အကဲဖြတ်နည်းပြဒိုင်လေးဦး ဝင်လာသည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ တက်ကြွသော သင်တန်းသားများ အဖွဲ့ဖြစ်သည်။ သူတို့ပင် လူငယ်၏နွေဦးစွမ်းအင်အား ခံစားနိုင်သည်။
"ငါတို့ရဲ့ ဒုတိယ အကဲဖြတ်မှု စတင်တော့မယ်၊ မင်းတို့ အဆင်သင့်ဖြစ်ပြီလား"
အကနည်းပြ ချင်ခယ်ဝေးက ပြုံးပြုံးရွှင်ရွှင်နှင့် မေးလိုက်သည်။
( Note : အရင်အပိုင်းမှာတုန်းက အကနည်းပြက ချင်ရော့ဝေးပါ။ အခုအပိုင်းမှာ စာရေးသူတရုတ်မက သူကိုယ်တိုင်ပေးထားတဲ့နာမည်ကို မေ့ပြီး ချင်ခယ်ဝေး လုပ်ထားတာပါ။ ಥ‿ಥ )
ယနေ့ သူ(မ)သည် သူ(မ)၏ ခန္ဓာကိုယ် အချိုးအစားများနှင့် အလွန်လိုက်ဖက်သော အနီရောင် ဝတ်စုံအား ဝတ်ဆင်ထားသည်။ စိတ်အားထက်သန်သော သွေးများ ပြည့်နေသည့် လူငယ်လေးများသည် သူတို့၏ အသံများကို မြှင့်ကာ အော်ဟစ်လိုက်ကြသည်။
"အဆင်သင့်ပါပဲ!"
ရှန်ချန်ယွိသည် စည်းမျဉ်းများကို စတင်၍ အကျဉ်းချုပ် ပြောပြလိုက်သည်။
"နောက်တစ်ခုကတော့ ငါတို့ရဲ့ ကိုယ်စားပြုသီချင်းကို ကြေညာမယ်၊ သီချင်းနဲ့ အကကို လေ့ကျင့်ဖို့အတွက် မင်းတို့ သုံးရက် အချိန်ရမယ်၊ သုံးရက်အကြာမှာ ငါတို့ လေ့ကျင့်ရေးကနေ လူတိုင်းရဲ့ ရလဒ်တွေကို စုဆောင်းပြီး မင်းတို့ရဲ့ အဆင့်တွေကို ပြန်လည် အကဲဖြတ်မယ်၊ အမှတ်အများဆုံးရတဲ့ သင်တန်းသားက စင်တာနေရာမှာ ရပ်တည်ရမှာဖြစ်ပြီး ကိုယ်စားပြုသီချင်းရဲ့ MV ( Music Video ) ကို အားလုံးနဲ့အတူ ရိုက်ကူးရမယ်..."
"ကိုယ်စားပြုသီချင်းရဲ့ စင်တာနေရာ! ကြားရုံနဲ့ကို စိတ်လှုပ်ရှားစရာပဲ"
"ကိုယ်စားပြုသီချင်းမှာ စင်တာနေရာ ရနိုင်ရင် မင်းရဲ့ ပွဲဦးထွက်ခွင့်က အခြေခံအားဖြင့် အာမခံနိုင်ပြီ"
"အားးး ငါက အဆင့် F မှာ ရှိနေတုန်းပဲ၊ MV ရိုက်ကူးရင် ပါခွင့်ရမလား မသိဘူး"
~~~
သင်တန်းသား တစ်ရာ၏ ဖွဲ့စည်းပုံသည် ကြီးမားသောကြောင့် ကိုယ်စားပြုသီချင်း ရိုက်ကူးနေစဉ် လူတိုင်း ဖန်သားပြင်၌ ပြသသည့် အပိုင်းများ ရရှိမည် မဟုတ်ပေ။
ရှိုး၏ ပထမဆုံး တရားဝင် မြှင့်တင်ရေး ထုတ်ကုန် အနေဖြင့် စင်တာနေရာဟူကား ထိုနေရာအား ရရှိသူသည် ပို၍ပင် အလင်းရောင်နှင့် အသိအမှတ်ပြုမှုအား ရရှိမည်ဟု ဆိုလိုသည်။
ထိုမျှသာမက လူတစ်ရာထဲမှ ထင်ရှားပေါ်လွင်နိုင်ခြင်းသည် ကိုယ်ပိုင် စွမ်းရည်များအား အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
မည်သူမျှ ဘာမှ မပြောခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင် သူတို့သည် ၎င်းအတွက် တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေကြသည်။
ကုဝမ်အန်းသည် သူတို့ ဆွေးနွေးမှု ပြီးဆုံးလုနီးပြီကို မြင်သောအခါ သူတို့၏ မီးစအား ထပ်မံ လောင်စာထည့်ပေးရန် ဆုံးဖြတ်လိုက်သည်။
"အဆင့် A ထဲကို ရောက်တဲ့သူတွေသာ စင်တာနေရာကို ရဖို့ အခွင့်အရေး ရမယ်၊ သုံးရက်က အချိန်အများကြီး မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ ကြိုးစားသရွေ့ မင်းတို့ရဲ့ ကိုယ်ပိုင် အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်လိမ့်မယ်"
ထိုသို့ ပြောရင်း သူသည် လုရွှိ ရှိနေသော အဆင့် A အပိုင်းအား လက်ညှိုးထိုးပြပြီး အခြား သင်တန်းသားများအား မေးလိုက်သည်။
"အဲဒီနေရာကို ယူဖို့ မင်းတို့မှာ ယုံကြည်မှု ရှိလား"
လူတိုင်း၏ အကြည့်များသည် အဆင့် A အပိုင်းသို့ ကျဆင်းသွားပြီး သူတို့၏ နှလုံးသား အောက်ခြေမှ ဆန္ဒဖြင့် အားလုံးမှာ တစ်ညီတည်း အော်ဟစ်လိုက်ကြသည်။
"ရှိပါတယ်!"
ရှန်ချန်ယွိသည် ခေါင်းခါလိုက်ပြီး သူ၏ လက်များအား ယာယီ စပီကာအဖြစ် သူ၏ ပါးစပ်ပတ်ပတ်လည်တွင် အုပ်ကာ အော်လိုက်သည်။
"မင်းတို့ ဗိုက်ပြည့်အောင် မစားခဲ့ကြဘူးလား၊ မင်းတို့ အသံတွေက အရမ်း နူးညံ့လွန်းတယ်!"
၎င်းသည် လူအုပ်စုအောက်တွင် မီးညှိလိုက်သကဲ့သို့ ဖြစ်နေပြီး သူတို့သည် သူတို့၏ အသံများကို ပို၍ပင် ကျယ်လောင်စွာ မြှင့်လိုက်ကြသည်။
"ရှိပါတယ်!"
ရှန်ချန်ယွိသည် လုရွှိ ရှိရာ အဆင့် A အပိုင်းဆီသို့ လျှောက်သွားပြီး ပြုံးလိုက်သည်။
"ဒါဆို မင်းတို့က အဲဒီနေရာကို သူတို့ ယူသွားတာကို ခွင့်ပြုမှာလား"
"မခွင့်ပြုဘူး”
ထိုခြောက်ဦးသည် ချက်ချင်းပင် ပြန်ဖြေလိုက်ကြသည်။
လုရွှိသည် အဆင့်သတ်မှတ်ချက်များအား တကယ်တမ်း စွဲလမ်းခြင်း မရှိပေ။ သူသည် ကျန်သူများအတိုင်း လိုက်နာပြီး အတူတူပင် ပြောလိုက်သည်။
သို့သော် တစ်စုံတစ်ယောက်သည် ရုတ်တရက် သူ့အား မေးလိုက်သည်။
"လုရွှိ၊ မင်း အဆင့် A မှာ နေနိုင်မယ်လို့ မင်း ထင်လား"
လုရွှိသည် သူ၏ ခေါင်းအား လှည့်လိုက်ပြီး တိတ်ဆိတ်သော ကျိရှိုးနျန်သည် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အကြည့်မှာလည်း တောက်ပနေခဲ့သည်။
ကျိရှိုးနျန်သည် အမှန်တကယ်ပင် ချောမောလှသည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိသော်လည်း ထိုနေရာ၌ ရပ်နေရုံမျှဖြင့် မျက်စိပသာဒ ဖြစ်စေရန် လုံလောက်သည်။
အခြားသူများ၏ မျက်လုံးထဲတွင် ကျိရှိုးနျန်သည် ရုပ်ရှင်ဧကရာဇ် ဖြစ်သည်။ လုရွှိ၏ မျက်လုံးထဲတွင် သူသည် အော်ဒါကြီး တစ်ခုဖြစ်၏။ ယခု သူ၏ အော်ဒါကြီးသည် သူ့အား စကားပြောနေသောကြောင့် လုရွှိ၏ စိတ်ခံစားချက်သည် ချက်ချင်း ပိုကောင်းလာသည်။ လုရွှိသည် ကျိရှိုးနျန်၏ မေးခွန်းအား ခဏတာ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"အဆင့် A ဟုတ် မဟုတ်၊ ကျွန်တော် သိပ် မသေချာဘူး၊ ဒါပေမဲ့ ဆရာကျိ ရှိနေသရွေ့ ကျွန်တော် သေချာပေါက် ရှိနေမှာပါ"
လုရွှိသည် ကျိရှိုးနျန်အား စိုက်ကြည့်ပြီး အလေးအနက်နှင့် အာရုံစိုက်နေသည်။ သူသည် ပုံမှန်အားဖြင့်ပင် အလွန်ကြည့်ကောင်းနေပြီး သူ၏ နှုတ်ခမ်းများ ကွေးညွှတ်လိုက်သည်နှင့် နွေဦး ပွင့်လန်းနေသကဲ့သို့ ဖြစ်သည်။
ထိုစဉ် ရှန်ချန်ယွိ ရယ်လိုက်၏။
"ငါ အရင်တုန်းက လုရွှိက နျန်ကောရဲ့ ပရိသတ်လို့ ကြားဖူးတာ၊ တကယ်တမ်းကျတော့ ဒါက အမှန်တရား ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မလဲ"
လုရွှိသည် ရှင်းပြခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုပေ။
"တကယ်တမ်းပြောရရင် ကျွန်တော် ဒီကို နျန်ကောအတွက် လာတာပါ"
လုရွှိ၏ အမူအရာ ပို၍ အလေးအနက် ဖြစ်လာလေလေ၊ ကျန်သူများက ၎င်းသည် ကြိုတင်စီစဉ်ထားသော ပြက်လုံးတစ်ခု ဖြစ်သည်ဟု ပို၍ တွေးလေလေပင်။
"အာ… လုရွှိက နျန်ကောရဲ့ ပရိသတ်လား"
"ဒါဆို လုရွှိက ပွဲထွက်ဖို့ ဒါမှမဟုတ် သူ့ရဲ့ အိုင်ဒေါလ်ကို လိုက်ဖို့ ဒီပြိုင်ပွဲမှာ ပါတာလား"
"သူ့ရဲ့ အိုင်ဒေါလ်အတွက် အိုင်ဒေါလ် ဖြစ်လာတာ… ဒါက တကယ်ကို အိုင်ဒေါလ်နောက်လိုက်တဲ့ လောကရဲ့ အထွတ်အထိပ်မှာပဲ"
~~~
ကျိရှိုးနျန်သည် လုရွှိအား ကြည့်ရင်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
သူသည် လုရွှိအား ပထမဆုံး မြင်ခဲ့ရသည့် အချိန်အား မှတ်မိနေဆဲဖြစ်သည်။ ထိုကောင်လေးသည် အဆင့် F တွင် ထိုင်နေပြီး သူ၏ အကြည့်သည် ကျိရှိုးနျန် အပေါ်တွင် စွဲမြဲနေကာ သူ၏ မျက်လုံးများကလည်း စိတ်အားထက်သန်မှုအား သယ်ဆောင်ထားသည်။
ထိုအကြည့်သည် သူ၏ အခြား ပရိသတ်များမှ သူ့အား ကြည့်သည့် ပုံစံနှင့် အနည်းငယ် တူသော်လည်း ၎င်းတွင် တခြားသော တစ်စုံတစ်ခု ရှိနေပုံရသည်။
ကျိရှိုးနျန်သည် အခြားသူများနှင့် နီးကပ်ခြင်းအား နေသားမကျသော်လည်း သူ၏ ပျော်ရွှင်မှုကို ငြင်းပယ်လိုခြင်းလည်း မရှိပေ။ သူ စဉ်းစားပြီးနောက် သူ့ကို ပြုံးပြရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆို မင်း ကြိုးစားရလိမ့်မယ်"
လုရွှိသည် ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်သည် ကျိရှိုးနျန်၏ လက်ကောက်ဝတ်ပေါ်သို့ သတိမထားမိဘဲ ကျဆင်းသွားသည်။
သူ၏ ဖျော့တော့သော လက်ကောက်ဝတ်သည် အလွန် လှပနေပြီး ၎င်းကြောင့်ပင် ထိုပေါ်ရှိ အနက်ရောင် အမှတ်အသားမှာ အထူးသဖြင့် ဆိုးရွားစွာ ပေါ်လွင်နေသည်။
နောက်ထပ် ကြေညာခြင်းမှာ ခေါင်းစဉ်သီချင်း ဖြစ်သည်။
'အိုင်ဒေါလ်တစ်ဦး မွေးဖွားခြင်း' ဟူသော ခေါင်းစဉ်နှင့် ကိုက်ညီစေရန်အတွက် ရှိုးပွဲသည် ကုဝမ်အန်းကို အထူးတောင်းဆို၍ 'တောက်ပသော အလင်း' သီချင်းအား ရေးစပ်စေခဲ့သည်။
/ လူငယ်ဆိုတာ မရှုံးနိမ့်တဲ့ ယုံကြည်ချက်… ငါ မင်းရဲ့ တောက်ပတဲ့ အလင်းဖြစ်ချင်တယ်… /
ချင်ခယ်ဝေးနှင့် ရှန်ချန်ယွိတို့သည် သင်တန်းသားများအား ကိုယ်တိုင် သရုပ်ပြခဲ့ကြပြီး သူတို့၏ တည်ငြိမ်ပြီး ချောမွေ့သော စွမ်းဆောင်ရည်သည် သင်တန်းသားများထံသို့ စိတ်ခံစားမှု လှိုင်းလုံးများကို တက်လာစေသည်။
ဆရာများ၏ သရုပ်ပြမှုအပြီးတွင် သင်တန်းသားများ၏ ကိုယ်တိုင် လေ့ကျင့်ချိန် ရောက်လာသည်။
လူတိုင်းသည် ခက်ခဲသည်ဟု ပြောနေကြသော်လည်း သူတို့၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်များ ပြည့်နေပြီး နောက်သုံးရက်အတွက် အကောင်းဆုံး ကြိုးစားမည်ဟု တွေးနေကြသည်။
လူတိုင်း စိတ်အားထက်သန်နေကြသော်လည်း လုရွှိကမူ လေ့ကျင့်ရန် အလျင်စလို မလုပ်ခဲ့ပေ။
ကျိရှိုးနျန် ထွက်ခွာတော့မည်ကို မြင်သောအခါ လုရွှိ သူ့အား မှီရန် အလျင်အမြန် လိုက်သွားသည်။
"နျန်ကော..."
ကျိရှိုးနျန်သည် သူ၏ နာမည်သံအား ကြားသောအခါ နောက်လှည့်လိုက်ပြီး သူ့နောက်မှ လိုက်လာသော ချောမောသော ကောင်လေးအား မြင်လိုက်ရသည်။
သူ ရပ်တန့်လိုက်၏။
"ဟမ်"
~~~