အပိုင်း ၅၈
Viewers 17k

Chapter 58


ယွမ်ရှင်းကျဲက နေ့လည်ခင်း၌ မက်ခါမွမ်းမံရေးအခန်းသို့ တန်းတန်းမတ်မတ်သွားကာ ကြယ်နှစ်ထပ်မက်ခါများအနေဖြင့် မုန်တိုင်းမက်ခါအား တိုက်ခိုက်နိုင်သောအကွက်များကို စတင်လေ့လာတော့သည်။ သို့သော် ရန်သူ၏တိုက်ခိုက်ပုံမှာ နားလည်ရန်အလွန်ခက်ခဲသည်။


သူပထမတွေးထားသည်က မက်ခါနှစ်ခုလုံး၏တိုက်စစ်ခံစစ်ကို အဆင့်မြှင့်ရန်ဖြစ်သည်။ ဤနည်းဖြင့်ဆိုလျှင် ပြိုင်ဘက်၏တိုက်ခိုက်မှုအား ကာကွယ်နိုင်မည့်အပြင် ပြင်းထန်သောလက်နက်များတပ်ဆင်ခြင်းအားဖြင့် မုန်တိုင်းမက်ခါကိုပါထိခိုက်စေနိုင်သည်။


သို့ရာတွင် B အဆင့်မက်ခါအား.မည်မျှအဆင့်မြှင့်စေကာမူ Sအဆင့်မက်ခါကို ထိရောက်စွာတိုက်ခိုက်နိုင်မည်မဟုတ်။


ယွမ်ရှင်းကျဲက သူ့စိတ်သူပြောင်းလဲလိုက်ပြီးနောက် သူ၏မက်ခါနှစ်ခုကို ပိုမိုလိုက်လျောညီထွေဖြစ်အောင်သာ ပြင်ဆင်လိုက်သည်။ 


ပင်မမက်ခါသည် ကြီးမားသည့်အတွက် အရှိန်နှေးသည်။ သို့သော် သူကထိုအတွက် နည်းမျိုးစုံတွက်ထုတ်ကာ အဖြေရှာတွေ့ခဲ့ပြီးပြီဖြစ်သည်။ ယခုပြသနာသည် တောင့်ခံနိုင်စွမ်းလျော့နည်းခြင်းဖြစ်သည်။


မက်ခါသည် လှုပ်ရှားမှုအမျိုးမျိုးကို အလွယ်တကူပြုလုပ်နိုင်သော်လည်း သူသာလဲကျသွားလျှင် ကြီးမားသောမုန်တိုင်းမက်ခါကြီး၏ ရိုက်နှက်ခြင်းအား လည်စင်း၍သာခံရလိမ့်မည်။


ယွမ်ရှင်းကျဲ သက်ပြင်းချလိုက်သည်။ လုရန်ရှုဆော့ဖ်ဝဲသည် ဒီအတိုင်းကြုံသလိုခန့်မှန်းခဲ့ခြင်းမဟုတ်ကြောင်း သူနားလည်သွားသည်။


သူ့လက်ရှိမက်ခါသည် မုန်တိုင်းမက်ခါ၏သံချပ်ကာကိုပင် မယှဥ်နိုင်ပေ။


ထိုအချိန်တွင် အခန်းတွင်းသို့ ကျိုးဖေးရွှယ်ဝင်လာသည်။ စိတ်ဓာတ်ကျနေပုံရသည့် ယွမ်ရှင်းကျဲကိုတွေ့သောအခါ သူ့ဆီသို့လျှောက်လာရင်းမေးလိုက်သည်။ “ရှင်းကျဲ...နောက်ပြိုင်ပွဲအတွက် ဘယ်လိုစီစဥ်ထားလဲ...”


ယွမ်ရှင်းကျဲဆက်မပြိုင်လျှင်ပင် လက်ရွေးစင်အသင်းသို့ဝင်ရန် ပြသနာမရှိချေ။


သို့သော် ယွမ်ရှင်းကျဲက ကြယ်ဒင်္ဂါးငါးသိန်းမျက်နှာကိုသာ ကြည့်၍နေခြင်းဖြစ်သည်။ သူက ပါးစပ်နားရောက်နေတဲ့အသားကို ဘယ်လိုလုပ်လက်လွှတ်နိုင်မှာလဲ...


ခဏအကြာတွင် သူကပြန်ဖြေလိုက်သည်။ "ကျွန်တော် ကြိုးစားကြည့်ချင်တယ်.."


ကျိုးဖေးရွှယ်က ယွမ်ရှင်းကျဲဆုံးဖြတ်ချက်ပြောင်းမည်မဟုတ်ကြောင်း သူ့မျက်ဝန်းများထဲ၌တွေ့နေရသည်။


 “ရှင်းကျဲ...မင်းက အရမ်းတော်တာငါသိပါတယ်...ဒါပေမယ့် မုန်တိုင်းမက်ခါက သူ့ဒိုင်းကိုထုတ်လိုက်တာနဲ့ ပိုပြီးသန်မာတဲ့မက်ခါတွေကလွဲလို့ ဘယ်သူမှသူ့ကိုအနိုင်မယူနိုင်ဘူး...ကျောင်းမှာ မုန်တိုင်းမက်ခါနဲ့ထိပ်တိုက်ရင်ဆိုင်နိုင်တာဆိုလို့ လော့ဝမ်ချွမ်းပဲရှိတယ်...”


ယွမ်ရှင်းကျဲက ကျိုးဖေးရွှယ်စကားများကို အလေးအနက်တွေးတောလိုက်သည်။


ကျိုးဖေးရွှယ်က ဆက်ပြောလာသည်။ 


“မင်းအနေနဲ့ ဒိုင်းကိုထိခိုက်အောင်မလုပ်နိုင်ရင် ပြိုင်ဘက်က ဒိုင်းကိုနိမ့်လိုက်တဲ့အချိန်ကောင်းကိုစောင့်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ရလိမ့်မယ်...”


ယွမ်ရှင်းကျဲက ခေါင်းညှိတ်လိုက်သည်။


"ကျွန်တော်သိပါပြီ...ဒါပေမယ့်.."


“ဒါပေမယ့် မင်းမှာအဲ့လိုအခွင့်အရေးမရနိုင်ဘူး...”


ကျိုးဖေးရွှယ်သက်ပြင်းချလိုက်သည်။ 


"ဟဲဟောင်မင်က ဒိုင်းကိုတိုက်ခိုက်ဖို့အတွက်ပဲအောက်ကိုနှိမ့်လိမ့်မယ်...ပြီးရင်ချက်ချင်းပြန်တင်ပြီး မင်းကိုအမြောက်နဲ့ဆက်တိုက်မှာပဲ..မင်းအဲ့လိုနဲ့အဆုံးသတ်သွားနိုင်တယ်.."


မုန်တိုင်းမက်ခါ၏အမြောက်သည် ကြီးမားပြီးအလွန်အားပြင်းသောမီးများထုတ်လွှတ်သည်။ ပြိုင်ပွဲ၌အသုံးပြုခွင့်ရသည့် အကောင်းဆုံးလက်နက်လည်းဖြစ်သည်။


ယွမ်ရှင်းကျဲက ကျိးဖေးရွှယ်စကားအားကြားပြီးနောင် စိတ်ကူးအချို့ရသွားသည်။


“ဆရာ...အခုလိုကျွန်တော့်ကို လှုံ့ဆော်အားပေးတာ ကျေးဇူးတင်ပါတယ်...ကျွန်တော်အခုအကြံရပြီ...”


ကျိုးဖေးရွှယ်က ကြောင်အသွားသည်။ ယွမ်ရှင်းကျဲအနေဖြင့် ရှုံးသွားလျှင်လည်းဘာမှမဖြစ်ကြောင်း လာရောက်နှစ်သိမ့်ခဲ့ခြင်းဖြစ်သည်။


အဲ့ဒါကို သူကလှုံ့ဆော်ပေးတယ်တဲ့လား....


ခဏအကြာတွင် ကျိုးဖေးရွှယ်က ရယ်မောလိုက်သည်။


“မင်းက ငါတွေ့ဖူးသမျှထဲမှာ အထူးခြားဆုံးကျောင်းသားပဲ...”


လော့ဝမ်ချွမ်းသဘောကျသော မက်ခါမာစတာပီသပါသည်။


ကျိုးဖေးရွှယ်ကို လိုက်ပို့ပြီးနောက် ယွမ်ရှင်းကျဲသူ၏မှတ်ဉာဏ်တုကိုထုတ်ကာ ဆက်လက်လေ့လာနေတော့သည်။

......


ယွမ်ရှင်းကျဲယှဥ်ပြိုင်ရမည့်သူမှာ ဟဲဟောင်မင်ဖြစ်ကြောင်းသိရှိသည့်အခါ စုကျီနန်အလွန်ပျော်ရွှင်နေလေသည်။


“တကယ်တိုက်ခိုက်ရမယ်လို့.မျှော်လင့်မထားဘူး..” 


စုကျီနန်က ဟဲဟောင်မင်အား တွေ့တွေ့ချင်းပြောလိုက်သည်။ 


“စီနီယာက တကယ့်ကိုဘုရားသခင်ရဲ့ ကောင်းချီးပေးခံထားရတဲ့လူပဲ...”


ဟဲဟောင်မင်က ခပ်ကြွားကြွားပြောလိုက်သည်။


“ကောင်းကင်က ကိုယ့်ကိုအခွင့်အရေးပေးနေပြီဆိုမှတော့ ” ဟဲဟောင်မင်က နှုတ်ခမ်းများတွန့်ကွေးကာပြုံးလိုက်ပြီး တက်ကြွစွာပြောလာသည်။


 “ငါတို့လို စွန့်ပစ်ကြယ်ကလာတဲ့ကျောင်းသားတွေက တခြားလူတွေလိုမျိုးအနိုင်ယူဖို့မလွယ်တာပြပေးရမှာပေါ့...”


“ဟောင်မင်...မင်းကစွန့်ပစ်ကြယ်ရဲ့လူတွေအတွက်တော့ အားထားစရာတစ်ခုပါပဲ..” 


စုကျီနန် သူ့အားဆက်လက်ချီးကျူးလိုက်သည်။


 “ငါမင်းကို တစ်ခါမှအတွက်မမှားခဲ့ဘူး..”


ဟဲဟောင်မင်က စုကျီနန်အားကြည့်ရင်း နွေးထွေးမှုလှိုင်းလုံးကြီးမြင့်တက်လာသလို ခံစားရသည်။ သူသည် အရင်ကဖြစ်ရပ်များကိုသတိရသွားသည်။


စွန့်ပစ်ကြယ်မှလာခါစတွင် သူသည် အတော်လေးခက်ခဲခဲ့သည်။ အဝတ်အစားကောင်းကောင်းပင် မဝတ်နိုင်သဖြင့် အတန်းဖော်များ၏ အထင်သေးခြင်းကိုခံခဲ့ရသည်။


ကျောင်းသို့ Sအဆင့်ဖြင့်ဝင်ခဲ့သော်လည်း သူ့ပတ်ပတ်လည်မှ အထင်သေးသောအကြည့်များကို ဟဲဟောင်မင်ခံစားနေရဆဲဖြစ်သည်။


သူ့ခွန်အားကပို၍ကြီးမားလာသော်လည်း ငွေကြေးအခက်အခဲကြောင့် မက်ခါကိုအဆင့်မြှင့်တင်ခြင်းမပြုနိုင်ချေ။


ဟဲဟောင်မင်က အလုပ်အများအပြားလုပ်ပြီး ပိုက်ဆံရှာခဲ့သော်လည်း မက်ခါကိုအဆင့်မြှင့်တင်ရန် လုံလောက်ခြင်းမရှိခဲ့။ သူ၏မက်ခါသည် Aအဆင့်၌သာ ရပ်တန့်နေခဲ့သည်။ ဟဲဟောင်မင်အနေဖြင့် Sအဆင့်ခွန်အားများကို အစွမ်းကုန်ထုတ်မသုံးရသည့်အတွက် အလွန်စိတ်ပျက်ခဲ့ရသည်။


ထိုစဥ် သူ စုကျီနန်နှင့်တွေ့ခဲ့သည်။


စုကျီနန်က အရည်အသွေးကောင်းသော မုန်တိုင်းမက်ခါအစိတ်အပိုင်းများကို စွန့်ပစ်ကြယ်၏မှောင်ခိုစျေးမှ ရရှိခဲ့ကြောင်းပြောလာသည်။ ထို့နောက် ကြယ်ဒင်္ဂါး၆သိန်း ၇သိန်းကျော်ပစ္စည်းများကို ဟဲဟောင်မင်အားစျေးလျှော့ကာရောင်းပေးခဲ့သည်။


“ချန်ရှန်း.မက်ခါကုမ္မဏီ...” 


ဟဲဟောင်မင်က ပစ္စည်းများ၏တံဆိပ်ကိုကြည့်ရင်း အံ့သြသွားသည်။ 


“ဒီကုမ္မဏီက အင်ပါယာကြယ်မှာ အရမ်းနာမည်ကြီးတာမဟုတ်လား..ပိုင်ရှင်ကိုတော့ငါမသိဘူး...ကြားတာတော့ သူတို့ကအနာဂတ်မှာ တပ်မတော်နဲ့ပူးပေါင်းဖို့ရှိတယ်ဆို...”


စုကျီနန် ခေါင်းညှိတ်လိုက်သည်။ 


“ဟုတ်တယ်...ငါမင်းကို အများကြီးလျှော့ပေးထားတာနော်...စွန့်ပစ်ကြယ်ကလူအချင်းချင်းမို့လို့ အကူအညီပေးချင်လို့လေ...”

58.2


ဟဲဟောင်မင်အတွက်မူ စုကျီနန်၏အကူအညီသည် အမှောင်ထုထဲမှအလင်းတစ်စနှင့်တူညီသည်။ သူကမျက်ရည်ပင်ကျလုနီးနီး ထိရှသွားခဲ့သည်။


၎င်းဖြစ်ရပ်ကြောင့် စုကျီနန်၏ကြင်နာမှုကို အမြဲအမှတ်ရနေခဲ့ရာ ယွမ်ရှင်းကျဲနှင့်အခြားလူများကသာ စုကျီနန်ကို အသုံးချပြီးလုပ်ကြံခြင်းဖြစ်သည်ဟု သူယူဆခဲ့ခြင်းဖြစ်သည်။


သို့သော် စုကျီနန်က သူ့အားအဆိုပါပစ္စည်းများရောင်းပြီးပြီးချင်း ချီယုနှင့်သွားတွေ့ခဲ့မည်ဟု ဟဲဟောင်မင်မထင်ထားခဲ့ချေ။


ချီယုက မေးလိုက်သည်။


"မင်း အဲ့ဒါတွေရောင်းပြီးပြီလား.."


သူက မုန်တိုင်းမက်ခါအတွက်လိုအပ်သောပစ္စည်းများကို ယွမ်ရှင်းကျဲထံမှတောင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် စိတ်တိုင်းမကျသောကြောင့် စုကျီနန်အားရောင်းခိုင်းလိုက်သည်။


“အင်း...ဟဲဟောင်မင်ကို ရောင်းလိုက်ပြီ..” စုကျီနန်က ခေါင်းညှိတ်လိုက်သည်။“ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေအားလုံးကအသစ်ဆိုပေမယ့် နည်းနည်းတော့ချို့ယွင်းချက်ရှိတယ်လေ...ပြီးတော့မင်းမှမကြိုက်တာ...ငါသူ့ကိုလျှော့စျေးနဲ့ရောင်းပေးလိုက်တယ်...”


“ဟဲဟောင်မင်က တကယ့်ကိုကပ်စေးနှဲတာပဲ..” ချီယုက မျက်မှောင်ကြုတ်လိုက်သည်။


 “သူကစျေးသက်သက်သာသာနဲ့ ရလိုက်တာပဲ....၃သိန်းနဲ့ရောင်းလာတာမဟုတ်လား..တစ်သိန်းကိုမင်းယူလိုက်.. ”


စုကျီနန်က မြူးတူးစွာရယ်လိုက်သည်။


“သူလက်ဆောင်ပေးထားတဲ့ ပစ္စည်းတွေကို ရောင်းပစ်တယ်ဆိုတာ ယွမ်ရှင်းကျဲသိသွားရင် စိတ်ဆိုးလိမ့်မယ်ထင်တယ်...”


ထိုအချိန်တွင် ချီယုကဤကဲ့သို့ဖြေခဲ့သည်။ 


“ငါကလွှင့်ပစ်တာမှမဟုတ်တာ..သူငါ့ကိုပေးခဲ့ပြီးသားပစ္စည်းကို ပိုက်ဆံအဖြစ်ပြောင်းလို့မရဘူးလား...”


စုကျီနန်က ဟဲဟောင်မင်အား အဆိုပါအမှန်တရားကိုသိခွင့်မပေးခဲချေ။


ဟဲဟောင်မင်၏လက်ကိုငှားကာ ယွမ်ရှင်းကျဲကိုအနိုင်ပိုင်းမည်ဟု စုကျီနန်ကကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဟဲဟောင်မင်အနေဖြင့် ယွမ်ရှင်းကျဲအားမုန်းတီးနေလျှင် ကိစ္စများကပို၍ချောမွေ့လိမ့်မည်။


....


အင်တာနက်ပေါ်ရှိ လူအားလုံးနီးပါးသည် ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်၏ပြိုင်ပွဲကို ပြောဆိုနေကြသည်။


“ယွမ်ရှင်းကျဲက အတော်ဆုံးအိုမီဂါဆိုပေမယ့် ဟဲဟောင်မင်ကိုတော့ မနိုင်လောက်ဖူးထင်တယ်...”


“သူက သတ္တိတော့ရှိတယ်...ဒါပေမယ့်နိုင်မယ်တော့မထင်ဘူး”


“Bအဆင့်က Aအဆင့်ကိုယှဥ်တိုက်နိုင်တာတောင် လွန်လှပြီ...Sအဆင့်နဲ့ဆိုတာကတော့ အင်း....စွန့်စားမှုကြီးပဲ…”


“ကံခေတာပဲ...ယွမ်ရှင်းကျဲသာ ဆယ်ပွဲမြောက်ကိုနိုင်ရင် သူ့ရဲ့အရှုံးမရှိစံချိန်က တခြားအိုမီဂါတွေချိုးဖျက်ဖို့အတွက် တော်တော်လေးခက်မှာ..”


“ဒါပေမယ့် ကိုးပွဲဆက်တိုက်အရှုံးမရှိဘူးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း ရှင်းဟိုင်တက္ကသိုလ်ရဲ့အိုမီဂါတွေကြားမှာတော့ တကယ့်ကိုဒဏ္ဏာရီပဲမဟုတ်လား...”


“ဟုတ်တယ်...ကျောင်းလက်ရွေးစင်အသင်းထဲဝင်ရင်လည်း ကြယ်ဒင်္ဂါး၅သောင်းရဦးမှာ...ပြိုင်ပွဲနိုင်ရင်ရမယ့်၅သိန်းနဲ့တော့ယှဥ်လို့မရပေမယ့်ပေါ့...”


“ယွမ်ရှင်းကျဲရဲ့ နောက်ဆုံးပြိုင်ပွဲကို ကြည့်တော့ကြည့်ချင်သား...သိပ်တော့မထူးခြားပါဘူး..ဘာပဲဖြစ်ဖြစ်သူကရှုံးမှာပဲ..”


ချီယုက တုန့်ပြန်ချက်များကိုဖတ်ရင်း စိတ်ဆိုးလာသည်။ သူကယွမ်ရှင်းကျဲအတွက် သူတို့အားဆူပစ်ချင်သော်လည်း တစ်ချိန်ထဲမှာပင် အဓိပ္ပာယ်မရှိဟုခံစားရသည်။


ယွမ်ရှင်းကျဲ၏နှလုံသားသူ့ဘက်ပြန်လည်လာစေရန်အတွက် ချီယုအနေဖြင့် ယခုမှစ၍ပိုဂရုစိုက်ပြမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ယွမ်ရှင်းကျဲရှိမည့်နေရာအားစုံစမ်းကာ မက်ခါပြုပြင်ရေးအခန်းတံခါးဝ၌ ထွက်မလာမချင်းရပ်စောင့်နေလေသည်။


သူနှင့်ဟဲဟောင်မင်က တစ်သင်းထဲသားချင်းဖြစ်ပြီး သူသည်လည်းမုန်တိုင်းမက်ခါမောင်းသူဖြစ်သည်။ သူသံလွင်ခက်ကမ်းလှမ်းလိုက်လျှင် ယွမ်ရှင်းကျဲက သူ့အကူအညီကိုသေချာပေါက်တောင်းခံလာမှာအသေအချာပင်။ 


ချီယုက ယုံကြည်ချက်အပြည့်ဖြင့် အခန်းတံခါးဝတွင် ဆက်လက်စောင့်ဆိုင်းနေလေသည်။ 


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲနှင့်ပတ်သတ်၍ စိတ်တိုင်းမကျဖြစ်နေသည်။ ဒီရက်ပိုင်းတွင် သူသည် တစ်ဖက်လူ၏အကြောင်းကိစ္စများကို အလွန်အမင်းအာရုံစိုက်မိနေခဲ့ပြီး ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်၏ပြိုင်ပွဲအကြောင်း ကြားလိုက်ရချိန်တွင် သူ့နှလုံးသားပင်အေးခဲသွားသလို ခံစားခဲ့ရသည်။


အရင်နှစ်ပြိုင်ပွဲတွင် ဟဲဟောင်မင်က စတုတ္ထနေရာသာရခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ သူ၏စွမ်းဆောင်ရည်သည် ခဲ့လိုင်နှင့်အက်ရှလေကိုပင် ကျော်လွန်သွားပြီဖြစ်သည်။


ဟဲဟောင်မင်၏ခွန်အားသည် အားလုံးသိရှိထားသည်ထက် အဆများစွာသာလွန်မှန်း လော့ဝမ်ချွန်းနားလည်သည်။


ယွမ်ရှင်းကျဲက အဲ့ဒီ့လိုပြိုင်ဘက်ကို ဘယ်လိုလုပ်နိုင်နိုင်မှာလဲ...


ပြိုင်ပွဲအခြေအနေအား သူအကြမ်းဖျဥ်းတွက်ချက်ပြီးပြီဖြစ်ပြီး ယွမ်ရှင်းကျဲအတွက် ဘာကောင်းကျိုးမှမရှိချေ။


သို့သော် သူ့အနေဖြင့် ယွမ်ရှင်းကျဲကိုပြိုင်ပွဲအပေါ်လက်လျှော့ရန် မပြောရက်။


ယွမ်ရှင်းကျဲကိုစိတ်ပူနေသော်လည်း ဤပြိုင်ပွဲတွင် မည်ကဲ့သို့အသာစီးရအောင် ကြိုးစားမည်ကိုလည်း သိချင်မိသည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ပြိုင်ပွဲအကြောင်းကိုသာ ဆက်လက်တွေးနေမိသည်။ သူ့ကိုယ်သူသတိထားမိချိန်တွင် တစ်မနက်ခင်းလုံးကုန်သွားလေပြီ။


သူ့အနေဖြင့် ယွမ်ရှင်းကျဲအကြောင်းတွေးနေမိခြင်းကို ရပ်တန့်၍မရချေ။ နောက်ဆုံးတွင် မက်ခါပြုပြင်ရေးအခန်းသို့သွားကာ ယွမ်ရှင်းကျဲကိုလိုက်ရှာတော့သည်။


လော့ဝမ်ချွမ်းက အဆောက်အဦးအပြင်ဘက်နားထိလမ်းလျှောက်လာရင်း ရင်းနှီးနေသောစိတ်ကုန်စရာမျက်နှာကိုတွေ့လိုက်သည်။ ချီယုပင်ဖြစ်သည်။


ချီယုက ယွမ်ရှင်းကျဲနှင့်စကားပြောနေသည်။


အဆိုပါပုံရိပ်နှစ်ခုအားကြည့်နေရင်း လော့ဝမ်ချွမ်းနှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်ပြီး မေးကြောများထင်းလာခဲ့သည်။


ယွမ်ရှင်းကျဲအပေါ် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီးခါစအချိန်တွင် ယခုကဲ့သို့မြင်ကွင်းမျိုးသည် သူ့အားမသက်မသာခံစားရစေသည်။ လော့ဝမ်ချွမ်းက မြင်ကွင်းကိုကျောခိုင်းလိုက်သည်။ 


ယွမ်ရှင်းကျဲက ချီယု၏လာရောက်လည်ပတ်မှုအပေါ် စိတ်ကုန်နေလေသည်။ သူ့အားပြောဆိုပြီးနောက် ရင်းနှီးနေသောနောက်ကျောကိုတွေ့လိုက်ရသည်။


လော့ဝမ်ချွမ်းမဟုတ်လား...


ဘာ့ကြောင့်မှန်းမသိပေမယ့် အခုရက်ပိုင်း သူ့ကိုသိပ်မတွေ့ရသလိုပဲ...သူအလုပ်များနေတာလား..


ယွမ်ရှင်းကျဲက ချီယုကိုဂရုစိုက်မနေတော့ပဲ လော့ဝမ်ချွမ်းနောက်သို့ အပြေးကလေးလိုက်လာခဲ့သည်။ သူ့နှုတ်ခမ်းကလေးများသည် ပျော်ရွှင်စွာပြုံး၍နေလေသည်။


လမ်းနှစ်ဖက်တွင်ရှိသော ချယ်ရီပင်များတွင် ချယ်ရီပန်းများဝေဝေဆာဆာဖူးပွင့်လျှက်ရှိသည်။ နေရောင်ခြည်သည် ပန်းများအပေါ်သို့ ပန်းချီကားတစ်ချပ်အားဆေးခြယ်သကဲ့သို့ ခမ်းနားလှပစွာဖြာကျနေသည်။


ယခုအချိန်တွင် အဆိုပါရှုခင်းကို လော့ဝမ်ချွမ်း မခံစားနိုင်ချေ။ သူဘာ့ကြောင့် စိတ်ဆိုးနေရမှန်းလည်း သူ့ကိုယ်သူမသိ။


ထိုစဥျ...


အနောက်မှ ခြေသံကြားလိုက်ရသည်။


ပြန်လှည့်မကြည့်ရသေးခင် သူ့ကျောင်းယူနီဖောင်းအနားစကို အားသေးသေးလေးတစ်ခုက မဝံ့မရဲဆွဲလာသည်။


လော့ဝမ်ချွမ်းက နောက်သို့လှည့်ကြည့်ရင်း ရုတ်တရက်ရပ်တန့်သွားသည်။


xxxxx