Ch 10
Viewers 6k

🍉 အခန်း ၁၀ 



ညနေ ၈ နာရီ။


ယနေ့ညသည် [Boy Group Training Camp] ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့မှာ အနီးကပ်အာရုံစိုက်နေကြ၏။


စွန်းဟုန်ဖေးက ဒါရိုက်တာနေရာ၌ မတ်တတ်ရပ်ကာ အမျိုးမျိုးသော တိုက်ရိုက်ထုတ်လွှင့်ခန်းများအား ပြနေသည့် ဖန်သားပြင်အားကြည့်ကာ ဒေတာများ တင်ပြနေသော ဝန်ထမ်းအား နားထောင်နေသည်။


ပထမseasonနှင့် နှိုင်းယှဉ်လျှင် ကြည့်ရှုသူ အရေအတွက်မှာ အတော်လေးနည်း၏။


ကြည့်ရှုမှု အမြင့်ဆုံးသော တိုက်ရိုက်ထုတ်လွှင့်ခန်းပင်လျှင် လူ ၂၀၀၀၀ ကျော်ရုံလေးဖြစ်သည်။


သို့သော် ဤအခြေအနေအား မျှော်လင့်ထားပြီးဖြစ်သည်။ season 1 ၌ တိုက်ရိုက်ထုတ်လွှင့်မှုအား သင်တန်းသားများ ပရိသတ်အချို့ ရရှိပြီးချိန် seasonအလယ်မှသာ စတင်ခဲ့သည်။ ယခုအခါ သင်တန်းသားအများစုမှာ လူမသိသေးသူများ ဖြစ်သောကြောင့် သဘာဝကျစွာပင် ကိန်းဂဏန်းချင်း မယှဉ်နိုင်ပေ။


ဝန်ထမ်းမှ ဆက်ပြောသည်။

“လက်ရှိ နာမည်အကြီးဆုံး တိုက်ရိုက်ထုတ်လွှင့်ခန်းတွေကို ကျင်းယို့အင်တာတိန်းမန့်က လင်းတောက်အန်နဲ့ ရှင်းချိုးရှစ်ကျိက ရထားပါတယ်.. ကျွန်တော်တို့ ခန့်မှန်းချက်အရ ကြည့်ရှုသူအရေအတွက် တိုးလာနိုင်ပြီး ၅၀၀၀၀ ပတ်လည်က အမြင့်ဆုံး ဖြစ်ပါလိမ့်မယ်..”


စွန်းဟုန်ဖေး ခေါင်းညိတ်လိုက်သည်။


သူတို့ စီစဉ်ထားသည့်အတိုင်းပင် ဖြစ်၏။


ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသောကြောင့် မေးလိုက်သည်။

“လဲ့ရှစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကရော..”


ဝန်ထမ်းက ချက်ချင်းပင် ဖန်သားပြင်အား ပြောင်းလိုက်သည်။


ကြည့်ရှုသူအရေအတွက်မှာ သနားစရာကောင်းလောက်အောင် နိမ့်နေသေးပြီး နာရီဝက်ကြာအောင် တိုက်ရိုက်ထုတ်လွှင့်ပြီးချိန်မှာပင် ကြည့်ရှုသူ ၁၀၀ မပြည့်သေးချေ။


သို့သော် နှစ်ဦးသား အားလျော့ခြင်းမရှိဘဲ စိတ်အားထက်သန်စွာ ကနေဆဲဖြစ်သည်။


စွန်းဟုန်ဖေးက နည်းပါးလှသော ကြည့်ရှုသူ အရေအတွက်အား မြင်ပြီးနောက် ကြောင်အသွားလေသည်။


ဝန်ထမ်းအား ဒေတာများ၌ အမှားအယွင်းရှိ၊ မရှိ နောက်တစ်ကြိမ် စစ်ဆေးစေသည်။


လုံးဝ နားမလည်နိုင်ဘူးနော်..


အဓိပ္ပါယ်မရှိတာ..


ဥက္ကဌကုက သူ့ကိုယ်သူ သက်သေပြဖို့ ရှိုးမှာပါတာ မဟုတ်ဘူးလား..


မည်သို့ပင်ဖြစ်စေ အရည်အချင်းပြရှိုးများ၌ ရေပန်းစားမှုမှာ အရေးပါသည်။ မည်မျှကောင်းမွန်စွာ ဖျော်ဖြေနိုင်စေကာမူ ရေပန်းစားမှုမရှိလျှင် အလဟဿပင်။


ယခုအခါ လဲ့ရှစ်၏ သင်တန်းသား နှစ်ယောက်၏ ရေပန်းစားမှုမှာ အောက်ဆုံး၌ရှိနေသည်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌကုက တစ်ခုခုလုပ်သင့်တယ် မဟုတ်ဘူးလား..


စွန်းဟုန်ဖေး ဆွံ့အနေမိတော့သည်။


ထိုအချိန်မှာပင် ကျန်းမော့ ရောက်ရှိလာသည်။


စွန်းဟုန်ဖေးအား အပေါ်ယံမျှ နှုတ်ဆက်ပြီးနောက် မေးလေသည်။

“ကြီးကြပ်သူစွန်း.. ဒေတာတွေက ဘယ်လိုရှိလဲ..”


[T/N - စွန်းဟုန်ဖေးရဲ့ ရာထူးက ပထမဆုံး ပေါ်လာတဲ့အချိန်မှာ မန်နေဂျာပေမဲ့ သူ့ရာထူးကို မန်နေဂျာ/ကြီးကြပ်သူ အမျိုးမျိုးရေးထားတာပါ၊ အဲဒါကြောင့် ရိုက်ကွင်းမှာရှိရင် ကြီးကြပ်သူစွန်းလို့သုံးပြီး ထျန်းချန်ဗီဒီယိုနဲ့ သူ့ဝန်ထမ်းတွေ(ရှောင်းလီ)နဲ့ဆို မန်နေဂျာလို့ သုံးပါမယ်နော် ]


ကျန်းမော့က သူ့ကုမ္ပဏီမှ သင်တန်းသားများ၏ အခြေအနေအား မေးခြင်းဖြစ်သည်ဟု ထင်မိသောကြောင့် စွန်းဟုန်ဖေးက ပြုံး၍ပြောသည်။

“လက်ရှိတော့ ခင်ဗျားတို့ကျင်းယို့အင်တာတိန်းမန့်က လင်းတောက်အန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက နာမည်အကြီးဆုံးပဲ.. တခြားသင်တန်းသားတွေလည်း ကောင်းကောင်းလုပ်နေကြတယ်..”


ကျန်းမော့ အံ့အားသင့်မိခြင်း မရှိပေ။


သူတို့အား ကြော်ငြာပေးရန် အများကြီး အားထုတ်ခဲ့သောကြောင့် ဤသို့သောရလဒ်မှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော် သူ၏ သင်တန်းသားများအကြောင်းမေးရန် ရောက်လာခြင်းမဟုတ်သဖြင့် အမှတ်မထင်ဟန်ဖြင့် မေးလိုက်သည်။


“တခြား တိုက်ရိုက်ထုတ်လွှင့်ခန်းတွေရော ဘယ်လိုလဲ..”


စွန်းဟုန်ဖေး : “?”


ကျန်းမော့ : “လဲ့ရှစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းလေ.. သူတို့ရဲ့ ဒေတာတွေကရော..”


စွန်းဟုန်ဖေးက ထူးဆန်းသည်ဟု ခံစားမိသော်ငြား ရိုးသားစွာဖြေလိုက်သည်။

“သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကတော့ အတော်လေး သနားဖို့ကောင်းတယ်.. လက်ရှိမှာ အနိမ့်ဆုံးပဲ..”


ကျန်းမော့ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။


မျှော်လင့်ထားသလိုပင် နာမည်မရှိသည့် သင်တန်းသားမှာ တရှိန်ထိုး တက်မလာနိုင်ချေ။


ဤသို့သာ ဆက်ဖြစ်နေပါက မကြာခင် ထုတ်ပယ်ခံရနိုင်၏။ ထိုသို့ဖြစ်လာပြီးနောက် မုန့်ယွမ်ရှန့် သူ့ထံသို့ ပြန်လာလိုပါက ကိုယ့်နေရာကိုယ်သိအောင် သင်ကြားပေးရမည်။


ကျန်းမော့ မုန့်ယွမ်ရှန့်အား မည်သို့ သင်ကြားပေးရမည်ကို တွေးနေစဉ်မှာပင် ဝန်ထမ်းတစ်ဦးထံမှ ရုတ်တရက် စူးခနဲအော်သံ ထွက်ပေါ်လာသည်။


စွန်းဟုန်ဖေး အလျင်အမြန် ရောက်ရှိသွားသည်။

“ဘာဖြစ်တာလဲ..”


ဝန်ထမ်းက ကီးဘုတ်အား အသည်းအသန်ရိုက်နှိပ်ရင်း ပြန်ဖြေသည်။

“တိုက်ရိုက်ထုတ်လွှင့်ခန်းတွေထဲက တစ်ခုမှာ ရုတ်တရက်ကြီး ဒေတာတွေ တဟုန်ထိုးတိုးလာလို့ လိုင်းမနိုင်တော့ဘူး.. အခု ညှိနေရတာ..”


ဖန်သားပြင်ထက်၌ ထိုတိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကြည့်ရှုသူ အရေအတွက်မှာ အလျင်အမြန် တိုးတက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကြည့်ရှုသူ ၁ သိန်း ကျော်သွားသည်။


စွန်းဟုန်ဖေး ထိတ်လန့်သွားသည်။

“ဘယ်.. ဘယ်အခန်းလဲ..”


“လဲ့ရှစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းပါ..”


“ဝိုး.. ဆက်တက်နေတုန်းပဲ..”


“၃ သိန်း..”


“၅ သိန်း.. ပြီးတော့ တက်နေတုန်းပဲ.. လိုင်းတိုးပြီးလို့ တော်သေးတာပေါ့..”


“ဘုရားရေ.. ၁ သန်း တဲ့...”


ဝန်ထမ်း၏ ကြောင်အနေသော အကြည့်အောက်မှာပင် လဲ့ရှစ်၏ တိုက်ရိုက်ကြည့်ရှုခန်းရှိ ကြည့်ရှုသူ အရေအတွက်မှာ မိနစ်ပိုင်းလေးနှင့် ၁ သန်းအထိ မြင့်တက်ကာ ဆာဗာပျက်လုနီးနီးပင်။


ကိန်းဂဏန်းမှာ ၁ သန်း၌ တည်ငြိမ်နေပြီး အနည်းငယ်သာ တိုးလာသည်။


ယခုအခါ လဲ့ရှစ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ထိပ်ဆုံး၌ရှိပြီး အခြားသူများအား အပြတ်အသတ် ကျော်တက်သွား၏။


ထုတ်လုပ်ရေးအဖွဲ့မှာ ပုံမှန်မဟုတ်သော ဒေတာများကြောင့် အစည်းအဝေးထိုင်ရတော့သည်။


ပထမseason၏ အထွတ်အထိပ်တွင်ပင် သင်တန်းသား၏ ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ သန်းတစ်ဝက်သို့ (၅သိန်းသို့) ရောက်သည် ဆိုရုံလေးပင်။ ဤသည်မှာ ပထမဆုံးအပိုင်းဖြစ်ပြီး လဲ့ရှစ်၏ ကိန်းဂဏန်းများမှာ ယခင်season၏ မှတ်တမ်းကိုပင် ကျော်ဖြတ်သွားသည်။


လုံးဝကို မယုံနိုင်စရာ traffic ပဲ.. 


မယုံကြည်နိုင်မှုကြောင့် ကျန်းမော့၏ မျက်လုံးများ ပြူးကျယ်လာပြီး လေသံမာလာသည်။

“မဖြစ်နိုင်ဘူး..”


ကျန်းမော့၏ ပေါက်ကွဲမှုကြောင့် အခြားသူများ အာရုံစိုက်လာသည်။ ထိတ်လန့်နေဆဲဖြစ်သည့် စွန်းဟုန်ဖေးက မေးလိုက်သည်။

“မဖြစ်နိုင်ဘူးလို့ ဘယ်လိုသိတာလဲ..”


ကျန်းမော့က ဒေါသတကြီး အံကြိတ်လိုက်သော်ငြား အလွန်စိုးရိမ်ဟန်ဆောင်လိုက်၏။

“ဒီကိန်းဂဏန်းတွေက သံသယဝင်စရာပဲ.. အခုမှ စဖွဲ့ကာစ အဖွဲ့တွေဆိုရင်တောင် ဒီလောက်ပမာဏရဖို့ အတော်လေး ရုန်းကန်ရမှာ.. သူတို့သာ တကယ်တမ်း traffic ဖြစ်နေရင် အရည်အချင်းပြရှိုးကို လာစရာတောင် မလိုလောက်ဘူး.. တိုက်ရိုက်ပွဲဦးထွက်လိုက်လို့ရတယ်.. ကျွန်တော် စိုးရိမ်တာက.... လှည့်ဖျားမှုတချို့ လုပ်ထားမှုကိုပဲ..”


“ကျွန်တော်တို့က ဒီရှိုးရဲ့ ဂုဏ်သတင်းကို ကြိုးစားပြီး ခက်ခက်ခဲခဲ တည်ဆောက်ထားရတာ.. ပန်းသီးပုပ်တွေကြောင့်တော့ ဖျက်ဆီးမခံနိုင်ဘူး..”


စွန်းဟုန်ဖေး ချက်ချင်းပင် အလေးအနက်ဖြစ်လာသည်။


ကျန်းမော့ပြောသည်မှာ မှန်၏။ အစစ်အမှန် ကိန်းဂဏန်းများဖြစ်လျှင် ဤကဲ့သို့သော ရေပန်းစားမှုမျိုးနှင့် နာမည်ကျော်အဖွဲ့များကိုပင် ဘေးချင်းယှဉ်နိုင်ပြီး လူမသိ သူမသိ ဖြစ်နေလိမ့်မည် မဟုတ်ချေ။


သို့သော် ပြဿနာမှာ ကုရှင်းရှစ် သူ့ထံသို့ ရောက်မလာမီ ထိုနှစ်ဦးအား နာမည်ပင် မကြားဖူးသောကြောင့် သေချာပေါက် နာမည်မရှိသော သင်တန်းသားများဖြစ်၏။


လှည့်စားမှုအချို့ မရှိဘဲနှင့် ကြည့်ရှုသူ ၁ သန်းအား ဆွဲဆောင်နိုင်ရန် မဖြစ်နိုင်ပေ။


စွန်းဟုန်ဖေးက ချက်ချင်းပင် စုံစမ်းစစ်ဆေးရန် ဒေါသတကြီး အမိန့်ပေးလိုက်သည်။


ကျန်းမော့၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်နေသည့် အရိပ်အယောင်များရှိသည်။


စွန်းဟုန်ဖေးသာ အလေးအနက်ဖြစ်သွားပြီဆိုရင် ပုံမှန်မဟုတ်တာ တစ်ခုခု ရှာတွေ့တာနဲ့ သူတို့ရဲ့ ရလဒ်တွေကို ဖျက်သိမ်းလိုက်မှာ.. တစ်ချိန်တည်းမှာပဲ နှစ်ယောက်လုံး ပြုတ်သွားကြလိမ့်မယ်..


မုန့်ယွမ်ရှန့်က ငါ့လက်ထဲက လွတ်နိုင်မယ်လို့ ထင်နေတာလား.. အိပ်မက်မက်နေလိုက်..


သို့သော် များမကြာမီမှာပင် ဝန်ထမ်းတစ်ဦး ရောက်ရှိလာသည်။

“ကြီးကြပ်သူ.. ဒေတာတွေ ရပါပြီ..”


ကျန်းမော့ မယုံနိုင်ပေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ.. သေချာရော စစ်ဆေးရဲ့လား..”


ကျန်းမော့၏ စွပ်စွဲချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာသည့် ဝန်ထမ်းမှာ လက်ထဲရှိ tablet အား သူတို့ရှေ့၌ ချလိုက်သည်။

“ကြီးကြပ်သူ.. လဲ့ရှစ် တိုက်ရိုက်ထုတ်လွှင့်ခန်း ရုတ်တရက် မြင့်တက်လာတဲ့ အကြောင်းအရင်းကို ရှာတွေ့ပါပြီ.. ကြည့်ပါဦး..”


စွန်းဟုန်ဖေး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး အတင်းပြောစနစ်10086 ၏ ဝေ့ပေါ်ပိုစ့်အား ဖတ်လိုက်သည်။


ကျန်းမော့က မစောင့်နိုင်သောကြောင့် အောက်ဘက်သို့ ရွှေ့ကြည့်လိုက်သည်။


နှစ်ဦးစလုံး ပြောစရာစကား မဲ့သွားကြ၏။


“ဒီလိုလုပ်လို့ ရတာလား..”


*


လွန်ခဲ့သော တစ်နာရီခန့်၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က စိုးရိမ်စိတ်အပြည့်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ကြသည်။


မျှော်လင့်ထားသည့်အတိုင်း ကြည့်ရှုသူတစ်ဦးတစ်လေပင် မရှိချေ။


နှစ်ဦးသား စိတ်ပျက်မိသော်ငြား အံ့ဩစရာ မဟုတ်ပေ။


ရှိုးအား ထုတ်လွှင့်ရသေးခြင်း မရှိသောကြောင့် သူတို့နှစ်ဦးစလုံးမှာ နာမည်မရှိကြသူများဖြစ်ပြီး ပရိသတ်များ ရှိနေမှသာ ထူးဆန်းပေမည်။


အလျင်အမြန်ပင် စိတ်အားတက်လာပြီး တိုက်ရိုက်ထုတ်လွှင့်ခန်း၌ သူတို့၏ ပွဲဦးထွက်အကအား လေ့ကျင့်ကြတော့သည်။


နောက်ဆုံး၌ ကြည့်ရှုသူတစ်ဦး ရရှိလာသည်။


အဆိုပါကြည့်ရှုသူမှာ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ မတော်တဆ ရောက်ရှိလာခြင်း ဖြစ်ပုံရသော်ငြား နှစ်ဦးသား တစ်ဦးတည်းသော ပရိသတ်အား ဆုံးရှုံးမသွားစေရန် ဆက်လက်ဖျော်ဖြေကြသည်။


ကြည့်ရှုသူမှာ အမှန်တကယ်ကို မတော်တဆ ဝင်ရောက်မိခြင်းဖြစ်ကာ အလျင်အမြန်ပင် သူတို့၏ ပရိသတ်ဖြစ်လာသည်။


မှတ်ချက်များ - 


[ဝိုး.. ရှင်တို့ကတာ အရမ်းမိုက်တာပဲ.. တိုက်ရိုက်ထုတ်လွှင့်သူတွေလား..]


[နှစ်ယောက်လုံး အရမ်းချောတယ်နော်.. ရည်စားရှိကြလား..]


ချန်ရှင်း ပြန်ဖြေတော့မည် ပြင်စဉ်မှာပင် မုန့်ယွမ်ရှန့် အလျင်အမြန် တားလိုက်ရသည်။


ချန်ရှင်း မည်မျှတဲ့တိုးပြောတတ်ကြောင်း သူသိ၏။


သူတို့၏ တစ်ဦးတည်းသော အဖိုးတန်ကြည့်ရှုသူလေးအား ကြောက်လန့်တကြား ထွက်မသွားစေလိုပေ။


ပရိသတ်၏ မေးခွန်းများအား စိတ်ရှည်ကြင်နာစွာ ပြန်ဖြေလိုက်သည်။


သူတို့နှစ်ဦးမှာ [Boy Group Training Camp] ၏ သင်တန်းသားများဖြစ်ကြောင်း သိပြီးနောက်တွင် ပရိသတ်မှာ စိတ်လှုပ်ရှားလာသည်။


[ရှင်တို့က အရမ်းပဲချောပြီး ကောင်းကောင်းကနိုင်တယ်.. သေချာပေါက် နာမည်ကြီးလာမှာ..]


[ကျွန်မပြောတာယုံနော်.. ကျွန်မရဲ့ မျက်လုံးတွေက ပါရမီရှင်ဆို တန်းသိပြီးသား..]


[နေဦး.. သူငယ်ချင်းတွေကို မက်ဆေ့ချ်ပို့ပြီး ရှင်တို့ကို အားပေးခိုင်းရမယ်..]


ပရိသတ်လေးမှာ ပြောသည့်အတိုင်း လုပ်တတ်ပုံပင်။ များမကြာမီမှာပင် သူတို့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ လူ ၂ ယောက်၊ ၃ ယောက်ခန့် ဝင်လာကြသည်။


မုန့်ယွမ်ရှန့် စိတ်လှုပ်ရှားစွာဖြင့် ချန်ရှင်းဘက်သို့ လှည့်လိုက်သည်။

“အားရှင်းရေ.. ငါတို့မှာ ကြည့်ရှုသူ ၅ ယောက် ရှိလာပြီ..”


ကြည့်ရှုသူအား ထပ်မံရေတွက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။


သို့သော် ထိုအချိန်မှာပင် ကြည့်ရှုသူအရေအတွက် တဟုန်ထိုး တိုးလာသည်။


မုန့်ယွမ်ရှန့်၏ မျက်လုံးများ ပြူးကျယ်ကုန်၏။

“တစ်.. တစ်ရာတဲ့..”


ချန်ရှင်းက တည်ငြိမ်မှုရှိရှိပြောသည်။

“တစ်ရာမကဘူး.. ကြည့်လေ.. အခုကို တစ်ထောင်ကျော်နေပြီ.. ဒီနှုန်းအတိုင်းဆို ၁ သောင်းလောက်အထိ ရောက်နိုင်တယ်..”


မုန့်ယွမ်ရှန့်၏မျက်နှာ ရှုံ့မဲ့လာသည်။

“အားရှင်း.. စိတ်ငြိမ်ငြိမ်ထားပါဦး..”


ချန်ရှင်း : “အေးဆေးပါ..”


မုန့်ယွမ်ရှန့် : “ဒါဆိုလည်း ငါ့လက်မောင်းကို လွှတ်ပေးလို့ရမလား..”


ချန်ရှင်း ငုံ့ကြည့်လိုက်ရာ မုန့်ယွမ်ရှန့်၏ လက်မောင်းအား တင်းတင်းကိုင်ထားမိသဖြင့် ဒဏ်ရာရလုနီးနီး ဖြစ်နေကြောင်း သိလိုက်ရသည်။


သို့သော် မုန့်ယွမ်ရှန့်မှာ နာကျင်မှုအား အာရုံမစိုက်နိုင်ပေ။ သူ၏အကြည့်မှာ တရှိန်ထိုး တိုးလာသည့် ကြည့်ရှုသူအရေအတွက်ပေါ်၌သာ ရှိသည်။


ကိန်းဂဏန်းများမှာ အလျင်အမြန် တက်နေဆဲဖြစ်ပြီး အသိစိတ်ရှိနေသလိုပင်။


များမကြာမီ ၁ သိန်း ကျော်သွားသည်။


၁ သိန်းတဲ့...


သူတို့ စိတ်ကူးပင် မယဉ်ဝံ့သော အရေအတွက်ဖြစ်သည်။


ပရိသတ်များမှာလည်း ထပ်တူကြောင်အနေမိကြသည်။


[ငါက အဖိုးတန်ကျောက်လေးကို ရှာတွေ့ပြီလို့ ထင်တာလေ.. အခုတော့ ညတွင်းချင်း ဟိုးလေးတကျော်ကျော် ဖြစ်လာတယ်တဲ့လား..]


[ဒီခံစားချက်ကို ဘယ်သူနားလည်မှာလဲ..]


၁၅ မိနစ် ကြာပြီးနောက် တရှိန်ထိုးတိုးလာသည့် နံပါတ်များ စတင်တည်ငြိမ်လာသည်။


မုန့်ယွမ်ရှန့် တံတွေးမြိုချကာ တုန်လှုပ်နေသော လက်ချောင်းဖြင့် နံပါတ်များအား စတင်ရေတွက်သည်။ သေချာစေရန် အကြိမ်ပေါင်းများစွာ စစ်ဆေးလိုက်သည်။


၁,၀၀၀,၀၀၀!!!!!!!


မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ နှစ်ဦးစလုံး ကြောင်အသွားပြီး ရင်ဘက်ထဲ တင်းကြပ်လာသည်။


ထို့နောက် မုန့်ယွမ်ရှန့်က တိုက်ရိုက်ထုတ်လွှင့်မှု မစမီ ကုရှင်းရှစ် ပြေးဝင်လာကာ နည်းလမ်းတစ်ခု ရှာနေပြီး စိုးရိမ်ရန် မလိုအပ်ကြောင်း ပြောသွားသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။


ငါတို့ကို နှစ်သိမ့်ဖို့ မဟုတ်ဘဲ တကယ်ပဲ နည်းလမ်းရှာလိုက်တာပေါ့..


ကျန်းမော့၏ လက်အောက်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူး၍ traffic တစ်ယောက် ဖြစ်လာရန် မည်မျှခက်ခဲကြောင်း မုန့်ယွမ်ရှန့် နားလည်သည်။


ပိုက်ဆံသာမက အဆက်အသွယ်၊ အရင်းအမြစ်၊ စွမ်းအင်နှင့် အခြားအရာများစွာ လိုအပ်သည်။


ထိပ်တန်းအနုပညာရှင်များအတွက်ပင်လျှင် ကုမ္ပဏီများက ဤမျှလောက် ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိကြချေ။ 


သူက အနာဂတ်မရေရာသော သင်တန်းသားတစ်ဦးသာဖြစ်ပြီး ကုမ္ပဏီအား အကျိုးအမြတ်ရရှိအောင် မစွမ်းဆောင်နိုင်သေးပေ။


သို့သော် ဥက္ကဌကုက သူတို့အတွက် များစွာလုပ်ပေးခဲ့သည်။


ထို့အပြင် သူ၏ အားစိုက်ထုတ်မှုများအား ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အပြင် အကောင်းဆုံးကြိုးစားကြရန်သာ အားပေးတတ်သည်။


အရင်ဘဝက ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့မိလို့ အခုလိုမျိုး မန်နေဂျာလည်းဟုတ် ဥက္ကဌလည်းဟုတ်တဲ့သူနဲ့ ဆုံတွေ့ရတာလဲနော်.. ငါနဲ့ တန်ရဲ့လား..


မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။


ခေတ္တမျှကြာပြီးနောက် ကုရှင်းရှစ်အပေါ် လေးစားစိတ်နှင့် ကျေးဇူးတင်စိတ်များမှာ သူ၏ စိုးရိမ်ပူပန်မှုတို့အား လွှမ်းမိုးသွားသည်။


ဥက္ကဌကုက ငါ့ကိုရွေးချယ်ပြီး ဒီလို ရွှေအခွင့်အရေးကြီး ပေးလာမှတော့ ဥက္ကဌကုကို နည်းနည်းလေးတောင် စိတ်ပျက်စေလို့ မဖြစ်ဘူး..


မုန့်ယွမ်ရှန့်၏ မျက်လုံးထဲ၌ ပြင်းပြသော စိတ်ဆန္ဒတို့ ထင်ဟပ်လာ၏။


မီးထိသည့် ရွှေပမာ သူ၏ စိတ်မလုံခြုံမှုတို့ အရည်ပျော်ကျသွားပြီး တမူထူးခြားသော အရည်အသွေးများနှင့် တလက်လက် တောက်ပလာတော့သည်။



🍉🍉🍉