Chapter 60
လော့ဝမ်ချွမ်းက အလွန်အမင်းပျော်ရွှင်နေသည့် ယွမ်ရှင်းကျဲကို စက်ရုံတွင်းသို့ဦးဆောင်ခေါ်သွားလိုက်သည်။ သူက နံရံကပ်ဘီရိုမှ အလင်းဖောက်မြင်ရသော ကရားတစ်ခုကိုထုတ်လိုက်သည်။
ဖန်ကရားထဲတွင် မှော်ငွေသတ္တုဖြင့်အပြည့်ဖြည့်ထားသည်။ ဘေးတစ်ဖက်စီတွင် သံလိုက်များထားရှိထားသည်။
ယွမ်ရှင်းကျဲက သတ္တုသိမ်းဆည်းသည့်နည်းလမ်းများကို မရေမတွက်နိုင်အောင်မြင်ဖူးပြီးသားဖြစ်သည်။
သို့ရာတွင် လော့ဝမ်ချွမ်း ဖန်ကရားကိုကိုင်ရင်း သူ့အနားသို့လျှောက်လာသည်ကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိသည်။
“ဒါက မင်းလိုချင်တဲ့.မှော်ငွေသတ္တုပဲ..”
လော့ဝမ်ချွမ်းက ကရားဘေးနှစ်ဖက်ရှိ သံလိုက်များကိုညွှန်ပြရင်းပြောလာသည်။
“တိကျတဲ့သံလိုက်ဆွဲအားရှိရုံနဲ့တင် မင်းလိုချင်တဲ့အနေအထားရအောင်ပြောင်းနိုင်လိမ့်မယ်...အညစ်အကြေးတွေနဲ့ထိလို့မရဘူး...ဒါ့ကြောင့်သိမ်းမယ်ဆိုရင် သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာထားပါ...”
သံလိုက်ဆွဲအားမြှင့်လိုက်သည့်အခါ ကရားတွင်းရှိသတ္တုသည် အရည်ပျော်သွားပြီးနောက် ထုလုံးပုံသဏ္ဍာန်ပြန်ဖြစ်သွားသည်။
ယွမ်ရှင်းကျဲက သတ္တုအပေါ်အာရုံစူးစိုက်နေသည်။ လှုပ်ရှားမှုပြုလုပ်ရန်လိုအပ်သောစွမ်းအင်၊ လျှပ်စစ်သံလိုက်စက်ကွင်း စသည့်အရာအားလုံးကို သူ့ခေါင်းထဲ၌တွက်ချက်ကြည့်လိုက်သည်။
မှော်ငွေသတ္တုသည် မူလကမ္ဘာရှိသတ္တုစပ်လောက် ကောင်းမွန်ခြင်းမရှိပဲ တိုးတက်မှုနှောင့်နှေးနေသေးသည်။ သို့သော် ဤကမ္ဘာတွင်မူ ၎င်းသည်ရှားပါးပြီး အရည်အသွေးကောင်းသောသတ္တုပင်ဖြစ်သည်။
“အသားတင်အလေးချိန်က ၂၄၃.၇၉ဂရမ်တောင်ရှိတယ်..”
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုကြည့်ရင်း ညှင်သာစွာပြောလာသည်။
“ဒီလောက်အလေးချိန်ရှိတဲ့သတ္တုကိုရောင်းမယ်ဆိုရင် မြို့ထဲကအိမ်ကောင်းကောင်းတစ်လုံးစာလောက်ရှိမယ်ထင်တယ်...ရော့...မင်းသုံးဖို့ယူလိုက်..”
(TN : အာဏာရှင်ကြီးလော့ဝမ်အမ်း)
ယွမ်ရှင်းကျဲက အမှုမထားဟန်ပြောနေသည့်လော့ဝမ်ချွမ်းကိုကြည့်ရင်း တံတွေးမြိုချလိုက်သည်။ “ကျွန်တော်...ဒါကိုသုံးလို့ရတာလား..”
လော့ဝမ်ချွမ်းက လူငယ်လေးကိုကြည့်ရင်းပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါမှသုံးလို့မရတာ...မင်းသုံးလိုက်ပါ..ဟုတ်ပြီလား..”
လော့ဝမ်ချွမ်း၏ရက်ရောမှုကြောင့် ယွမ်ရှင်းကျဲထပ်ပြီးရှော့ခ်ရသွားသည်။ သူကတစ်ဖက်လူ၏လက်တွင်းမှ ဖန်ကရားကို တုန်ယင်နေသောလက်များဖြင့်ယူလိုက်သည်။ မတော်တဆကျကွဲမည်ကို စိုးရိမ်နေသဖြင့် သတိအပြည့်ဖြင့်ကိုင်ထားလေသည်။
ဖန်ကရားကိုယူပြီးနောက် ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။
လော့ဝမ်ချွမ်းက ဤမျှတန်ဖိုးကြီးသည့်သတ္တုကို သူ့အားဒီအတိုင်းပေးခဲ့သည်။ သူ့အနေဖြင့် ကြယ်နှစ်ထပ်မက်ခါကိုမွမ်းမံကာ ဟဲဟောင်မင်အားသေချာပေါက်အနိုင်ပိုင်းရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
အနည်းဆုံးတော့ လော့ဝမ်ချွမ်းရဲ့ကြိုးစားပေးမှုကို သူအားနာသင့်တယ်မဟုတ်လား...
လော့ဝမ်ချွမ်းက ထရပ်လိုက်ကာ မှော်ငွေသတ္တုအားမွမ်းမံရန် လိုအပ်သောပစ္စည်းများကို စတင်ရှာဖွေတော့သည်။
“အလေအလွင့်မရှိအောင်သုံးရင်တော့ လုံလောက်မယ်ထင်ပါတယ်...”
“လုံလောက်ပါတယ်...စီနီယာ...ကျေးဇူးတင်ပါတယ်....” ယွမ်ရှင်းကျဲက လေးနက်စွာကတိပေးလိုက်သည်။
“အနာဂတ်မှာ မွမ်းမံရေးစက်ရုံဖွင့်တဲ့အခါကျရင် ကျွန်တော်အခကြေးငွေမယူပဲ ဒီအတိုင်းအလုပ်လုပ်ပေးပါ့မယ်...”
လော့ဝမ်ချွမ်းက သူ့ကိုကြည့်ရင်း ညှင်သာစွာပြောလိုက်သည်။
“ပြိုင်ပွဲကိုပဲ အရင်နိုင်အောင်လုပ်စမ်းပါ...”
သို့ရာတွင် သူ့မျက်ဝန်းများ၌ ပျော်ရွှင်ကျေနပ်မှုများ ပြည့်နှက်နေသည်။
မှော်ငွေသတ္တုအား မွမ်းမံရန်လိုအပ်သည့်ပစ္စည်းအားလုံးရှိမရှိကို လော့ဝမ်ချွမ်းကစစ်ဆေးလိုက်သည်။
“ဒီမှာရှိတဲ့ပစ္စည်းတွေအားလုံးကို မင်းသုံးနိုင်တယ်...ဒါပေမယ့်...”
ယွမ်ရှင်းကျဲက သူ့ကိုကြည့်လာသည်။
“ငါမင်းကိုမေးချင်တာက..”
သူကတစ်လုံးချင်းပြောလာသည်။
“မင်းရဲ့မက်ခါကို ဘယ်လိုမွမ်းမံဖို့စဥ်းစားထားလဲ...”
ထိုအချိန်၌ လော့ဝမ်ချွမ်းက သူ့အစီအစဥ်ကိုသေချာမသိပဲ ကြီးမားသောအရင်းအမြစ်များဒိအတိုင်းချပေးလိုက်သည်ကို ယွမ်ရှင်းကျဲသတိရသွားသည်။
သူကအတွေးများကိုစုစည်းလိုက်ပြီး တစ်ခုချင်းသေသေချာချာရှင်းပြလာသည်။
“ကျွန်တော့်မက်ခါမှာ အဓိကပြောင်းလဲရမယ့်အရာက....”
ယွမ်ရှင်းကျဲက မွမ်းမံမည့်အစီအစဥ်များကိုပို၍ပြောလေ လော့ဝမ်ချွမ်းမျက်ဝန်းများပိုကျယ်လာလေဖြစ်သည်။ သူကစိတ်ပူစွာမေးလိုက်သည်။ “မင်းဒါတွေအကုန်လုံးကို သုံးရက်ပဲကျန်တော့တဲ့အချိန်မှာ ပြီးအောင်လုပ်မလို့လား...”
“အာ...အဲ့တာကသိပ်မခက်ပါဘူး...”
ယွမ်ရှင်းကျဲက အမှန်အတိုင်းပြောလိုက်ခြင်းဖြစ်သည်။ သူ့မူလဘဝတွင် ဤကဲ့သို့ပြင်ဆင်သောလုပ်ငန်းများကို အကြိမ်များစွာလုပ်ဖူးသည်။
“နောက်ပြီး ၃ရက်ကျန်သေးတာပဲမဟုတ်လား...”
လော့ဝမ်ချွမ်းက မျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။
“မောင်းတာရော အဆင်ပြေပါ့မလား...မင်းအတွက်ဝန်ထုပ်ပန်ပိုးများဖြစ်နေမလား..”
လော့ဝမ်ချွမ်းက မွမ်းမံပြီးသည့်မက်ခါသည် ယွမ်ရှင်းကျဲမောင်းနှင်ရန်ခက်ခဲနေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
60.2
“ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ..”သူ့အသိပညာက ယခုကမ္ဘာထက်အဆင့်များစွာသာလွန်သော်လည်း ရုပ်ပိုင်းဆိုင်ရာခွန်အားတွင်မူ ပြသနာရှိနေကြောင်း ယွမ်ရှင်းကျဲကနားလည်ထားသည်။ မဟုတ်ပါက စာသင်ခန်းထဲတွင်မက်ခါစတင်မောင်းနှင်စဥ်ကသကဲ့သို့ သူမေ့လဲသွားလိမ့်မည်။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲအပေါ်စိတ်ဓာတ်ကျအောင်မပြောလိုချေ။
“ကောင်းပြီလေ...ကြိုးစားကြည့်ပါ..”
စက်ရုံတွင်ရှိပစ္စည်းများကို သေသေချာချာလေ့လာပြီးသည့်အခါ ယွမ်ရှင်းကျဲက သူ့ကိုယ်ပိုင်အတွေ့အကြုံများကိုသုံးရင်း မှတ်ဉာဏ်တုထဲရှိမွမ်းမံခြင်းအစီအစဥ်များကို စတင်လုပ်ဆောင်တော့သည်။
လော့ဝမ်ချွမ်းက ဘေးနားကရပ်ကြည့်နေရင်း ယွမ်ရှင်းကျဲ၏တိကျမြန်ဆန်သော ရေးဆွဲချက်များ၌ ဆွဲဆောင်ခံလိုက်ရသည်။
ပို၍များပြားလာသောရေးဆွဲချက်များကိုကြည့်ရင်း လော့ဝမ်ချွမ်းမျက်ဝန်းများပိုကျယ်လာခဲ့သည်။ သူ့မျက်ဝန်းများတွင် ရှုပ်ထွေးမှုများထင်ဟပ်လာသည်။
ရှင်းဟိုင်တက္ကသိုလ်တွင် မဆိုထားနှင့်။ တပ်မတော်တွင်းရှိ မက်ခါနည်းပညာဌာနတွင်ပင် ဤမျှကောင်းမွန်သောမွမ်းမံနည်းပညာမျိုးမရှိချေ။
ယွမ်မိသားစုကုမ္မဏီကနည်းပညာများလား...
လော့ဝမ်ချွမ်းက အဆိုပါခန့်မှန်းမှုသည် ဖြစ်နိုင်ချေရှိကြောင်းယူဆလိုက်သည်။
ယွမ်ရှင်းကျဲက လျှင်မြန်စွာရေးဆွဲနေသည်။ သို့ရာတွင် မွမ်းမံမှုလုပ်ငန်းစဥ်မှာ အတော်လေးရှုပ်ထွေးသဖြင့် အချိန်အတော်ကြာသည်အထိမပြီးစီးပေ။
ထို့အပြင် မှော်ငွေသတ္တုကို အနည်းငယ်မျှပင် မဖြုန်းတီးလိုသောကြောင့် သူကပို၍ဂရုတစိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲအဘယ့်ကြောင့် ဤမျှအနုစိတ်ကျနေရမှန်းနားမလည်ချေ။ သူသည် တက္ကသိုလ်သို့ရောက်ခါစကတည်းက မက်ခါမွမ်းမံသည့်လုပ်ငန်းစဥ်ကိုဘေးနားကကြည့်ရုံဖြင့် ရေးဆွဲသူမည်သည့်အရာကိုလုပ်ချင်မှန်း နားလည်နိုင်သည်။
သို့ရာတွင် ယွမ်ရှင်းကျဲဆွဲနေသောပုံမှာ အတော်လေးခက်ခဲသည်ဟုခံစားမိသည်။
ဆရာ့မေးခွန်းကိုနားမလည်သော ကျောင်းသားတစ်ယောက်လိုမျိုး...
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲမက်ခါပြင်ဆင်နေသည့်တစ်လျှောက်လုံး သူနားမလည်သည့်မေးခွန်းများမေးနေခြင်းကို မရပ်တန့်နိုင်ချေ။ သူကယွမ်ရှင်းကျဲအား အနှောင့်အယှက်ပေးမိမည်စိုးသဖြင့် ဆက်လက်မကြည့်တော့ပဲ ခဝ်ဝေးဝေးရှိကုလားထိုင်တစ်လုံး၌သွားထိုင်ကာ အင်ပါယာသတင်းများကိုရှာကြည့်နေတော့သည်။
အချိန်သည် လျှင်မြန်စွာကုန်ဆုံးသွားသည်။
ယွမ်ရှင်းကျဲက အစားအစာ၏ရနံ့ကိုရသည်အခါမှ သူ့ကိုယ်သူဆာလောင်နေမှန်းသိလေသည်။
သူဆွဲရေးနေသောပုံသည် ပြီးခါနီးနေပြီဖြစ်ပြီး အချောသတ်ရန်သာလိုတော့သည်။ ထိုစဥ် အခန်းတံခါးဝ၌ မုန့်နှစ်ပန်းကန်နှင့်လော့ဝမ်ချွမ်းကိုတွေ့လိုက်ရသည်။
ယွမ်ရှင်းကျဲမျက်လုံးလေးများဝိုင်းသွားသည်။ “အာ...တခုခုစားဖို့သွားဝယ်တာလား...”
“ဒီနားမှာ ဆိုင်တွေများများစားစားမရှိဘူး..”
လော့ဝမ်ချွမ်းက စားချင့်စဖွယ်မွှေးပျံ့နေသောအစားအသောက်များကို စားပွဲပေါ်တင်ရင်းပြောလိုက်သည်။
“ကိုယ်ဒါတွေကို နာရီဝက်လောက်စောင့်ပြီးမှာထားတာ.."
“ကျေးဇူးပါ...စီနီယာ..”
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းဝယ်လာသောမုန့်များကို တစ်ကိုက်ကိုက်လိုက်သည်။ အရသာမှာကောင်းမွန်လှသဖြင့် သူ့ပါးစပ်ထဲရှိအရသာဖုလေးများမှတဆင့် ကျေနပ်နှစ်သိမ့်မှုကိုခံစားလိုက်ရသည်။
“ဆရာကျိုးပြောတာမှန်တယ်...” ယွမ်ရှင်းကျဲက စွပ်ပြုတ်တစ်ဇွန်းကိုသောက်ရင်း လော့ဝမ်ချွမ်းအား လက်မထောင်ပြလိုက်သည်။
“စီနီယာက တခြားလူတွေကိုသိပ်ဂရုစိုက်တတ်တာပဲ..”
သူက အမှတ်တမဲ့ပြောလိုက်ခြင်းဖြစ်သော်လည်း လော့ဝမ်ချွမ်းက အမူအယာပြောင်းသွားသည်။
လော့ဝမ်ချွမ်းတွင် အခြားလူများအား ဂရုစိုက်တတ်သည့်ပုံရိပ်မရှိချေ။
သူ့ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ် တစ်ယောက်ယောက်အတွက် ညစာသွားဝယ်ပေးခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယွမ်ရှင်းကျဲ၏မြိန်ရှက်စွာစားနေသောပုံရိပ်အားကြည့်ရင်း လော့ဝမ်ချွမ်း၏ စားချင်စိတ်သည်လည်းတိုးလာခဲ့ကာ အနည်းငယ်ပိုစားဖြစ်သွားသည်။
ယွမ်ရှင်းကျဲက စားသောက်ပြီးစီးသည်နှင့် အလုပ်ဆက်လုပ်လိုက်သည်။
အချိန်အနည်းငယ်ယူပြီးနောက်တွင် ကြယ်နှစ်ထပ်မက်ခါကို ပြုပြင်ရမည့်လုပ်ငန်းစဥ်တစ်ခုလုံးအား သူရေးဆွဲပြီးသွားပြီဖြစ်သည်။
သူက ကျေနပ်စွာခါးဆန့်လိုက်ရင်း လော့ဝမ်ချွမ်းအားစကားလှည့်ပြောရန်ပြင်လိုက်သည်။ သို့သော် သူတွေ့လိုက်ရသည်မှာ...
တစ်ဖက်ထိုင်ခုံပေါ်ရှိ အမျိုးသားသည် အိပ်ပျော်နေပြီဖြစ်ပြီး မှတ်ဉာဏ်တုသည် ပွင့်လျှက်သားရှိနေသည်။
ယွမ်ရှင်းကျဲက ကြောင်အသွားပြီးနောက် နာရီကိုကြည့်လိုက်သည့်အခါတွင် မနက်၂နာရီထိုးနေပြီဖြစ်သည်။
ပုံများရေးဆွဲနေရင်း အချိန်ကုန်လို့ကုန်သွားမှန်းသူမသိလိုက်ချေ။ သူ့အားစောင့်ပေးခဲ့ရသော လော့ဝမ်ချွမ်းအားကြည့်ရင်း ယွမ်ရှင်းကျဲအပြစ်မကင်းသလိုခံစားလိုက်ရကာ အားနာသွားခဲ့သည်။
ယွမ်ရှင်းကျဲကက တိတ်ဆိတ်စွာရပ်ကြည့်နေရင်း သူ၏ယူနီဖောင်းဂျက်ကတ်ကိုချွတ်ကာ လော့ဝမ်ချွမ်းကိုယ်ပေါ်သို့ ခြုံလွှားပေးရန်ပြင်လိုက်သည်။
ထိုစဥ် အိပ်ပျော်နေသောအမျိုးသားသည် ရုတ်တရက်လှုပ်ရှားလာသည်။
ယွမ်ရှင်းကျဲ မည်ကဲ့သို့တုံ့ပြန်ရမှန်းမသိခင်တွင် လော့ဝမ်ချွမ်းကရုတ်တရက်ထရပ်လိုက်ပြီး သူ့ခါးကိုလှမ်းဆွဲလိုက်သည်။
ယွမ်ရှင်းကျဲက သူ့ခါးတစ်ဝိုက်ရှိတင်းကျပ်မှုကြောင့် အနည်းငယ်အံ့သြသွားသည်။ ထို့နောက် လော့ဝမ်ချွမ်းအားကြည့်လိုက်ချိန်တွင် သတိအပြည့်နှင့် လူသတ်လိုရိပ်များစွန်းထင်းနေသည့်မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရတော့သည်။
သို့ရာတွင် ယွမ်ရှင်းကျဲအားတွေ့လိုက်သည့်အခါ အဆိုပါရန်လိုမှုများသည် ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။
လော့ဝမ်ချွမ်းက အိပ်ရာနိုးကာစ ရီဝေသောမျက်ဝန်းများဖြင့်ရှိနေသည်။ သူ့ဆံပင်များသည် အနည်းငယ်ရှုပ်ပွနေပြီး မျက်သားစပ်ကလေးများသည် နီရဲနေသည်။ အမှတ်မထင်အိပ်ငိုက်သွားခြင်းကြောင့် ပါးပြင်တွင်လည်း ကျောင်းယူနီဖောင်းကော်လံအရာလေးသည် ခပ်ရေးရေးထင်နေလေသည်။
လော့ဝမ်ချွမ်းက ခုံပေါ်၌ထိုင်နေဆဲဖြစ်ပြီး ယွမ်ရှင်းကျဲကမူ မတ်တပ်ရပ်နေသူဖြစ်သောကြောင့် အနည်းငယ်မော့ကြည့်နေရသည်။
လော့ဝမ်ချွမ်း၏ပုံမှန်အေးစက်စက်ပုံရိပ်သည် ယခုအချိန်တွင် လုံးဝပျောက်ကွယ်နေသည်။ ယွမ်ရှင်းကျဲမျက်လုံးထဲတွင် သူ၏အိပ်ရာနိုးစပုံစံကလေးသည် အလွန်ချစ်စရာကောင်းနေလေသည်။
ထို့နောက် သူတို့နှစ်ဦးကြားရှိအကွာအဝေးသည် အလွန်နီးကပ်နေမှန်း ယွမ်ရှင်းကျဲသတိထားမိသွားသည်။ သူ့အနေဖြင့် ပုံမှန်တွင်မတွေ့ရတတ်သော လော့ဝမ်ချွမ်း၏မျက်ခမ်းမှမှဲ့ကလေးကိုပင် တွေ့မြင်နေရသည်။
လော့ဝမ်ချွမ်းက ရင်ခုန်သံမြန်လာခဲ့သည်။ သူက အအိပ်ဆတ်သူဖြစ်ပြီး အိပ်နေစဥ်၌ပင် သတိအပြည့်နှင့် နိုးနိုးကြားကြားအိပ်တတ်သည်။ ရုတ်တရက်နိုးသွားသဖြင့် သူ့နှလုံးခုန်သံမြန်ဆန်နေရခြင်းဖြစ်သည်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် ယွမ်ရှင်းကျဲခါးကိုဖက်ထားရင်း သူပို၍ရင်ခုန်လာခဲ့သည်။
ဤသို့နှလုံးခုန်နေရခြင်းသည် ယွမ်ရှင်းကျဲ၏ ဖယ်ရိုမုန်းများအားထိတွေ့ရစဥ်က တစ်ခါဖြစ်ခဲ့ဖူးသည်။
သို့သော် စက်ရုံတွင် ဖယ်ရိုမုန်းများအား သူမခံစားမိချေ။
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏မျက်ဝန်းများကိုနားမလည်။ သူ့ခါးတစ်ဝိုက်တွင်ရှိသောလက်ဖဝါးတွင် အသားမာများရှိနေသည်ကို ခံစားမိသည်။ ထိုလက်ဖဝါးသည် အနည်းငယ်ပူနွေးလာလေသည်။
xxxxx