Ch 8
Viewers 6k

🍉 အခန်း ၈



မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း စင်ပေါ်တက်ရမည့်အချိန်သို့ ‌ရောက်ရှိလာသည်။ 


သူတို့နှစ်ဦးမှာ ဆန့်ကျင်ဘက်သွင်ပြင်ရှိသည်။ တစ်ဦးမှာ အသားဖြူကာ နူးညံ့သည့်သွင်ပြင်၊ ကျစ်လစ်သော ခန္ဓာကိုယ်နှင့် အေးစက်စက်အပြုအမူရှိသည်။ ကျန်တစ်ဦးမှာမူ ခပ်မာမာနှင့် ရဲရင့်ပုံရပြီး မလှုပ်မယှက် ရပ်နေရုံနှင့်ပင် အလိုအလျောက် ထိတ်လန့်ဖွယ် အငွေ့အသက်အား ထုတ်လွှတ်နေလေသည်။


သူတို့နှစ်ဦး၏ အဝတ်အစားအပြင်အဆင်မှာ တူညီသော်ငြား ထိုရိုးရှင်းသော ဒီဇိုင်းကပင် အသီးသီး၏ ကိုယ်နေဟန်ထားအား ပိုမိုထင်ရှားပေါ်လွင်စေသည်။


ယင်ဟယ်ဖုန်း၏ မျက်လုံးများ အရောင်လက်လာသည်။


ပုံမှန်အားဖြင့် အေဂျင်စီများက သူတို့၏သင်တန်းသားများအား စည်းလုံးပုံပေါ်အောင် ဖန်တီးလေ့ရှိသည်။ သို့သော် လဲ့ရှစ်မှာမူ ဆန့်ကျင်ဘက်သို့သွားပြီး သူ၏ သင်တန်းသား ၂ ဦးအား ချက်ချင်းမှတ်မိလွယ်စေသည်။ သင်တန်းသားအများစုမှာ မိတ်ကပ်လိမ်းကာ တောက်ပြောင်သည့် အဝတ်အစားများ ဝတ်ဆင်ကြချိန်တွင် ဤနှစ်ဦးမှာ ရိုးရိုးရှင်းရှင်းသွင်ပြင်နှင့် ပိုမိုထင်ရှားနေတော့သည်။


ဤသို့သော အပြင်အဆင်များအရ အရည်အချင်းပြရှိုးများ၏ ပေါက်ကွဲတတ်သည့် သဘောသဘာဝအား နက်ရှိုင်းစွာ နားလည်ထားသူ ဖြစ်ကြောင်း ပြနေသည်။


ယင်ဟယ်ဖုန်းက စိတ်မကျေနပ်ဟန်ဖြင့် မျက်မှောင်အနည်းငယ်ကြုတ်နေသည့် ကုရှင်းရှစ်အား ကြည့်လိုက်မိသည်။

ဒီလောက်အမိုက်စား ထွက်လာတာကို မကျေနပ်ဘူးတဲ့လား..


အချင်းချင်း စကားပြောဆိုဖူးခြင်း မရှိလျှင် ကုရှင်းရှစ် ဟန်လုပ်နေခြင်းဟု ထင်မိပေမည်။


ယင်ဟယ်ဖုန်းက ကုရှင်းရှစ်၏ အကြည့်နောက်သို့ ကြည့်လိုက်ရာ ထိုသူမှာ စင်ပေါ်သို့ ကြည့်နေခြင်း မဟုတ်ဘဲ နည်းပြများရှိရာသို့ ကြည့်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။


လဲ့ရှစ်နှင့် ကျင်းယို့အကြားရှိ တင်းမာမှုအား အမှတ်ရပြီးနောက် မမေးဘဲ မနေနိုင်တော့ချေ။

“မစ္စတာကုက နည်းပြတွေနဲ့ ပတ်သက်ပြီး စိတ်ပူနေတာလား..”


ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။

“အမှန်ပဲ..”


ငါ့လူတွေရဲ့ မိတ်ကပ်နဲ့ အဝတ်အစားက ခပ်ရိုးရိုးဖြစ်ချိန် ဟိုခွေးကောင်က အရမ်းပဲ ပြောင်ပြောင်လက်လက် ဖြစ်နေတာလေ.. လုံးဝရှုံးတာပဲ..


ကုရှင်းရှစ် သက်ပြင်းချလိုက်ပြန်သည်။

“ဟူး.. ကျွန်တော်တို့က ဆင်းရဲလွန်းတယ်..”


ယင်ဟယ်ဖုန်း : ???


ဆင်းရဲတယ် ဟုတ်လား..


ဤကဲ့သို့သော ထိပ်တန်းအဆင့် ရှိုးမျိုး၌ သင်တန်းသား နေရာ ၂ နေရာ ရယူနိုင်သော ကုမ္ပဏီတစ်ခုမှာ အမှန်တကယ် ‘ဆင်းရဲ’ နေမည်ဟု သူမထင်ပေ။


အစောပိုင်းမှ ကုရှင်းရှစ်၏ စိုးရိမ်မှုများအား အမှတ်ရမိသည့်အခါ ယင်ဟယ်ဖုန်းတစ်ကိုယ်လုံး အေးစက်သွားတော့သည်။


သူက သင်တန်းသား ၂ ယောက်ကို ထုတ်ပြီးတာတောင် အားမရသေးဘဲ အခု နည်းပြနေရာကိုပါ ပစ်မှတ်ထားနေတာများလား..


မစ္စတာကုကတော့ ကြောက်ဖို့ကောင်းအောင် ရည်မှန်းချက်ကြီးတာပဲ..


စင်မြင့်ထက်ရှိ အလင်းများ မှိန်ဖျော့သွားသည်။


မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ ကိုယ်စီနေရာယူလိုက်သည်။


First X Blood ၏ အားကောင်းသော တီးလုံးသံ စသည်နှင့် မုန့်ယွမ်ရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံး လူးလွန့်ကာ ရေအလျင်သဖွယ် ပျော့ပျောင်းကာ လှုပ်ရှားစီးဆင်းသွားပြီး ဆွဲဆောင်မှုပြင်းထန်သော လှုပ်ရှားပုံကြောင့် အကနည်းပြ၏ မျက်လုံးများ ပြူးကျယ်လာသည်။


ပျင်းရိငြီးငွေ့ဟန်ဖြင့် ရှိနေသော ရှန့်ယွီပင်လျှင် ရုတ်တရက် ခန္ဓာကိုယ် မတ်လာသည်။


ကျန်းမော့သည်လည်း မှင်တက်သွားလေသည်။


စင်မြင့်ပေါ်၌ တလက်လက်တောက်ပနေသူမှာ အမှန်တကယ် မုန့်ယွမ်ရှန့်ဖြစ်ကြောင်း ယုံဖို့ရန်ခက်လှသည်။


First X Blood မှာ ပြင်းထန်အားကောင်းသော သီချင်းတစ်ပုဒ်ဖြစ်သည်။


ချန်ရှင်း၏ ကဟန်မှာ သီချင်း၏ စွမ်းအင်နှင့် ကိုက်ညီမှုရှိပြီး လျင်မြန်ကာ အရိုင်းဆန်၍ လူတိုင်း၏ အာရုံအား ဖမ်းစားနိုင်သော ညှို့ငင်မှုရှိသည်။


သို့တိုင်အောင် မုန့်ယွမ်ရှန့်ထံမှ မည်သူမျှ အကြည့်မလွှဲနိုင်ကြချေ။ 


မုန့်ယွမ်ရှန့်၏ ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် ပျော့ပျောင်းမှုရှိပြီး တစ်ချိန်တည်းမှာပင် လေမုန်တိုင်းဒဏ်အား ကြံ့ကြံ့ခံကာ ရပ်နေပါသော ဝါးပင်ကဲ့သို့ လှုပ်ရှားမှုများမှာ ခွန်အားအပြည့်ဖြစ်သည်။


ရုတ်တရက်ဆိုသလို မုန့်ယွမ်ရှန့် အကသင်ယူဖူးကြောင်း ကျန်းမော့ အမှတ်ရမိသည်။ မုန့်ယွမ်ရှန့် ယခင်က  ပြန်ပေးဆွဲမခံရမီ ၇ နှစ်ကြာအောင် ဂန္တဝင်အက သင်ယူဖူးသည်။ ပြန်ပေးဆွဲခံရပြီးနောက် ရရှိခဲ့သော ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများကြောင့် သူ၏ အကသင်ယူမှု အဆုံးသတ်ခဲ့ရသည်။ ထို့နောက် ပုံမှန်အထက်တန်းကျောင်းသို့ပြောင်းကာ ကောလိပ်တက်ရန် ပြင်ဆင်ခဲ့သည်။


သို့သော် မုန့်ယွမ်ရှန့်၏ ကဟန်မှတစ်ဆင့် ဤနှစ်များ၌ အကကို စွန့်လွှတ်ခဲ့ခြင်းမရှိကြောင်း သိသာသည်။


ကကွက်ပြောင်းရာ၌ ပေါ်လာတတ်သည့် ကိုးရိုးကားယားနိုင်မှု ကင်းမဲ့စွာ မုန့်ယွမ်ရှန့်၏ စည်းချက်နှင့် ပေါက်ကွဲမှုမှာ ချန်းရှင်းနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီလေသည်။


မူလက မုန့်ယွမ်ရှန့် အရည်အချင်းပြရှိုးသို့ ဝင်ပြိုင်ခြင်းအား ကျန်းမော့ လှောင်ပြောင်ခဲ့မိသည်။ မုန့်ယွမ်ရှန့်အား အရည်အချင်းမရှိဟု ထင်ခဲ့သည့်အပြင် စောစီးစွာ ထုတ်ပယ်ခံရမည့်သူဟု ယူဆခဲ့သည်။


မုန့်ယွမ်ရှန့်၏ အကအားကြည့်စဉ် ပထမဆုံးအကြိမ် ထိတ်လန့်ခြင်း ဖြစ်လာမိသည်။


ကျန်းမော့သည် လက်ရှိနေရာအား သူ၏ ကျွမ်းကျင်မှုမှ ရရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် မုန့်ယွမ်ရှန့်ထံ၌ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဆက်လက်ကြီးထွားခွင့် ပေးလိုက်မည့်ဆိုပါက မုန့်ယွမ်ရှန့်အား သူ၏ အလင်းအောက်တွင် ဆက်လက်လွှမ်းမိုးထားရန် မဖြစ်နိုင်တော့ချေ။


ကျန်းမော့ တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်သည်။


မုန့်ယွမ်ရှန့်အား ဆက်လက်ကြီးထွားခွင့် မပြုနိုင်ပေ။


ကျန်းမော့ အလေးအနက် ဖြစ်နေစဉ် သူ၏ဘေးရှိ ရှန့်ယွီမှာ စိတ်လက်ပေါ့ပါးစွာရှိနေသည်။


စည်းချက်နှင့်အညီ လက်ချောင်းလေးများ လှုပ်ရှားနေပြီး သီချင်းထဲ နစ်မြုပ်နေသည့် လက္ခဏာပင်။


ရှန့်ယွီက သီချင်းအမျိုးအစားများစွာ နားထောင်ဖူးသောကြောင့် ယခင်က ဤသီချင်းအား နားထောင်ဖူးပြီး မှတ်မိလွယ်သော်လည်း ထပ်နေသည့်တေးသွားကြောင့် ဂရုမစိုက်ခဲ့ချေ။ ယခု မုန့်ယွမ်ရှန့်၏ တင်ဆက်မှုအား ကြည့်ပြီးနောက် အလင်းသစ်တစ်ခုအား တွေ့ရှိလိုက်ရသည်။


မုန့်ယွမ်ရှန့်ထံ၌ တမူထူးခြားသော စည်းချက်အား ခံစားမိသည်။


ခန္ဓာကိုယ်ကို အသုံးပြုကာ သီချင်းအား ပုံဖော်နေခြင်းပင်။


ဂီတဟူသည်မှာ စကြဝဠာသုံး ဘာသာစကားဖြစ်သည်။


ရှန့်ယွီမှာ အကပိုင်း၌ စိတ်ဝင်စားခြင်း မရှိသည့်တိုင်အောင် ညို့ယူခံလိုက်ရသည်။


မကြာမီမှာပင် တင်ဆက်မှု ပြီးဆုံးသွားသည်။ သို့သော် ရှန့်ယွီမှာ လုံလောက်သည်ဟု မထင်ဘဲ ထပ်မံကပြစေချင်သည်။


ထို့နောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် စင်အလယ်သို့ ရောက်လာသည်။


မိတ်ဆက်ပြီးသည်နှင့် အကနည်းပြမှာ မှတ်ချက်ပေးရန် မစောင့်နိုင်တော့ချေ။ 

“ခန္ဓာကိုယ် ထိန်းချုပ်ပုံ.. သီချင်းကို နားလည်မှုနဲ့ ပုံဖော်သွားမှုတွေက အရမ်းကောင်းတယ်..”


သူမ၏ သုံးသပ်ချက်အား ရှန့်ယွီနှင့် အခြားနည်းပြတစ်ဦးမှ ခေါင်းညိတ်ထောက်ခံသည်။


ကျန်းမော့တစ်ဦးတည်းသာ မျက်မှောင်ကြုတ်ပြီး ကြားဖြတ်ပြောလေသည်။

“ကတာတော့ ကောင်းပေမဲ့ ကကွက်က အရမ်းရိုးနေတယ်.. သက်ရောက်မှုမရှိဘူး.. မင်းတို့က အုပ်စု B ကို သွားသင့်တယ်လို့ ထင်တယ်.. တခြားနည်းပြတွေရော ဘယ်လိုမြင်လဲပြောပါဦး..”


အကနည်းပြက မျက်မှောင်ကြုတ်လိုက်သည်။


သူမ၏ ရှုထောင့်မှာ ကျန်းမော့နှင့် ဆန့်ကျင်ဘက်ပင်။ ငြင်းဆိုလိုသော်ငြား ကျန်နည်းပြတစ်ဦးမှ အသာခေါင်းယမ်းပြလာသည်။


သူတို့၏ နေရာမှာ ကျန်းမော့နှင့် ရှန့်ယွီလောက် အရေးမပါမှန်း သိထားသောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ဆိုးဝါးသော သဘောထားကွဲလွဲမှု မဖြစ်လိုပေ။


ထို့အပြင် မုန့်ယွမ်ရှန့်တို့ အုပ်စု A သို့ မသွားနိုင်ခြင်းမှာ ကံဆိုးလှသော်ငြား အုပ်စု B မှာလည်း ရလဒ်ကောင်းတစ်ခုပင်။ 


အကနည်းပြက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။


စင်ပေါ်ရှိ မုန့်ယွမ်ရှန့်က ဇဝေဇဝါဖြစ်နေလေသည်။


သူက ကျန်းမော့၏ သဘောထားသေးသိမ်မှုနှင့် အငြိုးကြီးခြင်းအား ကောင်းစွာသိထားသည်။


ကျန်းမော့က သူတို့အား ထုတ်ပယ်ရန် အလွယ်ကူဆုံးဖြစ်သည့် အုပ်စု F သို့ ပို့လိမ့်မည်ဟု ယူဆခဲ့မိသည်။ သို့သော် သင့်တင့်သောရလဒ်တစ်ခု ပေးလာသည်။ ထိုအရာမှာ မမျှော်လင့်ထားသောကြောင့် မုန့်ယွမ်ရှန့် အနည်းငယ် အပြစ်ရှိစိတ် ဝင်မိသည်။ ကျန်းမော့အား မှားယွင်းစွာ သုံးသပ်ခဲ့မိသည်။


အရာအားလုံး သူ့အစီအစဉ်အတိုင်း ဖြစ်လာသဖြင့် ကျန်းမော့ မပြုံးဘဲ မနေနိုင်ချေ။


မုန့်ယွမ်ရှန့်အား အုပ်စု F သို့ ပို့မည် မဟုတ်ပေ။


ဝန်မခံချင်သည့်တိုင်အောင် သူတို့နှစ်ဦး၏ တင်ဆက်ပုံမှာ အမှန်တကယ် အထင်ကြီးလောက်စရာပင်။ ထို့ကြောင့် အုပ်စု F သို့ ပို့လိုက်မည် ဆိုပါက ကျန်နည်းပြများ၏ ကန့်ကွက်ခံရနိုင်သည့်အပြင် ပရိသတ်များ၏ သံသယဝင်ခံရနိုင်သောကြောင့် ပို၍ အာရုံစိုက်ခံရနိုင်သည်။


အကောင်းဆုံးသော နည်းလမ်းမှာ လူများ သတိမပြုမိဘဲ နောက်ကွယ်၌ ပျောက်ကွယ်သွားစေရန် ဖြစ်သည်။ 


အုပ်စု F သို့ သွားခွင့်မပြုနိုင်သလို အုပ်စု A သို့လည်း မပို့နိုင်ပေ။


ထို့ကြောင့် လူအများကြား၌ မထင်မရှားဖြစ်ရန် ရည်ရွယ်၍ အုပ်စု B သို့ ပို့လိုက်ခြင်းဖြစ်သည်။


အရည်အချင်းပြရှိုးများ၌ လူသိများမှုသည်သာ အခရာဖြစ်သည်။ ကောင်းမွန်စွာ ဖျော်ဖြေနိုင်သည့်တိုင်အောင် ဆွဲဆောင်မှု ကင်းမဲ့သောကြောင့် ထုတ်ပယ်ခံရသူ ဒုနှင့်ဒေးပင်။


ပရိသတ်များ၏ မှတ်ဉာဏ်မှာ တိုတောင်းလေသည်။


၂ မိနစ် ၃၀ စက္ကန့်စာ တင်ဆက်မှုမှာ လူထုအာရုံစိုက်မှုအား အချိန်တစ်ခုမျှ ဆွဲဆောင်နိုင်သော်ငြား သူတို့ ထပ်မံပေါ်မလာချိန်တွင် လူအများ၏ စိတ်ဝင်စားမှုမှာ အခြားတစ်ခုဆီသို့ အလျင်အမြန် ပြောင်းလဲသွားကာ များမကြာမီမှာပင် အမေ့လျော့ခံများ ဖြစ်သွားကြလိမ့်မည်။


ထို့ကြောင့် သူတို့နှစ်ဦး ပေါ်လာမည့်အချိန်ကို အတတ်နိုင်ဆုံး လျှော့ချရန် စီစဉ်လိုက်ခြင်းပင်။ စိန်ခေါ်မှုအသစ်လည်း မရှိသလို စကားစမြည်ပြောခန်းလည်း မရှိစေရပေ။


လဲ့ရှစ်က သူတို့ကို ကြော်ငြာချင်ရင်တောင် ဘာမှပြစရာရှိမှာ မဟုတ်ဘူး..


သူတို့ကို အာရုံစိုက်မဲ့ နည်းလမ်းမှန်သမျှ ဖြတ်တောက်ပစ်မယ်.. မြင်ကွင်းထဲက တဖြည်းဖြည်း နစ်မြုပ်သွားကြစမ်း..


ထိုသို့တွေးပြီးနောက် ကျန်းမော့က ပြုံးလိုက်သည်။

“ကျွန်တော်တို့အားလုံး သဘောတူပြီဆိုတော့ အုပ်စု B ကို ဝင်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်..”


အကနည်းပြက ခေတ္တမျှ ကြောင်အသွားပြီး ကျန်နည်းပြတစ်ဦးအား ကြည့်လိုက်ရာ ထိုနည်းပြမှာလည်း မျက်နှာထက်၌ စိတ်ရှုပ်ထွေးမှု အတိုင်းသားပင်။


ပုံမှန်အားဖြင့် သင်တန်းသားများ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးပါက နည်းပြများမှ မေးမြန်းခြင်း ပြုတတ်ကြသည်။ နည်းပြတစ်ဦးမှ စိတ်ဝင်စားလျှင် အပိုဆောင်းဖျော်ဖြေမှုများ တင်ဆက်ပေးရန် တောင်းဆိုခံရတတ်သည်။ 


ထိုအပိုင်းမှာ ရှိုးအား ပိုမိုစိတ်ဝင်စားစေရုံသာ မကဘဲ ပရိသတ်များအပေါ် နက်ရှိုင်းသည့် အမြင်ကောင်းများ ချန်ထားရစ်နိုင်သည်။


ကျန်းမော့က [Boy Group Training Camp] ၌ နည်းပြအသစ်ဖြစ်သော်ငြား ယခင်က အခြားရှိုးများတွင် နည်းပြလုပ်ခဲ့ဖူးသောကြောင့် လုပ်ငန်းစဉ်အား သိနေသင့်သည်။ 

ဘာလို့ အဆင့်သတ်မှတ်တဲ့ အဆင့်ကို တိုက်ရိုက်ကျော်သွားတာလဲ…


ဤနေရာရှိ နည်းပြများထဲတွင် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ရင်းနှီးမှုမရှိသူမှာ ရှန့်ယွီတစ်ဦးတည်းသာဖြစ်သည်။ အကမှာ သူကျွမ်းကျင်သည့်နယ်ပယ် မဟုတ်သောကြောင့် မေးခွန်းထုတ်မနေတော့ချေ။


သင်တန်းသားအချင်းချင်း တီးတိုးပြောနေကြသည်။ 


“သူတို့က အရမ်းမိုက်တာပဲ.. ငါ့မှာ အကြည့်တောင် မလွှဲနိုင်ဘူး..”


“သူတို့က တကယ်ပဲ သင်တန်းသားလား.. သူတို့နဲ့ ပခုံးချင်းယှဉ်ပြီးပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် မတန်ဘူးလို့ ခံစားရတယ်..”


သင်တန်းသားတစ်ဦးမှ ရေရွတ်လိုက်သည်။

“မင်းတို့က ပုံကြီးချဲ့နေတာပဲ.. နည်းပြကျန်းမော့ ပြောတယ်လေ ကကွက်က ရိုးရှင်းတယ်တဲ့.. ငါလည်း အဆင်ပြေတယ် ဆိုရုံလောက်ပဲလို့ ထင်တယ်..”


အနီးမှ ခပ်ကြိတ်ကြိတ်ရယ်သံ ထွက်ပေါ်လာသည်။

“ရိုးရှင်းတာက အဆန်းပြားဆုံးပဲတဲ့.. မင်း မကြည့်တတ်ရင်လည်း လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားကွာ..”


အလှောင်ခံလိုက်ရသူမှ ဒေါသတကြီး လှည့်ကြည့်သည့်အခါ သူ့အား အပြစ်တင်စကားဆိုသူမှာ ရှင်းချိုးရှစ်ကျိမှ ယွမ်ယဲ့ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယွမ်ယဲ့သည် လမ်းဘေးအကပြိုင်ပွဲတစ်ခု၏ ချန်ပီယံဖြစ်ခဲ့ဖူးပြီး ယခုနှစ် [Boy Group Training Camp] ၏ အသန်မာဆုံးသော ပြိုင်ပွဲဝင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ထိပ်တန်းအဆင့်ဖြစ်သည်။


အကနှင့် ပတ်သက်လာလျှင် ဤနေရာရှိ သင်တန်းသားများထဲ၌ ယွမ်ယဲ့ထက် ပိုမိုကျွမ်းကျင်သောသူ မရှိနိုင်ချေ။ ထိုအခြင်းအရာအား အမှတ်ရပြီးနောက် လှောင်ပြောင်ခံလိုက်ရသည့် သင်တန်းသားမှာ သူ၏ ဒေါသအား မြိုသိပ်ကာ တိတ်တိတ်ဆိတ်ဆိတ်နေရုံသာ ရှိတော့သည်။


ယွမ်ယဲ့က ထိုလူအား အာရုံစိုက်မနေတော့ဘဲနှင့် စင်ပေါ်ရှိ မုန့်ယွမ်ရှန့်နှင့် သူ၏အသင်းသားအား ကြည့်ကာ သက်ပြင်းချလိုက်သည်။


အပိုဆောင်းတင်ဆက်မှု ရှိလာလျှင် သူ့အနေဖြင့် ထိုနှစ်ဦးနှင့် အကပြိုင်ရန် အကြံပြုနိုင်သည်။


ကျန်သင်တန်းသားများ၏ ကဟန်မှာ သမားရိုးကျအမျိုးသားအဖွဲ့များကဲ့သို့ပင် ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ် မကောင်းချေ။


ဆိုးတာပဲ..


သင်တန်းသားများကဲ့သို့ မဟုတ်ဘဲ ယင်ဟယ်ဖုန်းက အကြည့်တစ်ချက်နှင့်ပင် ကျန်းမော့၏ ရည်ရွယ်ချက်အား မြင်နိုင်သည်။


ပညာသားပါးသော အကွက်ဟု ဝန်ခံရမည်။


ရှိုး၏ အစောပိုင်းအဆင့်၌ ပါရှိသော အပိုဆောင်းဖျော်ဖြေမှုက သင်တန်းသား၏ ထူးခြားသော အကျင့်စရိုက်ကို ဖော်ထုတ်ရန် ပုံဖော်ထားခြင်းဖြစ်ကာ ပရိသတ်များစွာအား ဆွဲဆောင်ရန် လွယ်ကူသော အပိုင်းဖြစ်သည်။


သို့သော် ကျန်းမော့က ထိုအပိုင်းအား မသိမသာ ဖယ်ထုတ်လိုက်သည်။


မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကုမ္ပဏီအဆင့် ဆုံးဖြတ်ချက်ဖြစ်သည်။ ကျင်းယို့နှင့် လဲ့ရှစ်မှာ ပြိုင်ဘက်များသာ။ အဆိုပါ သင်တန်းသားနှစ်ဦးနှင့် သက်ဆိုင်ခြင်း မရှိချေ။


နည်းပြတစ်ဦးအနေနှင့် ကျန်းမော့၏ တာဝန်မှာ သင်တန်းသားများအား လမ်းညွှန်ရန်ဖြစ်ပြီး သူ၏ လုပ်ပိုင်ခွင့်အား အသုံးပြုကာ ဖိနှိပ်ရန် မဟုတ်ချေ။ ဖျော်ဖြေရေးလောက၏ ဝါရင့်တစ်ဦးအနေနှင့် ဤသို့ သဘောထားမသေးသိမ်သင့်ပေ။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူ တစ်ဦးအနေနှင့် သဘောထားကြီးမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အား ပြသင့်သည်။


ဤကဲ့သို့သော စိတ်ထားမျိုးနှင့်ဆိုလျှင် သင်တန်းသားများ တိုးတက်လာစေရန် စိတ်ရင်းဖြင့် ကူညီပေးလိမ့်မည် မဟုတ်ချေ။


ယင်ဟယ်ဖုန်း ထိုသို့တွေးမိပြီးနောက် နည်းပြများအား ရွေးချယ်ချိန်သို့ ရောက်လာပါက သူ၏ သင်တန်းသားများအား ကျန်းမော့အား မရွေးချယ်ရန် အကြံပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။


ထို့နောက် ကုရှင်းရှစ်ထံသို့ အကြည့်ရောက်သွားသည်။


သို့သော် ကုရှင်းရှစ်မှာ လုံးလုံးလျားလျား စိတ်အနှောင့်အယှက်ဖြစ်ပုံမရချေ။ စိတ်ဆိုးဒေါသထွက်ခြင်း၊ စိတ်လှုပ်ရှားခြင်းများ မရှိရုံသာမက မျက်နှာမှာလည်း ခပ်ပြုံးပြုံးပင်။


ယင်ဟယ်ဖုန်း : ?!!


မစ္စတာကုက ဒီလိုဖြစ်လာမယ်လို့ အစကတည်းက မျှော်လင့်ထားပြီးသားလား..


အမိုက်စားပဲ..


ယင်ဟယ်ဖုန်း သတိမထားမိသည်မှာ စင်ပေါ်ရှိ မုန့်ယွမ်ရှန့်မှာလည်း ထပ်တူထပ်မျှ အံ့အားသင့်နေခြင်း ဆိုသည်ကိုပင်။


မုန့်ယွမ်ရှန့်နှင့် စာချုပ်ချုပ်ပြီးနောက် ကုရှင်းရှစ်သည် ကုမ္ပဏီ၌ ဒုတိယသီချင်း၏ မူပိုင်ခွင့်အား ဝယ်ယူရန် ပိုက်ဆံမရှိတော့ကြောင်း ပြောလိုက်သည်။ ထို့ကြောင့် ဤတင်ဆက်မှုတစ်ခုတည်းကိုသာ ပြင်ဆင်လာခဲ့ကြခြင်းဖြစ်ကာ အပိုဆောင်းတင်ဆက်ရန် စီစဉ်ထားခြင်း မရှိချေ။


မုန့်ယွမ်ရှန့် ထိုအချိန်က နားမလည်နိုင်ဘဲ ဖြစ်ခဲ့ရသည်။


ကုမ္ပဏီမှာ အစွန်းအဖျားဒေသတွင် ရှိသော်ငြား တပ်ဆင်ထားသော ပစ္စည်းများမှာ ဈေးမပေါပေ။

ဘာလို့ ပိုက်ဆံမရှိ ဖြစ်နေရတာလဲ…


သို့သော ကုမ္ပဏီသို့ ဝင်ကာစဖြစ်သောကြောင့် များများစားစား မေးမနေတော့ဘဲ စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။


သူတို့နှစ်ဦး စတင် မလေ့ကျင်ခင်အထိ ကုရှင်းရှစ်၏ ရည်ရွယ်ချက်အား နားမလည်ခဲ့ပေ။


ကနဦး၌ သူနှင့် ချန်ရှင်းတို့ နှစ်ဦးစလုံးမှာ အကသမားများ ဖြစ်သောကြောင့် သူတို့၏ ကကွက်များအား လျင်မြန်စွာ ကျွမ်းကျင်သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။


သို့သော် အမှန်တကယ် လေ့ကျင့်ချိန်တွင် တစ်ဦးချင်း၏ သီးခြားလုပ်ဆောင်ချက်များမှာ ကောင်းသော်ငြား တွဲဖက်ကရသည့်အခါ ဆက်တိုက်ဆိုသလို ပြဿနာများ ပေါ်လာပြီး မျှော်လင့်ထားသလို အချိန်ကိုက်လှုပ်ရှားနိုင်ခြင်း မရှိချေ။ 


မုန့်ယွမ်ရှန့် ရုတ်တရက် နားလည်သွားသည်။


သူနှင့် ချန်ရှင်းတို့မှာ အချိန်ကြာမြင့်စွာ သိလာကြသူများ မဟုတ်ပေ။ ထို့ကြောင့် အချင်းချင်း နားလည်မှုနှင့် ယုံကြည်မှုတို့ အကန့်အသတ်ရှိသည်။ ပူးပေါင်းကကွက်များအား အလျင်စလို ကြိုးစားခြင်းကြောင့် ထိခိုက်မှုအချို့ ကြုံတွေ့ရပေမည်။


ပထမဆုံးစင်မြင့်မှာ သူတို့အတွက် အရေးအကြီးဆုံးဖြစ်သောကြောင့် သီချင်းတစ်ပုဒ်ထဲတွင်သာ စွမ်းအားအကုန်ထည့်ထားလျှင် ပိုကောင်းမည်။ ထိုသို့ဆိုလျှင် ပို၍ ပြည့်စုံလာနိုင်ပြီး အမှားမရှိသလောက် ဖြစ်လာပေမည်။


မုန့်ယွမ်ရှန့်က အဆုံးတွင် ကုမ္ပဏီသို့ ဝင်ရောက်လာသည်မှာ တိုတောင်းသော ကာလသာရှိသေးကြောင်း သဘောပေါက်သွားတော့သည်။


ကုရှင်းရှစ်က ထိုအရာများအား ကြိုတင်သိမြင်ကာ မုန့်ယွမ်ရှန့်၏ မာန်မာနအား ကာကွယ်နိုင်ရန်အတွက် တာဝန်များအားလုံး ခေါင်းခံလိုက်ခြင်းပင်။


မုန့်ယွမ်ရှန့်မှာ ယခင်က ဤကဲ့သို့ တန်ဖိုးထားကာ ကာကွယ်ပေးခြင်း မခံရဖူးပေ။


မစ္စတာကုက ငါ့အပေါ် အရမ်းကောင်းတာပဲ..


မစ္စတာကု ကျဆုံးခွင့် မပြုနိုင်ဘူး..


နောက်ပိုင်းရက်များ၌ မုန့်ယွမ်ရှန့်သည် ၂၀၀ % အားစိုက်ထုတ်ကာ သူတို့၏ ကကွက်များအား အမြင့်ဆုံးထိရောက်အောင် လေ့ကျင့်ခဲ့သည်။


သို့တိုင်အောင် မစိုးရိမ်ဘဲ မနေနိုင်ချေ။


နည်းပြများမှ ထပ်ဆောင်းတင်ဆက်မှုများ တောင်းဆိုလာပါက သူတို့ထံ၌ လေ့ကျင့်ထားသည်များ မရှိချေ။ ထိုသို့ဆိုလျှင် အရည်အချင်းအစစ် မရှိဟု ပရိသတ်များ တွေးထင်မိနိုင်သည်။


ပထမဆုံး ထင်မြင်ချက်မှာ အရေးပါသည်။ ထင်မြင်ချက်တစ်ခု ပေးပြီးလျှင် ယင်းအား ပြန်ပြောင်းနိုင်ရန် အားစိုက်ထုတ်မှု များစွာလိုအပ်သည်။


သို့သော် ကုရှင်းရှစ်၏ တည်ငြိမ်မှုနှင့် အပြုအမူတို့အား တွေးမိသည့်အခါ မုန့်ယွမ်ရှန့်၏ ခေါင်းထဲ၌ အတွေးသစ်တစ်ခု ပေါ်လာသည်။


ဆိုတော့.. မစ္စတာကုရဲ့ အတုမဲ့ ကြိုတင်သိမြင်မှုနဲ့ ဘယ်လိုဖြေရှင်းရမလဲ စီစဉ်ထားပြီးတာများလား..


မုန့်ယွမ်ရှန့် စိတ်လှုပ်ရှား မျှော်လင့်နေစဉ်မှာပင် ကျန်းမော့က ထပ်ဆောင်းဖျော်ဖြေမှုအပိုင်းအား တိုက်ရိုက်ကျော်ချသွားလေသည်။


မုန့်ယွမ်ရှန့် : !!!


မစ္စတာကုက တကယ်ပဲ သိနေတာပဲ..


မစ္စတာကုက အရမ်းမိုက်တယ်..


မုန့်ယွမ်ရှန့် သူ၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများအား မထိန်းနိုင်တော့ချေ။ ချန်ရှင်းအား ဆွဲကာ နည်းပြများရှိရာသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် နည်းပြတို့..”


ကျန်းမော့ : ??


ဘာလဲ..


ငါတစ်ခုခု မှားသွားတာများလား..



🍉🍉🍉