အပိုင်း ၆၃
Viewers 17k

Chapter 63


“ချီယု..ငါမင်းကိုမျက်နှာသာပေးခဲ့တယ်နော်...” ယွမ်ရှင်းကျဲ အသံကအေးစက်နေသည်။ 


“အစကတည်းက ငါမင်းကိုလာရှာဖို့စိတ်ကူးမရှိဘူး..မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာတွေ တော်ပါတော့..“


ချီယုမျက်နှာပေါ်ရှိအပြုံးမှာ အေးခဲသွားသည်။ သူကခုနကအထိ အနိုင်ရသူလိုပြုမူနေခဲ့သော်လည်း ယခုမူ မျက်နှာအားဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။


လော့ဝမ်ချွမ်းက နားကြပ်တပ်ဖို့လုပ်နေရင်း ယွမ်ရှင်းကျဲစကားသံကို ကြားပြီးသည့်နောက် နားကြပ်ကို အသာလေးပြန်ထားလိုက်သည်။


“ရှင်းကျဲ...မင်းအရင်က ဒီလိုမဟုတ်ပါဘူး..” ယွမ်ရှင်းကျဲ၏ အေးစက်စက်မျက်ဝန်းများကိုကြည့်ရင်း ချီယုနှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလိုခံစားလိုက်ရသည်။ 


“ငါတို့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာလေ..စေ့စပ်ထားတာဆိုလည်း ဆယ်နှစ်တောင်ကျော်နေပြီ...မင်းကအဲ့ဒီ့နှစ်တွေကို တကယ်ကြီးမေ့ပစ်တော့မလို့လား...”


လော့ဝမ်ချွမ်းက မှတ်ဉာဏ်တုကိုဖွင့်ကြည့်ဟန် ပြုလိုက်သည်။ သို့ရာတွင် သူ့အာရုံက စခရင်ပေါ်၌မရှိပေ။ ယွမ်ရှင်းကျဲကိုသာ မျက်ဝန်းထောင့်မှတဆင့် အကဲခတ်နေသည်။


“ကျေးဇူးပြုပြီး စေ့စပ်မှုအကြောင်းထပ်မပြောလို့ရမလား..” ယွမ်ရှင်းကျဲက အံကြိတ်လိုက်သည်။


“မင်းနဲ့စေ့စပ်ခဲ့ ရတာက ငါ့ဘဝမှာအရှက်ရဆုံးကိစ္စတစ်ခုပဲ..”


အဆိုပါစကားက ချီယုခေါင်းထဲတွင် မိုးကြိုးပစ်သလို မြည်ဟိန်းသွားသည်။


ချီယု မူလကိုယ်အား ပြောနေကျစကားပင်။ 


ယွမ်ရှင်းကျဲက သူပြောဖူးသည့်အတိုင်း ပြန်ပြောလိုက်ခြင်းသာ။ 


ချီယုက အသက်ရှူရန်ပင်ခက်ခဲလာခဲ့သည်။ သူကလက်သီးဆုပ်လိုက်ရင်း “ရှင်းကျဲ...ငါတို့မိတ်ဖက်ဖြစ်နိုင်ချေ .၈၉ရာခိုင်နှုန်းတောင်ရှိတာလေ..မင်းဒီတိုင်းကျော်သွားနိုင်လို့လား.…”


ယွမ်ရှင်းကျဲက ထူးမခြားနားကြည့်လိုက်သည်။ “ငါသိပါတယ်...”


လော့ဝမ်ချွမ်း၏ကျောပြင်မှာ ခပ်တောင့်တောင့်ဖြစ်သွားသည်။ သူကနှုတ်ခမ်းများကို မျဥ်းတစ်ဖြောင့်ထဲဖြစ်သည့်အထိ တင်းတင်းစေ့လိုက်သည်။ နားကြပ်ကို ပြန်တပ်ဖို့ပြင်လိုက်သော်လည်း ဘာ့ကြောင့်မှန်းမသိ အနည်းငယ်တုန့်ဆိုင်းနေမိလေသည်။


ချီယုမျက်ဝန်းထဲတွင် မျှော်လင့်ချက်များဖြတ်ပြေးသွားသည်။


 “ငါတို့က သဘာဝတရားကတွဲစပ်ပေးထားတဲ့ စုံတွဲပဲ..ဟုတ်တယ်မဟုတ်လား…”


“ဒါပေမယ့် မင်းမေ့နေတဲ့ပုံပဲ..” 


ယွမ်ရှင်းကျဲက အေးစက်စက် ပြောလာသည်။


“ငါတို့ ဖယ်ရိုမုန်းချည်နှောင်မှုက ဖျက်သိမ်းလိုက်ပြီးပြီလေ..”


ဖုတ်....


လော့ဝမ်ချွမ်းလက်တွင်းရှိ နားကြပ်သည် ချယ်ရီပွင့်ဖတ်များအလယ်သို့ လွတ်ကျသွားခဲ့သည်။


သူက စက္ကန့်အနည်းငယ်လောက် ကြောင်အနေခဲ့သည်။ နားကြပ်အားပြန်ကောက်ရန်ပြင်သော် လည်း ခဏခဏလွတ်ကျနေခဲ့ရာ သုံးကြိမ်မြောက်မှ အောင်အောင်မြင်မြင်ပြန်ကောက်နိုင်ခဲ့သည်။


(TN : ရုပ်တည်ကြီးနဲ့ နားကြပ်ခဏခဏကုန်းကောက်)


ယွမ်ရှင်းကျဲက ချီယုနှလုံးသားတည့်တည့်ကို ဓားဖြင့်ထိုးလိုက်ပုံရသည်။


သူတို့မျိုးစိတ်ဘဏ်တွင် ချည်နှောင်မှုဖြတ်တောက်ခဲ့သည့်အချိန်က ချီယုအတွေးမှာ ယွမ်ရှင်းကျဲက သိပ်မကြာသည့်အချိန်၌ ဖယ်ရိုမုန်းပြန်ချည်နှောင်ပေးရန် ငိုယိုတောင်းပန်လိမ့်မည်ဟူ၍ပင်။


သူက ထိုချည်နှောင်မှုအားအသုံးချ၍ ယွမ်ကုမ္မဏီမှ မက်ခါအဆင်တန်ဆာအချို့တောင်းယူရန်ပင် စဥ်းစားထားခဲ့သည်။


သို့သော် အခြေအနေများပြောင်းလဲသွားခဲ့ပြီးနောက် အဆိုပါပယ်ဖျက်မှုအား နောင်တရသူမှာ သူကိုယ်တိုင်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှမထင်ခဲ့ဖူးချေ။


“ရှင်းကျဲ...မင်းအရမ်းရက်စက်တာပဲ..”ချီယူမျက်ဝန်းများက အနည်းငယ်နီရဲနေသည်။ 


“အဲ့တာက ၈၉ရာခိုင်နှုန်းတောင်မှလေ..မင်းဘယ်လိုလုပ်ပြီး…”


“အဲ့ဒီ့တော့ ဘာဖြစ်လဲ..” 


ယွမ်ရှင်းကျဲက အဖက်မလုပ်ချေ။


 “ငါမင်းကို မကြိုက်တော့ဘူး...တွေ့တဲ့အချိန်တိုင်းလည်း စိတ်ကုန်တာပဲရှိတော့တယ်..”


လော့ဝမ်ချွမ်းက နှုတ်ခမ်းထောင့်များမြင့်တက်လာကာ မပြုံးပဲမနေနိုင်ချေ။ 

သူ့ခေါင်းပေါ်သို့ကျလာနေသော ချယ်ရီပွင့်ဖတ်များကိုလည်း သတိမထားမိ။


ချီယုက မယုံနိုင်သလိုငေးကြည့်နေမိသည်။ သူ့နှလုံးသားတွင် အပေါက်အကြီးကြီးတစ်ခုပေါ်လာသလို ခံစားလိုက်ရသည်။ သူ့မျက်စိရှေ့ရှိလူငယ်လေးသည် ယခင်ကသူ့နောက်ကိုတကောက်ကောက်လိုက်ရင်း သူကျေနပ်အောင်ဘာမဆိုလုပ်ပေးမည့် တစ်ယောက်နှင့် ကွဲပြားလှသည်။


ယွမ်ရှင်းကျဲက ထွက်သွားရန်ပြင်လိုက်သည်။ ထိုစဥ် ခံစားချက်တပုံတပင်နှင့် ရှုပ်ထွေးနေခဲ့သည့်ချီယုက သူ့ပုခုံးနှစ်ဖက်ကို အားနှင့်ကိုင်လှုပ်လာသည်။


“ငါမင်းကို သွားလို့ရတယ်ပြောလို့လား..” 


ချီယု၏ ကျယ်ပြန့်သောလက်ဖဝါးများက တုန်ရီနေသည်။ သူ့အသံက ထိန်းချုပ်၍မရနိုင်တော့သောအချစ်ကြောင့် ဆို့နင့်နေပြီး ဒေါသလည်းတစ်စွန်းတစ်စပါဝင်နေခဲ့သည်။


 “ရှင်းကျဲ...ချီနဲ့ယွမ်မိသားစုတွေက ငါတို့ရန်ဖြစ်ရုံသက်သက်လို့ထင်နေကြတာ...ငါတို့ပြန်အဆင်ပြေသွားဖို့ အရမ်းမျှော်လင့်နေကြတာ…”


လော့ဝမ်ချွမ်းက တစ်ခုခုမှားနေကြောင်းသတိပြုမိသွားပြီး ကျောခိုင်းထားရာမှလှည့်ကြည့်လိုက်သည်။


“ငါ့ကိုလွှတ်..” ယွမ်ရှင်းကျဲက အံကြိတ်သံနှင့်ပြောလာသည်။


 “မင်းအရိုက်ခံချင်နေတာလား..”


“ငါမင်းကို သွားခွင့်မပေးနိုင်ဘူး..” 

ချီယုက ယွမ်ရှင်းကျဲကို ပွေ့ဖက်ရန်အတင်းကြိုးစားလာသည်။ 


“ရှင်းကျဲ..ငါတို့ တစ်ယောက်နဲ့တစ်ယောက်အတိတ်ကအမှားတွေကိုခွင့်လွှတ်ပြီးတော့ ဖယ်ရိုမုန်းပြန်ချည်နှောင်ရအောင်…”


ယွမ်ရှင်းကျဲက ရုန်းကန်နေစဥ် ချီယုထံသို့ လက်သီးတစ်လုံးပစ်ဝင်လာခဲ့သည်။


အရပ်ရှည်ရှည်ပုံရိပ်က သူ့နောက်တွင်ရှိနေသည်။


ကျယ်ပြန့်သောလက်ဖဝါးသည် ယွမ်ရှင်းကျဲ၏မျက်ဝန်းများကို ပိတ်ကာလိုက်ပြီးနောက် လက်သီးနှင့်ထိုးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။


“ဘုန်း...”

63.2


ယွမ်ရှင်းကျဲက ဘာဖြစ်နေမှန်းနားမလည်ချေ။ သို့သော် သူ့ပုခုံးပေါ်တွင် ချီယုလက်များမရှိတော့သည်ကိုတော့ သူခံစားမိသည်။


ချီယုက လက်သီးချက်ကြောင့်နောက်ကိုဆုတ်ကာ နာကျင်မှုကြောင့် အော်ဟစ်နေသည်။


လော့ဝမ်ချွမ်းက ညာဘက်လက်ဖြင့် ယွမ်ရှင်းကျဲ၏မျက်လုံးကိုအုပ်ထားတာ ဘယ်ဘက်လက်ဖြင့် ချီယုအား လက်သီးတစ်ချက်ပြီးတစ်ချက် ထိုးနေခဲ့သည်။


သူ၏တိုးလျကြည်လင်သောအသံသည် ယွမ်ရှင်းကျဲခေါင်းနောက်မှ ထွက်ပေါ်လာခဲ့သည်။


“မကြည့်နဲ့...စိတ်ပျက်စရာကောင်းတယ်..”


ယွမ်ရှင်းကျဲ အံ့သြသွားရသည်။


လက်သီးတစ်ချက်က ချီယု၏နှာခေါင်းရိုးကို သွားထိသဖြင့် နှာခေါင်းသွေးများကျလာခဲ့သည်။ သို့သော် ချီယုအတွက်မူ အဆိုပါနာကြင်မှုအား သဝန်တိုမှုကဖုန်းလွှမ်းသွားခဲ့သည်။


“လော့ဝမ်ချွမ်း....မင်းရူးနေလား..”


 ချီယုက လော့ဝမ်ချွမ်းကိုရိုက်ရန် ရှေ့တိုးလာခဲ့သော်လည်း ကန်ချက်တစ်ချက်ကြောင့် နောက်ပြန်လဲကျသွားပြန်သည်။


“မင်းသူ့ကို ဖယ်ရိုမုန်းချည်နှောင်ဖို့ တွန်းအားပေးနေတဲ့ကိစ္စ ရပ်တန်းကရပ်သင့်ပြီ” 


လော့ဝမ်ချွမ်းက အေးစက်စက်ဆက်ပြောသည်။


 “မဟုတ်ရင် ငါမင်းကိုထပ်ကန်ဖို့ဝန်မလေးဘူး..”


ယွမ်ရှင်းကျဲ နှလုံးခုန်သံမြန်လာခဲ့သည်။ 


သူ့မျက်လုံးများကိုကာထားသည့် ကျယ်ပြန့်သောလက်ဖဝါးတွင် ညှင်သာစွာအားသုံးထားသည်။ သူ့အား သွေးထွက်သံယိုမြင်ကွင်းနှင့် ချီယု၏စိတ်ပျက်စရာမျက်နှာအား မမြင်ရအောင် အပြည့်အဝကာကွယ်ပေးထားလေသည်။


သို့ရာတွင် လော့ဝမ်ချွမ်း၏ကန်ချက်ကမူ လက်ဖဝါးမှအထိအတွေ့နှင့် ဆန့်ကျင်ဘက်သာဖြစ်သည်။ သူ မမြင်ရသော်လည်း ကန်ချက်တွင်ပါဝင်သော ရက်စက်မှုနှင့်လူသတ်လိုရိပ်ကို ခံစား၍ရလေသည်။


“လော့ဝမ်ချွမ်း...မင်းကဘာလဲ..” ချီယု၏ စောစောကမချင့်မရဲဖြစ်မှုနှင့် ဝမ်းနည်းမှုအားလုံးသည် လော့ဝမ်ချွမ်းအပေါ်ဒေါသအဖြစ်ပုံကျလာခဲ့သည်။


 “မင်းက ယွမ်ရှင်းကျဲနဲ့ဘာဆိုင်လို့လဲ...မင်းကဘာလို့ငါတို့ကိစ္စကို ဝင်ပါနေရတာလဲ...”


ဖြတ်သွားဖြတ်လာကျောင်းသားများက အဆိုပါမြင်ကွင်းကို အာရုံစိုက်လာကြသည်။ သူတို့က ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းများနှေးလျှောက်ကာ နားစွင့်နေကြသည်။


“မင်းကရော..” လော့ဝမ်ချွမ်းက အေးစက်စက်ပြန်မေးလိုက်သည်။


 “မင်းကရော သူနဲ့ဘာဆိုင်လို့လဲ...”


ချီယုက လော့ဝမ်ချွမ်း သူတို့ပြောနေသည့်စကားအားလုံးကို ကြားသွားကြောင်းသဘောပေါက်သွားသည်။ သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်မှုက ပိုများလာလေသည်။


သို့သော် သူကနှာခေါင်းရှုံ့လိုက်ရင်း “လော့ဝမ်ချွမ်း...ငါနဲ့ရှင်းကျဲက မိတ်ဖက်ဖြစ်နိုင်ချေ ၈၉ရာခိုင်နှုန်းတောင်ရှိတာ..မင်းကရော..အိုး ငါမေ့သွားတာ..မင်းကအိုမီဂါဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်ဘူးမဟုတ်လား...ကြည့်ရတာ တစ်ဘဝလုံးတစ်ယောက်ထဲနေသွားရမယ့်ပုံပဲ...”


ယွမ်ရှင်းကျဲ အံ့သြသွားသည်။ လော့ဝမ်ချွမ်းတွင် ဖယ်ရိုမုန်းဓာတ်မတည့်မှုရှိမည်ဟု သူမထင်ထားခဲ့။


သူ့မျက်ဝန်းကိုကာထားသော လက်ချောင်းများက အနည်းငယ်တုန်လှုပ်လာသည်။


ယွမ်ရှင်းကျဲနောက်တွင် လော့ဝမ်ချွမ်းရပ်နေခြင်းဖြစ်သည်။ သူက တဖက်လူ၏အသက်ရှူသံနှင့်အတူ ကျယ်ပြန့်သောပုခုံးများအတွင်း သူကျရောက်နေသည်ကိုပါ ခံစားမိလေသည်။


“ရှင်းကျဲ...မင်းအခုတော့ ငါကပဲမင်းကိုပျော်ရွှင်မှုယူဆောင်ပေးနိုင်တဲ့လူမှန်း သိသွားပြီမဟုတ်လား..”


 ချီယုက နီးကပ်စွာရပ်နေသူနှစ်ဦးကိုကြည့်ရင်း သူ့ရင်တွင်းရှိမနာလိုမှုသည် ပိုမိုကြီးထွားလာသည်။ 


"မင်းရဲ့မိတ်ဖက်က ငါပဲ..”


လော့ဝမ်ချွမ်းက ဘေးနားရှိတစ်စထက်တစ်စကျယ်လာသော ဝေဖန်သံများကို ကြားနေရသည်။ 


“လော့ဝမ်ချွမ်းက အိုမီဂါဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်ဘူးလား...”


“မဖြစ်နိုင်တာ....”


“သနားစရာကောင်းတာပဲ…”


သို့သော် ထိုစကားများကို သူဂရုမစိုက်ချေ။ ချီယုကိုသာ အေးစက်စက်ကြည့်ရင်း မေးခွန်းထုတ်စရာမလိုသည့် ကိစ္စတစ်ခုလိုပြောလာသည်။ 


“မင်းရဲ့ မိတ်ဖက်ဖြစ်နိုင်ချေက မြင့်နေရင်တောင် ယွမ်ရှင်းကျဲက မင်းကိုပြန်ကြိုက်မှာမဟုတ်ဖူး...”


ချီယုက ခဏကြောင်အသွားသည်။ ထို့နောက် နှာခေါင်းရှုံ့လိုက်ကာ..


 “ဘာလို့လဲ..မင်းကမနာလိုဖြစ်နေတာလား..အားကျနေတာလား..ငါကသူနဲ့မိတ်ဖက်ဖြစ်နေတဲ့အချိန်မှာ မင်းကတော့ ဖယ်ရိုမုန်းဓာတ်မတည့်တာကြောင့် တစ်ယောက်ထဲဘဝကိုဖြတ်သန်းရမှာပဲ..သနားစရာလေး…”


ထိုစဥ် ယွမ်ရှင်းကျဲက လက်ကိုဆန့်ထုတ်ကာ သူ့မျက်ဝန်းပေါ်ရှိလက်ဖဝါးကို ညှင်သာစွာဖယ်ရှားလိုက်သည်။ ထို့နောက် နှာခေါင်းသွေးများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ချီယုကိုကြည့်ရင်း စပြောလာသည်။ 


“ချီမျိုးရိုး...မိတ်ဖက်ဖက်နိုင်ချေကို ထပ်မပြောစမ်းပါနဲ့...တစ်ကမ္ဘာလုံးမှာ မင်းတစ်ယောက်ထဲကျန်ခဲ့ရင်တောင် ငါ့မိတ်ဖက်က မင်းမဖြစ်နိုင်ဘူး....”


ချီယုက ပါးစပ်အဟောင်းသားဖြစ်သွားပြီး တစ်ခွန်းမှပြန်မပြောနိုင်တော့။


ယွမ်ရှင်းကျဲ ဤမျှပြတ်သားမည်ဟု သူ မထင်ထားခဲ့ချေ။ သူတို့၏မိတ်ဖက်ဖြစ်နိုင်ချေကိုပင် ယွမ်ရှင်းကျဲက အဖက်မလုပ်တော့ပေ။


xxxxx