အပိုင်း ၅၇
Viewers 17k

Chapter 57


ရက်အနည်းငယ်ကြာပြီးနောက် ရှင်းဟိုင်စစ်တက္ကသိုလ်၏မက်ခါပြိုင်ပွဲသည် ပြီးခါနီးနေပြီဖြစ်သည်။


စုကျီနန်အား အနိုင်ယူပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲက အောင်မြင်မှုများစွာဆက်လက်သိမ်းပိုက်ခဲ့သည်။ သူ၏ Bအဆင့်ကြယ်နှစ်ထပ်မက်ခါဖြင့် ပြိုင်ပွဲတစ်ခုပြီးတစ်ခုအနိုင်ရခဲ့လေသည်။


ဆဌမမြောက်ပွဲတွင် ကာလက်နှင့်ယှဥ်ပြိုင်စဥ်က အတွေ့အကြုံအားအသုံးချကာ ပြိုင်ဘက်မောင်းနှင်သော ကြယ်တံခွန်မက်ခါ၏လက်မောင်းအား မိနစ်အနည်းငယ်အတွင်းဖယ်ရှားပစ်ခဲ့သည်။


သတ္တမပြိုင်ပွဲတွင် ယွမ်ရှင်းကျဲက Aအဆင့်အလင်းဓားမက်ခါနှင့်ရင်ဆိုင်ရသည်။ ပြိုင်ဘက်မက်ခါက သူ့အားပိုင်းဖြတ်ရန်ရွယ်လိုက်ချိန်တွင် တစ်ချက်ကလေးပင်တုံ့ဆိုင်းမနေပဲ အနိုင်ပိုင်းခဲ့သည်။ 


ပုံရိပ်ယောင်မက်ခါနှင့် ၈ပွဲမြောက်တွင် ပထမဆုံးအကြိမ်ရင်ဆိုင်ရသည့်အခါ အစပိုင်းဆယ့်သုံးမိနစ်၌ လျှင်မြန်သောအာရုံကိုအသုံးပြု၍ ရှောင်ရှားခဲ့သည်။ ထို့နောက် သီးခြားစကေးအားသုံးကာ ပြိုင်ဘက်အားပွဲတွင်းမှကန်ထုတ်ခဲ့သည်။


နောက်တစ်ပွဲတွင်မူ A+အဆင့်ကြယ်နှစ်ထပ်မက်ခါနှင့် ရင်ဆိုင်ရသည်။ ယွမ်ရှင်းကျဲ၏ ကြယ်နှစ်ထပ်မက်ခါအပေါ် နားလည်မှုသည် ပြိုင်ဘက်ထက်သာလွန်လေသည်။ ထို့အပြင် သူ၏ကြောင်နှင့်လည်း ပိုမို၍လိုက်လျောညီထွေဖြစ်လာခဲ့ရာ ၁၈မိနစ်တွင် အနိုင်ရခဲ့သည်။


လူတစ်ချို့က ယွမ်ရှင်းကျဲ၏ကံကောင်းမှုကြောင့် စုကျီနန်နှင့်ကာလက်အား အနိုင်ရခဲ့သည်ဟုထင်ကြသည်။ သို့သော် သူကအဆက်မပြတ်နိုင်ပွဲများဖြင့် သူ့ခွန်အားကိုသက်သေပြခဲ့လေသည်။


နဝမမြောက်ပြိုင်ပွဲအပြီးတွင် ယွမ်ရှင်းကျဲ၏နိုင်ပွဲအရေအတွက်မှာ ကိုးပွဲတိတိရှိနေပြီဖြစ်သည်။


အမှန်တကယ်တွင် ထိုသို့ကိုးပွဲဆက်တိုက်အနိုင်ရသူမှာ ငါးယောက်ခြောက်ယောက်လောက်ထပ်ရှိသေးသည်။ သို့ရာတွင် ယွမ်ရှင်းကျဲကမူ အနိုင်ရသူများထဲရှိ တစ်ယောက်ထဲသောအိုမီဂါဖြစ်ရုံသာမကပဲ အားအနည်းဆုံးလည်းဖြစ်လေသည်။


ရှင်းဟိုင်တက္ကသိုလ်အိုမီဂါများအတွင်း အရင်နှစ်ပြိုင်ပွဲရှိ စုကျီနန်၏ ရှစ်ပွဲဆက်အနိုင်ရမှုအားကျော်ဖြတ်ကာ ယွမ်ရှင်းကျဲကစံချိန်အသစ်တင်သွားလေသည်။


ကျောင်းဖိုရမ်၌ ယွမ်ရှင်းကျဲအကြောင်းသည် အခြားမက်ခါအကြောင်းအရာများထက် ပို၍လူပြောများနေခဲ့သည်။


အိုမီဂါများက သူတို့အိုင်ဒေါအဖြစ် ယွမ်ရှင်းကျဲကိုစတင်သတ်မှတ်လာကြသည်။


"ယွမ်ရှင်းကျဲက အရမ်းမိုက်တာပဲ...ငါလည်းသူ့လိုမျိုး ပြိုင်ပွဲကွင်းပြင်မှာ အယ်လ်ဖာတွေကို နောက်ချန်ထားခဲ့ချင်လိုက်တာ.."


"ငါတို့အားလုံးက အိုမီဂါတွေချည်းမလား...ဘာလို့ယွမ်ရှင်းကျဲကျ အရမ်းတော်နေရတာလဲ.."


"နောက်ပြီးသူက B အဆင့်တိုက်ခိုက်သူပဲရှိသေးတာလေ..."


"ဉာဏ်ရှိရှိအသုံးချမယ်ဆိုရင် Bအဆင့်က Aအဆင့်ကိုနိုင်နိုင်တယ်ဆိုတာ ယွမ်ရှင်းကျဲကသက်သေပြနေတာပဲ.."


"သူ့ရဲ့ မက်ခါပြင်တဲ့စွမ်းရည်ကလည်း အံ့မခမ်းပဲ..ငါသူ့ကိုအရမ်းလေးစားတယ်.."


စုကျီနန်၏ အင်အားကြီးပြီးသန်မာသောပုံရိပ်နှင့်ယှဥ်ပါက ယွမ်ရှင်းကျဲ၏အဆင့်မှာအတော်လေးနိမ့်သည်ဟုပြောလို့ရသည်။ သို့ရာတွင် သူ့ကိုယ်ပိုင်စွမ်းရည်အား အကောင်းဆုံးအသုံးချကာ အိုမီဂါများ၏အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။


ယွမ်ရှင်းကျဲ ကျောင်းထဲသို့လမ်းလျှောက်လာလျှင် အမှတ်တရလက်မှတ်ထိုးပေးရန်ပြောသူများ၊ မက်ခါအကြောင်းလာမေးသူများနှင့် ဝိုင်းဝိုင်းလည်နေတော့သည်။


ယွမ်ရှင်းကျဲက မက်ခါနှင့်ပတ်သတ်သော အကြောင်းအား မေးမြန်းလျှင် စိတ်ရှည်လက်ရှည်ပြန်လည်ဖြေကြားပေးလေ့ရှိသည်။ ပြုပြင်ရန်သူ့အားအပ်နှံလိုသူများအတွက်မူ တိုက်ရိုက်ငြင်းဆိုသည်။ 


"ကျွန်တော်က လော့ဝမ်ချွမ်းရဲ့ သီးသန့်မက်ခါပြင်သူပါ...ကျွန်တော် တခြားမက်ခါကို မပြင်ပါဘူးခဗျ.."


သူ့အား သူတို့၏မက်ခါများကို ကြည့်ရှုပေးစေချင်ကြသောအိုမီဂါများသည် သရဲအားမြင်လိုက်ရသကဲ့သို့ထိတ်လန့်သွားကြသည်။


 "မင်းကဘာလို့များ လော့ဝမ်ချွမ်းရဲ့မက်ခါမာစတာ ဖြစ်ရတာလဲ..."


ယွမ်ရှင်းကျဲအား အလွန်နှမြောနေကြသည်။


ပြောရမယ်ဆိုရင် လော့ဝမ်ချွမ်းကအိုမီဂါတွေကို ကြောက်တယ်လေ...သူကသူတို့ရဲ့ဟီးရိုးအပေါ် မောက်မောက်မာမာဆက်ဆံနိုင်တယ်မဟုတ်လား.....


အဆိုပါအကြောင်းအရာသည် ဖိုရမ်တွင် အယ်လ်ဖာရော ဘီတာရော အိုမီဂါရော စိတ်ဝင်တစားဆွေးနွေးသည့်ခေါင်းစဥ်ဖြစ်လာပြန်သည်။


(ယွမ်ရှင်းကျဲက တကယ်ကြီးလော့ဝမ်ချွမ်းရဲ့ မက်ခါမာစတာလား..)


(အမှန်ပဲ...ငါသူတို့အတူတူနေ့လည်စာစားနေတာ တွေ့ခဲ့တယ်..)


(ကြည့်ရတာ လော့ဝမ်ချွမ်းကအဆင့်ချိုးဖျက်တော့မှာထင်တယ်...)


(ဟုတ်လောက်တယ်...အသန်မာဆုံးတိုက်ခိုက်သူက အသန်မာဆုံးမက်ခါမာစတာကိုရသွားတာပဲ..)


(လော့ဝမ်ချွမ်းက အိုမီဂါတွေကိုကြောက်တယ်မဟုတ်လား...ဘာလို့ငါတို့ဆီကနေ ယွမ်ရှင်းကျဲကိုလုယူသွားရတာတုန်း...)


(ယွမ်ရှင်းကျဲနဲ့လော့ဝမ်ချွမ်းကြားက ဆက်ခံရေးကိုသိချင်မိသား...)


ထင်မြင်ချက်များအားလုံးသည် လော့ဝမ်ချွမ်းအား မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။


စစ်တက္ကသိုလ်တွင် လူတိုင်းသန်မာလိုကြသည်။ အရည်အချင်းရှိသော မက်ခါမာစတာတစ်ဦးသည် ပိုက်ဆံရှိရုံနှင့်ရနိုင်သောအရာမဟုတ်ချေ။ တက္ကသိုလ်ပြင်ပရှိ မက်ခါမာစတာအချို့ကမူ စစ်တပ်တွင်းသို့ဝင်ရောက်သွားနှင့်ပြီဖြစ်သည်။ 


“ရှင်းကျဲ..ဖိုရမ်မှာ ခုရက်ပိုင်းမင်းအကြောင်းတွေချည်းပဲ..” 


လုရန်ရှုက ယွမ်ရှင်းကျဲကိုပြောလိုက်သည်။ 


“ပို့စ်ငါးခုမှာ သုံးခုကမင်းအကြောင်းချည်းပဲ...ကျန်တဲ့နှစ်ခုက လော့ဝမ်ချွမ်းအကြောင်း...”


“အာ..ဟုတ်လား” 


ယွမ်ရှင်းကျဲတွင် အံ့သြဟန်မရှိပေ။ အရင်ဘဝတွင်လည်း သူကကျော်ကြားသော မက်ခါမာစတာပင်ဖြစ်သည်။ ဤမျှလောက်က သူ့အတွက်ဘာမှမဟုတ်ချေ။


"မင်းမပျော်ဘူးလား.."


လုရန်ရှုက အံ့သြသွားသည်။


 "အခုဆို ကျောင်းလက်ရွေးစင်အသင်းကလူတွေပါ မင်းအကြောင်းပြောနေကြပြီ..."


လောလောဆယ်တွင် ၉ပွဲဆက်တိုက်အနိုင်ရသူ ၆ဦးရှိသည်။ ယွမ်ရှင်းကျဲအပြင် လော့ဝမ်ချွမ်း၊ ခယ့်လိုင်၊ အက်ရှလေ၊ ဟဲဟောင်မင်နှင့် ချီယုတို့ဖြစ်သည်။


ချီယုကမူ အရင်နှစ်ကစုကျီနန်အပေါ် အလျှော့ပေးခဲ့ခြင်းကြောင့် ဆယ်မှတ်အနှုတ်ခံထားရသည်။ သူ့အား ၈ပွဲနိုင်သူအဖြစ်သာရေတွက်လေသည်။ 


“ပြောရမယ်ဆိုရင်...” 


လုရန်ရှုက ပါးစပ်ထဲရှိမုန့်များအား ပလုတ်ပလောင်းစားနေရင်း သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်သည်။

57.2


“မင်းက Sအဆင့်ရှိတဲ့လူတွေနဲ့ တစ်သင်းထဲဖြစ်တော့မှာ..”


ယွမ်ရှင်းကျဲက အခုမှအာရုံစိုက်လာသည်။ ကျောင်းလက်ရွေးစင်အသင်းသို့ဝင်ရန်ကိုရော တစ်ကျောင်းလုံး၏အာရုံစိုက်မိစေရန်ကိုပါ သူစိတ်မဝင်စားချေ။


သူဂရုစိုက်သည့် တစ်ခုထဲသောအရာမှာ ဆယ်ပွဲဆက်အနိုင်ရပြီးလျှင်ရမည့် ကြယ်ဒင်္ဂါး၅သိန်းသာဖြစ်သည်။


လုရန်ရှုက စိတ်လှုပ်ရှားမှုကြောင့် တူများလွတ်ကျတော့မလိုဖြစ်သွားသည်။ 


“ရှင်းကျဲ...မင်းကအရမ်းမိုက်တာပဲ...မင်းပြိုင်ပွဲမှာ S အဆင့်တွေနဲ့သာမကြုံရရင် ရှင်းဟိုင်တက္ကသိုလ်ရဲ့ဒဏ္ဏာရီဖြစ်လာမှာ...”


လုရန်ရှုအဘယ်ကြောင့် စိတ်လှုပ်ရှားနေရမှန်း ယွမ်ရှင်းကျဲမသိချေ။


သို့ရာတွင် ကြယ်ဒင်္ဂါး၅သိန်းအားတွေးမိသောအခါ သူကပြုံးလိုက်သည်။


"ငါလည်း သူတို့နဲ့မပြိုင်ရဖို့ မျှော်လင့်တယ်..."


Sအဆင့်အောက်ပြိုင်ပွဲဝင်များအား သူတိုက်ခိုက်နိုင်သော်လည်း A+အဆင့်သည်ပင် သူ့အတွက်အတော်လေးခက်ခဲနေပြီဖြစ်သည်။ အကယ်၍ အဆိုပါ Sအဆင့်လေးယောက်ထဲမှ တစ်ယောက်ယောက်နှင့် ယှဥ်ပြိုင်ရလျှင် ကြယ်ဒင်္ဂါးငါးသိန်းအား နှုတ်ဆက်ရမှာဖြစ်သည်။


“စိတ်မပူပါနဲ့ ရှင်းကျဲ..” 


လုရန်ရှုက သူ၏ ဖျော်ရည်ဖန်ခွက်ကို ကိုင်မြှောက်ရင်းနှစ်သိမ့်လိုက်သည်။ 


“မင်းဒီလောက်လည်း ကံမဆိုးနိုင်ပါဘူး..ငါပြောတာယုံစမ်းပါ..တကယ်လို့အဲ့ဒီ့ Sအဆင့်ထဲကတစ်ယောက်ယောက်နဲ့ပြိင်ရရင် ငါကင်းမြှီးကောက်ထောင်ပြီး အအေးသောက်ပြမယ်.. ”


ယွမ်ရှင်းကျဲက သူ့ခွက်အားယူကာ ဖန်ခွက်ချင်းတိုက်လိုက်သည်။


 "မင်းရဲ့ ဆုတောင်းပေးမှုအတွက် ကျေးဇူး.."


 


တစ်ရက်ကြာပြီးနောက်...


အိုမီဂါအမျိုးသားအိပ်ဆောင်တွင်ဖြစ်သည်။


လေထုသည် အလေးအနက်ဖြစ်နေသည်။


“ဘယ်လိုဖြစ်ပြီးတော့..."


ယွမ်ရှင်းကျဲက မှတ်ဉာဏ်တုမျက်နှာပြင်ကို ကြည့်ရင်းမျက်မှောင်ကြုတ်လိုက်သည်။ သူ့အသံတွင် ရှုပ်ထွေးမှုများပါဝင်နေသည်။


"ငါကဘယ်လိုလုပ်ပြီးတော့ နောက်ဆုံးပြိုင်ပွဲမှာ ဟဲဟောင်မင်နဲ့တိုက်တိုက်ဆိုင်ဆိုင်သွားကျရတာလဲ...”


“ဂလူး...ဂလူး..”


လုရန်ရှုက ကင်းမြှီးကောက်ထောင်ရင်း ဖန်ပုလင်းထဲရှိအအေးကို ပိုက်ဖြင့်စုပ်သောက်နေရာမှ မျက်လုံးများလိမ့်လိုက်မိသည်။


ခဏအကြာတွင် သူကပိုက်ကိုထွေးထုတ်လိုက်ပြီး “တခြားလူတွေကထားပါ...ဒါပေမယ့် ဟဲဟောင်မင်က စုကျီနန်မင်းကိုအရိုအသေပေးနေရတုန်း လာဆွဲတဲ့ကောင်မဟုတ်လား..”


“အဲ့လိုမနေစမ်းပါနဲ့...မင်းသောက်တာသုံးပုလင်းတောင်ရှိနေပြီ..”


 ယွမ်ရှင်းကျဲက အကူအညီမဲ့စွာဖြင့် သူ့နဖူးသူအုပ်ကိုင်လိုက်သည်။


 “မြန်မြန် ထတော့..”


လုရန်ရှုက ကင်းမြှီးကောက်ထောင်ခြင်းကိုအဆုံးသတ်လိုက်ပြီးနောက် ပုလင်းအခွံများသိမ်းနေရင်း မေးလာသည်။


 ”ရှင်းကျဲ...မင်းဟဲဟောင်မင်မောင်းတဲ့ မုန်တိုင်းမက်ခါမျိုးတစ်ခါမှမကြုံဖူးသေးဘူးနော်...”


“အဲ့ဒီ့အပြင်...” 


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။


 “သူက Sအဆင့်လေ...ကြည့်ရတာအခုတော့ သတိကြီးကြီးထားဖို့လိုနေပြီ..”


“ပိုဆိုးတာက ဟဲဟောင်မင်ကမင်းကိုရန်လိုနေတာပဲ..” 


လုရန်ရှုက စိုးရိမ်စွာမေးလိုက်သည်။


 “သူကလည်း ကာလက်လိုအရူးမျိုးဆိုရင် မင်းဘာလုပ်မှာလဲ..”


ယွမ်ရှင်းကျဲ တိတ်ဆိတ်သွားသည်။ သူ့မျက်ဝန်းထဲတွင် လုရန်ရှုနားမလည်သော ပုံရိပ်များစွာထင်ဟပ်နေသည်။


“စကားမစပ်...ငါ့ပြိုင်ပွဲတွေကသိပ်မကောင်းဘူးဆိုပေမယ့်..” 


လုရန်ရှုက ခေါင်းစဥ်ပြောင်းလိုက်သည်။ 


“ပြိုင်ပွဲရဲ့ အနိုင်ရနိုင်ချေကိုတွက်တဲ့ ဆော့ဖ်ဝဲတစ်ခု လုပ်ထားတာရှိတယ်..”


ယွမ်ရှင်းကျဲက သူ့အားကြည့်လိုက်သည်။ 


“မင်းက အဲ့လိုမျိုးလဲလုပ်တတ်တာလား..”


“ငါက ပရိုဂရမ်ဆွဲတဲ့နေရာမှာတော်တယ်လေ” 


လုရန်ရှုက မှတ်ဉာဏ်တုအားဖွင့်ရင်းပြောလိုက်သည်။


 “နောက်ပြီး ပြိုင်ပွဲမစခင်လည်း ငါဒီဆော့ဖ်ဝဲကိုသုံးလေ့ရှိတယ်..”


“မင်းအနိုင်ရနိုင်ချေ ပိုများအောင်လား..” 


ယွမ်ရှင်းကျဲက အလေးအနက်ဖြစ်လာသည်။


“ရန်ရှု...မင်းကတကယ့်ကိုပဲ..”


“ဖိုရမ်ကဒင်္ဂါးတွေလည်း ပိုရတာပေါ့..” 


လုရန်ရှုက ပုံမှန်သာပြောလိုက်သည်။


 “အနိုင်အရှုံးကို ကြိုသိတော့ရောဘာလုပ်ရမှာလဲ...ငါကရှုံးနေတုန်းပဲ..”


ယွမ်ရှင်းကျဲ၏ နှုတ်ခမ်းထောင့်များသည်တင်းကြပ်သွားသည်။ ဆော့ဖ်ဝဲက သိပ်ပြီးအားကိုး၍မရလောက်ချေ။


လုရန်ရှုက ဆော့ဖ်ဝဲကိုဖွင့်လိုက်ကာ ယွမ်ရှင်းကျဲ၏အချက်အလက်များနှင့် ပြိုင်ဘက်နေရာတွင် စုကျီနန်၏အချက်အလက်များကို ထည့်သွင်းလိုက်သည်။


ဆော့ဖ်ဝဲက ပြန်လည်တင်ပြလာသည်။


[ယွမ်ရှင်းကျဲနှင့် စုကျီနန်..အနိုင်ရနိုင်ချေ =၆၇.၅၂%]


နံပါတ်များအားမြင်ပြီးနောက် ယွမ်ရှင်းကျဲအံ့သြသွားသည်။


အဆိုပါရာခိုင်နှုန်းသည် သူ့မက်ခါအားအဆင့်မြှင့်ပြီးနောက် တွက်ချက်ခဲ့သည့်အနိုင်ရနိုင်ချေနှင့် အတော်လေးနီးစပ်နေလေသည်။


ထို့နောက် လုရန်ရှုက ယွမ်ရှင်းကျဲနှင့်ကာလက်အား ထပ်မံတွက်ချက်ကြည့်ရာ အနိုင်ရနိုင်ချေမှာ ၆၀ရာခိုင်နှုန်းကျော်လေသည်။


“ရန်ရှု...မင်းကတကယ့်ကိုပါရမီရှင်ပဲ..” 


ယွမ်ရှင်းကျဲက လုရန်ရှုအားလေးစားမှုအပြည့်ဖြင့် ချီးကျူးလိုက်သည်။ သူခုနက အထင်လွဲခဲ့ခြင်းသာဖြစ်သည်။


 “ဆိုတော့...အဲ့ဒီ့တုန်းက မင်းငါအပေါ်မှာ ဖိုရမ်ဒင်္ဂါးတွေအကုန်လောင်းလိုက်တာ ငါနိုင်မယ်မှန်းကြိုသိလို့ပေါ့ ဟုတ်လား..”


“ဘယ်ကသာ...ငါဆော့ဖ်ဝဲကို အဲ့လောက်တိကျမယ်လို့မထင်ထားခဲ့ဘူး...ဒီတိုင်းမင်းကိုယုံလိုက်ရုံပဲ...”


လုရန်ရှုက စုကျီနန်၏အချက်အလက်များအား ဟဲဟောင်မင်နှင့်အစားထိုးလိုက်သည်။


 “ငါဟဲဟောင်မင်ရဲ့အချက်အလက်တွေကို ပင်မစာမျက်နှာကရထားတယ်...သူပြိုင်ခဲ့တဲ့ဗီဒီယိုတွေတောင်ပါသေးတယ်...ငါ ၁၀၀ရာခိုင်နှုန်းတော့ အာမမခံနိုင်ပေမယ့် ရလဒ်နဲ့တော့နီးစပ်မယ်ထင်တယ်..."


ယွမ်ရှင်းကျဲအမူအရာသည် အလေးအနက်ဖြစ်လာသည်။


ဟဲဟောင်မင်၏အချက်အလက်များအား ဖြည့်သွင်းပြီးနောက်တွင် လုရန်ရှုအနည်းငယ်ချဥ်သွားသည်။


 "ဟဲမျိုးရိုးနဲ့ကောင်မှာ ဘယ်လိုလုပ်ပြီး မင်းတို့ယွမ်ကုမ္မဏီက မက်ခါပစ္စည်းတွေရှိနေရတာလဲ...ပြီးတော့အကုန်လုံးအသစ်တွေချည်းပဲ..”


“ငါလည်းမသိဘူး..” 


ယွမ်ရှင်းကျဲလည်း အံ့သြနေသည်။


"ဒါပေမယ့် ယွမ်ကုမ္မဏီရဲ့ပစ္စည်းတွေက စျေးမနည်းဘူး...သူကစွန့်ပစ်ကြယ်ကလာတာမဟုတ်လား...ဒီလိုတွေဝယ်နိုင်တယ်ပေါ့.."


လုရန်ရှုက ပြောလိုက်သည်။


 “ရလဒ် တွက်ပြီးသွားပြီ....”


နံပါတ်အစိမ်းရောင်လေးများသည် စခရင်ပေါ်တွင် မြန်ဆန်စွာပြောင်းလဲနေသည်။


ယွမ်ရှင်းကျဲ တံတွေးမြိုချလိုက်သည်။ 


[ရလဒ်တွက်ချက်မှု ပြီးစီးပါပြီ..]


[ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်...အနိုင်ရနိုင်ချေ=1.21%.]


“တစ်…” လုရန်ရှုမျက်လုံးများ ပြူးကျယ်လာသည်။ “တစ် ရာခိုင်နှုန်း...”


ယွမ်ရှင်းကျဲ၏နှလုံးသားသည် ခဏတာနစ်မြုပ်သွားသည်။


သူ့အနေဖြင့် လုရန်ရှု၏ဆော့ဖ်ဝဲအကြောင်း သေချာမသိသော်လည်း ယခင်တွက်ချက်မှုများအားကြည့်ပါက အသုံးမဝင်တာတော့မဟုတ်ချေ။


ထို့အပြင် ဟဲဟောင်မင်က သူ့အတွက် ခက်ခဲသောပြိုင်ဘက်ဖြစ်ကြောင်းလည်း.နားလည်ထားသည်။


သို့သော် ယွမ်ရှင်းကျဲအံ့သြနေရခြင်းမှာ အနိုင်ရနိုင်ချေ 1.21 ရာခိုင်နှုန်းကြောင့်ဖြစ်သည်။


"ဟဲဟောင်မင်က အဲ့လောက်တောင်သန်မာတာလား…” 


လုရန်ရှုက ပွစိပွစိပြောလိုက်သည်။


 “အဲ့လိုရလဒ်သာဆိုရင် မတွက်ပဲနေတာမှကောင်းဦးမယ်…”


ယွမ်ရှင်းကျဲက မျက်ဝန်းများခဏမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ သူ့မျက်ဝန်းများတွင် အထိတ်တလန့်ဖြစ်မှုများမရှိတော့ပဲ ဆုံးဖြတ်ချက်ချထားဟန် ထင်ဟပ်နေသည်။


“၁. ၂၁ရာခိုင်နှုန်းတောင်မှ နိုင်ချေရှိတာပဲမဟုတ်လား..ငါသူ့ကိုနိုင်နိုင်တာပဲ...”


လုရန်ရှုက ယွမ်ရှင်းကျဲကိုငေးကြည့်လိုက်သည်။ သူ့ထံမှဤသို့ပြောလာမည်ဟုမထင်ထားချေ။


သို့ရာတွင် ၎င်းသည်ယွမ်ရှင်းကျဲ၏ပုံစံဖြစ်သည်။


“နောက်ဆုံးပြိုင်ပွဲမတိုင်ခင် သုံးရက်ပဲရှိတော့တယ်..” 


လုရန်ရှုက ယွမ်ရှင်းကျဲကိုအလေးအနက်ပြောလာသည်။


 “ရှင်းကျဲ...မင်းအနိုင်ရနိုင်ချေများဖို့အတွက် ပိုပြီးကြိုးစားရလိမ့်မယ်..”


ယွမ်ရှင်းကျဲက ခေါင်းကိုဖြည်းညှင်းစွာ ညှိတ်လိုက်သည်။


xxxxx