အပိုင်း ၆၆
Viewers 17k

Chapter 66


ယနေ့တွင် ပြိုင်ကွင်း Aနှင့် B ၌ကြည့်ရှုသူအများအပြားရှိနေသည်။ ကျောင်းသားများက ကောင်းကောင်းမြင်ရနိုင်သည့် ထိုင်ခုံနေရာများကို စောစောလာရောက်၍ဦးထားကြရာ အနည်းငယ်နောက်ကျသူများအတွက် ထိုင်ခုံပင်မကျန်တော့ချေ။ 


နောက်ဆုံးပွဲစဥ်အတွက် အားလုံးစိတ်လှုပ်ရှားနေကြသည်။


ထို့အပြင် အဆိုပါနှစ်ကွင်းလုံးတွင် ကျောင်းရှိအသန်မာဆုံးသော Sအဆင့်များပါဝင်ယှဥ်ပြိုင်နေကြခြင်းဖြစ်သည်။ ပြိုင်ကွင်းA၌ ဟဲဟောင်မင်နှင့်ယွမ်ရှင်းကျဲရှိနေပြီး ပြိုင်ကွင်းB၌ လော့ဝမ်ချွမ်းနှင့် အက်ရှလေတို့စတင်၍တိုက်နေကြပြီဖြစ်သည်။


အဆိုပါ Sအဆင့်များ လွန်ခဲ့သည့်နှစ်ကကျောင်းလက်ရွေးစင်အသင်းသို့ ဝင်ရောက်ခဲ့ပြီးသည့်နောက်တွင် အသင်း၏စွမ်းဆောင်ရည်မှာ လွန်ခဲ့သောဆယ်နှစ်က စံချိန်အားလုံးကိုကျော်လွန်သွားခဲ့သည့်အတွက် အားလုံးကလေးစားကြသည်။


ထို့အပြင် မြင်းနက်တစ်ကောင်ဖြစ်သော ယွမ်ရှင်းကျဲလည်းပါဝင်နေရာ အိုမီဂါအများအပြားက သူ့ပြိုင်ပွဲကိုကြည့်ရှုလိုကြသည်။


ယွမ်ရှင်းကျဲက စောင့်ဆိုင်းသည့်ဧရိယာတွင် ပထမပွဲစဥ်ကိုကြည့်နေ၏။ နောက်အလှည့်မှာ သူ့ပြိုင်ပွဲဖြစ်သည်။ စင်မြင့်ပေါ်တွင် ခယ့်လိုင်နှင့်ကြယ်နှစ်ထပ်မက်ခါတို့ တိုက်ခိုက်နေကြသည်။


အဆိုပါပြိုင်ပွဲက ယွမ်ရှင်းကျဲနှင့်စုကျီနန်တို့တိုက်ပွဲနှင့် အတူတူပင်ဖြစ်သည်။ အဆင့်တစ်ဆင့်ပိုနိမ့်သောကြယ်နှစ်ထပ်မက်ခါက ကြယ်ပျံမက်ခါနှင့်တိုက်ခိုက်နေခြင်းပင်။


ခယ့်လိုင်က အစပိုင်းကတည်းကပင် အသာစီးရနေခဲ့သည်။ သူက ပြိုင်ဘက်ကိုလုံးဝအကျောမပေးချေ။


ခယ့်လိုင်၏ လှပပြီးအရှိန်ပြင်းသောမီးတောက်များက နေ့ခင်းကြောင်တောင် ကြယ်များထွက်ပေါ်လာသကဲသို့ အလျှံညီးညီးတောက်လောင်နေသည်။ စုကျီနန်ထက် အဆများစွာပို၍ပြင်းထန်၏။ ယွမ်ရှင်းကျဲက Sအဆင့်မက်ခါတစ်ခု၏ အစစ်အမှန်အင်အားကို တွေ့မြင်လိုက်ရသည်။


ပြိုင်ကွင်းနှင့်ပွဲကြည့်စင်အား အလင်းဖောက်မြင်ရသော မျက်နှာပြင်ထူထူကကာဆီးထားသည်။ မဟုတ်ပါက ခယ့်လိုင်၏မီးတောက်များကြောင့် သူတို့ပါဖရိုဖရဲဖြစ်ကုန်ကြမှာပင်။


ကြယ်နှစ်ထပ်မက်ခါက ယွမ်ရှင်းကျဲ၏ပြိုင်ပွဲကို အတုခိုးကာ ခယ့်လိုင်အားကင်းထောက်ရင်း အာရုံထွေပြားစေရန် ရည်ရွယ်ထားပုံရသည်။ သို့ရာတွင် သူ၏မက်ခါမှာ A+အဆင့်သာရှိသည့်အတွက် Sအဆင့်မက်ခါအပေါ်၌ အဆိုပါနည်းလမ်းက အလုပ်မဖြစ်ပေ။


ငါးမိနစ်ကြာသည့်အခါ ခယ့်လိုင်အနိုင်ရသွားသည်။


အားပေးသံများ ဆူညံစွာထွက်ပေါ်လာခဲ့သည်။


ပုံမှန်အားဖြင့် လက်ခုပ်သံသာကြားရလေ့ရှိသော်လည်း ယနေ့တွင်မူအားလုံးစိတ်လှုပ်ရှားနေပုံရသည်။ 


“ခယ့်လိုင်က အရမ်းမိုက်တာပဲ...ကြယ်ပျံမက်ခါတွေက အဆုံးမဲ့နတ်ဘုရားတွေကွ...ကြယ်ပျံတွေကဘယ်တော့မှမရှုံးဘူး...”


“ကျောင်းလက်ရွေးစင်အသင်းကိုရောက်သွားတဲ့အတွက် ခယ့်လိုင်ကိုဂုဏ်ပြုပါတယ်..."


“ခယ့်လိုင်က ငါတို့ဌာနအတွက်ဂုဏ်ယူစရာလေးပဲ...အား...အရမ်းကြည့်ကောင်းတာပဲ...”


“ဆယ်ပွဲဆက်တိုက်အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ် ခယ့်လိုင်...အနာဂတ်မှာလည်း ဆက်ပြီးအနိုင်ရပါစေ...”


ယွမ်ရှင်းကျဲက အဆိုပါအသံများကို ကြားနေရသည်။ ခယ့်လိုင်က ဆယ်ပွဲဆက်တိုက်အနိုင်ရခဲ့ခြင်းဖြစ်သဖြင့် သူ့လုပ်ဆောင်ချက်များမည်သို့ပင်ဖြစ်စေကာမူ ကျောင်းလက်ရွေးစင်အသင်းသို့ ဝင်ရောက်ခွင့်ရတော့မှာဖြစ်သည်။


သူ့ဌာနရှိ ကျောင်းသားများပျော်ရွှင်နေခြင်းမှာ မထူးဆန်းချေ။


ခယ့်လိုင်က မက်ခါအတွင်းမှထွက်လာပြီးနောက် ပြိုင်ဘက်အား တောက်ပစွာပြုံးပြရင်း လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် သူ၏အဝါဖျော့ဖျော့ဆံနွယ်များကို သပ်တင်လိုက်ကာ ခုံတန်းများဆီသို့ လျှောက်သွားလေသည်။


ပရိတ်သတ်အမြောက်အများက ပန်းများကို ပြိုင်ကွင်းအတွင်းသို့လှမ်းပစ်ကြသည်။ အချို့ကမူ စာရေးထားသည့်ဘားတန်းများ ကိုင်ဆောင်ရင်း တက်ကြွစွာအားပေးနေကြသည်။


ကံကောင်းစွာဖြင့် အလင်းဖောက်မျက်နှာပြင်ထူထူသည် ပြိုင်ကွင်းနှင့်ပွဲကြည့်စင်အား ကာခြားပေးထား၍သာတော်တော့သည်။ မဟုတ်ပါက ပရိတ်သတ်များထံမှပန်းများကို သန့်ရှင်းရေးများအတော်လေးရှင်းယူရလိမ့်မည်။


ယွမ်ရှင်းကျဲက တီးတိုးရေရွတ်လိုက်သည်။


 “ဒါကအလကားကာထားတာ မဟုတ်ဖူးပဲ...ဒါပေမယ့် တကယ်လို့ တစ်ယောက်ယောက်က…ကောင်းကောင်းမပြိုင်ဘူးဆိုရင် ကြက်ဥပုပ်နဲ့များအပေါက်ခံရမှာလား..."


ပရိတ်သတ်များကျဲလိုက်သည့် ပန်းများ၊ နှင်းပွင့်များနှင့် စာရွက်များမှာ မှန်နံရံကြောင့် ခယ့်လိုင်ထံမရောက်သော်လည်း အားလုံး၏ချီးကျူးနေမှုများကြောင့် သူအလွန်ပင်ပျော်ရွှင်နေလေသည်။


ယွမ်ရှင်းကျဲထံသို့ပင် အပျော်ကူးစက်လာခဲ့သည်။ ထိုစဥ် ပွဲစီစဥ်သူက ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်အား အဆင်သင့်ပြင်ထားရန်ပြောလာသည်။


ပြိုင်ကွင်းထဲသို့မဝင်ခင်တွင် တစ်စုံတစ်ယောက်က ဟဲဟောင်မင်အားအော်ပြောလိုက်သည်။


“တိုက်ပစ်လိုက် ဟောင်မင်...မင်းကငါတို့ဌာနရဲ့စံပြပဲ..”


“နောက်ထပ်ဆယ်ပွဲဆက်နိုင်တဲ့လူက ငါတို့ဌာနကပဲဖြစ်မှာ...”


“ဟောင်မင်...ငါတို့မင်းကိုအားပေးဖို့စောင့်နေမယ်...”


ယွမ်ရှင်းကျဲကိုလည်း အားပေးနေသူများရှိနေသည်။


“ညီလေးယွမ်...မင်းကဒီနှစ်မှစပြိုင်တာ...ပြိုင်ပွဲကိုပဲအာရုံစိုက်ထား..ဟုတ်ပြီလား..”


“မင်းရှုံးရင်တောင်မှ ကျောင်းလက်ရွေးစင်အသင်းကို ဝင်လို့ရတုန်းပဲ...စိတ်မပူနဲ့....”


“မင်းအရှေ့မှာ လူတွေအများကြီးကိုအနိုင်ယူခဲ့တယ်...အားတင်းထား....”


“ညီလေးယွမ်....မင်းကိုအိုမီဂါတွေအကုန်လုံးအားပေးနေကြတယ်....”


ယွမ်ရှင်းကျဲက ကြည့်လင်သောကောင်းကင်ကို မော့ကြည့်လိုက်သည်။

66.2


“တကယ်ပါပဲ...ငါတို့ရဲ့ ဖျက်​မြင်းလေးက ဟဲဟောင်မင်နဲ့သွားတိုးရတယ်လို့.…”


“မေ့လိုက်စမ်းပါ..သူတို့ကဌာနအတူတူပဲဟာကို...ဘယ်သူနိုင်နိုင်ဘာအရေးကြီးလို့လဲ…”


“ဟုတ်တယ်...သူကအခုမှBအဆင့်ပဲရှိသေးတာ..ဟဲဟောင်မင်နဲ့တိုက်ရတာတင် ဂုဏ်ယူစရာဖြစ်နေပြီ....”


ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်က ပြိုင်ကွင်းသို့ဝင်ရန် အဝတ်များလဲကြသည်။


သူတို့နှစ်ဦး ကွင်းထဲသို့ရောက်သည်နှင့် လက်ခုပ်သံများပေါက်ကွဲမတတ်ဆူညံလာခဲ့သည်။ ယွမ်ရှင်းကျဲအား အိုမီဂါများက အစွမ်းကုန်အားပေးနေကြသည်။


လုရန်ရှု၊ အော်ရီရယ်နှင့် ကျိုးဖေးရွှယ်တို့သည်လည်း ပြိုင်ပွဲကိုကြည့်ရှုနေကြသည်။


အော်ရီရယ်က ကျိုးဖေးရွှယ်ကိုပြောလာသည်။ “ရှင်းကျဲက ဆိုးဆိုးရွားရွားမရှုံးသရွေ့ သူအသင်းကိုဝင်ခွင့်ရမှာပါ..”


ကျိုးဖေးရွှယ်က ခေါင်းညှိတ်လိုက်သည်။ 


“သူက ကိုးပွဲဆက်တိုက်နိုင်ပြီးတဲ့အပြင် လုပ်ဆောင်ချက်တွေကလည်း သိပ်မဆိုးဘူးဆိုတော့ ဟောင်မင်ကိုနည်းနည်းလောက်ထိန်းထားနိုင်ရင် ရှင်းကျဲက အသင်းဝင်ဖြစ်ဖို့အရည်အချင်းမီတယ်လို့ ပြောလို့ရတယ်...”


“ရှင်းကျဲ ရှုံးမယ်ဆိုတာ မသေချာပါဘူး....” လုရန်ရှုက ပြိုင်ကွင်းကိုကြည့်လိုက်သည်။ သူကစိတ်လှုပ်ရှားနေသော်လည်း ရှင်းကျဲအတွက်ဆုတောင်းပေးနေလေသည်။


ပတ်ဝန်းကျင်ရှိ အိုမီဂါများသည်လည်း အော်ရီရယ်နှင့်အတွေးတူညီကြသည်။


ယွမ်ရှင်းကျဲရှုံးမည်ဟု သူတို့ခန့်မှန်းထားကြသော်လည်း သူကောင်းကောင်းတိုက်ခိုက်နိုင်အောင် အားပေးရမည်မှာ သူတို့တာဝန်ဖြစ်သည်ဟု ခံယူထားကြ၏။


ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်ကြားရှိ လေထုအခြေအနေမှာ သိပ်မကောင်းလှပေ။


ဟဲဟောင်မင်က ခြိမ်းခြောက်သလိုပြောလာသည်။ 


“ယွမ်ရှင်းကျဲ....ငါမင်းကိုအလျှော့ပေးမှာမဟုတ်ဖူး...လုံလုံလောက်လောက်မသန်မာပဲနဲ့ ကျောင်းလက်ရွေးစင်အသင်းထဲကိုဝင်ချင်နေတာဆိုရင်တော့....အခုထဲကလက်လျှော့လိုက်ဖို့ပြင်ထား....”


“တကယ်ကြီးလား....” ယွမ်ရှင်းကျဲက မျက်ခုံးပင့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ရန်စမှုတစ်စွန်းတစ်စထွက်ပေါ်နေသည်။


 “ဟဲဟောင်မင်...စုကျီနန်ကမင်းဒီလိုလက်စားချေဖို့ ထိုက်တန်လို့လား...”


ဟဲဟောင်မင်မျက်နှာပျက်သွားသည်။ 


"စုစုက ဒီနှစ် အများကြီးကြိုးစားထားတာ...”


ယွမ်ရှင်းကျဲက ဂရုမစိုက်စွာဖြင့် “ကံဆိုးတာပဲ...သူ့မှာအခွင့်အရေးမရှိတော့ဘူး...”


ဟဲဟောင်မင်က ယွမ်ရှင်းကျဲ၏မာနကို ရိုက်ချိုးပစ်မည်ဟု ကျိန်ဆိုလိုက်သည်။


[ဒသမပြိုင်ပွဲ...ပြိုင်ကွင်းA ရှိပြိုင်ပွဲဝင်များ အသင့်ပြင်ထားပေးပါ...၃မိနစ်အတွင်းစတင်ပါမည်။.]


ဟဲဟောင်မင်နှင့် ယွမ်ရှင်းကျဲက မက်ခါများကိုကိုယ်စီမောင်းနှင်လိုက်ကြသည်။


မုန်တိုင်းမက်ခါကြီးပေါ်ထွက်လာချိန်တွင် ပွဲကြည့်ပရိတ်သတ်ထံမှ အာမေဋိတ်သံများထွက်ပေါ်လာသည်။ မက်ခါအစိတ်အပိုင်းတစ်ခုချင်းစီက အခြားမက်ခါများထက် ပိုမိုကြီးမားနေပြီး ၁၄မီတာအမြင့်ရှိသည်။


ယွမ်ရှင်းကျဲ၏မက်ခါထွက်ပေါ်လာသည့်အခါ အော်ရီရယ်က ဘေးဘက်ကလူကိုမေးလိုက်သည်။ 


“ငါပဲစိတ်ထင်တာလား...အဲ့ဒီ့ကြောင်ပိုဝလာတယ်မဟုတ်လား...”


“ရှင်းကျဲက မက်ခါသားရဲကိုပိုပြီးအာရုံစိုက် မွမ်းမံထားတယ်..” လုရန်ရှုကပြန်ဖြေသည်။ 


“ဘယ်ပစ္စည်းကိုသုံးပြီး မွမ်းမံမှန်းမသိပေမယ့် မက်ခါသားရဲကိုမွမ်းမံပြီးတဲ့နောက်ပိုင်း သူ့ရဲ့အနိုင်ရနိုင်ချေကသိသိသာသာကိုများလာတာ..."


“မက်ခါသားရဲက ပိုပြီးအင်အားကြီးလေလေ သူ့ကိုထိန်းရခက်လေလေမဟုတ်လား...စိတ်စွမ်းအားလည်းပိုပြီးလိုအပ်ဦးမှာ...”


ကျိုးဖေးရွှယ်က ကွင်းထဲရှိမက်ခါများကိုကြည့်ရင်း စကားဆက်သည်။ 


“ရှင်းကျဲအတွက် အရမ်းစွန့်စားရာကျတယ်...”


ယွမ်ရှင်းကျဲက ပင်မမက်ခါအပေါ် အတော်လေးအာရုံစိုက်ထားသော်လည်း မက်ခါသားရဲကမူ ၃မီတာအမြင့်သာရှိသည်။ မုန်တိုင်းမက်ခါနှင့်ယှဥ်လိုက်သည့်အခါ ရယ်ချင်စဖွယ်ဖြစ်နေလေသည်။


ယွမ်ရှင်းကျဲက ဟဲဟောင်မင်၏မက်ခါကိုကြည့်ရင်း ပြောလိုက်သည်။ 


“ချန်ရှန်းကုမ္မဏီက မက်ခါတွေကိုကြိုက်တာလား...”


ဟဲဟောင်မင်က မျက်မှောင်ကြုတ်ရင်းပြန်ဖြေသည်။


 “ငါဘာပဲကြိုက်ကြိုက် မင်းကိစ္စမို့လို့လား ..ငါတို့လိုစွန့်ပစ်ကြယ်ကလူတွေက စျေးနှုန်းနဲ့ လုပ်ဆောင်မှုအချိုးကိုပဲကြည့်ကြတယ်...မင်းကဒါတွေဘယ်နားလည်ပါ့မလဲ...”


xxxxx