Chapter 59
ယွမ်ရှင်းကျဲအသံသည် လော့ဝမ်ချွမ်းနောက်မှထွက်လာသည်။
"ဘယ်လိုတောင်တိုက်ဆိုင်တာလဲ စီနီယာလော့.."
လူငယ်လေးအား လှည့်ကြည့်လိုက်ချိန်တွင် လော့ဝမ်ချွမ်း ရင်ခုန်သံမြန်လာခဲ့သည်။ သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ကာ "ငါ..."
ချီယုက အဆိုပါမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ စွန့်ပစ်ကြယ်မှလာသော အိုမီဂါကြောက်သည့်အရိုင်းအစိုင်းအား ယွမ်ရှင်းကျဲကဘာ့ကြောင့်ဂရုစိုက်နေမှန်းသူမသိချေ။ ထို့ကြောင့် သူနောက်ကပြေးလိုက်ခဲ့သည်။
ယွမ်ရှင်းကျဲက သူ့ကိုအရွဲ့တိုက်ချင်လို့ ဒီလိုတွေလုပ်နေတာမဟုတ်လား...
ချီယုမျက်လုံးများက သဝန်တိုမှုဖြင့်ပြည့်နှက်နေသည်။ သူသည် အံကြိတ်လိုက်ကာ လက်သီးတင်းတင်းဆုပ်လိုက်ပြီး လော့ဝမ်ချွမ်းကို ရန်လိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်တော် စီနီယာ့ကိုလာရှာတော့မလို့..”
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းမျက်ဝန်းများကိုကြည့်ကာ ပြုံးရင်းပြောလိုက်သည်။
"အခုအားလားဟင်..."
လော့ဝမ်ချွမ်း အံ့သြသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ့အကြည့်သည် ယွမ်ရှင်းကျဲနောက်ရှိချီယုအပေါ် ကျရောက်သွားသည်။ ထို့နောက်ညှင်သာစွာပြောလိုက်သည်။
“အားပါတယ်...ဘာဖြစ်လို့လဲ..”
ယွမ်ရှင်းကျဲက ခပ်ဝေးဝေးမှချီယုအားလော့ဝမ်ချွမ်းကြည့်နေကြောင်း သတိမပြုမိချေ။
“ကျွန်တော့် ကြယ်နှစ်ထပ်မက်ခါကိုမွမ်းမံဖို့အတွက် ပစ္စည်းတစ်ချို့လိုနေလို့ပါ..စီနီယာကျွန်တော့်ကို ကူညီပေးနိုင်မလားမသိဘူး..”
လော့ဝမ်ချွမ်းက ဆုကြေးရသောအလုပ်များအတွက် ကျောင်းပြင်ပသို့မကြာခဏသွားရကြောင်း ယွမ်ရှင်းကျဲသိရှိထားသည်။ သူ့ထံမှ အကူအညီတောင်း၍ရနိုင်ချေရှိသည်။
ချီယု သူတို့အနားသို့ရောက်တော့မည်မှန်း လော့ဝမ်ချွမ်းတွေ့လိုက်သည့်အတွက် ငါမင်းကိုကူညီဖို့ အကောင်းဆုံးကြိုးစားမှာပါ..ဟူ၍ပြောတော့မည်ကို ရပ်တန့်လိုက်သည်။
"ဒါကမင်းအတွက် အရေးကြီးတဲ့ကိစ္စဖြစ်နေမှတော့ တခြားနေရာသွားပြောရအောင်လေ.."
ယွမ်ရှင်းကျဲက ဘာမှမတွေးတော့ပဲခေါင်းညှိတ်လိုက်သည်။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲနှင့်အတူ မထွက်သွားခင်.ချီယုအားစိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် နက်နဲသောအဓိပ္ပာယ်များပါဝင်နေသည်။
သုတို့နှစ်ဦးအတူထွက်သွားသည်ကိုကြည့်ရင်း ချီယုပို၍ဒေါသထွက်လာခဲ့သည်။ သူက လော့ဝမ်ချွမ်းထံမှ ယွမ်ရှင်းကျဲကိုဖယ်ထုတ်ရန်မစောင့်နိုင်တော့ပေ။
ဤသို့ဖြင့် လော့ဝမ်ချွမ်း၏ဂိုဒေါင်သို့ ရောက်သွားကြသည်။ “မင်းအတွက် အဆင်ပြေတာရှိမလား ကြည့်ကြည့်ပါ”
ယွမ်ရှင်းကျဲက ပတ်ပတ်လည်ကိုအကြမ်းဖျဥ်းကြည့်ရင်း ခေါင်းခါလိုက်ရင်းပြောလာသည်။
“ကျွန်တော့်မှာ စီနီယာ့ဂိုဒေါင်ထဲကပစ္စည်းစာရင်းရှိတယ်...ဒီမှာကျွန်တော်လိုချင်တာမရှိလောက်ဖူး..”
“ဒါဆို မင်းကဘယ်လိုပစ္စည်းမျိုးလိုအပ်တာလဲ..” လော့ဝမ်ချွမ်းကယွမ်ရှင်းကျဲကိုမေးလိုက်သည်။
ယွမ်ရှင်းကျဲက ပြန်ဖြေလာသည်။
“ထူးခြားတဲ့ဂုဏ်သတ္တိရှိတဲ့ သတ္တုတစ်မျိုးပဲ...ပုံမှန်အခြေအနေမှာဆိုရင် မာကျောပြီးတော့ လျှပ်စစ်သံလိုက်လှိုင်းဖြတ်သွားရင်တော့ လိုချင်တဲ့ပုံပြောင်းလို့ရတာမျိုးပေါ့...”
အဆိုပါသတ္တုသည် ယွမ်ရှင်းကျဲမူလကမ္ဘာ၌သုံးခဲ့သည့် အလွန်စျေးကြီးသောသတ္တုစပ်ဖြစ်သည်။ မက်ခါမွမ်းမံရာတွင် မရေမတွက်နိုင်အောင် သူအသုံးပြုခဲ့ဖူးသည်။
ယခုကမ္ဘာတွင်တော့ ရှိမရှိမသိပေ။
“မှော်ငွေသတ္တုကိုပြောတာလား..” လော့ဝမ်ချွမ်းကခဏတွေးပြီးနောက် မေးလိုက်သည်။
ယွမ်ရှင်းကျဲက ပျော်ရွှင်စွာမေးလိုက်သည်။ “အဲ့လိုဟာ ရှိတယ်လား..”
လော့ဝမ်ချွမ်းယခုအချိန်တွင် ယွမ်ရှင်းကျဲကိုတစ္ဆေတစ်ယောက်ဟု ခံစားရသည်။ သူပင် ထိုကဲ့သို့သတ္တုမျိုးရနိုင်မရနိုင် မသေချာပေ။ သို့သော် သူကသိပ်မတွေးတော့ပဲ ပြန်ဖြေလိုက်သည်။
"မှော်ငွေသတ္တုမှာ မင်းပြောတဲ့ဂုဏ်သတ္တိမျိုးရှိတယ်...ဒါပေမယ့် ရဖို့တော့ခက်လိမ့်မယ်.."
“ဝယ်ဖို့ခက်တယ်လား...အရမ်းခက်တာလား..” ယွမ်ရှင်းကျဲစိုးရိမ်လာသည်။
လော့ဝမ်ချွမ်းက ပြန်ဖြေလာသည်။
“တကယ်တော့ မင်းအဲ့တာကိုဝယ်လို့ရချင်မှရမှာ...အင်ပါယာကြယ်မှာ မှော်ငွေသတ္တုကိုမက်ခါပြင်ဆင်ဖို့အတွက် ကီလိုဂရမ်အနည်းငယ်ပဲသုံးလေ့ရှိတယ်..”
ယွမ်ရှင်းကျဲမျက်ဝန်းများထဲရှိမျှော်လင့်ချက်သည် ရုတ်ချည်းပျောက်ကွယ်သွားသည်။
သူက စိတ်ပျက်လက်ပျက်ဖြစ်သွားကာ
“အဲ့ဒါက အရမ်းရှားတာလား..” အကယ်၍မှော်ငွေသတ္တုဝယ်မရခဲ့ပါက သူ၏မက်ခါမွမ်းမံမည့်အကြံသည် ပျက်စီးသွားတော့မည်ပင်။ ပြိုင်ပွဲ၌ အလှည့်အပြောင်းလုပ်ရန် ဖြစ်နိုင်တော့မှာမဟုတ်။
ယွမ်ရှင်းကျဲက ခေါင်းလေးငုံ့ကာ သက်ပြင်းချလိုက်မိသည်။
59.2
အဆိုပါ စိတ်ဓာတ်ကျနေသောလူငယ်လေးကိုကြည့်ရင်း လော့ဝမ်ချွမ်းကပြောလာသည်။
“ငါ့မှာရှိတယ်...”
၎င်းစကားလုံးများကိုကြားရပြီးနောက် ယွမ်ရှင်းကျဲကအံ့သြသွားသည်။
“စီနီယာ့မှာ...မှော်ငွေသတ္တုရှိတာလား...”
လော့ဝမ်ချွမ်း ခေါင်းညှိတ်လိုက်သည်။
ယွမ်ရှင်းကျဲမျက်ဝန်းများတွင် လေးစားမှုအပြည့်ဖြစ်နေသည်။
“အိုးမိုင်ဂေါ့...ကျွန်တော်တစ်ချက်လောက်ကြည့်လို့ရမလား...”
မှော်ငွေသတ္တုက အလွန်ရှားပါးသဖြင့် လော့ဝမ်ချွမ်းအနေဖြင့် သူ့အားပေးသုံးမည်မဟုတ်မှန်း သူသိသည်။ သို့သော် အရင်ကမ္ဘာမှသတ္တုစပ်နှင့် ကွာဟခြင်းရှိမရှိကိုသူသိလိုသေးသည်။
လူငယ်လေး၏ လေးစားမှုအပြည့်ဖြစ်နေသောမျက်ဝန်းများကိုကြည့်ရင်း လော့ဝမ်ချွမ်းနှုတ်ခမ်းထောင့်လေးများကွေးညွှတ်သွားသည်။
“သွားရအောင်...” သူကပြောပြီးနောက် ဂိုဒေါင်တံခါးဆီသို့ဦးတည်လိုက်သည်။
“ဘယ်ကိုလဲ..” ယွမ်ရှင်းကျဲက သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။
“မှော်ငွေသတ္တုရှိတဲ့နေရာကို...”
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းထံမှ လွယ်လွယ်တောင်းဆိုလို့ရမည်ဟုမထင်ထားချေ။ သို့သော် သူ့နည်းလမ်းသည် အလုပ်ဖြစ်ပုံရသည်။ လော့ဝမ်ချွမ်းအနောက်မှ ထပ်ကြပ်မကွာလိုက်လာရင်း လေယာဥ်တစ်စင်းကိုတွေ့လိုက်ရသည်။
လော့ဝမ်ချွမ်း စိတ်အခြေအနေကောင်းမွန်နေသည်။
ယွမ်ရှင်းကျဲက လေယာဥ်တွင်းဝင်ပြီးသည်နှင့် အတွင်းပိုင်းအပြင်အဆင်တွင်ဆွဲဆောင်ခံလိုက်ရသည်။ သူ့အနေဖြင့် ဒီဘက်ကမ္ဘာသို့ရောက်သည့်အချိန်ကတည်းက လေယာဥ်များစွာမြင်ဖူးပြီးဖြစ်သော်လည်း လော့ဝမ်ချွမ်း၏လေယာဥ်သည် တစ်မျိုးကွဲထွက်နေလေသည်။
ညှင်သာသော မိန်းကလေးအသံသည် အသိပေးလာခဲ့သည်။
[လေယာဥ်စတင်ထွက်တော့မှာဖြစ်တဲ့အတွက် ခါးပတ်ပတ်ပေးပါ့မယ်...]
ခါးပတ်သည် ယွမ်ရှင်းကျဲခါးတစ်ဝိုက်တွင် အလိုအလျှောက်တပ်ဆင်ပြီးဖြစ်သွားသည်။ ထို့နောက် လေယာဥ်လေးသည် စတင်ပျံသန်းလာခဲ့သည်။
ရှင်းဟိုင်တက္ကသိုလ်သည် သူ့အောက်တွင် ပန်းချီကားတစ်ချပ်ကဲ့သို့ မြင်နေရသည်။ နေရောင်ခြည်က သူတို့နှစ်ဦးအပေါ်ဖြာကျနေလေသည်။ ယွမ်ရှင်းကျဲမျက်လုံးများက လော့ဝမ်ချွမ်းအပေါ် ကျရောက်သွားသည်။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကဲ့သို့ပင် ကျောင်းယူနီဖောင်းအားဝတ်ဆင်ထားသည်။ သူ့ပုခုံးများသည်ပို၍ကျယ်ပြန့်ကာ တောင့်တင်းသန်မာသောပုံရိပ်တစ်ခုဖြစ်နေစေသည်။ လေယာဥ်မောင်းနှင်ရန် လက်ကိုမြှောက်လိုက်ချိန်တွင် သန်မာပြီးချောမွေ့သောကြွက်သားလှိုင်းသည် ထွက်ပေါ်လာခဲ့သည်။
လော့ဝမ်ချွမ်းမျက်နှာပေါ်တွင် ဘေးဘက်မှအဆောက်အဦးများ၏အရိပ်ကြောင့် သုံးဖက်မြင်ပုံရိပ်များပေါ်ထွက်နေသည်။ သူ၏မေးရိုးသည် တောင့်တင်းခိုင်မာနေပြီး မြင်နေကျအတိုင်း ယောက်ျားပီသကာကြည့်ကောင်းနေသည်။
လေယာဥ်သည် ညှင်သာစွာပျံသန်းနေသည်။ ယွမ်ရှင်းကျဲအနေဖြင့် ကိုယ်ဟန်ယိမ်းထိုးသွားခြင်းပင်မရှိချေ။
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏အကူအညီများကို မတွေးပဲမနေနိုင်ချေ။ သူ၏ပန်းရောင်နှုတ်ခမ်းလေးများသည် တွန့်ကွေးလာခဲ့သည်။ သူ့စိတ်အခြေသည် နေရောင်ခြည်ကဲ့သို့တောက်ပနေသည်။
လေယာဥ်သည် ရပ်နားစခန်းသို့ဆင်းသပ်သည့်အချိန်တွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုငေးကြည့်လာသည်။
လူငယ်လေး၏အသားအရေသည် နေရောင်အောက်တွင် ချောမွေ့တောက်ပနေသည်။ ယွမ်ရှင်းကျဲတွင် အခြားအိုမီဂါများနှင့်မတူသည့် အေးစက်စက်ပုံရိပ်ရှိသည်။ ယခုမူ သူ၏ပြုံးနေသောနှုတ်ခမ်းကလေးအားငေးကြည့်ရင်း လော့ဝမ်ချွမ်းရင်ခုန်မြန်သွားရသည်။
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏အသက်ပြင်းပြင်းရှူသံကိုကြားလိုက်သည်။ သူကတဖက်လူအဆင်မပြေဖြစ်မည်ကိုစိုးရိမ်သဖြင့် လျှင်မြန်စွာလှည့်ကြည့်လိုက်သည်။ သို့သော် ဘာမှမမြင်လိုက်ပေ။
လေယာဥ်သည် ရပ်နားစခန်းတွင် ညှင်သာစွာဆင်းသက်လိုက်သည်။
လေယာဥ်တွင်းမှထွက်ပြီးနောက် မြင့်မားပြီးကျယ်ဝန်းသောအဆောက်အဦးများကိုကြည့်ရင်း ယွမ်ရှင်းကျဲသက်ပြင်းချလိုက်သည်။
“ဒီအဆောက်အဦးက ဘောလုံးကွင်းဘယ်နှကွင်းစာလောက်တောင်ကြီးတာလဲ..မက်ခါပြင်ဆင်ဖို့အတွက်ဆို အရမ်းကြီးမနေဘူးလား.."
“ဘာလို့ဆို သူတို့စက်ရုံရဲ့ မက်ခါပြုပြင်တဲ့စွမ်းရည်က တော်တော်လေးညံ့ဖျင်းတယ်လေ..သူဌေးကအရှုံးပေါ်နေပြီ..အဲ့တာကြောင့် ရက်အနည်းငယ်တုန်းက ငါဝယ်ထားတာ...”
ယွမ်ရှင်းကျဲက အချိန်အတော်ကြာဆွံ့အသွားသည်။
“ဘာကို...ဘာကိုဝယ်တာလဲ..”
“ဒီစက်ရုံလေ...” လော့ဝမ်ချွမ်းက မျက်ခုံးပင့်ရင်းပျော်ရွှင်စွာပြောလာသည်။
“ငါဒါကို ဝယ်ထားတာ..”
“အထဲမှာရှိတဲ့ ကိရိယာတွေကမဆိုးဘူး...မင်းဒီကိုလာချင်တဲ့အချိန် လာလို့ရတယ်...”
လော့ဝမ်ချွမ်းက စက်ရုံ၏တံခါးဝသို့လျှောက်သွားသည်။
“မင်းသွားဖို့လိုအပ်တဲ့အခါကျ ငါ့ကိုလာရှာ”
ယွမ်ရှင်းကျဲက လန့်သွားရာမှပြန်သတိဝင်လာပြီးနောက် အံ့သြတကြီးပြောလိုက်သည်။
“စီနီယာက တကယ်ကြီးမက်ခါပြင်တဲ့စက်ရုံကိုဝယ်လိုက်တယ်ပေါ့...စီနီယာကဘယ်လောက်တောင်ချမ်းသာတာလဲ...”
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုပြုံးရင်းကြည့်လိုက်သည်။ သူကပြန်မဖြေပေ။
“နောက်ကျရင် ဒီစက်ရုံကိုသုံးပြီးတော့ ပိုက်ဆံရှာမလို့လား...”
ယွမ်ရှင်းကျဲကဆက်မေးလိုက်သည်။
“မင်းရဲ့ မက်ခါပြိုင်ပွဲပြီးရင်ပေါ့...”
လော့ဝမ်ချွမ်းက စက်ရုံတံခါးကိုဖွင့်လိုက်သည်။
“အခုတော့မင်းရဲ့မက်ခါကိုမွမ်းမံဖို့အတွက်ပဲ ကိရိယာတွေနဲ့အကျွမ်းတစ်ဝင်ရှိအောင်လုပ်လိုက်ပါဦး...မှော်ငွေသတ္တုနဲ့မွမ်းမံဖို့ဆိုတာ လွယ်မှာမဟုတ်ဖူး....”
ယွမ်ရှင်းကျဲ နှလုံးသားသည်လှုပ်ရှားသွားသည်။
“ဘော့စ်လော့...မဟုတ်ဖူး...စီနီယာလော့...အာ မဟုတ်သေးဘူး..ဒါရိုက်တာလော့...ခင်ဗျားကလမ်းလျှောက်နေတဲ့ဘုရားလောင်းပဲ....”
xxxxxx