အပိုင်း ၆၁
Viewers 21k

Chapter 61


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏မျက်ဝန်းများကိုကြည့်လိုက်ရင်း အဆိုပါမျက်ဝန်းများအတွင်း သူနစ်မြုပ်သွားတော့မလို ခံစားလိုက်ရသည်။


ရှည်လျားကျဥ်းမြောင်းသောမျက်ဝန်းများကို ထင်ရှားသောမျက်ရစ်တစ်ထပ်နှင့် ကော့ညွှတ်သောမျက်တောင်များကဝန်းရံလျှက်ရှိသည်။ မျက်ဝန်းထဲတွင် ယွမ်ရှင်းကျဲ၏ရှော့ခ်ရနေသောပုံရိပ်သည် ကြည်လင်စွာထင်ဟပ်နေသည်။


သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသောကြောင့် လော့ဝမ်ချွမ်း၏ အသက်ရှုထုတ်လိုက်သောလေသည် သူ့မေးဖျားပေါ်သို့ နွေးထွေးစွာ ကျဆင်းလာသည်။ 


ယွမ်ရှင်းကျဲက မသိစိတ်ဖြင့်တံတွေးမြိုချလိုက်မိသည်။


လော့ဝမ်ချွမ်းက အသက်ရှူနှုန်းကိုထိန်းရန်ကြိုးစားသော်လည်း ၎င်းကပို၍မြန်ဆန်လာခဲ့သည်။ သူအနည်းငယ်လှုပ်လိုက်ပါက သူတို့နှာခေါင်းထိပ်များ အချင်းချင်းထိတော့မည်ပင်။


သူ့နှလုံးခုန်နှုန်းကြောင့် နားရွက်ဖျားများသည် နီရဲလာလေသည်။ မရေရာသောလေထုသည် သူတို့နှစ်ဦးကြားတွင် ပျံ့နှံ့လာသည်။


ယွမ်ရှင်းကျဲ သတိပြန်ဝင်လာချိန်တွင် သူ့ခါးတစ်ဝိုက်တွင်ရှိသော လော့ဝမ်ချွမ်း၏လက်ဖဝါးကို အသာအယာဖယ်လိုက်သည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲလက်ချောင်းအထိအတွေ့ကြောင့် အိမ်မက်ဆန်ဆန်အခြေအနေမှ နိုးကြားလာသည်။ သူက ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။


လူငယ်လေး၏ခါးမှလက်ဖဝါးကို တည်ငြိမ်စွာဖယ်ပေးလိုက်သည်။ ထို့နောက် သြရှရှအသံဖြင့်


 “ကိုယ်..မရည်ရွယ်ပါဘူး..”


လော့ဝမ်ချွမ်း၏တုံ့ပြန်မှုအပေါ် ယွမ်ရှင်းကျဲနားလည်ပေးနိုင်သည်။ စွန့်ပစ်ကြယ်တွင်နေထိုင်ဖူးသူများသည် အလွန်အန္တရာယ်များပြားလှသောပတ်ဝန်းကျင်ကြောင့် အမြဲလိုလို သတိအပြည့်နှင့်နေလေ့ရှိကြသည်။ ဤကဲ့သို့အပြုအမူသည် လက်သင့်မခံနိုင်စရာမဟုတ်ပေ။


ထို့ကြောင့် ညှင်သာစွာခေါင်းယမ်းလိုက်ကာ “အဆင်ပြေပါတယ်...ကျွန်တော် ခင်ဗျားကို အကြာကြီးစောင့်နေရအောင်လုပ်မိတယ်..”


လော့ဝမ်ချွမ်းက မှတ်ဉာဏ်တုကို ဖယ်လိုက်သည်။ အိပ်ချင်စိတ်အား ဖိနှိပ်လိုက်ပြီးနောက် အေးအေးဆေးဆေးမေးလာသည်။


“မင်းရဲ့ မွမ်းမံမှုလုပ်ငန်းစဥ်တွေ အသင့်ဖြစ်ပြီလား...”


“ပြီးခါနီးပါပြီ..” ယွမ်ရှင်းကျဲကပြောလိုက်သည်။ “ပတ်ဝန်းကျင်က တော်တော်လေးကောင်းတော့ ကျွန်တော်ပုံဆွဲရတာ အရမ်းအဆင်ပြေတယ်...”


ကျောင်းရှိမက်ခါမွမ်းမံသည့်အခန်းကမူ ကျောင်းသားအားလုံး ဝေမျှသုံးရခြင်းဖြစ်သည့်အလျှောက် အချိန်ပြည့်ဆူညံနေလေ့ရှိရာ ယခုစက်ရုံနှင့်မနှိုင်းယှဥ်နိုင်ချေ။


လော့ဝမ်ချွမ်းက အမှတ်မဲ့ပြောလိုက်သည်။


 “မင်းလာချင်ရင် အချိန်မရွေးလာလို့ရတယ်...”


ပစ္စည်းများဖယ်ရှားနေရင်း ယွမ်ရှင်းကျဲပြုံးလိုက်မိသည်။ 


“ကျေးဇူးပါ စီနီယာ...ပြန်ရအောင်လေ..နောက်တောင်ကျနေပြီ...”


လော့ဝမ်ချွမ်းက ခေါင်းညှိတ်လိုက်သည်။ 


“မင်းကျောင်းကိုပြန်မှာလား...ဟိုတယ်မှာပဲနားမှာလား...”


သူကျောင်းပြင်ပသို့ထွက်သည့်အခါ ပြန်ဝင်ရန်နောက်ကျသွားပါက ဟိုတယ်မှာပဲအနားယူလိုက်လေ့ရှိသည်။ သို့ရာတွင် သူမေးပြီးပြီးချင်း မသင့်တော်သလို ခံစားလိုက်ရသည်။


သူတို့နှစ်ဦးကြားတွင် နားလည်မှုလွဲစရာအဖြစ်အပျက်မှာ ဖြစ်ပြီးခါစရှိသေးသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် တစ်ဖက်လူအား ဟိုတယ်၌တည်းရန် မေးလိုက်မိသည့်အတွက် လော့ဝမ်ချွမ်းကအနည်းငယ်ရှက်ရွံ့သွားသည်။


ကံကောင်းစွာဖြင့် ယွမ်ရှင်းကျဲကအများကြီးမတွေးပဲ ပြန်ဖြေလာခဲ့သည်။ 


.“ကျွန်တော် ကျောင်းကိုပဲပြန်မှာပါ...ဟိုတယ်မှာတည်းတာက ကရိကထများမယ်ထင်တယ်...ပြီးတော့ ကျွန်တော့်အခန်းဖော်ရဲ့ ဆော့ဖ်ဝဲကိုအသုံးပြုဖို့အကူအညီတောင်းထားတာရှိသေးတယ်...”


လော့ဝမ်ချွမ်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


သူတို့နှစ်ဦးက စက်ရုံအပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ဘေးဘက်ရှိအထပ်မြင့်အဆောက်အဦးများသည် ညအိပ်မီးများဖြင့် မှိန်ဖျဖျလင်းနေလေသည်။ ကောင်းကင်တွင်မူ ပျံသန်းနေသော အနက်ရောင်အစက်အပြောက်များကို တွေ့မြင်နေရသည်။


နွေရာသီမရောက်သေးသည့်အလျှောက် အေးစိမ့်သောညခင်းလေပြေသည် ယွမ်ရှင်းကျဲ၏မေးဖျားကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ယွမ်ရှင်းကျဲ၏ခန္ဓာကိုယ်လေးသည် အနည်းငယ်တုန်သွားသည်။


လော့ဝမ်ချွမ်းက လေယာဥ်ငယ်၏တံခါးကိုဖွင့်လိုက်ရင်း ဟိုဟိုဒီဒီရှာလိုက်သည်။ ထို့နောက်ဘူးတစ်ဘူးအတွင်းမှ မီးခိုးနှင့်အစိမ်းရောင်ရောယှက်ထားသော ဂျက်ကတ်တစ်ထည်ကိုထုတ်ကာ ယွမ်ရှင်းကျဲထံလျှောက်လာခဲ့သည်။


ယွမ်ရှင်းကျဲက မျက်လုံးဝိုင်းဝိုင်းကလေးနှင့်လော့ဝမ်ချွမ်းကိုကြည့်နေသည်။ နောက်တစ်စက္ကန့်တွင် သူ့ပုခုံးပေါ်သို့ကုတ်အင်္ကျီလွှားပေးခြင်းခံလိုက်ရသည်။


“လေယာဥ်ပေါ်တက်တော့..” 


လော့ဝမ်ချွမ်းက သူ့ကိုကြည့်ရင်းပြောလိုက်သည်။ 


“ခဲမသွားစေနဲ့..”


လော့ဝမ်ချွမ်းကပို၍အရပ်ရှည်ကာ ပုခုံးများလည်းကျယ်ပြန့်သောကြောင့် သူ့ကုတ်အင်္ကျီထဲတွင် ယွမ်ရှင်းကျဲ၏ ဖြူဖွေးသွယ်လျသော မျက်နှာလေးသာပေါ်နေပြီး တစ်ကိုယ်လုံးဖုံးအုပ်သွားသည်။


 “ကျေးဇူးပါ..စီနီယာ..”ရုတ်တရက် သူခြုံထားသောကုတ်အင်္ကျီမှ ရင်းနှီးနေသောရနံ့လေးရလိုက်သည်။ လော့ဝမ်ချွမ်းနှင့်နီးကပ်သွားစဥ်က ရလိုက်သည့် ရနံနှင့်အတူတူပင်ဖြစ်သည်။


လော့ဝမ်ချွမ်းက အင်္ကျီတွေပေါ်မှာ ပူရှိန်းနံသင်းသင်းလေးဆွတ်ရတာကြိုက်တာလား...


ယွမ်ရှင်းကျဲက အမှတ်တမဲ့ဖြင့် လက်ဆန့်ထုတ်လိုက်ကာ ကော်လံစကိုဆွဲယူပြီး နှာခေါင်းတရှုံ့ရှုံနမ်းကြည့်လိုက်သည်။

61.2


လေယာဥ်ငယ်တွင်းဝင်ပြီးနောက် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲရှိရာဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် တဖက်လူမှာ သူ့ကုတ်အင်္ကျီအား အနံ့ခံကြည့်နေသည်ကိုတွေ့လိုက်ရသည်။


ယွမ်ရှင်းကျဲက ယာဥ်ငယ်ပေါ်တက်လာသည့်အခါ လော့ဝမ်ချွမ်းအသံကိုကြားလိုက်ရသည်။


 “ဘာလို့လဲ...အနံအသက်မကောင်းလို့လား..”


“မဟုတ်တာ...”


 ယွမ်ရှင်းကျဲက မဆိုင်းမတွပြန်ဖြေလာသည်။


 “အနံ့အသက်လည်းကောင်းတယ်...ဝတ်ရတာ အရမ်းသက်တောင့်သက်သာရှိတာပဲ..”


သူကအပြုံးနှင့် ဆက်ပြောလာသည်။ 


“စီနီယာ့ဆီက ရနေကျအနံ့ပဲ..”


လော့ဝမ်ချွမ်းက စကားတစ်ခွန်းမှမဆိုပဲ လူငယ်လေးအားငေးကြည့်နေသည်။ ထို့နောက် လေယာဥ်ငယ်ကို စတင်မောင်းနှင်လိုက်သည်။ စက္ကန့်ဝက်လောက်မြင့်တက်သွားသည့် သူ့နှုတ်ခမ်းထောင့်လေးများကို ယွမ်ရှင်းကျဲသတိမပြုမိချေ။


လေယာဥ်ငယ်သည် မြင့်မားသောအဆောက်အဦးများကြားမှ ပျံသန်းလာခဲ့သည်။ တိုက်ခန်းအတွင်းပိုင်းအလှဆင်ထားသောမီးရောင်များ၊ လမ်းမီးတိုင်များ၊ တံတားပေါ်ရှိရောင်စုံဖြာနေသောမီးသီးများနှင့် ညရှုခင်းသည် လှချင်တိုင်းလှနေလေသည်။ 


အလင်းစက်များသည် မြို့တော်ပေါ်သို့တစ်စုံတစ်ယောက်ကျဲချထားသည့် စိန်ပွင့်များပမာ လင်းလက်တောက်ပလျှက်ရှိသည်။


ယွမ်ရှင်းကျဲက လှပသောညရှုခင်းတွင် ညှို့ယူခံလိုက်ရပြီး ငေးမောနေမိသည်။ သူ့အရင်ဘဝတွင် ဓာတ်ခွဲခန်းအတွင်း၌သာ ကုန်ဆုံးခဲ့ရခြင်းဖြစ်ပြီး ဤကဲ့သို့ညကောင်းကင်၌ လည်ပတ်ရန်အခွင့်အရေးမရှိခဲ့ချေ။


တစ်ဖက်တွင် လော့ဝမ်ချွမ်းအိပ်ချင်စိတ်ပြယ်သွားပြီဖြစ်သည်။ ညဘက်တွင်လည်း မစ်ရှင်များလုပ်ဖူးသည့်အလျှောက် သူ့အနေဖြင့် သန်းခေါင်ယံအချိန်တွင် အိပ်ရာထရခြင်းမှာ အထူးအဆန်းမဟုတ်ချေ။


လော့ဝမ်ချွမ်းက သူ့ဘေးရှိယွမ်ရှင်းကျဲကိုကြည့်ရင်း သူတို့နှစ်ဦးကြားရှိအဖြစ်အပျက်ကို ဆက်တိုက်တွေးမိနေခြင်းအား မရပ်တန့်နိုင်ချေ။ယွမ်ရှင်းကျဲအနားမှခွာနိုင်ရန် သူ့ကိုယ်သူအတော်လေးထိန်းချုပ်ခဲ့ရသည်။ ဖယ်ရိုမုန်းသက်ရောက်မှုကြောင့်လည်းမဟုတ်။


လက်ရှိအသက်အရွယ်အထိ ဤကဲ့သို့ထိန်းချုပ်ရခက်သောစိတ်အခြေအနေမျိုးကို လော့ဝမ်ချွမ်းတစ်ခါမှမခံစားခဲ့ရဖူးချေ။ စစ်တပ်တွင်းရှိအယ်လ်ဖာများသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းအပြည့်အဝရှိရသည်။ လော့ဝမ်ချွမ်း သူ့ကိုယ်သူအနည်းငယ်စိတ်ပျက်နေမိသည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏သက်ပြင်းချသံကြောင့် ဘေးဘက်လှည့်ကြည့်လိုက်သည်။ တစ်ဖက်လူက မျက်တောင်များစင်းကျနေပြီး အနည်းငယ်ပင်ပန်းနေပုံရသည်။ သူ့မျက်ဝန်းများထဲတွင် အမျိုးအမည်ဖော်မရသော ခံစားချက်များထင်ဟပ်နေလေသည်။


စီနီယာလော့ ပင်ပန်းနေခြင်းဖြစ်ရမည်။ ယွမ်ရှင်းကျဲ သူ့ကိုယ်သူအပြစ်မကင်းသလို ခံစားလိုက်ရသည်။


တစ်ဖက်သားက သူလိုအပ်သောသတ္တုကိုရှာဖွေပေးကာ ပုံဆွဲနေသည့်တစ်လျှောက်လုံးလည်း ထိုင်စောင့်ပေးခဲ့သည်။ ညစာလည်းသွားဝယ်ပေးခဲ့သည့်အပြင် သူ့အားကျောင်းသို့ပြန်ပို့ပေးရသေးသည်။


သူက သူ့ဘော့စ်လေ...


ယွမ်ရှင်းကျဲက ခေါင်းကိုလှည့်လိုက်ပြီး အားနာဟန်စွက်နေသောအသံလေးဖြင့် ပြောလာသည်။


 “စီနီယာ...ဒီနေ့ကျွန်တော့်ကြောင့် ဒုက္ခများသွားရပြီ...တကယ်လို့ ကျွန်တော့်မက်ခါကို အောင်အောင်မြင်မြင်မွမ်းမံနိုင်ခဲ့ရင် စီနီယာရဲ့မက်ခါကိုလည်း မှော်ငွေသတ္တုနဲ့မွမ်းမံပေးပါ့မယ်..”


လော့ဝမ်ချွမ်းက ဖတ်ရခက်သောအမူအရာဖြင့် သူ့အားကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားပြီးနောက် “ဒါက ကတိနော်..”


“ဟုတ်တာပေါ့...”ယွမ်ရှင်းကျဲက မဆိုင်းမတွပြန်ဖြေလိုက်သည်။


လော့ဝမ်ချွမ်း၏စိတ်အခြေအနေမှာ အလျှင်အမြန်တိုးတက်လာခဲ့သည်။


ဤသည်မှာ သူ့မက်ခါကိုပြန်ပြင်ပေးမည်ဟူသော ဆယ်ကျော်သက်ကလေး၏ကတိကြောင့်ပဲလား ယွမ်ရှင်းကျဲက ပထမဆုံးအကြိမ်သူ့အား စကားစပြောလာခြင်းကြောင့်လား သူကိုယ်တိုင်ပင်မခွဲခြားတတ်ချေ။


ယွမ်ရှင်းကျဲကို အိပ်ဆောင်သို့လိုက်ပို့ပြီးနောက် လော့ဝမ်ချွမ်းပြန်သွားခဲ့သည်။


လှေကားများကိုတက်နေရင်း သူသည် လော့ဝမ်ချွမ်း၏ကုတ်အင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ကြောင်း ယွမ်ရှင်းကျဲ သတိရသွားခဲ့သည်။ 


အရေးကြီးကိစ္စမှမဟုတ်တာ...မနက်မှပဲပြန်ပေးလိုက်တော့မယ်..


နောက်တစ်နေ့မနက်တွင် ယွမ်ရှင်းကျဲ အိပ်ရာထနောက်ကျခဲ့သည်။ သူမနက်စာစားသည့်အချိန်တွင် ဆယ်နာရီပင်ရှိနေပြီဖြစ်သည်။


မက်ခါကိုမွမ်းမံရန်အတွက် သူအချိန်မဆွဲဝံ့ပေ။ ထို့ကြောင့် ချက်ချင်းလုပ်ငန်းစလိုက်သည်။ ရုတ်တရက် လုရန်ရှု၏ဆော့ဖ်ဝဲအကြောင်း သတိရသွားသည်။


ယွမ်ရှင်းကျဲက မွမ်းမံပြီးမက်ခါ၏ အချက်အလက်များကို ခန့်မှန်းတွက်ချက်ပြီးပြီဖြစ်ရာ ဆော့ဖ်ဝဲမှတွက်ထုတ်ပေးမည့် အနိုင်ရနှုန်းအသစ်အပေါ် စိတ်လှုပ်ရှားနေမိသည်။


သို့ရာတွင် လုရန်ရှုက မနက်စောစောထကာ ထွက်သွားနှင့်ပြီဖြစ်သည်။ ယွမ်ရှင်းကျဲ သူ့အားခေါ်ဆိုလိုက်သည်။


ချိတ်ဆက်ပြီးသည့်နောက် လုရန်ရှု၏ပုံရိပ်သည် စခရင်မျက်နှာပြင်တွင် ပေါ်ထွက်လာသည်။ သူရောက်နေသောနေရာမှာ ဆေးရုံနှင့်တူသည်။


ယွမ်ရှင်းကျဲက.စိတ်ပူစွာမေးလိုက်သည်။ “မင်းဖျားနေတာလား..”


“ဘယ်ကသာ...” လုရန်ရှုက စိတ်ညစ်နေပုံရသည်။. 


“ငါကအရွယ်ရောက်တာကြာပြီဆိုပေမယ့် မျိုးရိုးဗီဇဘဏ်မှာ မိတ်ဖက်အတွက်စစ်ဆေးမှုမလုပ်ရသေးဘူးလို့ ငါ့အမေကပြောတယ်လေ....ဒီနေ့အချိန်ရတာနဲ့ အဲ့ဒီ့ကိစ္စသွားလုပ်နေတာ..”


“မင်းရုပ်ကြီးကိုလည်းကြည့်ပါဦး..” 


ယွမ်ရှင်းကျဲက စနောက်လိုက်သည်။


 “တကယ်လို့ မိတ်ဖက်ရှာတွေ့ရင်တောင် မင်းကသူ့ကိုမြင်မြင်ချင်းချစ်မိသွားမှာမဟုတ်လား...”


“ကပ်သီးကပ်သတ်ကွာ...မဖြစ်နိုင်တာ..” 


လုရန်ရှုက မျက်လုံးများလိမ့်လိုက်သည်။ 


“ငါက အဲ့လိုတစ်ကိုယ်ကောင်းဆန်တဲ့အယ်လ်ဖာတွေကို မိတ်ဖက်ရွေးမယ့်အစား မင်းနဲ့ပဲကစားနေတော့မှာပေါ့...တကယ်လို့များငါသာ ချီယုလိုကောင်မျိုးကိုမိတ်ဖက်တော်ရရင်...ငါ...”


ထိုစဥ် လုရန်ရှုက တစ်စုံတစ်ခုမှားနေသလိုခံစားလိုက်ရပြီးကာ ယွမ်ရှင်းကျဲကို ဂရုတစိုက်မေးလာသည်။


 “ဟုတ်သားပဲ...ရှင်းကျဲ...မင်းချီယုနဲ့ပြန်မတွဲတော့ဘူးမဟုတ်လား..”


ယွမ်ရှင်းကျဲက ခေါင်းညှိတ်လိုက်သည်။ “သေချာတာပေါ့..”


“ကောင်းတယ်...” လုရန်ရှုက ဆက်မေးလိုက်သည်။ 


“မင်းရဲ့ဖယ်ရိုမုန်းကလည်း သူနဲ့မချည်ထားတော့ဘူးမဟုတ်လား...”


အင်ပါယာက အယ်လ်ဖာနှင့်အိုမီဂါများစေ့စပ်သည့်အခါ ဖယ်ရိုမုန်းချည်နှောင်ခြင်းပြုရမည်ဟု ဥပဒေသတ်မှတ်ထားရှိခဲ့သည်။ ဤနည်းအားဖြင့်အခြားလူများနှင့် ထပ်မံချည်နှောင်၍မရစေပဲ မိမိပိုင်ဆိုင်သောအိုမီဂါကို ကာကွယ်နိုင်မည်ဖြစ်သည်။ အကယ်၍အဆိုပါနှစ်ဦးက စေ့စပ်မှုဖျက်သိမ်းလိုသည့်အခါ မျိုးစိတ်ဘဏ်သို့သွားကာ ဖယ်ရိုမုန်းချည်နှောင်မှုဖြတ်တောက်ရသည်။


“ငါနဲ့ချီယုရဲ့ ဖယ်ရိုမုန်းလား..” 


ယွမ်ရှင်းကျဲက ခဏစဥ်းစားကာ ပြန်ဖြေလိုက်သည်။


 “အဲ့ဒါက ပယ်ဖျက်လိုက်တာကြာပြီ...”


လုရန်ရှုက သက်ပြင်းချလိုက်သည်။


 “တော်သေးတာပေါ့...ငါကမင်းမိတ်ဖက်ရှာတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်မှာကိုစိုးရိမ်နေခဲ့တာ..”


“လက်ထပ်စာချုပ်ဖျက်သိမ်းကြောင်းပြောတော့ ချီယုက မျိုးစိတ်ဘဏ်နဲ့ချက်ချင်းစကားပြောခဲ့တယ်လေ...” 


ယွမ်ရှင်းကျဲက ဆက်ပြောလာသည်။ 


“မျိုးစိတ်ဘဏ်က ညတွင်းချင်းငါ့ကိုဆက်သွယ်ပြီးတော့ ချည်နှောင်မှုဖြတ်တောက်ချင်သလားဆိုတာ မေးခဲ့တယ်လေ...မင်းသာချီယုအကြောင်းစမပြောရင် ငါအဲ့တာကိုမေ့နေလောက်ပြီ...”


“စကားမစပ် ငါမင်းကိုလိုက်ရှာနေတာ...ငါ့ရဲ့ မွမ်းမံပြီးသားမက်ခါနဲ့ဆို ဟဲဟောင်မင်ကိုအနိုင်ရနိုင်ချေဘယ်လောက်ရှိမလဲ သိချင်လို့လေ...”


ယွမ်ရှင်းကျဲက အချက်အလက်များပေးပို့လိုက်သည်။


လုရန်ရှုက ခေါင်းညှိတ်လိုက်ကာ ဆော့ဖ်ဝဲထဲရှိအချက်အလက်များကို အသစ်နှင့်အစားထိုးလိုက်သည်။ ထိုစဥ် သူ့အား ဝန်ထမ်းတစ်ယောက်က လာခေါ်လေသည်။


“နံပါတ် ၁၃၉-လုရန်ရှု..ကျေးဇူးပြုပြီးစားပွဲကိုလာခဲ့ပေးပါ...…”


”ငါ ဒီကြောင်တောင်တောင်စစ်ဆေးမှုကို သွားလုပ်လိုက်ဦးမယ်...ခဏစောင့်ဦး..”ယွမ်ရှင်းကျဲအား လုရန်ရှုပြောလိုက်သည်။


လုရန်ရှုက မိတ်ဖက်ရွေးချယ်ခြင်းစားပွဲသို့ ရောက်သွားချိန်တွင် စက်ရုပ်က မိတ်ဖက်နှင့်သက်ဆိုင်သည့်စည်းမျဥ်းများကို သူ့အတွက်ကမ်းပေးလာသည်။ လုရန်ရှီထိုစာရွက်အား မဖတ်ချင်ပေ။ သို့ရာတွင် ဝန်ထမ်းက မိတ်ဖက်ရွေးချယ်ခြင်းမပြုမီ မဖြစ်မနေဖတ်ရန်လိုအပ်ကြောင်းပြောလာသည်။


နောက်ဆုံးတွင် သူကရွေးချယ်စရာမရှိပဲ ဖတ်လိုက်ရတော့သည်။


မိနစ်အနည်းငယ်ဖတ်ပြီးသည့်နောက် လုရန်ရှု မျက်မှောင်ကြုတ်ကာ စခရင်ပေါ်ရှိယွမ်ရှင်းကျဲကိုပြောလိုက်သည်။ 


“ဒီကိစ္စတစ်ခုလုံးက သိပ်ပြီးယုံချင်စရာမရှိသလိုပဲ...မိတ်ဖက် 0ရာခိုင်နှုန်းရော 100ရာခိုင်နှုန်းရော ဒီထဲမှာမပါဘူး...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”


ဝန်ထမ်းက ဘေးဘက်မှရှင်းပြလာသည်။ 


“နည်းလမ်းတကျပြောရရင် အယ်လ်ဖာအိုမီဂါအတွဲတစ်တွဲရဲ့ မိတ်ဖက်ဖြစ်နိုင်ချေက 0% နဲ့ 100% ကြားရှိရပါတယ်..မဟုတ်ရင် တစ်ခုခုလွဲချော်နေတာပါ...”


“အဲ့တာကြောင့် မယုံရဘူးလို့ပြောတာပေါ့..” 


လုရန်ရှုက ဆက်ပြောလာသည်။ 


“တကယ်လို့ ကောင်းကင်က မိတ်ဖက်ပေးတဲ့စုံတွဲသာဆိုရင် 100% မိတ်ဖက်ဖြစ်နိုင်ချေ ရှိနိုင်တာပဲမဟုတ်ဖူးလား...”


“မဖြစ်နိုင်တာ....” ဝန်ထမ်းက ယဥ်ကျေးသည့်အပြုံးနှင့်ပြန်ရှင်းပြလာသည်။


 “အရင်က 100% မိတ်ဖက်ဖြစ်နိုင်ချေတွေတွေ့ဖူးတယ်...ဒါပေမယ့်ထပ်စစ်တဲ့အခါမှာကျတော့ တွက်ချက်မှုမှားနေတယ်လို့ ထွက်လာတယ်လေ...အဲ့တာကြောင့် နောက်ပိုင်းမှာ စည်းမျဥ်းပြောင်းလိုက်တာပါ..”


သူကဆက်၍ရှင်းပြသည်။


 “ထပ်ပြီးရှင်းပြရမယ်ဆိုရင် အယ်လ်ဖာနဲ့အိုမီဂါက ဘယ်လောက်ပဲကိုက်ညီနေပါစေ မိတ်ဖက်ဖြစ်နိုင်ချေကတော့ 100%အောက်ပဲရှိလိမ့်မယ်...အရင်အချိန်တွေတုန်းကလည်း အတူတူပဲ...စကြဝဠာထဲက ဖုန်မှုန့်လေးနှစ်မှုန်သွားတွေ့တာကမှ ဖြစ်နိုင်ဦးမယ်...”


လုရန်ရှုက နှုတ်ခမ်းလေးကွေးကာပြုံးလိုက်ပြီး ဆက်လက်ငြင်းခုံခြင်းမပြုတော့ချေ။ သူကစည်းမျဥ်းစာရွက်ကို လက်မှတ်ထိုးလိုက်ကာ ဝန်ထမ်းအားပြန်ပေးလိုက်သည်။


“ရလဒ်က နောက်တပါတ်ကြာရင် သိရပါလိမ့်မယ်.…”


ဝန်ထမ်း၏စကားမဆုံးခင် လုရန်ရှုလှည့်ထွက်ခဲ့သည်။


xxxxx