကိုယ်တိုင်ကတာပဲ...နောက်ဆုံးကျ ကိုယ်ပဲအရှုံးပေါ်ကျန်ခဲ့တယ်.."


အရင်အချိန်များတွင် သူ့အား ဂုဏ်ယူကြသူနှင့်ကိုးကွယ်သူများပင်ရှိခဲ့သည်။ ယခုမူ လွန်ခဲ့သောတစ်လခန့်က ယွမ်ရှင်းကျဲ၏အဖြစ်မျိုးနှင့် ဆင်တူသောဖြစ်ရပ်သည် သူ့တွင်ဖြစ်လာလေသည်။ သူ၏မကောင်းသတင်းများသည် ပျံ့နှံ့နေကာ နေရာတိုင်းတွင် သူ့အား မုန်းတီးစွာစိုက်ကြည့်နေသူများရှိနေကြသည်။


သူသည် လူအားလုံးရွံရှာကြောက်ရွံ့ကြသော လမ်းမပေါ်ရှိကြွက်တစ်ကောင်နှင့် တူနေလေသည်။ ထိုခံစားချက်သည် ကျောင်းထွက်ရခြင်းထက်ပင် ပို၍မသက်မသာဖြစ်စေသည်။ ယွမ်ရှင်းကျဲအနေဖြင့် သူ့ကို ဤကဲ့သို့ကြုံတွေ့စေလိုသည့်အတွက် တမင်တကာကျောင်းမထွက်စေခြင်းဟူ၍ပင် သံသယဝင်လာသည်။


ချီယု၏ဂုဏ်သတင်းသည်လည်း ပို၍ဆိုးဝါးလာသည်။ သူ သူ့ကိုယ်သူကာကွယ်ရန်အတွက် စုကျီနန်နှင့်ဝေးဝေးနေကာ အတူလေ့ကျင့်ခြင်း၊ နေ့လည်စာအတူစားခြင်းများ မပြုလုပ်တော့ချေ။ ဟဲဟောင်မင်သာလျှင် စုကျီနန်အားနှစ်သိမ့်ပေးခဲ့သည်။ 


သို့သော် စုကျီနန်က သူကဲ့သို့ကျတ်တီးမြေမှလာသူတစ်ဦး၏ နှစ်သိမ့်မှုအားမလိုအပ်ပေ။ 


ကန်တင်း၌ နေ့လည်စာစားနေစဥ် အိုမီဂါတစ်ဦးက စုကျီနန်အား ခေါင်းပေါ်မှရေလောင်းချကာ ကျောင်းမှထွက်သွားရန်ပြောခဲ့သည်။


အားလုံးက စုကျီနန်အားဝိုင်းကြည့်နေကြသည်။


ရေအေးအေးသည် စုကျီနန်၏ဆံပင်ကြားထဲမှတဆင့် မျက်နှာပေါ်သို့ စီးကျလာသည်။ သူ အသက်ရှူရခက်နေကာ အလွန်ရှက်ရွံ့နေပြီး ကျောင်းမှနှုတ်ထွက်ချင်လာသည်။ သို့ရာတွင် ဤကဲ့သို့လုပ်နိုင်စွမ်းမရှိချေ။ တပ်မတော်သို့ဝင်ကာ သူ၏ဘဝအားနောက်တဆင့်မြှင့်ရမည်ဖြစ်သည်။ ကျတ်တီးမြေကဲ့သို့ အမှိုက်သရိုက်နေရာဆီသို့ ပြန်မသွားလိုချေ။


သူလုပ်ခဲ့သည်များအား အလွန်နောင်တရနေပေပြီ။


ယွမ်ရှင်းကျဲက ထိုပြစ်ဒဏ်ကို မကျေနပ်သော်လည်း ၎င်းသည် ကျောင်းဘက်မှပေးနိုင်သည့် အပြင်းထန်ဆုံးတစ်ခုဖြစ်ကြောင်း သူနားလည်ထားလေသည်။


လုရန်ရှုတစ်ယောက် စိတ်ဆိုးစွာပြောလိုက်သည်။ "ကျောင်းက အဲ့ဒီ့အမှိုက်သရိုက်တွေကို ညှာတာထားတာပဲ.."


ပြစ်ဒဏ်ထွက်ပေါ်လာသည့်အခါ လော့ဝမ်ချွမ်းက ကျောင်းအုပ်ကြီးကို သွားရောက်ရှာကာ မေးမြန်းလိုက်သည်။


 "ဘာ့ကြောင့်ဒီလိုလုပ်ရတာလဲ...ချီယုနဲ့စုကျီနန်က ကျောင်းထုတ်ခံသင့်တာမဟုတ်လား.."


"ဒုတိယမင်းသား...ကျွန်တော်လည်းဒီလိုမလုပ်ချင်ပါဘူး.."


ကျောင်းအုပ် သက်ပြင်းချလိုက်ပြီး သူ့အသံကိုနှိမ့်ကာရှင်းပြလာသည်။"ချီယုက အနာဂတ်မှာ ဗိုလ်ချုပ်ဖြစ်လာမယ်ဆိုတာ..."


"ဗိုလ်ချုပ်ဖြစ်လာတော့ရော ဘာဖြစ်လို့လဲ.." လော့ဝမ်ချွမ်းသည် အေးစက်စွာပြောလိုက်သည်။ 


"မင်းသား...မင်းသားက ဒီမှာကြီးပြင်းလာတာမဟုတ်တဲ့အတွက် စစ်တက္ကသိုလ်ရဲ့အခက်အခဲကို မသိရှိသေးတာပါ.."


ကျောင်းအုပ်က အကူအညီမဲ့စွာ ပြောလိုက်သည်။ "စစ်တက္ကသိုလ်တွေအားလုံးက တပ်မတော်ရဲ့အထောက်အပံ့ကိုယူရပါတယ်...တကယ်လို့ မင်းသားရဲ့ပုံရိပ်အစစ်အမှန်ကို ထုတ်ဖော်ဖို့စိတ်ကူးမရှိသေးရင် ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ်ချီကို မလွန်ဆန်ဝံ့ပါဘူး.."


"ဒါပေမယ့် အခုအချိန်မှာ ငါ့ပုံရိပ်ကိုထုတ်ဖော်လို့မရသေးဘူး.."


လော့ဝမ်ချွမ်းသည် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။ သူ့အသံတွင် စိတ်ပျက်မှုများနှင့် ပြည့်နှက်နေလေသည်။


ကျောင်းအုပ်ကြီးက လော့ဝမ်ချွမ်းအား တောင်းပန်စကားပြောလိုက်သည်။


 "မင်းသား..ဒါက အခုအချိန်မှာ ကျွန်တော်ပေးနိုင်တဲ့ အမြင့်ဆုံးအပြစ်ဒဏ်ပါပဲ..."


လော့ဝမ်ချွမ်းသည် ကျောင်းအုပ်အားကြည့်လိုက်သည်။


 "နောက်တစ်ခုထပ်ထည့်လိုက်ပါ...ချီယုနဲ့စုကျီနန်က ယွမ်ရှင်းကျဲကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်ပြီးတော့ သူတို့ဘာလုပ်ခဲ့တယ်ဆိုတာ အားလုံးရှေ့မှာပြောရမယ်..အဲ့တာကို ကျောင်းဖိုရမ်ရဲ့ထိပ်ဆုံးမှာ တင်ထားရမယ်....ရေဒီယိုကနေလည်း ထုတ်လွှင့်ပေးရမယ်.."


ကျောင်းအုပ်သည် လော့ဝမ်ချွမ်း၏အလျှော့ပေးသွားသည်အား တွေ့ပြီးနောက် နဖူးပေါ်တွင်ချွေးအေးများထွက်လာသည်။ 


"ကောင်းပါပြီ...ဒါက မပြောပလောက်တဲ့ကိစ္စပါ.."


လော့ဝမ်ချွမ်း ကျောင်းအုပ်ရုံးခန်းမှထွက်လာချိန်တွင် ကျိုးဖေးရွှယ်အားတွေ့လိုက်ရသည်။


ကျိုးဖေးရွှယ်က မနှစ်မြို့စွာပြောလာသည်။


 "အဲ့ဒီ့ မျိုးမစစ်ကောင်လေးချီယင်က ကျောင်းအုပ်ကို ဒီလိုမျိုးလုပ်ဖို့အတွက် တွန်းအားပေးခဲ့တယ်လို့ကြားတယ်...ငါကသူဗိုလ်ချုပ်ကြီးဖြစ်အောင် သင်ကြားပေးခဲ့တဲ့ဆရာပဲ...ဒင်းကအခုဒီလိုလုပ်ရဲနေပြီပေါ့.."


လော့ဝမ်ချွမ်းက ဘာကိုမှပြန်မပြောချေ။


"ကျောင်းအုပ်အနေနဲ့ ဗိုလ်ချုပ်ကြီးရဲ့သားတစ်ယောက်က ဒီလိုအမှားမျိုးလုပ်တယ်ဆိုတာကို ကိုင်တွယ်ရတော်တော်ခက်မှာပဲ...အရင်ကတစ်ခါမှဒီလိုမဖြစ်ဖူးဘူး.."


"ကျွန်တော် ဒါကိစ္စကိုဒီအတိုင်းလွှတ်မပေးဘူး.."


"မင်းသား...မဟာမိတ်တွေနဲ့အင်ပါယာက အခုထိညှိနှိုင်းလို့မရသေးပါဘူး...တော်ဝင်မိသားစုဝင်တိုင်းက အန္တရာယ်ကျရောက်နိုင်ချေရှိပါတယ်...မင်းသားအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မဖော်ပြတာအကောင်းဆုံးပါပဲ.."


လော့ဝမ်ချွမ်းသည် ခေါင်းညှိတ်လိုက်ကာ မျက်လုံးများမှိတ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။


"အိုး...နောက်တစ်ခုရှိပါသေးတယ်...မျိုးစိတ်ဘဏ်က မင်းသားနဲ့ ၉၅ရာခိုင်နှုန်းမိတ်ဖက်ဖြစ်နိုင်သူအကြောင်းကို ပေးပို့လာပါတယ်.." 


....


English Translator's note : ငါအရင်ကပြောခဲ့တဲ့အတိုင်း...ချီယုကတကယ့်ကိုမျိုးမစစ်ကောင်ပဲ...သူ့အဖေရောသူရောပဲ..


TN: မှောင်စေချင်နေပြီ "


xxxxxx