Chapter 62
လုရန်ရှီအား သူ၏အနိုင်ရနိုင်ချေကိုတွက်ချက်ပေးရန် အကူအညီတောင်းပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲက လုပ်လက်စအလုပ်အား အရှိန်မြှင့်လိုက်သည်။
လုရန်ရှီ အပြင်မှပြန်ရောက်သောအချိန်အထိ ယွမ်ရှင်းကျဲအလုပ်ရှုပ်နေခဲ့လည်။
ယွမ်ရှင်းကျဲက အလျင်စလိုမေးလိုက်သည်။
“ငါတစ်ချို့ အချက်အလက်တွေကိုပြောင်းထားတယ်....မင်းငါ့အတွက် ထပ်တွက်ပေးနိုင်မလား..”
လုရန်ရှီက တုံ့ဆိုင်းမနေတော့ပဲ ဆော့ဖ်ဝဲအားအသုံးပြုလိုက်သည်။ အနိုင်ရနိုင်သည့်နှူန်းသည် ၂ရာခိုင်နှုန်းမှစတင်ပေါ်လာပြီး ၂၆.၈ရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့သည်။
ယွမ်ရှင်းကျဲအနေဖြင့် မှတ်ဉာဏ်တုစခရင်ပေါ်တွင် ပြုပြင်လိုသောအစိတ်အပိုင်းများ ကျန်ရှိနေသေးသည်။ သို့ရာတွင် B+မက်ခါ၏ အကန့်အသတ်ကိုကျော်လွန်သွားလေပြီ။
သူဘယ်လောက်ပဲမွမ်းမံနိုင်စေကာမူ သူ့မက်ခါက Bအဆင့်သာရှိသည့်အတွက် ဟဲဟောင်မင်အားအနိုင်ပိုင်းရန် သေချာပေါက်ခက်ခဲပေလိမ့်မည်။
၂၆.၄ရာခိုင်နှူန်းမှာ လုရန်ရှီအမြင်တွင် အတော်လေးများပြားသော်လည်း သူ့အတွက်မူ စွန့်စားရာကျနေသေးသည်။
ဘာလို့ဆို သူရှုံးတာနဲ့ ကြယ်ဒင်္ဂါးငါးသိန်းကို နှုတ်ဆက်ရမှာလေ...ဟဲဟောင်မင်ရဲ့မုန်တိုင်းမက်ခါက သူ့မက်ခါကိုသေချာပေါက်ဖျက်ဆီးပစ်ဦးမှာ...ပြောရရင် ပြုပြင်စရိတ်ကထပ်ကုန်ဦးမယ်...
ယွမ်ရှင်းကျဲက ရေးဆွဲချက်များကိုကြည့်ရင်း အတွေးနက်နေခဲ့သည်။
စက်ရုပ်သားရဲလေးအား ယွမ်ရှင်းကျဲအာရုံစူးစိုက်ကာကြည့်နေလေသည်။ အချိန်အတော်လေးကြာသွားသော်လည်း ပိုကောင်းသည့်အကြံထွက်မလာခဲ့ချေ။
ထို့ကြောင့် ရေတစ်ခွက်ယူရန် မတ်တပ်ရပ်လိုက်သည့်အချိန်တွင် ဘေးဘက်တွင်ရှိသော ဂျက်ကတ်ထံအကြည့်ရောက်သွားခဲ့သည်။
လော့ဝမ်ချွမ်းငှားခဲ့သည့်အင်္ကျီအား သူပြန်မပေးရသေးသည်ကို သတိရသွားသည်။
ယွမ်ရှင်းကျဲက အချိန်အတော်ကြာပုံဆွဲနေရသဖြင့် အနည်းငယ်ပျင်းလာခဲ့သည့်အလျှောက် ဂျက်ကတ်ကိုကောက်ယူလိုက်ကာ အပြင်ထွက်ရန်ပြင်လိုက်သည်။
ပူရှိန်းနံ့သင်းသင်းက ယွမ်ရှင်းကျဲ၏နှာခေါင်းဝတွင်ရစ်သီလာခဲ့သည်။ ထိုရနံ့နှင့်အတူ မနေ့ညက သူ့အပေါ်ဂျက်ကတ်လွှမ်းပေးခဲ့သော လော့ဝမ်ချွမ်း၏ပုံရိပ်မှာ သူ့အတွေးထဲတွင် ပေါ်ပေါက်လာခဲ့သည်။
သူ့နှုတ်ခမ်းထောင့်ကလေးများ မြင့်တက်သွားခြင်းအား မထိန်းချုပ်နိုင်ခဲ့။
အယ်လ်ဖာအိပ်ဆောင်သို့ရောက်သည့်အခါ ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းအား အပြင်ခဏထွက်လာနိုင်မလားဟူ၍ စာပို့လိုက်သည်။
လော့ဝမ်ချွမ်းထံမှ ခဏအကြာတွင် ပြန်စာလက်ခံရရှိခဲ့သည်။"အင်း"
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏အေးစက်စက်အကျင့်နှင့် အသားကျနေပြီဖြစ်သည်။ သို့သော် တစ်ဖက်လူက အရင်နှင့်မတူစွာ ပြန်စာထပ်ပို့လာသည်။
“ကိုယ့်ကိုစောင့်နေပါ...”
စာကြောင်းသည် အရှည်ကြီးမဟုတ်သော်လည်း အနည်းငယ်ကွဲပြားသော အရိပ်အမြွက်ပါဝင်နေခဲ့သည်။
မည်သည့်အရာက ထူးခြားနေမှန်း ယွမ်ရှင်းကျဲမပြောနိုင်ချေ။ သို့သော် သူပထမဆုံးတွေ့ဖူးသည့်အချိန်ကကဲ့သို့ အေးစက်သောဆက်ဆံရေးမဟုတ်တော့သည်မှာ အသေအချာပင်။
ယွမ်ရှင်းကျဲက လှေကားနား၌ရပ်စောင့်နေစဥ် သူ၏မှတ်ဉာဏ်တုအားထုတ်ကာ ဆက်လက်လေ့လာနေခဲ့သည်။ သူသည် မက်ခါမွမ်းမံမှုများအပေါ် အာရုံစိုက်မိနေသည့်အလျှောက် ဘေးနားတွင်.မမျှော်လင့်သောပုံရိပ်တစ်ခုရောက်လာသည်ကို သတိမပြုမိလိုက်ချေ။
ချီယုက သူ့အတန်းဖော်များနှင့်ညစာစားရန် အပြင်ထွက်လာခဲ့ခြင်းဖြစ်သည်။
“ချီယု..မင်းကတကယ်ကြီး ယွမ်ရှင်းကျဲနဲ့ ဖယ်ရိုမုန်းချည်နှောင်မှုကို ပယ်ဖျက်လိုက်ပြီလား...”
အတန်းဖော်တစ်ယောက်က စနောက်လိုက်သည်။
“မိတ်ဖက်ဖြစ်နိုင်ချေ ၈၉.ရာခိုင်နှုန်းဆိုတာ ရှာရခက်တယ်နော်...”
“မင်းနဲ့ဘာဆိုင်လို့လဲ...”
ချီယုက စိတ်တိုသွားသည်။ သူကမျက်မှောင်ကြုတ်လိုက်ကာ “ဒီတိုင်း ရန်ဖြစ်ရုံလေးပဲ...မကြာခင် ငါတို့ ဖယ်ရိုမုန်းတွေကို ထပ်ပြီးချည်နှောင်ကြမှာ..”
“တကယ်လား...” အခြားတစ်ယောက်က သရော်သလိုမေးလိုက်သည်။
“ဒါပေမယ့် ငါသိသလောက်တော့ မင်းက သူနဲ့အဆက်အသွယ်ဖြတ်ဖို့ကို အရမ်းတက်ကြွနေခဲ့တာမဟုတ်လား...ငါမင်းကို အလျင်မလိုဖို့ပြောတာတောင် မင်းနားမထောင်ခဲ့ဘူးလေ.."
“ဟုတ်တယ်...မင်းကအရင်စဖြတ်ခဲ့တာပဲ..သူကမင်းနဲ့ပြန်တွဲပါ့မလား...”
“ငါလည်းသူမင်းကို ထပ်လာရှာမယ်ဆိုတာ သိပ်မထင်ဘူးနော်...”
ကြယ်တာရာစုတစ်ခုလုံးတွင်ပင် အယ်လ်ဖာ-အိုမီဂါအချိုးမှာ ညီမျှခြင်းမရှိပေ။ အိုမီဂါအရေအတွက်မှာ အလွန်နည်းပါးသဖြင့် ယခုအချိန်ထိ မိတ်ဖက်ရှာမရသော အယ်လ်ဖာများပင်ရှိလေသည်။ စစ်တက္ကသိုလ်တွင်မူ အိုမီဂါပို၍ရှားပါးသည်။
အတန်းဖော်များက ချီယုအား လက်ထပ်စာချုပ်ဖျက်သိမ်းခြင်းနှင့်ပတ်သတ်၍ ဆက်လက်စနောက်နေခဲ့သည်။
62.2
ချီယုက အဆိုပါဖြစ်ရပ်နှင့်ပတ်သတ်၍ အလွန်ဂုဏ်ယူခဲ့ဖူးသည်။ ဖယ်ရိုမုန်းချည်နှောင်မှု ဖြတ်တောက်လိုက်စဥ်မှစ၍ သူကအတော်လေးလွတ်လပ်ပေါ့ပါးကာ ပျော်ရွှင်နေခဲ့သည်။ သို့သော် ယွမ်ရှင်းကျဲအားသဘောကျမိချိန်မှစ၍ အဆိုပါဖြစ်ရပ်သည် သူ့အတွက် အကြီးမားဆုံးနောင်တဖြစ်လာခဲ့သည်။
သူက အံကြိတ်ရင်းပြောလိုက်သည်။
“မင်းပါးစပ်ပိတ်ထားရင်လည်း မင်းကို အ နေတဲ့လူလို့မထင်ပါဘူး…”
“ဟေး...” အတန်းဖော်တစ်ဦးက အံ့သြသွားကာ အသံကိုနိမ့်၍ပြောလာသည်။
“ချီယု အဲ့ဒါမင်းရဲ့ မိတ်ဖက်ဟောင်းမဟုတ်လား...”
အခြားအတန်းဖော်ကလည်း ပြောလာသည်။ “ဟေး..မင်းကိုတွေ့ဖို့လာတာထင်တယ်...သူမင်းကိုလာတွေ့တိုင်း ချယ်ရီပင်အောက်မှာရပ်စောင့်တတ်တယ်လေ..အပြင်သွားပြီး တခုခုစားဖို့လာခေါ်တာလားမသိဘူး…”
ချီယုက အံ့သြသွားကာ နှလုံးခုန်သံမြန်လာခဲ့သည်။ ထို့နောက် ချယ်ရီပင်အောက်တွင်ရှိနေသော ကောင်လေးကိုငေးကြည့်လိုက်မိသည်။
ဆယ်ကျော်သက်လေးက ချယ်ရီပင်အောက်တွင် ရပ်နေခဲ့သည်။ ပွင့်ဖတ်တစ်ချို့မှာ သူ့ခေါင်းပေါ်တွင် တင်နေသည့်အလျှောက် ဆံပင်လေးက ပို၍နက်မှောင်ပျော့ပျောင်းဟန်ပေါ်နေသည်။ ကြည်လင်ကာ ဖွေးဆွတ်နေသောလက်ချောင်းကလေးများက မှတ်ဉာဏ်တုကိုကိုင်ထားသည်။ စခရင်ပေါ်ရှိ ရှုပ်ထွေးသောပုံတစ်ပုံကို အာရုံစိုက်၍လေ့လာနေဟန်ရသည်။
ယခင်က ယွမ်ရှင်းကျဲသူ့ကိုလာရှာသည့်အခါ ချီယုအလွန်ရှက်လေသည်။
ယခုတွင်တော့ ဘေးပတ်ပတ်လည်ရှိကျောင်းသားများထံမှ အားကျသောအသံများကို သူကြားနေရသည်။
“ဝါး...အဲ့တာ ၉ပွဲဆက်အနိုင်ရတဲ့ အိုမီဂါမဟုတ်လား..”
“သူက.အရမ်းကြည့်ကောင်းတာပဲ..သူဘယ်သူ့ကိုလာရှာတာလဲ...”
အဆိုပါစကားများအားကြားပြီးနောက် ချီယုက.ယွမ်ရှင်းကျဲထံ ဂုဏ်ယူစွာလျှောက်သွားခဲ့သည်။
ယွမ်ရှင်းကျဲက မှတ်ဉာဏ်တုအားကြည့်နေရင်း ပို၍ကောင်းမွန်သော မွမ်းမံမှုကို တွက်ချက်ပြီးရှာဖွေနေခဲ့သည်။ ရုတ်တရက် သူ့အတွေးများသည် မရင်းနှီးသောအသံတစ်ခု၏ နှောင့်ယှက်ခြင်းခံလိုက်ရသည်။
“နေဒီလောက်ပူနေတာ..ဘာလို့ဒီတိုင်းရပ်စောင့်နေတာလဲ..”
ယွမ်ရှင်းကျဲက လေ့လာနေရာမှ အသိပြန်ဝင်လာပြီးနောက် ခေါင်းကိုမော့ကာ အသံပိုင်ရှင်အားကြည့်လိုက်သည်။ ထိုစဥ် ကျေနပ်နေသောမျက်ဝန်းများနှင့် သူ့ဆီလှမ်းလာသောချီယုအား တွေ့လိုက်ရလေသည်။
ချီယုက ချယ်ရီပင်အောက်ရှိလူငယ်လေးအနားသို့ လမ်းလျှောက်လာကာ ပီတိဖြာနေသောအသံဖြင့်ပြောလာသည်။
“ရှင်းကျဲ...မင်းငါ့ကိုလာရှာတယ်…”
ဤရက်ပိုင်းများတွင် ယွမ်ရှင်းကျဲနှင့်ပြန်ပေါင်းထုပ်ရန် ချီယုက ခေါင်းပေါက်ထွက်မတတ် အကြံထုတ်နေခဲ့ရသည်။ ယခုမူ သူ့အိမ်မက်မက်ရသောကောင်လေးသည် သူ့ရှေ့ရောက်လာခဲ့လေပြီ။
ယွမ်ရှင်းကျဲက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ မနှစ်မြို့မှုအား ဖုန်းကွယ်မထားခဲ့ပေ။
အဆိုပါစိတ်ပျက်သောအကြည့်က ချီယု၏နှလုံးသားကို ဖျစ်ညှစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“ရှင်းကျဲ..ငါ့ကိုခွင့်မလွှတ်နိုင်သေးဘူးလား..ငါမင်းကျေနပ်အောင် ဘာလုပ်ပေးရမလဲပြောပါ…”
ချီယုအသံက တောင်းပန်တိုးလျှိုးဟန်အပြည့်ဖြင့်။ ထိုစဥ် ယွမ်ရှင်းကျဲက သူ့နောက်ကိုလှမ်းကြည့်လိုက်သည်။
သိပ်မဝေးသည့်နေရာတွင် လော့ဝမ်ချွမ်းကရောက်နေပြီဖြစ်ပြီး ချယ်ရီပင်အောက်ရှိလူနှစ်ဦးကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ လော့ဝမ်ချွမ်း သူ့စိတ်သူပြန်ထိန်းလိုက်သော်လည်း မျက်ဝန်းများက အေးစက်စက်ဖြစ်နေဆဲပင်။
ယွမ်ရှင်းကျဲက ချီယုကိုတွန်းထုတ်လိုက်ပြီး အဆောင်တံခါးဝရှိလော့ဝမ်ချွမ်းကို လက်ဝေ့ယမ်းကာနှုတ်ဆက်လိုက်သည်။ “စီနီယာလော့..မနေ့ညက ကျွန်တော့်ဆီမှာ အင်္ကျီကျန်ခဲ့တယ်...”
လက်တွင်းရှိကုတ်အင်္ကျီကို မြှောက်ပြလိုက်သည်။
ချီယုက ယွမ်ရှင်းကျဲသူ့အားတွန်းထုတ်သည့်အတွက် စိတ်မကောင်းဖြစ်နေစဥ် ကြားလိုက်ရသောစကားများကြောင့် ကြောင်အသွားသည်။
‘မနေ့ညက ခင်ဗျားအဝတ်တွေကျွန်တော့်ဆီမှာကျန်ခဲ့တယ်..’
ဒါကဘာအဓိပ်ပာယျလဲ...
ချီယုက ယွမ်ရှင်းကျဲလက်ထဲရှိအင်္ကျီကို သေချာမကြည့်မိခဲ့ပေ။ ယခုမှကြည့်လိုက်မိချိန်တွင် ယွမ်ရှင်းကျဲ ဤကဲ့သို့ပုံစံမျိုးဝတ်လေ့မရှိသည်ကို သတိရသွားသည်။
ထို့အပြင် ဆိုဒ်မှာအတော်လေးကြီးနေသည်။
ချီယုက မီးထတောက်တော့မည့်မျက်လုံးများနှင့် လော့ဝမ်ချွမ်းကို စိုက်ကြည့်လိုက်သည်။ လော့ဝမ်ချွမ်းကမူ ထိုအကြည့်အားမမူသလို သူတို့ထံသို့လျှောက်လာခဲ့သည်။ ယွမ်ရှင်းကျဲ ရှေ့သို့အနည်းငယ်လှမ်းကာ သူ့လက်တွင်းရှိအင်္ကျီကို လော့ဝမ်ချွမ်းလက်ထဲသို့ထည့်ပေးလိုက်သည်။
“ယွမ်ရှင်းကျဲ...မင်းဒါဘာလုပ်တာလဲ..”
ရင်တွင်းရှိသဝန်တိုစိတ်အား ဆက်လက်ထိန်းချုပ်မနေတော့ပဲ ချီယုက အသံမာမာနှင့်မေးလာခဲ့သည်။
ပတ်ဝန်းကျင်က သူတို့သုံးဦးအား စတင်၍ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။
လော့ဝမ်ချွမ်းက ဂျက်ကတ်ကိုကိုင်ထားသည့် လက်ချောင်းများကို တင်းတင်းဆုပ်လိုက်မိသည်။ သူ့မျက်ဝန်းများက ခံစားချက် ကြီးကြီးမားမားမပြသသော်လည်း နှုတ်ခမ်းတင်းတင်းစေ့လျှက်ရှိပြီး တစ်စုံတစ်ခုကိုအတော်လေးသည်းခံနေရကြောင်း ထင်ရှားနေလေသည်။
ယွမ်ရှင်းကျဲ မျက်လုံးများလိမ့်လိုက်သည်။ ချီယုအား သူအဖက်မလုပ်ချင်ပေ။ သို့သော် သူဒီတိုင်းငြိမ်နေ၍မရတော့။
လော့ဝမ်ချွမ်းအား အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်သဖြင့် “စီနီယာလော့...ကျွန်တော်ချီယုကို ပြောစရာရှိလို့...ခဏလောက်ဘေးမှာစောင့်နေပေးပါလား..”
လော့ဝမ်ချွမ်း၏ စိတ်အခြေအနေသည် ပိုမို၍ဆိုးရွားသွားခဲ့သည်။ လက်တွင်းရှိအင်္ကျီအား အပေါက်ဖြစ်လုနီးနီး ဆုပ်ကိုင်လိုက်မိသည်။
“ကောင်းပြီ...”
လော့ဝမ်ချွမ်းက တည်ငြိမ်စွာပြောလာသည်။
“ငါ မင်းကိုစောင့်နေမယ်..”
သူက ချီယုကိုစိုက်ကြည့်လိုက်သည်။ ရှာလကာရည်တစ်ပုလင်းလုံး သောက်မိသကဲ့သို့ ချဥ်စူးစူးအရသာသည် သူ့အစာအိမ်တွင်းသို့ပင် ပျံ့နှံ့သွားခဲ့သည်။
ယွမ်ရှင်းကျဲ သူနှင့်သီးသန့်စကားပြောရန် ရွေးချယ်လိုက်သဖြင့် ချီယုပျော်သွားခဲ့သည်။ သူက လော့ဝမ်ချွမ်းအား ရန်စသလိုပင်ကြည့်လိုက်သေးသည်။
လော့ဝမ်ချွမ်းက သူ့နားကြပ်ကိုထုတ်တပ်ရန်ပြင်လိုက်သည်။ သူတို့ပြောမည့်စကားများကို သူ မကြားချင်ပေ။
xxxxx