Ch 9
Viewers 6k

🍉 အခန်း ၉



ပထမဆုံးစင်မြင့်ပြီးနောက် ရှိုး၏ အဓိကသီချင်းအား အသံသွင်းရန်ဖြစ်သည်။


သင်တန်းသားများသည် အဓိကသီချင်းနှင့် ကကွက်အား လေ့ကျင့်ရန် အချိန် ၃ ရက်သာ ရရှိပြီး  C (center) နေရာအား ရွေးချယ်ရန် ဆုံးဖြတ်ရမည်ဖြစ်သည်။ 


သို့သော် ဤတစ်ကြိမ်၌ C နေရာအား ရွေးချယ်ရန် နည်းလမ်းအသစ်ကို အသုံးပြုမည်ဖြစ်သည်။


ယင်ဟယ်ဖုန်းက ကုရှင်းရှစ်ထံသို့ ချဉ်းကပ်ကာ လေးနက်စွာပြောသည်။

“ဥက္ကဌကု ကြားပြီးပြီလား.. ဒီတစ်ကြိမ် အဓိကသီချင်းရဲ့ C နေရာကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရေပန်းစားတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်မှာတဲ့..”


တိုက်ရိုက်ထုတ်လွှင့်သည့် လုပ်ဆောင်ချက်မှာ  [Boy Group Training Camp] ယခင်season၏ လျှို့ဝှက်လက်နက်ဖြစ်ပြီး အမျိုးမျိုးသော အရည်အချင်းပြရှိုးများအကြား ကွဲထွက်သွားစေသည်။ 


ရှိုး၏ ထုတ်လုပ်သူများက သင်တန်းသား တစ်ဦးစီအတွက် တိုက်ရိုက်ထုတ်လွှင့်ခန်းများ ပြင်ဆင်ထားပေးမည်ဖြစ်ကာ အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်ရန် လိုအပ်သည်။


တိုက်ရိုက်ထုတ်လွှင့်ခန်းများ၌ သင်တန်းသားများသည် ပရိသတ်များနှင့် သီဆို ကခုန်ကာ စကားပြောနိုင်သည်။


တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှု နောက်ဆုံးရလဒ်အပေါ် မူတည်၍ အဓိကသီချင်း၏ နေရာများအား သတ်မှတ်မည်ဖြစ်သည်။


တစ်နည်းဆိုရသော် ရေပန်းစားမှုမြင့်သူများမှာ ရှေ့တန်းသို့မဟုတ် C နေရာအား ရရှိနိုင်ပြီး  ‌ရေပန်းစားမှု နည်းပါက အစွန်သို့ ပို့ခံရပေမည်။


ယင်းက ပရိသတ်ရှိနှင့်ပြီးသား သို့မဟုတ် ကုမ္ပဏီကြီးများ၏ သင်တန်းသားများအတွက် ကောင်းမွန်သောအရာပင်။ မိမိ၏ သင်တန်းသားအား ကြော်ငြာရန် ရန်ပုံငွေ အကန့်အသတ်ရှိသည့် ကုမ္ပဏီငယ်များ သို့မဟုတ် သီးသန့်သင်တန်းသားများအတွက်မူ အခွင့်မသာချေ။


အထူးသဖြင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းကဲ့သို့ နာမည်မရှိသေးသည့် သူများအတွက် ဤအစီအစဉ်မှာ ဆိုးကျိုးတစ်ရပ်ဖြစ်သည်။


ယင်ဟယ်ဖုန်းက ကုရှင်းရှစ်အား အသံတိုး၍ပြောသည်။

“ဥက္ကဌကု ကျွန်တော် သိသလောက်တော့ အဲဒီ အဆိုပြုချက်ကို ကျန်းမော့ တင်သွင်းတာတဲ့.. ဥက္ကဌကု ပြင်ဆင်ထားသင့်တယ်..”


ဤအကြံပြုချက်မှာ ဂယက်များစွာအား ဖြစ်ပေါ်စေသည်။


ကုရှင်းရှစ် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။


ယခင်season၌ တိုက်ရိုက်ထုတ်လွှင်သည့် လုပ်ဆောင်ချက်မှာ seasonအလယ်မှ မိတ်ဆက်ခြင်းဖြစ်ပြီး သင်တန်းသားများ ပရိသတ်အချို့နှင့် အသိအမှတ်ပြုမှုများအား ရရှိပြီးနောက်မှဖြစ်သည်။ သို့သော် ဤseason၌ အစပိုင်းမှာပင် မိတ်ဆက်လာသည်။


အဲဒီ ခွေးကျန်းမော့က ငါတို့ကို ပစ်မှတ်ထားနေတာ လုံးဝသိသာတယ်..


ယင်ဟယ်ဖုန်းအား သတင်းပေးမှုအတွက် ကျေးဇူးတင်ပြီးနောက် ကုရှင်းရှစ်က အလျင်အမြန်ပင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား ရှာဖွေရန် ထွက်ခွာသွားသည်။


မုန့်ယွမ်ရှန့်တို့သည်လည် ထိုသတင်းအား ယွမ်ယဲ့ထံမှ ကြားသိထားပြီး ကုရှင်းရှစ်အား မြင်လိုက်ချိန်တွင် စိတ်ညစ်နေပုံရသည်။


မုန့်ယွမ်ရှန့်မှာ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။

“လူတိုင်း ဒီအခြေအနေနဲ့ ကြုံတွေ့ရတာ ကျွန်တော့်ကြောင့်ပါ..”


ကုရှင်းရှစ်က မြန်မြန်ဆန်ဆန်ပင် နှစ်သိမ့်လိုက်သည်။

“ဘယ်ဟုတ်မှာလဲ.. မင်းနဲ့ မဆိုင်ပါဘူး.. ကျန်းမော့ရဲ့ အမှားဆိုတာ သိသာနေတာပဲ.. မင်းကလည်း ဒီကိစ္စမှာ အပြစ်မရှိဘဲ ခံရတဲ့သူပါ..”


စကားပြောမတတ်သည့် ချန်ရှင်းပင်လျှင် ပါးစပ်ဖွင့်လာသည်။

“ဟုတ်တယ်.. ဘယ်သူကမှ ကိုယ့်အမှားကြောင့် ရည်းစားဟောင်းကို အပြစ်ပေးမှာ မဟုတ်ဘူးလေ..”


ကုရှင်းရှစ် : “…”


“ဟုတ်ပြီ.. နှစ်သိမ့်ပေးတာတော့ ကောင်းပါတယ်.. နောက်တစ်ကြိမ်ကျ မပြောမိအောင် ကြိုးစား..”


တိုက်ရိုက်ထုတ်လွှင့်မှုများမှာ သီးခြားစီဖြစ်သော်ငြား သင်တန်းသားများက ပူးပေါင်းထုတ်လွှင့်နိုင်ကြသည်။ ထိုသို့ဆိုလျှင် နောက်ဆုံးသော ရလဒ်အား ပျမ်းမျှချလိုက်မည်ဖြစ်သည်။


ကောင်းကွက်မှာ ရေပန်းစားမှုမြင့်သည့် သင်တန်းသားများမှ အခြားသူများအား ကူညီပေးနိုင်ခြင်းဖြစ်ကာ ပြုတ်ကျမသွားစေရန် ကာကွယ်ပေးနိုင်သည်။ သို့သော် တစ်ဖက်၌ ယင်းသည် ရေပန်းစားမှုမြင့်သည့် သင်တန်းသားများ၏ ရလဒ်အဆင့်အား သက်ရောက်မှုရှိနိုင်သည်။


ဥပမာအားဖြင့် ရှင်းချိုးရှစ်ကျိ၏ သင်တန်းသား ၄ ဦး၌ ယွမ်ယဲ့တစ်ဦးတည်းသာ ပရိသတ်ရှိခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ကိုယ်ပျောက်များသဖွယ်ပင်။ ယင်ဟယ်ဖုန်းက သူတို့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းများအား ပူးပေါင်းရန် စီစဉ်ပေးထားပြီး ယွမ်ယဲ့မှ ရေပန်းစားမှုအချို့ ရရှိအောင် ကူညီပေးမည် ဖြစ်သည်။


တစ်ချိန်တည်း၌ ကျင်းယို့အင်တာတိန်းမန့်၏ သင်တန်းသားများမှာ သီးသန့်စီ ထုတ်လွှင့်ကြမည်ဖြစ်ပြီး ၄ ဦးစလုံး C နေရာအား ပစ်မှတ်ထားနေကြောင်း ထင်ရှားသည်။


ထိုအဖြစ်အပျက်များမှာ ကုရှင်းရှစ်၏ အဖွဲ့အား သက်ရောက်မှုမရှိချေ။


မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ လတ်တလော ရေပန်းစားမှု အဆင့်အရ ပူးပေါင်းသည်ဖြစ်စေ သီးခြားထုတ်လွှင့်သည်ဖြစ်စေ ကွဲပြားမှုမရှိပေ။ 


ကုရှင်းရှစ်က သူ့အဖွဲ့ ရေပန်းစားမှု ရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေနေစဉ် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ညနေခင်း၌ ထုတ်လွှင့်ရန်အတွက် ပြင်ဆင်ထားရန် ညွှန်ကြားသည်။


တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှု သတ်မှတ်ချက်အား နည်းလမ်း ၂ ခုအပေါ် မူတည်၍ သတ်မှတ်သည်။ ကြည့်ရှုသူ အရေအတွက်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်း၌ ပရိသတ်များ ကုန်ဆုံးသည့်အချိန်ပေါ်၌ ဖြစ်သည်။


ဆိုလိုသည်မှာ သူတို့အနေဖြင့် ကြည့်ရှုသူများအား ဆွဲဆောင်ရန် လိုအပ်သည်သာ မကဘဲ ပရိသတ်များအား စိတ်ပါဝင်အားအောင် ပြုလုပ်ရပေမည်။


လွယ်တော့မလွယ်ဘူး..


ကုရှင်းရှစ် အတွေးနက်နေစဉ် စနစ်မှ အလင်းပွင့်စေမည့် အကြံတစ်ခု ပေးလာသည်။


ကုရှင်းရှစ်၏ မျက်လုံးများ အရောင်လက်သွားသည်။

“အကြံရပြီ..”


*


ညနေခင်းမှာ အွန်လိုင်းသုံးသူ အများဆုံးဖြစ်သည်။


ချောင်ရို့ယောင်နှင့် သူမ၏ အခန်းဖော်က ဟော့ပေါ့စားပြီးနောက် ဖုန်းကြည့်လျက် ကျောင်းပြန်လာသည်။


သူမ၏ အခန်းဖော်က ချောင်ရို့ယောင်၏ဖုန်းအား တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“နင့် idol ရဲ့ နာမည်ကို မြှင့်ပေးနေပြန်တာလား.. ဟမ့်..”


ချောင်ရို့ယောင်က မော့မကြည့်ဘဲ ပြန်ဖြေသည်။

“စုန့်စုန့်ရဲ့ ကုမ္ပဏီက အသုံးမကျဘူး.. သူက ဘယ်တော့မှ အရင်းအမြစ်ကောင်းတွေ ရတာမဟုတ်ဘူး.. သူ့မှာ ငါတို့ပဲရှိတာ..”


ထိုအချိန်မှာပင် အခြားအခန်းဖော်တစ်ဦးထံမှ အသံကျယ်ကျယ် ထွက်ပေါ်လာသည်။

“ရို့ယောင်ရေ.. နင့် idol ကတော့ ဝေ့ပေါ်မှာ လတ်တလောထိပ်တန်းသတင်းထဲ ပါလာပြီ..”


“ဘာဖြစ်တယ်..”

ချောင်ရို့ယောင် ဆွံ့အသွားပြီး များမကြာမီမှာပင် ပရိသတ်အဖွဲ့၏ ပျားပန်းခပ်နေသည့် လှုပ်ရှားမှုများအား မြင်လိုက်ရသည်။


တစ်စက္ကန့်မျှပင် နှောင့်နှေးမနေဘဲနှင့် ဝေ့ပေါ်၏ လတ်တလောထိပ်တန်းသတင်းခေါင်းစဉ်များအား ဖွင့်လိုက်သည်။


ထိပ်ဆုံး၌ ရှိနေသည်မှာ #ကြားဖြတ်သတင်း #စုန့်ယန်ကယွမ်ချင်းချင်းနဲ့ညဘက်အပြင်ထွက်တယ်


ယွမ်ချင်းချင်းဆိုသည်မှာ ရွှေဆု ၃ ခုရ မင်းသမီးတစ်ဦးဖြစ်ပြီး သူမ၏ ထင်ရှားသော သရုပ်ဆောင်မှုနှင့် နာမည်ကျော် ရုပ်ရှင်များကြောင့် လူများစွာ၏ ငယ်ဘဝ idol တစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက ယွမ်ချင်းချင်းသည် ဖန်သားပြင်နောက်သို့ အောင်မြင်စွာ ကူးပြောင်းသွားခဲ့သည်။


စုန့်ယန်မှာ ဖျော်ဖြေရေးလောက၌ ဒုတိယခေါင်းဆောင်မင်းသားတစ်ဦးအဖြစ် ကျော်ကြားသည်။ သူ၏ သရုပ်ဆောင်အရည်အချင်းမှာ သာမန်သာဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကြာပြီးနောက်၌ပင်လျှင် အရည်အချင်း တိုးတက်မလာပေ။


သူတို့၏ အသက်အရွယ် ကွာဟမှုနှင့် အဆင့်အတန်းမှာ ကမ္ဘာနှစ်ခုအလား ခြားနားလွန်းသောကြောင့် သဘာဝကျစွာပင် ထွက်‌ပေါ်လာသော ကောလာဟလအပေါ် အမျိုးမျိုးသော ထင်မြင်ချက်များ ပေးကြသည်။


အဆိုပါသတင်းအားတင်သည့် အကောင့်မှာ “GossipLover #6” ဖြစ်ပြီး နာမည်ကျော် ပါပါရာဇီတစ်ဦးဖြစ်သည်။


မှတ်ချက်ပေးသည့်နေရာ၌ ငြင်းခုံမှုအပြည့်ရှိနှင့်ပြီးဖြစ်သည်။


“စုန့်စုန့်က ဇာတ်လမ်းအသစ်အတွက် ဆွေးနွေးရင်း စီနီယာနဲ့ ညစာထွက်စားရုံလေးပဲလေ.. နင်တို့က ဘာဖြစ်နေကြတာလဲ..”


“ငါတို့ကောင်လေးက အဲဒီအဖွားကြီးကို နှစ်ခါပြန်တောင် မကြည့်ဘူးနော်.. ငါ့ကောင်လေးကို ဆွဲချနေတာ ရပ်ပါတော့..”


“ဝါးဟားဟား.. ဇာတ်လမ်းအသစ် ဆွေးနွေးတာတဲ့လား.. စုန့်ယန်လို သရုပ်ဆောင်ပုံမျိုးနဲ့ နောက်ကွယ်က အပေးအယူတွေသာ မရှိရင် အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး..”


“ကိုယ်ပြောတဲ့စကားကိုယ် ဂရုစိုက်တာ ကောင်းမယ်ထင်တယ်နော်.. အစ်မချင်းက သွားရှုပ်လို့ရတဲ့သူ မဟုတ်ဘူး.. နင်တို့က သူ့ကို ‘အဖွားကြီး’ လို့ တစ်ကြိမ်မကခေါ်နေပေမဲ့ နင်တို့ idol ကတော့ သူ့ရှေ့ ခေါင်းငုံ့နေရတာ..”


“ယွမ်ချင်းချင်းက ဘာမဟုတ်တဲ့လူတစ်ယောက်နဲ့ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး.. ဒီလို အမိုက်စားလေဒီက သူနဲ့တန်းမတူတဲ့လူမျိုးကို တွေးမယ်လို့ ထင်နေလား..”


“အစ်မချင်းက ဒီတိုင်း အပျင်းပြေဆော့နေတာပဲဖြစ်မှာ..”


“အစ်မချင်းက ကြည့်ကောင်းတယ်.. အရည်အချင်းရှိပြီး ထက်မြက်တယ်.. အပျင်းပြေဆော့နေတယ်ဆိုရင်တောင် စုန့်ယန်ကို မျက်နှာသာပေးလိုက်တာပဲ..”


“ဘာလို့ စုန့်ယန်လဲ.. မနာလိုလွန်းလို့ သေတော့မယ်.. မမရေ.. ယောကျ်ားတွေကိုပဲ မကြိုက်ပါနဲ့လို့..”


“သူတို့ တကယ်ကြီး ချိန်းတွေ့နေကြတယ်လို့ထင်တာ ငါတစ်ယောက်တည်းလား.. အသက်ကွာတာကို ခဏဘေးချိတ်ထားလိုက်.. သူတို့ အတူရှိနေတာ တကယ်ကြည့်ကောင်းတယ်..”


“ဖရဲသီးစားမဲ့သူတွေက အဆင်သင့်ပဲနော်.. အချစ်ပဲဖြစ်ဖြစ် သကြားမေမေပဲဖြစ်ဖြစ် ငါတို့ကတော့ ဒရာမာကြည့်မှာပဲ..”


“နေကြပါဦးဟ.. အခုမှ မှုန်ဝါးဝါး ဗီဒီယိုလေး တစ်ခုပဲရှိသေးတာကို.. စောင့်ကြည့်ကြပါဦး..”


*


ချောင်ရို့ယောင် ဒေါသူပုန်ထနေသည်။

“အဓိပ္ပါယ်မရှိတာတွေ.. စုန့်စုန့်က ဒီလိုလူမဟုတ်ဘူး.. တစ်ယောက်ယောက်က သူ့ကို အပုပ်ချဖို့ ကြိုးစားနေတာ..”


စုန့်ယန်၏နာမည်အား ရှင်းလင်းရန် ပရိသတ်များ စုစည်းနေကြစဉ်မှာပင် ယွမ်ချင်းချင်း၏ စတူဒီယိုမှ ရိုးရှင်းသော ဖြေရှင်းချက်တစ်ခု ထုတ်ပြန်လာသည်။ ယွမ်ချင်းချင်းနှင့် စုန့်ယန်တို့က အသစ်ရိုက်ကူးမည့် ဇာတ်လမ်းအတွက် ဆွေးနွေးနေကြခြင်းဖြစ်ပြီး ရိုးရိုးသားသား လုပ်ဖော်ကိုင်ဖက်သက်သက်ဖြစ်ကြောင်း ဆိုထားသည်။ စုန့်ယန်၏ကုမ္ပဏီမှလည်း အဆိုပါ ဖြေရှင်းချက်အား အလျင်အမြန်ပင် ပြန်လည်မျှဝေသည်။


ယွမ်ချင်းချင်း၏ ထုတ်ပြန်ချက်အားကြည့်ကာ ချောင်ရို့ယောင် စိတ်သက်သာရာ ရမိသည်။


စုန့်ယန်က နှစ်ပေါင်းများစွာတိုင်အောင် သန့်ရှင်းသောပုံရိပ်အား ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထွက်ပေါ်လာသည့် ကောလာဟလများမှာလည်း အမှန်မဟုတ်ချေ။


သို့သော် ချောင်ရို့ယောင် လုံးလုံးလျားလျား သတိမလျော့နိုင်သေးပေ။


သူမ၏ အတွေ့အကြုံအရ ဤအခြေအနေမျိုးတွင် အခြေအမြစ်မရှိသော ကောလာဟလများအား ဖြန့်ဝေမည့်သူများ ပေါ်လာတတ်သည်။ အနုပညာရှင်များစွာမှာ ထိုသို့သောနည်းလမ်းများကြောင့် ဂုဏ်သတင်းကျဆင်းခဲ့ရသည်။


လတ်တလောထိပ်တန်းသတင်းနှင့် ပင်မစာမျက်နှာအား လှည့်ပတ်ကြည့်နေစဉ်မှာပင် ပိုစ့်တင်ခုအား တွေ့လိုက်ရသည်။


ယင်းမှာ လတ်တလောစာရင်းသွင်းထားသည့် အကောင့်တစ်ခုဖြစ်ပြီး “အတင်းပြောစနစ် 10086” ဟု ခေါ်သည်။


ထိုအကောင့်၌ ပိုစ့်တစ်ခုသာ ရှိသည်။

[ထိတ်လန့်စရာပဲ.. ဖျော်ဖြေရေးလောကရဲ့ သုံးပွင့်ဆိုင်တဲ့.. ကံကြမ္မာရဲ့ လှည့်စားမှုလား ဒါမှမဟုတ် ကိုယ်ကျင့်တရားတွေ မရှိတော့တာလား.. နာမည်ကျော် အမျိုးသားကြယ်ပွင့်.. သာမန်ချစ်သူကောင်မလေးနဲ့ ဆုရမင်းသမီးတို့ရဲ့ အချစ်အမုန်း အရှုပ်အထွေးကို သိချင်ရင် နှိပ်ကြည့်ပါ..]


ချောင်ရို့ယောင် ဒေါသထွက်လာသည်။


အင်တာနက်ပေါ်ရှိ အရည်မရ အဖက်မရတင်သူများမှာ အတော်လေးအားနေပုံပင်။


တစ်ဖက်တွင် လူများမှာ ‘သာမန်ချစ်သူကောင်မလေး’ ဟူသည့် အဓိပ္ပါယ်အား မေးခွန်းထုတ်နေကြသည်။


ယင်းသည် စုန့်ယန် ဟိုတယ်တစ်ခု၌ တည်းခိုစဥ်က ထွက်ပေါ်လာသော ကောလာဟလဖြစ်ပြီး ပါပါရာဇီတစ်ဦးသည် စုန့်ယန်၏ ဟိုတယ်ခန်း၌ လှပသည့် မိန်းကလေးတစ်ဦးအား တွေ့ရှိခဲ့သောကြောင့် အချိန်ကြာမြင့်စွာတွဲလာသော ချစ်သူကောင်မလေးဟူသည့် ကောလဟာလ စတင်ပေါက်ဖွားလာသည်။


အဆိုပါပိုစ့်သည် ချက်ချင်းဆိုသလို ပရိသတ်များ၏ တုံ့ပြန်မှုအား တစ်ခဲနက် ရရှိလိုက်သည်။


[နောက်ဆုံးတစ်ခေါက် ပြောလိုက်မယ်.. သူက ဟိုတယ်ဝန်ထမ်း.. စုန့်စုန့်က ဒီအကြောင်းကို ရှင်းပြပြီးသား.. နင့်မျက်လုံးတွေကို မလိုဘူးဆိုလည်း လှူပစ်လိုက်..]


[ဒီပေါက်ကရကောင်တွေက မမောနိုင်သေးဘူးလား မသိဘူး.. နာမည်ကြီးချင်ရင် တခြားနည်းရှာ..]


[@စုန့်ယန်စတူဒီယို ထတော့ဟဲ့.. သူတို့က နင်တို့မင်းသားကို ရွံ့ရေတွေပက်နေပြီ.. တရားစွဲတော့.. သူတို့ တက်နင်းမခံနဲ့..]


ချောင်ရို့ယောင်က ဒေါသထွက်နေသော ပရိသတ်အဖွဲ့ထဲ ဝင်ပါလိုက်သည်။


တုန်လှုပ်နေသောရှောင်ချောင် : [ဒီတိုင်း သာမန်ဓာတ်ပုံလေးပဲကို ဇာတ်လမ်းတစ်ပုဒ်ပါ ဖန်တီးလိုက်တယ်ပေါ့.. ဘယ်မှာလဲ သက်သေက..]


မမျှော်လင့်စွာပင် “အတင်းပြောစနစ် 10086” မှ သူမအား ချက်ချင်းပင် တုံ့ပြန်ကာ စုန့်ယန်၏ ဓာတ်ပုံတစ်ပုံ တင်လိုက်သည်။


ပုံထဲ၌ စုန့်ယန်က ကုတ်အင်္ကျီအရှည် ဝတ်ဆင်ထားပြီး ကြီးမားသော အနက်ရောင်လက်ဆွဲသေတ္တာကိုဆွဲကာ ပရိသတ်များအား ပြုံးလျက် လက်ယမ်းပြနေသည်။


ချောင်ရို့ယောင် ချက်ချင်းပင် ပရိသတ်တစ်ဦး ရိုက်ယူထားသည့် ထိုဓာတ်ပုံအား မှတ်မိသွားသည်။ ၎င်းက စုန့်ယန် ထိုဟိုတယ်၌ တည်းခိုရန် စာရင်းသွင်းသည့်အချိန် ဖြစ်သည်။


စုန့်ယန်၏ ထိုပုံစံအား လွန်စွာသဘောကျသောကြောင့် သူမ၏ ဖုန်းနောက်ခံပုံအဖြစ် ထားရှိခဲ့သေးသည်။


ချောင်ရို့ယောင် ကြောင်အကာဖြင့် ပြန်ပြောသည်။


တုန်လှုပ်နေသောရှောင်ချောင် : [ငါ့ idol က ချောတယ်ဆိုတာ သိတယ်လေ.. ဒါပေမဲ့ ငါမေးချင်တာက သက်သေ ဘယ်မှာလဲ.. သက်သေမရှိရင်လည်း တောင်းပန်ပြီး ထွက်သွားလိုက်.. အိုကေနော်..]


အတင်းပြောစနစ် 10086 : [အဲဒါက သက်သေပဲလေ..]


တုန်လှုပ်နေသောရှောင်ချောင် : [???]


အတင်းပြောစနစ် 10086 : [လူက အဲဒီ လက်ဆွဲသေတ္တာထဲ ပုန်းနေတာလေ..]


ချောင်ရို့ယောင် : [!!!]


သူမ၏ ကျောရိုးတစ်လျှောက် အေးစက်ကာ အလိုလို တုန်ယင်လာသည်။


အခြားသူများသည်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။


မှတ်ချက်များမှာ -


[ဘုရား ဘုရား ဘုရား..]


[လန့်သေတော့မှာပဲ..]


[ညမိုးချုပ်နေပြီလေဟာ.. ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ ဟာသတွေ မပြောလို့ရမလား..]


ထိုအချိန်မှာပင် ယွမ်ချင်းချင်း၏ ပရိသတ်များ ရောက်ရှိလာသည်။


[အဲဒါက ငါတို့ အစ်မချင်းနဲ့ ဘာများ သက်ဆိုင်လို့လဲ.. အစ်မချင်းက သူ့အလုပ်ကိုပဲ အာရုံစိုက်နေတာ.. ပရမ်းပတာ သတင်းတွေထဲ ငါတို့အစ်မကို ဆွဲဆွဲမထည့်ကြနဲ့..]


[ငါ့တို့ အစ်မချင်းကို ပြန်ခေါ်သွားပြီ.. ဒီအရှုပ်ကြား ငါတို့တွေ လုံးဝ ဝင်မပါချင်ဘူး..]


[ပိုစ့်တင်တဲ့သူကို ခင်လို့ သတိပေးတာနော်.. အစ်မချင်းက အဓိပ္ပါယ်မရှိတဲ့ သတင်းတွေကို လွယ်လွယ်လေး လွှတ်မပေးတတ်ဘူး.. ရှေ့နေအသင့်ပြင်ထားလိုက်တော့..]


အံ့ဩဖွယ်ကောင်းလောက်အောင်ပင် အတင်းပြောစနစ် 10086 မှာ တုန်လှုပ်ခြင်းမရှိသည့်အပြင် တည်ငြိမ်စွာ ပြန်ပြောသည်။


အတင်းပြောစနစ် 10086 : [မဆိုင်ဘူးလို့ ဘယ်သူပြောလဲ.. စုန့်ယန်ရဲ့ ‘သာမန်ချစ်သူကောင်မလေး’ ဆိုတာ ယွမ်ချင်းချင်းရဲ့ နှစ်ပေါင်းများစွာ ပျောက်နေတဲ့ သမီးအရင်းလေ..]


[ဘာ.. ဖြစ်.. တယ်...]


[နင်ရူးနေလား.. အစ်မချင်းက လက်တောင်မထပ်ဖူးဘူးဟဲ့.. ဘယ်နားက သမီးပေါ်လာတာတုန်း..]


[နင့်ဘာသာနင် စုန့်ယန်ကို သတ်ပဲသတ်သတ် ဖြတ်ပဲဖြတ်ဖြတ် စိတ်မဝင်စားဘူး.. ငါတို့ရဲ့ ဘုရင်မချင်းကို စော်ကားရင်တော့ ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်..]


*


တစ်ချိန်တည်းမှာပင် ရိုက်ကွင်း၌။


“ရပ်.. အကုန်ကောင်းတယ်..”


သူမ၏အခန်း ရိုက်ကူးပြီးနောက် ယွမ်ချင်းချင်း မိတ်ကပ်ဖျက်ရန် သူမ၏ ကားရှိရာသို့ ပြန်သည်။


သူမက မျက်လုံးမှိတ်လျက် လက်ထောက်ဖြစ်သူပြောကြားသည့် သတင်းအသစ်များအား နားထောင်နေသည်။

“ရှင်းလင်းချက် ထုတ်ပြန်ပြီးပါပြီ.. စုန့်ယန်ရဲ့အဖွဲ့ကတော့ စုန့်ယန်က အစ်မကို လူကိုယ်တိုင်တောင်းပန်ပြီး ညစာကျွေးချင်တယ်လို့ ဆိုပါတယ်..”


“ဘာညစာမှ မလိုဘူး..”

ယွမ်ချင်းချင်း၏အမူအရာက မပြောင်းမလဲ ရှိနေသည်။


“သူ့နေရာမှာ အစားထိုးဖို့ ပရိုဂျူဆာလုံကိုပြောလိုက်..”


“သိပါပြီ..”

လက်ထောက်က ချိီတုံချတုံဖြစ်ပြီးနောက် ဆက်ပြောသည်။

“ပြီးတော့.. အစ်မချင်း.. နောက်ထပ် ကိစ္စတစ်ခုလည်း ရှိနေသေးတယ်..”


ယွမ်ချင်းချင်း မျက်လုံးဖွင့်လိုက်သည်။


သူမ၏ အသွင်အပြင်မှာ တင်းမာပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ သူမ၏ တည်ရှိမှုမှာ ပိုမိုထိတ်လန့်ဖွယ်ဖြစ်လာသည်။


လွှမ်းမိုးခံလိုက်ရသည့် လက်ထောက်ဖြစ်သူမှာ အလျင်အမြန်ပင် ဝေ့ပေါ်အားဖွင့်ကာ သူမထံ ဖုန်းပေးလိုက်သည်။

“ဒါကို ကြည့်ကြည့်ပါဦး..”


“အတင်းပြောစနစ် 10086” ဟု ခေါ်သော အကောင့်မှာ အတည်ပြုထားခြင်း မရှိသေးသည့် အကောင့်လေးတစ်ခုသာ ဖြစ်သော်ငြား ဝေ့ပေါ်၏ လတ်တလောထိပ်တန်းသတင်းများ၏ ထိပ်ဆုံး၌ ရှိနေသည်။


ပထမဆုံးပိုစ့်မှာပင် ယွမ်ချင်းချင်း မျက်မှောင်ကြုတ်မိသော်ငြား အကျိုးမရှိသော ကောလာဟလ သတင်းများကြောင့် လက်ထောက်ဖြစ်သူမှ သူမ၏အချိန်အား ဖြုန်းမည်မဟုတ်မှန်း သိသဖြင့် ဆက်ဖတ်လိုက်သည်။ ဆက်ဖတ်ပြီးနောက် ယွမ်ချင်းချင်း အေးခဲကာ ရင်ထဲ ဗလောင်ဆူလာသည်။


အစောပိုင်းနှစ်များ၌ ဟောင်ကောင်တွင် သူမ၏ အချစ်ဦးနှင့် ရရှိခဲ့သော သမီးတစ်ယောက် ရှိခဲ့သည်။ ထိုသူ ကွယ်လွန်သွားပြီးနောက် အမှတ်တရများမှ ရုန်းထွက်ရန် ဟောင်ကောင်အား စွန့်ခွာခဲ့သည်။


သူမ ပြောင်းရွှေ့ပြီး မကြာမီမှာပင် သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည်။


နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော်ငြား ထိုဖြစ်ရပ်မှာ သူမနှင့် ရင်းနှီးသူများသာ သိထားသော နက်ရှိုင်းသည့် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။


ဒီအကောင့်က ဘယ်လိုလုပ်ပြီး သိထားတာလဲ..


ယွမ်ချင်းချင်း ဆတ်ခနဲ ထရပ်လိုက်ပြီး စူးရှသော အကြည့်များဖြင့် သူမပတ်ဝန်းကျင်ရှိ လူများအား ကြည့်လိုက်သည်။

“ဘယ်သူပြောတာလဲ..”


သူမ၏ လက်ထောက်များနှင့် မန်နေဂျာက ခေါင်းယမ်းကြသည်။


သူမနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ကြသော တွဲဖက်များမှာ သူမအား သစ္စာဖောက်မည်မဟုတ်မှန်း ယွမ်ချင်းချင်းသိသည်။


ဤသတင်းမှာ အလွန်အရေးကြီးသဖြင့် သတင်းမှားဖြစ်နေခဲ့လျှင် သူမ မည်မျှ ခံစားရမည်ဆိုသည်ကို တွေးမကြည့်နိုင်ပေ။


ထို့ကြောင့် သူမ၏ လက်ထောက်အား စုန့်ယန်ထံ ဆက်သွယ်ပြီး ပိုစ့်တွင်ဖော်ပြထားသည့် မိန်းကလေးအား ရှာဖွေရန်နှင့် အကောင့်ပိုင်ရှင်ထံ ဆက်သွယ်မေးမြန်းရန် ညွှန်ကြားလိုက်သည်။


မျှော်လင့်ချက် ခပ်ပါးပါး ရှိနေလျှင်ပင် ဤအခွင့်အရေးအား လက်မလွှတ်ချင်ပေ။


လက်ထောက် အကြိမ်ပေါင်းများစွာ ခေါ်ဆိုသည့်တိုင်အောင် စုန့်ယန်နှင့် သူ၏မန်နေဂျာက ဖုန်းမကိုင်ချေ။


အကောင့်ပိုင်ရှင်အား မက်ဆေ့ချ်ပို့သော်လည်း ပြန်မဖြေချေ။

“အဲဒီလူက သူများတွေကိုတော့ တက်တက်ကြွကြွ ပြန်ဖြေနေတာ.. ဆိုတော့ အွန်လိုင်းပေါ်မှာ ရှိနေတာ သေချာတယ်.. မက်ဆေ့ချ် လက်မခံတာများလား..”


ယွမ်ချင်းချင်း၏ သမီးအား ရှာဖွေချင်စိတ်မှာ အရာအားလုံးထက် ကျော်လွန်သောကြောင့် တုံ့ဆိုင်းခြင်းမရှိ မှတ်ချက်ပေးလိုက်သည်။


ယွမ်ချင်းချင်း V : [သူ(မ) အဆင်ပြေရဲ့လား..]


ပရိသတ်များ : [??????????????]


ယွမ်ချင်းချင်း၏ အကောင့်အား ဝင်ကြည့်ကြသည်။


တရားဝင်အကောင့်ဖြစ်ပြီး အယောင်ဆောင်ပရိသတ်အကောင့် မဟုတ်ချေ။


ခဏလေး.. ဘာဖြစ်တယ်.. အမှန်ဖြစ်နေတာလားဟ..


အွန်လိုင်းပေါ်ရှိ လူထုမှာ စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲကုန်ပြီး ဝေ့ပေါ်သို့ စုပြုံလာသည်။


လူတိုင်းက အတင်းပြောစနစ် 10086 ၏ သတင်းအသစ်များအား စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။


များမကြာမီ ထိုအကောင့်မှ ပိုစ့်အသစ်တစ်ခု တင်သည်ကို တွေ့လိုက်ရလေသည်။


အတင်းပြောစနစ် 10086 : [ဘာဆက်ဖြစ်လဲ သိချင်ရင် ကျေးဇူးပြုပြီး [တိုက်ရိုက်ထုတ်လွှင့်ခန်း] ကို နှိပ်ပေးပါ.. တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ကြည့်ရှုသူ ၁ သန်းကျော်တာနဲ့ နောက်ဆုံးအမှန်တရားကို ဖော်ထုတ်ပါမယ်..]


ပရိသတ်များ : [????????]



🍉🍉🍉