Chapter 54
"ဒုတိယမင်းသား....မျိုးစိတ်ဘဏ်ကပြောတဲ့အဆိုအရ အရှင့်သားနဲ့ ၉၅ရာခိုင်နှုန်း မိတ်ဖက်ဖြစ်နိုင်ချေရှိတဲ့အိုမီဂါ.."
ကျိုးဖေးရွှယ် တံတွေးမြိုချလိုက်သည်။
"မရှိပါဘူး..တဲ့"
လေ့ာဝမ်ချွမ်းက အဆိုပါရလဒ်အား မျှော်လင့်ထားပြီးဖြစ်သည်။ သူ့မျက်လုံးများတွင် အပြောင်းအလဲမရှိချေ။
ထိုအစား သူ့လက်ချောင်းများသာ မရည်ရွယ်ပဲတင်းတင်းဆုပ်မိသွားသည်။
ကျိုးဖေးရွှယ်က သတိကြီးစွာမေးလိုက်သည်။
"အရှင့်သား....ဆရာဝန်ပြောပုံအရတော့ ၉၅ရာခိုင်နှုန်းမိတ်ဖက်ဖြစ်နိုင်ချေရှိတဲ့ အိုမီဂါရဲ့ဖယ်ရိုမုန်းတွေက အရှင့်သားကိုဓာတ်မတည့်မှုမဖြစ်စေဘူးတဲ့...အဲ့ဒီ့နေ့တုန်းက ယွမ်ရှင်းကျဲရဲ့ဖယ်ရိုမုန်းတွေနဲ့ ထိတွေ့ခဲ့တယ်မဟုတ်လား.."
လော့ဝမ်ချွမ်း တည်ငြိမ်စွာခေါင်းညှိတ်လိုက်သည်။
"နောက်ပြီး ဓာတ်မတည့်မှုမဖြစ်ဖူးပေါ့ဟုတ်လား.."
ခဏတာတိတ်ဆိတ်ပြီးနောက် လော့ဝမ်ချွမ်းက ဖြေလိုက်သည်။ "အင်း..."
ကျိုးဖေးရွှယ်က ခဏတာစဥ်းစားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်လို့ ယွမ်ရှင်းကျဲရဲ့ဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်မှုမဖြစ်ဖူးဆိုရင်..မျိုးစိတ်ဘဏ်ကိုသွားပြီး စစ်ဆေးကြည့်သင့်တယ်မဟုတ်လား....ချီယုနဲ့သူချည်နှောင်ထားတာကို မရှင်းလင်းရသေးလို့လား..."
"မရှင်းလင်းရသေးဘူး ဟုတ်လား...သူတို့ရဲ့ လက်ထပ်စာချုပ်ကဖျက်သိမ်းလိုက်ပြီမဟုတ်လား.."
"လက်ထပ်စာချုပ်ဖျက်သိမ်းတာနဲ့ ဖယ်ရိုမုန်းချင်းမချည်နှောင်တော့တာက မတူဘူးလေ.."
ကျိုးဖေးရွှယ် ခေါင်းကုတ်လိုက်သည်။
"တကယ်လို့ယွမ်ရှင်းကျဲက ချီယုကိုဆက်ပြီး ကြိုက်နေသေးရင်ရော...တကယ်လို့ ယွမ်ရှင်းကျဲအနေနဲ့ ဆက်မကြိုက်တော့ရင်တောင် ချီနဲ့ယွမ်မိသားစုတွေက သူတို့ရဲ့ဖယ်ရိုမုန်းတွေကို လုပ်ချင်သလိုလုပ်ခွင့်ပြုမယ်မထင်ဘူး..."
ကျိုးဖေးရွှယ် လော့ဝမ်ချွမ်းအား အနည်းငယ်သနားသွားသည်။ သူ၏ဖယ်ရိုမုန်းနှင့် ဓာတ်မတည့်မှုမဖြစ်သောအိုမီဂါအတွက် တိုက်ခိုက်ရဦးမည်ဖြစ်သည်။
"ယွမ်ရှင်းကျဲကို ကျွန်တော်မေးပေးရမလား.."
လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။
"မေ့လိုက်တော့...ဒါကိုဘယ်တုန်းကမှ မဖြစ်ဖူးသလို သဘောထားလိုက်ပါ.."
ထိုသို့ ပြောပြီးနောက် သူက လှည့်ထွက်သွားခဲ့သည်။ ကျိုးဖေးရွှယ်သည် သူ၏နောက်ကျောကိုကြည့်ရင်း ရှုပ်ထွေးနေခဲ့သည်။
ဒုတိယမင်းသားသည် အင်ပါယာကြယ်မှ စွန့်ပစ်ကြယ်သို့ ကလေးဘဝကတည်းက စေလွှတ်ခြင်းခံခဲ့ရသည်။ သူ့အနားတွင် မည်သည့်အကူအညီမှမရှိပဲ နေ့ရက်တိုင်းအားသတ်ဖြတ်ရင်း ရုန်းကန်ခဲ့ရသည်။
လော့ဝမ်ချွမ်းက မိသားစု၏မေတ္တာအား အချိန်အတော်ကြာကတည်းက မသိရှိတော့တာဖြစ်သည်။ သူ့တွင် သူငယ်ချင်းလည်းမယ်မယ်ရရမရှိချေ။ ထို့အပြင် အိုမီဂါဖယ်ရိုမုန်းနှင့် ဓာတ်မတည့်သည့်အတွက် သူသည် အိုမီဂါများအားကြောက်သူဟူ၍ပင် နာမည်ပေးခံရလေသည်။
သူ၏ဖယ်ရိုမုန်းနှင့် ဓာတ်မတည့်မှုမဖြစ်သောအိုမီဂါအား ရှာတွေ့ခဲ့သော်လည်း မျိုးစိတ်ဘဏ်သို့ သွားရောက်အတည်ပြုနိုင်ခြင်းမရှိချေ။
ကျိုးဖေးရွှယ် သက်ပြင်းချလိုက်မိသည်။
ကျောင်းအုပ်က လော့ဝမ်ချွမ်း၏စကားအား သဘောတူလိုက်ရာ ချီယုနှင့်စုကျီနန်သည် "အပြစ်သားမှတ်တမ်း"နှင့် "တောင်းပန်စာ"တို့အားရေးကာ ဖိုရမ်၏ထိပ်ဆုံးတွင်သာမက သူတို့၏ပေ့ခ်ျတွင်လည်း တင်လိုက်ရသည်။
စုကျီနန်နှင့်ချီယုတို့၏ တောင်းပန်စာများသည် ဖိုရမ်တွင်တက်လာသည့်အခါ မြောက်များစွာသော ပြစ်တင်ရှုံ့ချခြင်းများအား ကြုံရတော့သည်။
(သွားစမ်းပါ...တောင်းပန်တာကဘာများအသုံးဝင်လို့လဲ...)
(တစ်ခုခုမလုပ်ခင် အကျိုးဆက်ကိုမစဥ်းစားဘူစလား...စိတ်ပျက်စရာပဲ)
(ကြောင်သူတော် လုပ်မနေစမ်းပါနဲ့)
စုကျီနန်နှင့်ချီယုတို့က ရေဒီယိုဌာနမှတဆင့် အဆိုပါတောင်းပန်စာအား နေ့စဥ်ဖတ်ပြခဲ့ကြသည်။
စုကျီနန်၏အသံမှာ ကွဲအက်နေလေသည်။ ဌာနမှတာဝန်ရှိသူသည် မျက်လုံးများအားလိမ့်လိုက်ကာ "မင်းဘာလို့ ဟန်ဆောင်နေတာလဲ.."
ယနေတွင် ချီယုက တောင်းပန်စာဖတ်ပြီးသည်နှင့် စကားလုံးအချို့ထပ်ပေါင်းပြောလိုက်သည်။ "ရှင်းကျဲ...ကိုယ်အရင်က မင်းအပေါ်ဘယ်လိုကောင်းပေးရမလဲ မသိခဲ့ဘူး..အခုဖြစ်ရပ်က ကိုယ်တို့နှစ်ယောက်ကြားမှာရှိတဲ့ အထင်လွဲမှုတွေကိုဖြေရှင်းဖို့ အခွင့်ကောင်းတစ်ခုဖြစ်လာမယ်လို့ ကိုယ်မျှော်လင့်ပါတယ်..."
အဆိုပါ အသံလွှင့်မှုသည် ကျောင်းဝင်းအတွင်းရှိ အသံလွှင့်စက်လေးများထံသို့ ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် ယွမ်ရှင်းကျဲက မက်ခါမွမ်းမံသည့်အခန်းထဲတွင် လေ့လာနေခဲ့သည်။ သူက ချီယု၏ အတင်းလုပ်ယူနေရသော တောင်းပန်စာဖတ်ပြနေရသည့်အသံအား စိတ်ကျေနပ်စွာနားထောင်နေခဲ့သည်။ သို့သော် နောက်ဆုံးစာကြောင်းအားကြားရသောအခါ သူသည် မျက်မှောင်ကြုတ်သွားလေသည်။
ဘာလို့ ကိုယ်ရေးကိုယ်တာတွေပါလာတာလဲ...
သို့ရာတွင် ယွမ်ရှင်းကျဲမွမ်းမံနေသော ကြယ်နှစ်ထပ်မက်ခါ၏တည်ဆောက်ပုံမှာ အလွန်ရှုပ်ထွေးသဖြင့် အာရုံပျံ့လွင့်၍မရချေ။ သူ ချီယုအကြောင်းအား ခေါင်းထဲမှထုတ်ကာ မွမ်းမံရေးတွင်အာရုံပြန်စိုက်လိုက်သည်။
ထိုစဥ် မဖိတ်ခေါ်သောဧည့်သည်တစ်ဦးသည် ရောက်လာလေသည်။
ချီယုက ယွမ်ရှင်းကျဲမနက်ပိုင်းစားနေကျကိတ်အား ယူဆောင်လာခဲ့သည်။
သူက ယွမ်ရှင်းကျဲနောက်သို့ အသာလေးကပ်လာခဲ့သည်။ "ကိုယ်ဘယ်သူလဲ မှန်းကြည့်."
ယွမ်ရှင်းကျဲ ပုံဆွဲနေရင်းရပ်တန့်သွားသည်။ သူသည် နောက်သို့ပင်လှည့်မကြည့်ချင်ပေ။
"ဖာ့ချ"
ချီယု ထိုဆဲရေးသံအားကြားသည့်အခါ လက်ချောင်းများအားတင်းတင်းဆုပ်မိသွားသည်။ သူက ယွမ်ရှင်းကျဲ၏နောက်ကျောအားငေးကြည့်ရင်း."ရှင်းကျဲ..ကိုယ်မင်းအတွက်တောင်းပန်စာကို နှစ်ခါဖတ်ခဲ့တယ်...ကိုယ်အသံတောင်ဝင်နေပြီ...မင်းကိုယ့်ကိုခွင့်မလွှတ်နိုင်ဘူးလားဟင်.."
"မလိုပါဘူး.."
ယွမ်ရှင်းကျဲ အေးစက်စက်ပြောလိုက်သည်။
"ငါတို့ကြားမှာ ဘာမှမရှိဘူး.."
ချီယု၏နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ သူ ကိုယ်ကိုငုံကိုင်းလိုက်ကာ..
"ရှင်းကျဲ...စုကျီနန်ဘာတွေလုပ်ခဲ့လဲဆိုတာ ကိုယ်တကယ်မသိခဲ့တာပါ...တကယ်လို့ကိုယ်သိရင် မင်းကိုဘယ်လိုလုပ်နာကျင်စေပါ့မလဲ...ကိုယ်အခု သူနဲ့ယှဥ်ရင်မင်းကပိုကောင်းမှန်းသိပါပြီ...မင်းကအဆတစ်ထောင်...မဟုတ်ဘူး...အဆတစ်သောင်းလောက်ပိုကောင်းတာပါ.."
ယွမ်ရှင်းကျဲ နောက်သို့လှည့်ကြည့်ကာ စိတ်မရှည်စွာပြောလိုက်သည်။
"ငါကသူ့ထက်သာသာမသာသာ မင်းနဲ့ဘာဆိုင်လို့လဲ..."
54.2
ချီယု၏ အက်ဒမ်ပန်းသီးသည် ရွေ့လျှားသွားသည်။ သူသည် ယွမ်ရှင်းကျဲအားကြည့်နေရင်း သူ့နှလုံးသားသည်မသက်မသာခံစားခဲ့ရသည်။
"ရှင်းကျဲ...မင်းကိုယ့်ကို အခုချက်ချင်းခွင့်လွှတ်ပေးစရာမလိုဘူး...ဒါပေမယ့် အနည်းဆုံးတော့ ကိုယ့်ရိုးသားမှုကိုအသိအမှတ်ပြုတဲ့အနေနဲ့ အခွင့်အရေးတစ်ခုလောက်ပေးပါ ဟုတ်ပြီလား.."
ထိုကဲ့သို့ပြောပြီးနောက် ချီယုက အပြစ်မကင်းသောမျက်ဝန်းများဖြင့် ယွမ်ရှင်းကျဲအားကြည့်လိုက်သည်။
"မင်းငါ့ကို ရိုက်တာဖြစ်ဖြစ် ဆူတာဖြစ်ဖြစ်ကြိုက်တာလုပ်ပါ....ငါမင်းကို ပြန်မတိုက်ခိုက်ပါဘူး..."
ယွမ်ရှင်းကျဲ ချီယုအားအမှန်တကယ်ရိုက်ပစ်ချင်သည်။ သို့ရာတွင် သူသည် ချီယုအပေါ်ဂရုစိုက်သေးသည်ဟူ၍ မှားယွင်းယူဆသွားမည်ကို မလိုချင်ပေ။
ထို့ကြောင့် အေးစက်စက်ပြောလိုက်သည်။ "မင်းပြီးရင် သွားတော့.."
ချီယုက သူ၏တောင်းပန်မှုအား ယွမ်ရှင်းကျဲအနေဖြင့် လွယ်လွယ်လက်ခံမှာမဟုတ်ကြောင်း နားလည်ထားသည်။ သူသည် ဗနီလာကိတ်အားစားပွဲပေါ်တင်လိုက်ကာ "ကိုယ် မင်းအတွက်ဝယ်လာတာ..."
မူလပိုင်ရှင်က ကိတ်များကိုနှစ်သက်သည်။ ချီယုက သူ့အား အချိုလျှော့စားပြီး လေ့ကျင့်ခန်းပိုလုပ်ရန်ပြောခဲ့ဖူးသည်။
လက်လုပ်မုန့်များသည် အလွန်ရှားပါလေသည်။ ချီယုက အဆိုပါကိတ်အား မနက်အစောကြီးထကာ တန်းစီပြီးဝယ်ယူလာခဲ့ခြင်းဖြစ်သည်။
"ငါအချိုတွေမစားတော့ဘူး.."
ယွမ်ရှင်းကျဲ၏မျက်ဝန်းတွင် ပျော်ရွှင်မှုများအစား စိတ်ပျက်မှုများဖြင့်ပြည့်နှက်နေသည်။ သူသည် ချီယုလက်တွင်းရှိ ကိတ်မုန့်အားကြည့်ကာ...
"ငါအခုလေ့ကျင့်ခန်းပုံမှန်လုပ်နေပြီ.."
ချီယု ထိတ်လန့်သွားသည်။ ယွန်ရှင်းကျဲထံမှ ဤကဲ့သို့ကြားရမည်ဟု သူမမျှော်လင့်ခဲ့ပေ။
သူသည် ယခင်ကထိုကဲ့သို့ပြောခဲ့သည်အား ရှင်းရှင်းလင်းလင်းမှတ်မိသည်။ သို့သော် ယွမ်ရှင်းကျဲထံမှ ပြန်လည်ကြားရသည့်အခါ အပြစ်ရှိသလိုခံစားလိုက်ရသည်။
ချီယု တစ်စုံတစ်ခုပြောချင်သော်လည်း ဘာပြောရမှန်းမသိချေ။ ယွမ်ရှင်းကျဲထံမှ အကောင်းမြင်မခံရခြင်းကြောင့် သူ့နှလုံးသားသည် ခါးသက်မှုများနှင့်ပြည့်နှက်သွားသည်။
ယွမ်ရှင်းကျဲက ဆက်လက်၍ရေးဆွဲနေခဲ့သည်။ ပတ်ဝန်းကျင်သည် ခဏမျှတိတ်ဆိတ်သွားလေသည်။ ဆယ်မိနစ်မျှကြာပြီးနောက် နောက်သို့လှည့်လိုက်ချိန်တွင် ချီယုက နေရာမရွေ့ပဲ ခေါင်းငိုက်စိုက်ကျရင်း မျက်နှာအမူအယာအားမတွေ့ရပဲ ရပ်နေသည်ကိုတွေ့လိုက်ရသည်။
"ရှင်းကျဲ...အခုလိုလုပ်မှဖြစ်မှာလား.."
ချီယုအသံသည် အက်ကွဲနေကာ ကြည်ကြည်လင်လင်မရှိချေ။
"မင်းက ငါ့ကိုဘာလုပ်စေချင်တာလဲ.."
"ချီယု...ငါမင်းကို ခွင့်လွှတ်မှာမဟုတ်ဖူး...ဘာမှလည်းမလုပ်ပေးစေချင်ဘူး.."
ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်ကာ.."ငါမင်းကို မကြိုက်တော့ဘူး..."
ချီယု ထိတ်လန့်သွားသည်။ ယွမ်ရှင်းကျဲအား မယုံနိုင်သလိုငေးကြည့်ကာ"မင်း...မင်းဘာပြောလိုက်တာလဲ.."
ချီယုက ယွမ်ရှင်းကျဲအနေဖြင့် သူ့အားမကြိုက်တော့ကြောင်း ဤကဲ့သို့တည်တည်ငြိမ်ငြိမ်ပြောလာမည်ဟူ၍ မမျှော်လင့်ထားပေ။
သူ့နှလုံးသားအား ရေအေးအေးဖြင့်လောင်းချလိုက်သလို ထိုစကားလုံးများအား ထပ်မံကြားလိုက်ရသည်။
ယွမ်ရှင်းကျဲ သူ့အားဗလာသပ်သပ်ကြည့်ကာ.."ငါမင်းကိုမကြိုက်တော့ဘူး.."
ထိုအချိန်တွင် ချီယုက ဆယ်နှစ်ကြာပိုင်ဆိုင်ခဲ့ရသည့်ရတနာအား သူ၏အမှတ်တမဲ့ဖြစ်မှုကြောင့် လက်လွှတ်လိုက်ရသည်ကို နားလည်သွားသည်။
အတိတ်တွင် ယွမ်ရှင်းကျဲက သူ့အားကြိုက်သည်ဟု ခဏခဏပြောခဲ့သည်။ သို့ရာတွင် သူ့အနေဖြင့် ယွမ်ရှင်းကျဲမှာစိတ်ရှုပ်စရာကောင်းသည်ဟူ၍သာ မြင်ခဲ့သည်။
ချီယု သူ့လုပ်ရပ်များအားနောင်တရလေသည်။
"ရှင်းကျဲ...မင်း...မင်းဘာလို့ ငါ့ကိုမကြိုက်တော့တာလဲ.."
ယွမ်ရှင်းကျဲ ချီယုအား အတော်လေးထူးဆန်းသည်ဟု မြင်မိသည်။ မူလပိုင်ရှင်မှာ ချီယုအပေါ်သဘောကျခဲ့သော်လည်း အသိအမှတ်ပြုမခံခဲ့ရချေ။ ယခုမူ သူ့အားအဘယ့်ကြောင့် မကြိုက်ရသနည်းဟု မေးမြန်းနေပြန်သည်။
"ဘာကြောင့်မှ မဟုတ်ဖူး.."ယွမ်ရှင်းကျဲက အပြောင်းအလဲမရှိသောအသံဖြင့် ပြောလိုက်သည်။ "ကိတ်ကိုမင်းဟာမင်းစားလိုက်ပါ.."
ထို့နောက် ချီယုအား ဆက်လက်ဂရုမစိုက်တော့ချေ။
ချီယု၏လည်ချောင်းသည် ခြောက်သွေ့လာကာ ယွမ်ရှင်းကျဲအား ထပ်မံမေးလိုက်သည်။
"မင်း လိမ်နေတာမဟုတ်လား.."
သို့သော် ယွမ်ရှင်းကျဲ၏မျက်လုံးများတွင် ခံစားချက်တစ်စွန်းတစ်စမျှ မပါရှိချေ။
သူ ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင်လုပ်ပြီးနောက် မက်ခါပြင်ဆင်သည့်အခန်းမှ ထွက်လာခဲ့သည်။ ကိတ်မုန့်ထည့်ထားသည့်ဘူးလက်ကိုင်အား တင်းကြပ်စွာကိုင်ထားသဖြင့် လက်ကိုင်သည် သူ့လက်ဖဝါးထဲသို့ပင် စိုက်ဝင်နေသည်။ သို့သော်သူသည် နာရကောင်းမှန်းမသိချေ။
တံခါးအရောက်တွင် လော့ဝမ်ချွမ်းကိုတွေ့လိုက်ရသောကြောင့် သူ စိတ်ဓာတ်ကျနေသောအမူအရာအား ချက်ချင်းထိန်းချုပ်ကာ မေးလိုက်သည်။
"မင်းကဒီမှာဘာလုပ်နေတာလဲ.."
လော့ဝမ်ချွမ်းက တည်ငြိမ်စွာဖြေလိုက်သည်။ "ငါ့ရဲ့ မက်ခါမာစတာဆီလာတာ.."
ငါ့ရဲ့မက်ခါမာစတာဟူသော အသုံးအနှုန်းအားကြားသည့်အခါ ချီယုလက်သီးတင်းတင်းဆုပ်လိုက်မိပြီး မနာလိုဖြစ်သွားသည်။
"လော့ဝမ်ချွမ်း မင်းသူ့ကိုငှားဖို့ ဘယ်လောက်ပေးထားလဲ.."
လော့ဝမ်ချွမ်းက အလျင်မလိုပဲ အေးအေးဆေးဆေးပြန်ဖြေခဲ့သည်။
"မင်းထက်တော့ ပိုများမှာပေါ့.."
ယွမ်ရှင်းကျဲ ဒီလိုလူကိုဘာကြည့်ကြိုက်တာလဲ..
ချီယုအံကြိတ်ကာ လော့ဝမ်ချွမ်းအား ရန်လိုမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားရှိလေထုသည် ပို၍အေးစက်လာခဲ့သည်။
ရှင်းကျဲက သူ့ကိုတော့မကြိုက်လောက်ဖူးမဟုတ်လား...မဖြစ်နိုင်တာ..ရှင်းကျဲက အိုမီဂါတွေကိုကြောက်တဲ့တစ်စုံတစ်ယောက်ကို ကြိုက်စရာလား...
"မင်း ရှင်းကျဲအပေါ်ဘယ်လိုတွေးသလဲတော့ ငါမသိဘူး...ဒါပေမယ့် သူကြိုက်တာကငါ...မင်းမဟုတ်ဘူး.."
အဆိုပါစကားအားကြားပြီးနောက် လော့ဝမ်ချွမ်းမျက်လုံးများထဲတွင် ခံစားချက်တစ်ချို့ဖြတ်ပြေးသွားသည်။ သို့သော် အလျှင်အမြန်ပျောက်ကွယ်သွားသည်။
"မင်းကဒီလိုတွေလုပ်ပြီးတာတောင် သူမင်းကိုဆက်ကြိုက်ဦးမယ်လို့ထင်တာလား.."
ချီယု၏ မေးကြောများထောင်သွားကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"ဒါက နားလည်မှုလွဲရုံပါပဲ...ငါကသူ့နှလုံးသားထဲမှာ ရှိနေတုန်းပဲ..သူ့အတွက်တော့ မင်းကအပြင်လူသက်သက်ပဲ.."
လော့ဝမ်ချွမ်း အေးစက်စက်ကြည့်လိုက်သည်။ သူသည် ချီယု၏စကားများအားမယုံချေ။
"ဒီကိတ်က သူငါ့ကိုပေးလိုက်တာလေ.."
ချီယု အောင်နိုင်သူအပြုံးမျိုးပြုံးလိုက်ပြီး လီဆယ်လိုက်သည်။
"ပြီးတော့ ငါ့ရဲ့ဖယ်ရိုမုန်းတွေကလည်း သူ့အတွက် အသင့်တော်ဆုံးဖယ်ရိုမုန်းပဲ.."
.....
English Translator's note: ချီယုကဒီအပိုင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..ငါအဲ့ကောင်ကိုမုန်းလိုက်တာ..
xxxxxx