အပိုင်း ၆၅
Viewers 17k

Chapter 65


လော့ဝမ်ချွမ်းအိပ်ဆောင်သို့ ပြန်ရောက်ချိန်တွင် ဖိုရမ်ရှိပို့စ်များကို စီစစ်နေသောခဲ့လိုင်အား တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။


“မင်းဘာတွေကြည့်နေတာလဲ..” လော့ဝမ်ချွမ်းက စခရင်ပေါ်ရှိဗီဒီယိုအား ရင်းနှီးသည်ဟုခံစားရသဖြင့် မေးလိုက်သည်။


“အား.....ဘာမှမဟုတ်ဖူး..” ခဲ့လိုင်က ပို့စ်ကိုလျှင်မြန်စွာဖျက်လိုက်သည်။ 


“ဒီတိုင်းလျှောက်တင်ထားတာတွေပါ...ငါကြည့်လုပ်လိုက်မယ်...”


“မင်းအဲ့တာကို ဖျက်ချဖို့ အကြာကြီးပြုံးပြီးကြည့်နေတာလား..” 


ခဲ့လိုင်က ချောင်းဟန့်လိုက်ပြီး စကားလွှဲလိုက်သည်။


 “စကားမစပ်...ယွမ်ရှင်းကျဲက မင်းကိုဘာလို့လာရှာတာလဲ..”


“မနေ့ညက ငါ့အင်္ကျီ သူ့ဆီမှာကျန်ခဲ့လို့...” လော့ဝမ်ချွမ်း အင်္ကျီကိုချိတ်တွင်ချိတ်ရင်း ပုံမှန်အတိုင်းပြောလိုက်သည်။


ခဲ့လိုင်စိတ်ကူးထဲတွင်မူ ခွေးသွေးဇာတ်လမ်းအမြောက်အများ၏ ဇာတ်ကွက်များပေါ်လာခဲ့သည်။ ပို့စ်အောက်က ကွန်မန့်များကဲ့သို့ သူလည်း သူတို့ဆက်ဆံရေးကို အတိအကျသိချင်နေသည်။


လော့ဝမ်ချွမ်း ဂျက်ကတ်ကိုလက်ချောင်းများနှင့် ထိတွေ့လိုက်ရင်း မနေ့ညက သူနိုးနိုးချင်း တွေ့လိုက်ရသည့်ဆယ်ကျော်သက်လေးကို မြင်ယောင်လာခဲ့သည်။ သူတို့နှာခေါင်းထိပ်များပင် ထိလုနီးနီး နီးကပ်စွာရှိခဲ့ကြသည်။


ယနေ့တွင် ယွမ်ရှင်းကျဲက ချီယုအားပြောသည့်စကားကို သူရှင်းလင်းစွာကြားခဲ့ရသည်။ 


“ငါမင်းကိုမကြိုက်ဖူး...ငါတို့ဖယ်ရိုမုန်းချည်နှောင်မှုက ပယ်ဖျက်ပြီးတာ ကြာလှနေပြီ...”


သူ့နှုတ်ခမ်းထောင့်လေးများ မြင့်တက်သွားခဲ့သည်။ ရုတ်တရက် ချီယုစကားသံက အတွေးထဲရောက်လာသည်။


ချီယုက သူနှင့်ယွမ်ရှင်းကျဲသည် မိတ်ဖက်ဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းပြောခဲ့သည်။ 


လော့ဝမ်ချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။


ပြောရရင် သူကယွမ်ရှင်းကျဲရဲ့ဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်တာမဖြစ်ဖူးလေ...သူတို့မိတ်ဖက်ဖြစ်နိုင်ချေကလည်း မြင့်နေနိုင်တယ်မဟုတ်လား..


ခဲ့လိုင်က လော့ဝမ်ချွမ်း၏ယွမ်ရှင်းကျဲအပေါ်ခံစားချက်ကို သိချင်သည်မှာတပိုင်းသေနေပြီဖြစ်သည်။ သို့ရာတွင် လော့ဝမ်ချွမ်းက ပြန်လှည့်လာပြီး အရင်မေးလာခဲ့သည်။


 “ဖယ်ရိုမုန်းကိုက်ညီချက်ပြတဲ့စနစ်ကို ဘယ်လိုထင်လဲ...”


ခဲ့လိုင် ခဏစဥ်းစားလိုက်ပြီး “မိတ်ဖက်ဖြစ်နိုင်ချေမြင့်တဲ့ တစ်ယောက်ယောက်နဲ့ဆုံရရင် ကံကောင်းတာပဲပေါ့.....”


လော့ဝမ်ချွမ်း နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


ခဲ့လိုင်က သူ့ကိုကြည့်ရင်းတွေးနေသည်။


ဖြစ်နိုင်တာ ချီယုနဲ့ယွမ်ရှင်းကျဲရဲ့ မိတ်ဖက်ဖြစ်နိုင်ချေကိုများ မနာလိုဖြစ်နေတာလား...


သူကချက်ချင်း စကားပြင်ပြောလိုက်သည်။ 


“ဒါပေမယ့် အဲ့ဒီ့ထက်ပိုအရေးကြီးတာက မင်းသဘောကျတဲ့ တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ပဲ”


လော့ဝမ်ချွမ်းနှင့်ယွမ်ရှင်းကျဲ၏ မိတ်ဖက်ဖြစ်နိုင်ချေမှာ အတော်လေးနည်းနေခြင်းဖြစ်ရမည်ဟု ခဲ့လိုင်ကတွေးလိုက်သည်။


“ချွမ်းကြီး....အချစ်က ဖယ်ရိုမုန်းနဲ့တိုင်းတာလို့မရဘူး...တစ်ချို့စုံတွဲတွေဆို ဖယ်ရိုမုန်းကိုက်ညီတယ်ဆိုပြီး စေ့စပ်ကြတာပဲ...နောက်တော့ ပြသနာတွေနဲ့ အဆုံးသတ်ကြရောလေ..အိုမီဂါတွေက သူတို့အယ်လ်ဖာကို ဘယ်တော့မှမမြင်ချင်တဲ့အထိတောင်ဖြစ်သွားကြတာ....” 


လော့ဝမ်ချွမ်းက ခဲ့လိုင်ကိုကြည့်လိုက်သည်။ “မင်းက တော်တော်သိတာပဲ....”


လော့ဝမ်ချွမ်းမျက်ဝန်းများက စိတ်ဝင်တစားဖြင့် အလေးအနက်ဖြစ်လာသည်။


ခဲ့လိုင်က သူ့ရင်ဘတ်သူပုတ်လိုက်သည်။ 


“အချစ်က ဝိုင်တစ်ခွက်လိုပဲ...ယစ်မူးစေတယ်...ငါကတော့ အဖျော်ဆရာတစ်ယောက်ပါ...”


“ဒါဖြင့် မင်းကဘာလို့စင်ဂယ်ဖြစ်နေတာလဲ...” လော့ဝမ်ချွမ်းက သံဗူးတစ်ဘူးကို ရေခဲသေတ္တာထဲမှထုတ်ယူလိုက်ရင်း အခန်းတွင်းသို့ဝင်သွားလေသည်။


ခဲ့လိုင်က ခေတ္တဆွံ့အသွားပြီး စိတ်ဆိုးဆိုးနှင့်အော်လိုက်သည်။ 


“လော့ဝမ်ချွမ်း...မင်းအခုဘာပြောလိုက်တာလဲ...”


ချီယုပြသနာအားဖြေရှင်းပြီးသွားချိန်တွင် ယွမ်ရှင်းကျဲက သူ့ကိုယ်သူမက်ခါမွမ်းမံရာတွင် အာရုံနစ်မြုပ်ထားလိုက်သည်။


သူက အကြံများစွာပေါ်ထွက်လာသည့်အထဲမှ တစ်ခုကိုရွေးလိုက်သည်။


အဆိုပါလမ်းစဥ်အတိုင်းမွမ်းမံပြီးနောက် လုရန်ရှု၏ ဆော့ဖ်ဝဲနှင့်တွက်လိုက်သည့်အခါ ၃၀%အနိုင်ရနိုင်ချေအထိ မြင့်မားသွားလေသည်။


ထိုစဥ် ယွမ်ရှင်းကျဲက နောက်အချက်အလက်တစ်ခုထပ်ပေးလာသည်။ “ဒါနဲ့ လုပ်ကြည့်ပေး...”


လုရန်ရှုက အချက်အလက်များကိုဖြည့်သွင်းပြီးနောက်  “ဒီမက်ခါက A အဆင့်ပဲ...မင်းမက်ခါမဟုတ်ဖူးမလား...ကြည့်ရတာတစ်မျိုးပဲ..အလင်းဓားမက်ခါရယ် ကြယ်ပျံမက်ခါရယ် မုန်တိုင်းမက်ခါရယ်ကို ပေါင်းထားသလိုပဲ…”


“ငါမင်းကို ပြီးမှရှင်းပြမယ်...” ယွမ်ရှင်းကျဲက အလျင်လိုနေသလိုပြောလိုက်သည်။

65.2


လုရန်ရှု၏ ဆော့ဖ်ဝဲက တွက်ချက်ပြီးသည့်အဖြေထွက်ပေါ်လာသည်။ ယင်းမက်ခါသည် ဟဲဟောင်မင်၏မုန်တိုင်းစစ်သည်အား အနိုင်ရနိုင်ချေမှာ ၅၆.၃၂%ပင်ရှိလေသည်။


“ဖာ့ခ်....Aအဆင့်မက်ခါက Sအဆင့်မက်ခါကို နိုင်နိုင်ချေ ၅၆.၃၂% တောင်ရှိတာလား...”


လုရန်ရှုက ယွမ်ရှင်းကျဲကိုလှည့်မေးလိုက်သည်။ “အဲ့ဒါဘယ်သူ့မက်ခါလဲ...”


ယွမ်ရှင်းကျဲ၏ နှုတ်ခမ်းထောင့်လေးများမြင့်တက်သွားသည်။


  “မင်းအချိန်ကျလာရင် သိရလိမ့်မယ်....”


လုရန်ရှုက ပို၍သိချင်လာသည်။


ရှင်းကျဲမွမ်းမံမယ့် မက်ခါများလား...ဒါပေမယ့်သူ့မက်ခါက ကြယ်နှစ်ထပ်မက်ခါမှန်း အသိသာကြီးပါ...နောက်ပြီးဒီမက်ခါက Aအဆင့်လေ...ရှင်းကျဲရဲ့စိတ်စွမ်းအားနဲ့ ဒါကိုဘယ်လိုလုပ်မောင်းနိုင်မှာလဲ...


ယွမ်ရှင်းကျဲက လုရန်ရှုကို ဘာမှမပြောပြပဲထားထားသည်။ မက်ခါမွမ်းမံမည့်ပုံစံကို ယူလိုက်ပြီးနောက် ပြုပြင်ရေးစက်ရုံသို့ လော့ဝမ်ချွမ်းနှင့်အတူသွားကြသည်။ ထို့နောက် ကြယ်နှစ်ထပ်မက်ခါအား မှော်ငွေသတ္တုဖြင့် စတင်ပြုပြင်တော့သည်။


နှစ်ရက်အကြာတွင် အချိန်ဇယားအတိုင်း နောက်ဆုံးပွဲစဥ်ကျင်းပခဲ့သည်။


ယွမ်ရှင်းကျဲ၏ မွမ်းမံမှုလုပ်ငန်းစဥ်သည် ပြိုင်ပွဲနေ့မတိုင်ခင်တစ်ရက်အလို၌ ပြီးစီးသွားခဲ့သည်။ သူက မနက်စောစောတွင် လေ့ကျင့်ရေးခန်းမသို့ သွားရောက်၍ စမ်းသပ်မောင်းနှင်ပြီးပြီဖြစ်ပြီး ရလဒ်မှာအံ့မခမ်းဖြစ်နေခဲ့သည်ကို တွေ့ခဲ့ရသည်။


ပြိုင်ပွဲနှင့်ပတ်သတ်၍ မည်သူမှအကောင်းမမြင်ကြသော်လည်း ယွမ်ရှင်းကျဲကမူ သူ့ကိုယ်သူအတော်လေးမျှော်လင့်ထားလေသည်။


ယွမ်ရှင်းကျဲက ပြိုင်ကွင်း A၏ စင်အနောက်ဘက်သို့သွားကာ ဟဲဟောင်မင်ထံလျှောက်သွားခဲ့သည်။


စုကျီနန်က ဟဲဟောင်မင်နောက်သို့ကပ်လိုက်လာသည်။ သူတို့နှစ်ဦးစကားပြောနေကြရင်း ယွမ်ရှင်းကျဲကိုမြင်သည့်အခါ အမူအယာပြောင်းသွားခဲ့ကြသည်။


စုကျီနန်က တစ်ခွန်းမှမပြောပဲ ယွမ်ရှင်းကျဲအား စိုက်ကြည့်နေသည်။


ဟဲဟောင်မင်ကမူ လက်ထဲရှိအိတ်ကို မြေပြင်ပေါ်ပစ်ချလိုက်ရင်း နှာခေါင်းရှုံ့၍မေးလာသည်။ “အရှုံးပေးဖို့ အဆင်သင့်ပဲလား...”


ယွမ်ရှင်းကျဲက သူ့ကိုအေးစက်စက်စိုက်ကြည့်လိုက်သည်။


 “မင်းကိုလား...ဆောရီးပါ..ငါအဲ့လိုလုပ်ဖို့စိတ်ကူးမရှိဘူး....”


ယွမ်ရှင်းကျဲ ဤသို့တုံ့ပြန်ရဲမည်ဟု ဟဲဟောင်မင်မမျှော်လင့်ထားချေ။


 “ယွမ်ရှင်းကျဲ...မင်းစုစုကိုဘာလုပ်ခဲ့လဲ မှတ်မိလား...ငါမင်းကိုအဲ့ဒီ့အတိုင်းပြန်ပေးဆပ်ခိုင်းမှာ...”


ဟဲဟောင်မင်က စုကျီနန်အပေါ် အလွန်အလေးထားသည်။ စုကျီနန်ကြောင့်သာမဟုတ်ပါက သူ Sအဆင့်မက်ခါပိုင်ဆိုင်နိုင်မည်မဟုတ်။


ယွမ်ရှင်းကျဲလိုလူတစ်ယောက်က စွန့်ပစ်ကြယ်ကလာတဲ့လူရဲ့ အခက်အခဲတွေကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ...


ယွမ်ရှင်းကျဲက သူ့ကိုလျစ်လျူရှုလိုက်သည်။ စုကျီနန်ကမူ ဘေးဘက်တွင် အလွန်ဂုဏ်မောက်နေသောမျက်နှာထားဖြင့် မတ်တပ်ရပ်နေလေသည်။


ထိုအချိန်တွင်


လော့ဝမ်ချွမ်းက ပြိုင်ကွင်းB တွင် ယှဥ်ပြိုင်တိုက်ခိုက်နေသည်။ သူ၏ပြိုင်ဘက်မှာ အယ်လ်ဖာအမျိုးသမီးတစ်ဦးဖြစ်သော အက်ရှလေပင်ဖြစ်သည်။ သူမသည် အရိပ်မက်ခါကိုကိုင်တွယ်ပြီး ရွှေရောင်ဆံနွယ်များနှင့် စွဲမက်ဖွယ်ကောင်းကာ ကျက်သရေရှိသောပုံရိပ်ရှိသည်။


“တဆိတ်လောက်...ငါဒါကိုမြန်မြန်အဆုံးသတ်ချင်တယ်..”


လော့ဝမ်ချွမ်းက သူတို့တွေ့တွေ့ချင်းပြောလိုက်သည်။ 


“ဆယ်မိနစ်လောက်နဲ့ပေါ့....”


“ဘာတွေလာပြောနေတာလဲ....” 


အက်ရှလေက သူမ၏လက်ချောင်းများဖြင့် ဆံနွယ်များကိုဆော့ကစားနေရင်း မျက်လုံးလိမ့်လိုက်သည်။ 


“ငါလည်း Sအဆင့်မက်ခါတိုက်ခိုက်သူပါပဲနော်...ဆယ်မိနစ်ဟုတ်လား...ဘယ်သူ့ကိုအထင်လာသေးနေတာလဲ...”


“ဆောရီး....ငါဟိုဘက်ပြိုင်ကွင်းက တိုက်ပွဲကိုသွားကြည့်မလို့....”


လော့ဝမ်ချွမ်းက အမူအယာမပြောင်းပဲပြောလိုက်သည်။


အက်ရှလေက တစ်စုံတစ်ခုကိုတွေးမိသွားသလို ပြုံးလိုက်ရင်း “အာ...နင်ကနင့်ရဲ့ကျွမ်းကျင်ပညာရှင်လေးပြိုင်ပွဲကို သွားကြည့်မလို့လား..”


သူမက နင့်ရဲ့ကျွမ်းကျင်ပညာရှင်လေးဟူသောနေရာတွင် သာသာလေးဖိပြောလိုက်သည်။


“ငါဖိုရမ်မှာတွေ့တာကတော့...နင့်အင်္ကျီတစ်ချို့က ကောင်လေးဆီမှာကျန်ခဲ့တယ်တဲ့...နောက်တနေ့ကျ သူကနင့်ကိုလာပေးတယ်...ရလဒ်အနေနဲ့ သူ့မိတ်ဖက်ဟောင်းကတွေ့သွားပြီး နင်တို့နှစ်ယောက်တိုက်ခိုက်ကြတယ်ဆို...နောက်တော့မောင်ငယ်လေးကထအော်တယ်...ဆက်ပြီးမတိုက်ခိုက်ကြပါနဲ့တော့...ဆိုပြီး" 


အက်ရှလေက ခေါင်းကိုအသာခါလိုက်သည်။


 "ခွေးသွေးဇာတ်လမ်းတောင် ဒီလိုဟာမျိုးထည့်မရေးလောက်ဖူး.." 


လော့ဝမ်ချွမ်းက တကယ်ကြီးရှော့ခ်ရသွားခဲ့သည်။ သူ့နားသူတောင်မယုံချင်ပေ။ ခဏကြာပြီးနောက် အံကြိတ်ပြီးအော်ပြောလိုက်သည်။


 “၈မိနစ်ပဲ....”


xxxxx