အပိုင်း ၆၄
Viewers 17k

Chapter 64


လော့ဝမ်ချွမ်းက သူ့ထက် ၁၀စင်တီမီတာလောက်ပုသော လူငယ်လေး၏ အနောက်တွင်ရှိနေသည်ဖြစ်ပြီး ယွမ်ရှင်းကျဲ ဆံစလေးများသည် သူ့နှာခေါင်းဝတွင် လာရောက်ထိခတ်နေလေသည်။ 


“သွားရအောင်...”


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ပူနွေးသောလက်ဖဝါးကို လွှတ်ပေးလိုက်ရင်းပြောလာသည်။ “တစ်ခုခုသွားစားရအောင်..”


ချီယုအား သုန်မှုန်သောမျက်နှာထားဖြင့်ကြည့်နေဆဲဖြစ်သည့် လော့ဝမ်ချွမ်း၏ နှုတ်ခမ်းထောင့်လေးများမြင့်တက်သွားသည်။ “ကောင်းပြီလေ...”


သူတို့နှစ်ဦးက ချီယုကိုအဖက်မလုပ်တော့ပဲ အတူတကွထွက်သွားကြသည်။ ပတ်ပတ်လည်ရှိလူအုပ်ထံမှ သနားသလိုအကြည့်များကို ချီယုခံစားလိုက်ရသည်။


သူက အံကြိတ်ရင်း လက်သီးတင်းတင်းဆုပ်လိုက်သည်။


အဆောင်မှထွက်လာပြီးချိန်တွင် ယွမ်ရှင်းကျဲကပြောလာသည်။ 


“တတိယကန်တင်းမှာ ခေါက်ဆွဲအရမ်းကောင်းတယ်တဲ့...ကျွန်တော်တို့သွားကြမလား...”


လော့ဝမ်ချွမ်း၏ လည်စလုတ် လှုပ်ရှားသွားသည်။ “ကိုယ်နဲ့လား...”


“ဟုတ်တယ်လေ..” ယွမ်ရှင်းကျဲက ခေါင်းညှိတ်လိုက်သည်။ 


“ကျွန်တော့်ကို ခုနကကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်...တစ်ခုခုပြန်ပေးချင်ပေမယ့် ကျွန်တော့်မှာ ပိုက်ဆံများများမရှိဘူးလေ...အဲ့ဒါကြောင့်ခေါက်ဆွဲဝယ်ကျွေးချင်လို့ပါ...”


လော့ဝမ်ချွမ်းက သဘောတူသည့်အသံပြုလိုက်သည်။


ယွမ်ရှင်းကျဲအနေဖြင့် လော့ဝမ်ချွမ်း၏ တစ်လုံးစ နှစ်လုံးစတုံ့ပြန်ချက်များနှင့် အသားကျနေပြီဖြစ်သည်။ ရုတ်တရက် လော့ဝမ်ချွမ်းက ထပ်ပြောလာသည်။ 


“ဒါဆို ငါပိုစားမှပဲ...”


ယွမ်ရှင်းကျဲက ကြောင်အသွားသည်။ လော့ဝမ်ချွမ်းဤကဲ့သို့ ရယ်စရာပြောမည်ဟု သူ မထင်ထားပေ။ တဖက်လူကိုကြည့်လိုက်သည့်အခါ မည်သည့်အမူအရာမှမရှိသော မျက်နှာကိုသာတွေ့လိုက်ရသည်။


“…ရတယ်လေ” ယွမ်ရှင်းကျဲ ပြုံးရင်းပြောလိုက်သည်။ 


“ကျွန်တော့်မှာ ပိုက်ဆံအလုံအလောက်ပါပါတယ်..”


ခေါက်ဆွဲဆိုင်သို့ရောက်သည့်အခါ လော့ဝမ်ချွမ်းက ဝက်သားအပိုပါသောခေါက်ဆွဲပွဲကို မှာလိုက်သည်။


ခေါက်ဆွဲစောင့်နေစဥ်တွင် ယွမ်ရှင်းကျဲက ချီယုပြောခဲ့သည်ကို သတိရသွားသည့်အတွက် လော့ဝမ်ချွမ်းအား ဂရုတစိုက်မေးလိုက်သည်။ 


“စီနီယာ့မှာ....အိုမီဂါဖယ်ရိုမုန်းနဲ့ဓာတ်မတည့်မှုရှိတာလား...”


လော့ဝမ်ချွမ်းက တိုက်ရိုက်မဖြေခဲ့ပေ။


မိုးသည်းထန်စွာရွာသည့်နေ့တွင် သူ့အားထီးမိုးပေးခဲ့သူမှာ လော့ဝမ်ချွမ်းဖြစ်ကြောင်း ယွမ်ရှင်းကျဲမှတ်မိသည်။ ထိုစဥ်က လော့ဝမ်ချွမ်း၏အမူအယာမှာ အတော်လေးဆိုးဝါးနေပြီး တစ်စုံတစ်ခုကို သည်းခံနေရပုံပေါ်နေခဲ့သည်။


ဖြစ်နိုင်တာက သူ့ဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်တာကြောင့်များလား...


“တောင်းပန်ပါတယ်...ကျွန်တော်မသိခဲ့ဘူး..” ယွမ်ရှင်းကျဲက ခေါင်းလေးကုတ်ရင်းပြောလာသည်။ 


“အဲ့လိုဆို ကျွန်တော့်ကိုကူညီခဲ့တဲ့နေ့က အတော်လေးဒုက္ခများခဲ့မှာပဲ...ကျွန်တော်စီနီယာ့ကို ပြသနာဖြစ်စေမိပြီ…”


လော့ဝမ်ချွမ်း၏လက်ချောင်းများက ရေဖန်ခွက်ပေါ်တွင် ရပ်တန့်သွားသည်။ သူကရေတစ်ငုံယူသောက်လိုက်ပြီး ယွမ်ရှင်းကျဲအား အေးဆေးစွာပြောပြလာသည်။ 


“တကယ်တော့...ငါကဖယ်ရိုမုန်းအကုန်လုံးနဲ့ ဓာတ်မတည့်တာမဟုတ်ပါဘူး...”


အတိအကျပြောရလျှင် ယွမ်ရှင်းကျဲဖယ်ရိုမုန်းနှင့် ဓာတ်မတည့်မှုမဖြစ်ခဲ့ချေ။


ထိုနေ့က လော့ဝမ်ချွမ်း၏အမူအယာပျက်ယွင်းနေခဲ့ရသည်မှာ ယွမ်ရှင်းကျဲ၏နှင်းဆီရနံ့ဖယ်ရိုမုန်းများကို သူ့ဖယ်ရိုမုန်းက ပြန်လည်တုံ့ပြန်နေသောကြောင့်ပင်။


အကယ်၍ သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ပါက ယွမ်ရှင်းကျဲအား အမှတ်အသားပေးလိုက်မိမှာပင်ဖြစ်ပြီး စိတ်ကူး၍မရနိုင်သောနောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပေါ်လာလိမ့်မည်။


“အာ အဲ့လိုလား..”ယွမ်ရှင်းကျဲ စိတ်သက်သာရာရသွားခဲ့သည်။


ခဏအကြာတွင် ယွမ်ရှင်းကျဲက သိလိုစိတ်နှင့်မေးလိုက်သည်။


 “အဲ့လိုဆို....ကျွန်တော့်ဖယ်ရိုမုန်းနဲ့ရော ဓာတ်မတည့်တာဖြစ်လား..”


လော့ဝမ်ချွမ်းက တစ်ဖက်လူကိုငေးကြည့်လိုက်သည်။ ခဏအကြာတွင် သူခေါင်းခါပြလိုက်သည်။


“တော်သေးတာပေါ့..” ယွမ်ရှင်းကျဲက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


 “ကျွန်တော် စီနီယာ့ကိုထိခိုက်စေခဲ့မှာစိုးရိမ်နေတာ...”


အဆိုပါ ဖယ်ရိုမုန်းဓာတ်မတည့်မှုမဖြစ်ခြင်းက လော့ဝမ်ချွမ်းအတွက်မူ အခြားအဓိပ္ပာယ်ရှိသေးသည်။ ထိုစဥ် စက်ရုပ်က အစားအစာများလာချခဲ့သည်။ ယွမ်ရှင်းကျဲက ခေါက်ဆွဲ၏မွှေးပျံသောရနံ့တွင် အပြည့်အဝဆွဲဆောင်ခံလိုက်ရသဖြင့် ဆက်လက်မမေးတော့ချေ။


လော့ဝမ်ချွမ်းက ပုံမှန်အားဖြင့် အိန္ဒြေရရစားသောက်လေ့ရှိသည်။ သို့သော် ယွမ်ရှင်းကျဲရှေ့၌ သူကကိန်းကြီးခမ်းကြီးမနိုင်ချင်ပေ။ 


ယွမ်ရှင်းကျဲက ခေါက်ဆွဲကိုတူနှင့် အထုံးလေးလုံးလိုက်ပြီး တစ်လုတ်ပြီးတစ်လုတ်စားနေလေသည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲအားအတုခိုးလိုက်ပြီး သူ့ပန်းကန်ထဲတွင်လည်း ခေါက်ဆွဲလုံးလေးတစ်ခုလုပ်လိုက်သည်။ တူနှင့်ညှပ်စားရန်ပြင်လိုက်ချိန်တွင် ပန်းကန်တွင်းသို့ပြန်ပြုတ်ကျသွားပြီး စွပ်ပြုတ်ရည်တစ်ချို့ပင် သူ့အားစင်လုနီးနီး ဖြစ်သွားလေသည်။


အသံကြောင့် ယွမ်ရှင်းကျဲကမော့ကြည့်လာ၏။

64.2


လော့ဝမ်ချွမ်းက အရှက်ပြေချောင်းဟန့်လိုက်ပြီး ယွမ်ရှင်းကျဲအား အာရုံလွှဲရန်ကြိုးစားလိုက်သည်။


 “မက်ခါမွမ်းမံတာ ဘယ်လိုနေလဲ..”


“ကျွန်တော့်အခန်းဖော်ကို အနိုင်ရနိုင်ချေတွက်ပေးဖို့ အကူအညီတောင်းထားတယ်..” ယွမ်ရှင်းကျဲက ပြန်ဖြေလာသည်။


 “အဲ့ဒါက ၂၆ရာခိုင်နှုန်း အထိရှိနေပြီ..အခုတော့ ဆက်ပြီး တိုးအောင်လုပ်နေပါတယ်...”


လော့ဝမ်ချွမ်းက စားသောက်ခြင်းခဏရပ်ကာမေးလိုက်သည်။ “မင်းရဲ့ စိတ်စွမ်းအားကရော Bအဆင့် ပဲလား...”


“B+ဖြစ်နေလောက်ပြီလို့ ကျွန်တော်ထင်တယ်” 


စိတ်စွမ်းအားပြဘားတန်းတွင် ၁၀% မှ ၉၀% အထိသာရှိသော်လည်း ချိုးဖျက်ရမလွယ်ကူချေ။ နှစ်များစွာကြာသည်အထိ စိတ်စွမ်းအားမတိုးတက်လာသူများပင် ရှိသည်။ 


“A အဆင့်စိတ်စွမ်းအားအထိ ချိုးဖျက်ဖို့ကမခက်ပေမယ့် တစ်ရက်နှစ်ရက်အတွင်းလုပ်လို့ရတာမျိုးတော့မဟုတ်ဖူး...တကယ်လို့မင်းမက်ခါကိုသာ ဆက်ပြီးမွမ်းမံနေမယ်ဆိုရင် Aအဆင့်မက်ခါဖြစ်သွားလိမ့်မယ်....” လော့ဝမ်ချွမ်းအသံတွင် စိုးရိမ်မှုတစွန်းတစပါဝင်နေသည်။


ယွမ်ရှင်းကျဲက ခေါက်ဆွဲစားတာကိုရပ်လိုက်သည်။ “ဒါပေမယ့် ၂၆% ဆိုတာက အနိုင်ရနိုင်ချေနည်းလွန်းနေတုန်းပဲ…”


“B+ နဲ့ S အဆင့်ကြားကတိုက်ပွဲအတွက်ဆိုရင်တော့ ဒါကထူးခြားတဲ့ဖြစ်ရပ်ဖြစ်နေပြီ...”လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအားကြည့်ရင်း ဖြည်းဖြည်းပြောလာသည်။ 


“မက်ခါက မနိုင်ဝန်ထမ်းသလိုဖြစ်သွားရင် မင်းရဲ့စိတ်စွမ်းအားနဲ့ မောင်းလို့မရလောက်ဖူး...”


ယွမ်ရှင်းကျဲက အတွေးထဲနစ်မြုပ်သွားသည်။


မွမ်းမံရေးလုပ်ငန်းစဥ်မှာ အတော်လေးခရီးရောက်ပြီဖြစ်သည့်အလျှောက် ဟဲဟောင်မင်၏မက်ခါကို အနိုင်ယူနိုင်သည့်နည်းလမ်းတစ်ချို့ကို ယွမ်ရှင်းကျဲရှာတွေ့နေလေပြီ။ 


သို့သော် ဒီအတိုင်းသာဆက်သွားနေပါက သူ့မက်ခါက လော့ဝမ်ချွမ်းပြောသလိုပင် မနိုင်ဝန်ထမ်းရာကျသွားလိမ့်မည်။ သူ့မက်ခါက A+ အဆင့်မရှိပါက Sအဆင့်မုန်တိုင်းမက်ခါအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မလာနိုင်ချေ။


တိတ်ဆိတ်သွားသည့် ယွမ်ရှင်းကျဲကိုကြည့်ရင်း လော့ဝမ်ချွမ်းသူ့အား ထပ်မံဖိအားမပေးလိုတော့။


 “မင်းမှာ မွမ်းမံတာနဲ့ပတ်သတ်ပြီး တစ်ခုခုပြသနာရှိရင် ငါ့ကိုလာရှာလို့ရပါတယ်...”


ယွမ်ရှင်းကျဲက ကျေးဇူးတင်စွာကြည့်လိုက်သည်။


 “စီနီယာလော့...မင်းကအရမ်းကြင်နာတတ်တာပဲ…”


“ငါက မွမ်းမံတာနဲ့ပတ်သတ်ပြီးတော့ ပုံဆွဲတာလောက်ပဲနားလည်တာ...ဘယ်လိုပြင်ရမယ်မှန်းမသိဘူး...ဒါပေမယ့်ငါမင်းအတွက် စက်ပစ္စည်းကိရိယာနဲ့ ဘဏ္ဏာရေးအထောက်အပံ့တော့ပေးနိုင်ပါတယ်....”


ယွမ်ရှင်းကျဲ ခေါင်းညှိတ်လိုက်သည်။ 


“ကျွန်တော့်အတွက် ဒါနဲ့တင်လုံလောက်နေပါပြီ...”


“ပြီးတော့....” လော့ဝမ်ချွမ်းက တူများကိုချရင်း ယွမ်ရှင်းကျဲကိုကြည့်လာသည်။


“ဘာရှိသေးလို့လဲ..”


“တကယ်လို့ ချီယုကမင်းကိုထပ်ပြီးနှောင့်ယှက်ရင် ငါ့ကိုအချိန်မရွေးပြောနိုင်တယ်...” 


ယွမ်ရှင်းကျဲ ထိုစကားကိုကြားချိန်တွင် အံ့သြမှုက သူ့မျက်ဝန်းထဲဖြတ်ပြေးသွားသည်။ သူကနှုတ်ခမ်းလေးကွေးကာ မပြုံးပဲမနေနိုင်ချေ။ 


“စီနီယာ...မင်းက အကောင်းဆုံးဘော့စ်ပါပဲ...မက်ခါမွမ်းမံသူရဲ့ စိတ်ခံစားချက်ကအစ ထည့်ပြီးစဥ်းစားပေးတယ်....”


(TN : ဘော့စ်ဇုန်)


လော့ဝမ်ချွမ်းက အေးစက်စက်နှင့်အိုမီဂါကြောက်ရွံ့သူမဟုတ်ချေ။ အိုမီဂါဖယ်ရိုမုန်းနှင့် ရံဖန်ရံခါဓာတ်မတည့်မှု ပေါ်လာရုံသာ။ သူက အင်ပါယာကြယ်စုတစ်ခုလုံးရှိ အကောင်းဆုံးဘော့စ်သာဖြစ်သည်။


ယွမ်ရှင်းကျဲက စက်ရုပ်ကို ထပ်မံမှာလိုက်သည်။


 “ကျွန်တော့်ရှေ့က အရမ်းကြည့်ကောင်းတဲ့လူအတွက် ဝက်ရိုးခေါက်ဆွဲတစ်ပွဲထပ်ချပေးပါ...”


လော့ဝမ်ချွမ်းက ရယ်ချင်စိတ်ကိုထိန်းရင်းပြောလာသည်။ 


“မမှာနဲ့တော့...ကိုယ်ထပ်ပြီးမစားနိုင်တော့ဘူး...”


“မဟုတ်တာ...ကျွန်တော် စီနီယာ့ကို ခေါက်ဆွဲတစ်ပွဲထဲနဲ့ ကျေးဇူးတင်ကြောင်းပြလို့ဘယ်ဖြစ်ပါ့မလဲ…”


သူတို့နှစ်ဦးက ပျော်ရွှင်စွာခေါက်ဆွဲစားနေကြသည်။ ထိုစဥ် ရှင်းဟိုင်တက္ကသိုလ်ဖိုရမ်၌ လော့၊ ယွမ်၊ ချီ သုံးဦး၏အကြောင်းကို ဖိုရမ်ပေါက်ကွဲမတတ်ဆွေးနွေးနေကြလေသည်။


တစ်စုံတစ်ယောက်က အဖြစ်အပျက်ကို ဗီဒီယိုရိုက်ထားခဲ့သည်။ ချီယုနှင့် ယွမ်ရှင်းကျဲတို့ ဖယ်ရိုမုန်းချည်နှောင်မှုအကြောင်း အချင်းများနေစဥ် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုအနောက်မှသိုင်းဖက်လိုက်ပြီး ချီယုကိုလက်သီးတစ်လုံးပစ်ကျွေးလိုက်သည်။


ဗီဒီယိုတင်ထားသည့်ပို့စ်တွင် ကွန်မန့်များဆက်တိုက်တက်လာသည်။


“သုံးပွင့်ဆိုင်အချစ်ပဲ...”


“အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်....အရမ်းအရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတာ...”


“လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုကြိုက်နေတာလား...”


“ဟုတ်တယ်လို့ငါထင်တယ်...ကြိုက်နေလို့လည်း မက်ခါမွမ်းမံသူအဖြစ်ငှားတာနေမှာပေါ့....”


“လော့ဝမ်ချွမ်းက အိုမီဂါတွေကိုကြောက်တယ်ဆို...”


“ချီယုက လက်ထပ်ပွဲကိုအရင်စဖျက်တာမလား...ဘာလို့သူကယွမ်ရှင်းကျဲကို ဖယ်ရိုမုန်းချည်နှောင်ဖို့ပြောနေတာလဲ...”


“အိုးမိုင်ဂေါ့....သူတို့ဆက်ဆံရေးကရှုပ်ထွေးလိုက်တာ...”


“အတိုချုပ်ပြောရရင် အရမ်းကြည့်ကောင်းတဲ့အယ်လ်ဖာနှစ်ယောက်က ယွမ်ရှင်းကျဲအတွက် တိုက်ခိုက်ကြတာပေါ့...”


xxxxx