Chapter 55
လော့ဝမ်ချွမ်း၏အကြည့်က ချီယုလက်တွင်းရှိကိတ်မုန့်ထံသို့ ကျရောက်သွားသည်။ သူ့မျက်ဝန်းများ၌ ချီယုနားမလည်သောခံစားချက်တစ်ချို့ဖြတ်ပြေးသွားလေသည်။
"ဒါက သူပေး မှန်းမင်းသေချာရဲ့လား.."
"ရှင်းကျဲက ငါ့ကိုဂရုစိုက်တယ်...အဲ့တာကြောင့်ငါ့ကိုကိတ်မုန့်ပို့ပေးတာပေါ့.."
ချီယု၏မျက်လုံးများက ရန်လိုမှုအပြည့်ဖြစ်နေသည်။
"မင်းမနာလိုဖြစ်နေတာလား...သြော် ဟုတ်သားပဲ...မင်းကအိုမီဂါဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်ဘူးဆို...မင်းကိုဘယ်သူက ကိတ်မုန့်ပေးချင်မှာလဲ.."
လော့ဝမ်ချွမ်းက ချီယုအားအသက်မပါသလိုကြည့်လိုက်သည်။ တစ်ဖက်လူက မျက်မှောင်ကြုတ်ကာ ပြန်ကြည့်လာလေသည်။
"ဟုတ်လား.."
ထူးထူးဆန်းဆန်း လော့ဝမ်ချွမ်းကပြန်ရှင်းပြလာခဲ့သည်။
"တကယ်တော့ငါက အိုမီဂါဖယ်ရိုမုန်းတိုင်းနဲ့ ဓာတ်မတည့်တာမဟုတ်ဖူးလေ.."
ချီယု သူ့စကားအားသေချာနားမလည်ပေ။ ထို့ကြောင့် သရော်သလိုပြန်ပြောလိုက်သည်။ "အဲ့လိုဆိုလည်း မင်းရဲ့ဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်မှုမဖြစ်တဲ့အိုမီဂါကို မြန်မြန်ရှာတွေ့ဖို့ဆုတောင်းပေးတယ်နော်.."
သူက ရှေ့သို့တိုးလိုက်ပြီး ခြိမ်းခြောက်သလိုပြောလာသည်။
"ရှင်းကျဲနဲ့ ဝေးဝေးနေပါ.."
လော့ဝမ်ချွမ်းက ချီယုအားခန့်မှန်းရခက်သောအမူအယာဖြင့် ကြည့်လျှက်ရှိသည်။ ထို့နောက် သူ၏စကားများအားအဖက်မလုပ်တော့ပဲ ယွမ်ရှင်းကျဲထံသို့သွားလေသည်။
ချီယုက လော့ဝမ်ချွမ်း၏နောက်ကျောကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ လော့ဝမ်ချွမ်းအနေဖြင့် ယွမ်ရှင်းကျဲအားနှစ်သက်သဘောကျမည်ဟု မထင်ချေ။ သို့ရာတွင် လော့ဝမ်ချွမ်းနှင့်တွေ့တိုင်း ရှင်းပြ၍မရသောကပ်ဆိုက်မှုတစ်ခုကဲ့သို့ ခံစားရလေသည်။
ယွမ်ရှင်းကျဲက သူ့နောက်မှခြေသံကြားရချိန်တွင် ချီယုအထင်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့ရာတွင် လှည့်ကြည့်လိုက်သောအခါ အံ့သြသွားလေသည်။
"ဘော့စ်...ဒီကိုဘာလာလုပ်တာလဲ.."
လော့ဝမ်ချွမ်း၏နှလုံးသားသည် အနည်းငယ်မွန်းကျပ်နေခဲ့သည်။ သို့သော် လူငယ်လေး၏ဖြူဖွေးသောမေးရိုးနှင့် မျက်ဝန်းတောက်တောက်ကလေးများအားကြည့်ကာ စိတ်ပြေသွားလေသည်။
လော့ဝမ်ချွမ်းက ပြန်ဖြေလိုက်သည်။ "ငါမင်းကိုလိုက်ရှာနေတာ.."
"မင်းဘာကိုလေ့လာနေတာလဲ.." လူငယ်လေး၏မှတ်ဉာဏ်တုမျက်နှာပြင်အားကြည့်ရင်း မေးလိုက်သည်။
"သြော်...အရွယ်အစားသေးတဲ့မက်ခါတွေက ပိုကြီးတဲ့မက်ခါတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာပါ..."
ယွမ်ရှင်းကျဲက ဆက်လက်ရှင်းပြလာသည်။ "ကျွန်တော့်မက်ခါလိုမျိုးလေ...ကျွန်တော်ဆို မုန်တိုင်းမက်ခါနဲ့မတိုက်ဖူးသေးဘူး...အကယ်၍ကြုံလာခဲ့ရင် ကြိုပြင်ဆင်ထားဖို့ပါ"
"သုတေသနကဘယ်လိုရှိလဲ.."
လူငယ်လေးက အပြုံးနှင့်ဖြေလာသည်။ "ကျွန်တော် အောင်မြင်ခါနီးပါပြီ.."
"မင်းတစ်ခုခုလိုရင် ငါ့ကိုတိုက်ရိုက်တောင်းဆိုလို့ရပါတယ်.."
ယွမ်ရှင်းကျဲ ခေါင်းညှိတ်လိုက်သည်။"ဟုတ်ကဲ့ပါ.."
ထို့နောက် လေ့လာလက်စမှတ်ဉာဏ်တုမျက်နှာပြင်နှင့် အခြားပစ္စည်းများအား ဖယ်ရှားလိုက်ကာ လော့ဝမ်ချွမ်းရှေ့သို့သွားလိုက်သည်။
"ကျွန်တော့်ကို ဘာအတွက်များလာရှာတာလဲမသိဘူး.."
ယွမ်ရှင်းကျဲ၏အကြည့်နှင့်ရင်ဆိုင်ရပြီးနောက် လော့ဝမ်ချွမ်း ဖြည်းညှင်းစွာဖြေလိုက်သည်။
"မင်းအနေနဲ့ ချီယုနဲ့စုကျီနန်ရဲ့အပြစ်ဒဏ်အပေါ် ကျေနပ်မှုရှိရဲ့လား.."
ယွမ်ရှင်းကျဲအနေနှင့် လော့ဝမ်ချွမ်းထံမှ ဤကဲ့သို့မေးလာမည်အား မှန်းဆမိခဲ့သည်။
"အရိုးသားဆုံးပြောရရင်တော့ ကျွန်တော်မကျေနပ်ဘူး...ဒါပေမယ့် ခင်ဗျားအကောင်းဆုံးကိုင်တွယ်ခဲ့မှန်း ကျွန်တော်နားလည်ပါတယ်...ပြီးတော့ချီယုရဲ့အဖေကလည်း ကျောင်းကိုဖိအားပေးနိုင်မယ်လို့ကျွန်တော်ခန့်မှန်းမိတယ်လေ...ကျွန်တော်ခင်ဗျားကျေးဇူးကို အမှတ်ရနေမှာပါ..."
လော့ဝမ်ချွမ်းက ခေါင်းညှိတ်လိုက်သည်။
"ကျေးဇူးတင်စရာမလိုပါဘူး...မင်းကငါ့ရဲ့မက်ခါမာစတာပဲလေ...ငါသေချာပေါက်ကူညီပေးရမှာပေါ့..."
"ကျွန်တော်က မက်ခါမာစတာသက်သက်ပဲဆိုပေမယ့် ခင်ဗျားအကူအညီကတကယ့်ကို များလွန်းပါတယ်..."
ယွမ်ရှင်းကျဲ တက်ကြွစွာပြောလိုက်သည်။
"အနာဂတ်မှာ ခင်ဗျားရဲ့မက်ခါကို တစ်ခုခုအဆင့်မြှင့်ချင်တာရှိရင် အားမနာပဲပြောသာပြောပါ...ကျွန်တော်အကောင်းဆုံးလုပ်ပေးပါ့မယ်.."
လော့ဝမ်ချွမ်းက သဘောတူညီသည့်အသံလုပ်လိုက်ကာ ယွမ်ရှင်းကျဲအားတုံဆိုင်းစွာကြည့်နေလေသည်။
လော့ဝမ်ချွမ်းတွင် မေးစရာရှိနေပုံပေါ်သဖြင့် ယွမ်ရှင်းကျဲ စိတ်ရှည်စွာစောင့်နေလိုက်သည်။
"ဘော့စ် တစ်ခုခုမေးစရာရှိသေးတာလား.."
လော့ဝမ်ချွမ်း၏မျက်လုံးနက်နက်များတွင် တုံ့ဆိုင်းမှုအချို့ရှိနေသည်။ သူက ယွမ်ရှင်းကျဲအား ချီယုနှင့်ဖယ်ရိုမုန်းချည်နှောင်ခြင်းဖြတ်တောက်မှုအကြောင်း မေးလိုသည်။ သို့သော် ယွမ်ရှင်းကျဲက အခုလေးတင် မက်ခါမာစတာသက်သက်ပဲ ဟူ၍သုံးနှုန်းသွားခဲ့သည်။ သူ့မျက်လုံးများမှာ ပို၍နက်မှောင်လာလေသည်။
သူ့အတွက်မူ ကြယ်တာရာပိုင်နက်တစ်ခုလုံးတွင် ဖယ်ရိုမုန်းနှင့်ဓာတ်မတည့်မှုမဖြစ်ခြင်းမှာ ယွမ်ရှင်းကျဲတစ်ယောက်သာ တွေ့ဖူးလေသည်။
သို့သော် ယွမ်ရှင်းကျဲက ထိုအရာအားမသိရှိပေ။ ယွမ်ရှင်းကျဲနှင့် သူ၏ဆက်ဆံရေးသည် ဘော့စ်နှင့် ကျွမ်းကျင်စက်ပြင်ဆရာအဆင့်ဆက်ဆံရေးသာရှိလေသည်။
သူ့တွင် တစ်ဖက်သား၏ဖယ်ရိုမုန်းဖြတ်တောက်မှုအကြောင်းနှင့် ချီယုအားသဘောကျမကျ မေးနိုင်ခွင့်မရှိချေ။
55.2
လော့ဝမ်ချွမ်း၏နှုတ်ခမ်းများ လှုပ်ရှားသွားသည်။ "မင်း..."
လော့ဝမ်ချွမ်း သူ၏ခံစားချက်များအား တည်ငြိမ်အောင်လုပ်လိုက်ကာ ပြောလာသည်။
"မင်းငါ့ကို စီနီယာလို့ခေါ်လိုရတယ်.."
လူငယ်လေးက အံ့သြသွားသည်။ ထို့နောက်ချက်ချင်းပင်ပြုံးလိုက်ကာ..."ကောင်းပြီလေ.."
လော့ဝမ်ချွမ်း သူ၏မဝံ့ရဲမှုအား တိတ်တဆိတ်ဖုန်းကွယ်ကာ လှည့်ထွက်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် သူသည် ယွမ်ရှင်းကျဲ၏အသံအား ကြားလိုက်ရလေသည်။ "ကျွန်တော်တို့ နေ့လည်စာအတူစားရအောင်လေ...စီနီယာ.."
အဆိုပါ ဖိတ်ခေါ်မှုအား လော့ဝမ်ချွမ်းမမျှော်လင့်ထားချေ။ သူ၏ နှုတ်ခမ်းထောင့်များမြင့်တင်လာခြင်းကို ပြန်လည်ထိန်းချုပ်လိုက်ကာ "ကောင်းပြီလေ.."
သူတို့နှစ်ဦး ကန်တင်းထဲဝင်လိုက်သည်နှင့် မြောက်များစွာသောလူတို့၏အာရုံအား ဆွဲဆောင်မိသွားလေသည်။
လော့ဝမ်ချွမ်းက အိုမီဂါများအားကြောက်ရွံသည်ဟူ၍ ကောလဟာလများရှိလေသည်။ သူ့အနားသို့ မည်သည့်အိုမီဂါမှမကပ်ရဲကြချေ။ သို့ရာတွင် ယခုမူ အိုမီဂါတစ်ယောက်နှင့် အတူတကွနေ့လည်စာစားနေလေသည်။
ယွမ်ရှင်းကျဲအကြောင်းအား စုံစမ်းရင်းသိရှိသွားသောအခါ ပို၍ပင်အံ့သြသွားကြလေသည်။ ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်း၏မက်ခါမာစတာတစ်ဦး ဖြစ်လေသည်။ ဆိုလိုသည်မှာ ယွမ်ရှင်းကျဲတွင် SSအဆင့်မက်ခါတိုက်ခိုက်သူများ၏ မက်ခါများကိုပြုပြင်နိုင်စွမ်းရှိလေသည်။
တီးတိုးပြောဆိုမှုများအား လော့ဝမ်ချွမ်း အာရုံမစိုက်ပဲ နေ့လည်စာကိုသာအေးဆေးစွာစားသောက်နေလေသည်။
"ဒါ မင်းအတွက်.."ယွမ်ရှင်းကျဲ တိတ်ဆိတ်မှုအားဖြိုခွင်းရန် လော့ဝမ်ချွမ်းပန်းကန်ထဲသို့ အသားတစ်တုံးထည့်ပေးလိုက်သည်။
"အဲ့ဒါကအရသာရှိတယ်..."
လော့ဝမ်ချွမ်း၏ စားသောက်မှုလုပ်ငန်းစဥ်သည် ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်မှာလည်း တိတ်ကျသွားလေသည်။
ခဏအကြာတွင် ယွမ်ရှင်းကျဲအားကြည့်ကာ ဆိုလာသည်။ "ကျေးဇူး..."
ယွမ်ရှင်းကျဲက သူထည့်ပေးသောအသားကို ကောင်းမွန်စွာစားသောက်နေသည့် ထိုအမျိုးသားအားကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးကာမပြုံးပဲမနေနိုင်ချေ။ သူသည် လော့ဝမ်ချွမ်းမှာပေါင်းသင်းရလွယ်သည်ဟု တွေးမိလိုက်သည်။
"လော့ဝမ်ချွမ်းက အသန့်ကြိုက်တယ်မဟုတ်လား.."
"သူကဆီများတာတွေမစားဘူးလေ.."
"ငါ့မျက်လုံးတွေမှာ ပြသနာရှိနေပြီ...."
နေ့လည်စာစားပြီးနောက် လော့ဝမ်ချွမ်း သူ၏အဆောင်သို့ပြန်လာခဲ့လေသည်။ ခယ့်လိုင်က ဖိုရမ်၏နောက်ဆက်တွဲပြသနာများအား ဖြေရှင်းနေရင်း နှုတ်ဆက်လိုက်သည်။
"ပြန်လာပြီလား.."
လော့ဝမ်ချွမ်းက စခရင်မျက်နှာပြင်အားကြည့်ရင်း မေးလိုက်သည်။
"ရှင်းကျဲပို့စ်တွေကို ကိုင်တွယ်နေတုန်းလား.."
"အေး...ကျောင်းကကိုယ်ရေးကိုယ်တာနှောင့်ယှက်မှုအနေနဲ့ တရားစွဲပေးမယ်လို့ပြောတယ်..."
လော့ဝမ်ချွမ်း ခေါင်းညှိတ်ရင်းပြောလိုက်သည်။ "ကျေးဇူး.."
"ရပါတယ်.."
ခယ့်လိုင်က နေ့လည်စာတစ်ဖက်နှင့်အလုပ်လုပ်နေသဖြင့် လော့ဝမ်ချွမ်း၏ ယွမ်ရှင်းကျဲအပေါ် အခေါ်အဝေါ်ပြောင်းသွားပုံအား သတိမပြုမိချေ။ ထိုစဥ် တစ်စုံတစ်ခုအားတွေ့သွားပြီးနောက် ပါးစပ်ထဲရှိမုန့်များကို မြိုချရင်းပြောလာသည်။
"ယွမ်ရှင်းကျဲက ချီယုအပေါ်တော်တော်လေးကြိုက်ခဲ့တာပဲ.."
လော့ဝမ်ချွမ်းက အိပ်ခန်းတံခါးဝမှပြန်လှည့်လာသည်။
"ဒီပို့စ်တွေက ချီယုရဲ့အတန်းဖော်တင်ထားတာတွေလေ..."
ပို့စ်မှပုံများအားထောက်ကြည့်ရင်း ပြောလာသည်။
"စုကျီနန်ရဲ့ပို့စ်တွေက ဖျက်ချခံရပြီးပြီ.."
"ပို့စ်တွေအများကြီး ရှိနေသေးတာပဲ.."
အေးစက်စက်အသံသည် ခယ့်လိုင်ခေါင်းပေါ်မှထွက်လာသည်။
"ဖာ့ခ်...မင်းဘာလို့အသံမထွက်အောင်လမ်းလျှောက်လာတာလဲ.."
ခယ့်လိုင်က ပုံအားအာရုံရောက်နေသဖြင့် လော့ဝမ်ချွမ်းမည်သည့်အချိန်ကတည်းက သူ့နောက်သို့ရောက်နေခဲ့မှန်းမသိချေ။
သူက ထိတ်လန့်သွားသည်ကိုပြန်လျှော့လိုက်ကာ
"အများစုက ယွမ်ရှင်းကျဲ ချီယုကိုကိတ်မုန့်ပို့ပေးတာတွေချည်းပဲ...နေရာနဲ့အချိန်တွေတော့မတူဘူး...ကြည့်ရတာပို့စ်တင်တဲ့လူက ချီယုကိုအားကျနေပုံပဲ..ဒါတွေကိုရော ဖျက်ပစ်လိုက်ရမလား.."
လော့ဝမ်ချွမ်း၏အကြည့်က ပုံတစ်ပုံပေါ်သို့ကျရောက်သွားသည်။ ပုံထဲတွင် ယွမ်ရှင်းကျဲ ရှက်ရွံ့နေဟန်ရှိကာ လက်ထဲမှကိတ်မုန့်အား ချီယုထံသို့ကမ်းပေးနေသည်။ထိုကိတ်မုန့်မှာ ယနေ့သူချီယုလက်ထဲတွင်တွေ့ခဲသောကိတ်မုန့်နှင့် အတူတူပင်ဖြစ်သည်။
လော့ဝမ်ချွမ်း၏မျက်ဝန်းများ နက်မှောင်သွားကာ အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"ဖျက်လိုက်..."
xxxxxx