အပိုင်း ၆၈
Viewers 17k

Chapter 68


ကာလက်က ပွဲကြည့်စင်တွင်ရှိနေပြီး ကြောင်ရုပ်ဆိုးအတွက် စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ကြောင်ရုပ်ဆိုးလွတ်မြောက်သွားမှ သက်ပြင်းချနေစဥ် ဘေးနားရှိတီးတိုးစကားသံများကိုကြားလိုက်ရသည်။ သူကနှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ..


 သူတို့ ပုံမှန်အတိုင်းမတွေးနိုင်ဘူးလား...


ပြိုင်ကွင်းထဲ၌ ဓာတ်ငွေ့ဗုံးဖြင့်တိုက်ခိုက်ခံရခြင်းမှာ အတော်လေးပြသနာဖြစ်စေသည်။


ကာလက်အမြင်၌ ယွမ်ရှင်းကျဲ၏အရှိန်က အရင်အတိုင်းလျှင်မြန်ဆဲဖြစ်သော်လည်း ကြောင်ရုပ်ဆိုး၏လေလည်မှုက အနည်းငယ်စောနေသည်ဟုထင်မိသည်။


လုရန်ရှုက ချီးကျူးလိုက်သည်။


 “မျှော်လင့်ထားတဲ့အတိုင်း ရှင်းကျဲကသိပ်တော်တာပဲ..”


“ဒီလောက်မြန်တဲ့ မုန်တိုင်းပုဆိန်ကိုတောင်ရှောင်နိုင်တယ်ဆိုတော့ ယွမ်ရှင်းကျဲက အတော်လေးမြန်တာပဲ” အော်ရီရယ်က သဘောတူသလိုခေါင်းညှိတ်လိုက်သည်။


ကျိုးဖေးရွှယ်က မျက်နှာအမူအယာမကောင်းပေ။


 “ရိုးရိုးသားသားပြောရရင် ယွမ်ရှင်းကျဲ ဒီအကွက်ကိုသုံးတာစောလွန်းတယ်...ဒါကဟဲဟောင်မင်ထည့်မတွက်မိမယ့် သူ့ရဲ့အနိုင်ကွက်ဖြစ်နိုင်တယ်မဟုတ်လား....”


အခြားနှစ်ယောက်သည်လည်း စိတ်ပူသွားသည်။


လုရန်ရှုက မီးခိုးများကြားမှလွတ်လာပြီဖြစ်သည့် မုန်တိုင်းမက်ခါကိုကြည့်ရင်း တုံ့ဆိုင်းနေသည်။


 “ဆရာ...ဟဲဟောင်မင်က ရှင်းကျဲရဲ့မီးခိုးဗုံးဆီက လွတ်လာပြီ..”


ကျိုးဖေးရွှယ်က ခေါင်းညှိတ်လိုက်သည်။


“သနားစရာပဲ...သူလျှပ်တပြတ်တိုက်ဖို့ အခွင့်အရေးမရှိတော့ဘူး....” အက်ရှလေက တွေးရင်းပြောသည်။ 


“ညီလေးယွမ်ရဲ့ အမြန်နှုန်းကတော့ တကယ့်ကိုချီးကျူးစရာပဲ...ဒါပေမယ့် မီးခိုးဗုံးပစ်ပြီးသွားပြီဆိုတော့ မုန်တိုင်းမက်ခါက သူ့ကိုထပ်ပြီးအနားကပ်ခံမှာမဟုတ်တော့ဘူး..."


“ဟဲဟောင်မင်က အစွမ်းကုန်တိုက်ခိုက်ရာကျမနေဘူးလား...” 


ခယ့်လိုင်က မျက်မှောင်ကြုတ်လိုက်ရင်း..


 “မီးခိုးဗုံးတွေက လျှပ်တစ်ပြက်တိုက်ခိုက်ဖို့ အကွက်ကောင်းပဲ...ညီလေးယွမ်က သူ့ကဒ်ကိုဒီလောက်စောစောထုတ်သုံးလိုက်ရတယ်ဆိုတာက ပြိုင်ပွဲအခြေအနေ အတော်လေး အန္တရာယ်များတယ်လို့ပြနေတာမဟုတ်လား...”


“ဒါပေမယ့် သူ မသုံးရင်လည်း မက်ခါသားရဲကနှစ်ပိုင်းပြတ်တော့မှာပေါ့....” 


အက်ရှလေအသံက လေးစားဟန်စွက်နေသည်။ “နောက်ပိုင်းဘယ်လိုပဲဖြစ်ဖြစ် မောင်ငယ်လေးရဲ့စဥ်းစားနိုင်စွမ်းက အတော်လေးကောင်းမွန်တာပဲ..”


ပွဲစချိန် ၆မိနစ်ရှိသွားပြီဖြစ်သည်။


လော့ဝမ်ချွမ်းက ဘာမှဝင်မပြောချေ။


ထိုစဥ် ချီယုကသူ့ပြိုင်ပွဲကိုအဆုံးသတ်ပြီး ရောက်ချလာသည်။


သူရောက်သည့်အချိန်က ဟဲဟောင်မင် မက်ခါသားရဲကိုလွှဲခုတ်လိုက်သည်နှင့် ကွက်တိပင်ဖြစ်သည်။ ချီယုလက်ဖဝါးများ အေးစက်သွားကာ ထအော်မိတော့မတတ် ထိတ်လန့်သွားခဲ့သည်။


ထိုစဥ် သူ့အနားသို့စုကျီနန်ရောက်လာသည်။,


 “အိုး...ချီယု...ကြည့်ရတာမင်းက ညီလေးရှင်းကျဲကိုဂရုစိုက်နေသေးတဲ့ပုံပဲ....နှမြောစရာပဲနော်...သူကအခုလော့ဝမ်ချွမ်းအပေါ်ကိုတက်သွားပြီမဟုတ်လား...”


“ပါးစပ်ပိတ်ထား...” ချီယုက ယွမ်ရှင်းကျဲအားစိတ်ပူနေသည့်အချိန်တွင် စုကျီနန် လာရှုပ်သောကြောင့် ဒေါသဖြစ်သွားသည်။


 “စုကျီနန်...ငါနဲ့ဝေးဝေးနေစမ်း...”


“အိုခေ...ပြိုင်ပွဲကိုအေးဆေးကြည့်နော်...”


 စုကျီနန်၏နှုတ်ခမ်းများ တွန့်ကွေးကာ မျက်ဝန်းများကလည်း အရောင်လက်လာသည်။


 “မင်းရဲ့ မိတ်ဖက်ဟောင်းလေး ဘယ်လိုပုံပျက်ပန်းပျက်ရှုံးမလဲဆိုတာ သေချာစောင့်ကြည့်နေ....”


“စုကျီနန်...မင်းတော်တော်ရန်လိုတတ်တာပဲ..”


 ချီယုက သူ့အားစိုက်ကြည့်ရင်းပြောလာသည်။


 “မင်းကဒီလိုလူမှန်း ငါမသိခဲ့ဘူး...”


“ဘာလို့လဲ..ငါကနည်းနည်းတောင်ပြောလို့မရဘူးလား..” 


စုကျီနန်က လက်ကိုရင်ဘတ်ပေါ်တင်လိုက်ပြီး အကဲပိုစွာပြောလာသည်။


 “အိုးမိုင်ဂေါ့...မင်းလည်း ယွမ်ရှင်းကျဲရှုံးမယ်ထင်လို့ အမြန်ပြေးလာတာများလား..”


ချီယုက သူ့အားဆက်လက်အဖက်မလုပ်တော့ချေ။


ထိုစဥ် ပွဲကြည့်စင်၌ အံ့အားသင့်သောအသံများထွက်ပေါ်လာသည်။


ဟဲဟောင်မင်၏ လျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်နေသောပုဆိန်က ယွမ်ရှင်းကျဲမက်ခါ၏ဦးခေါင်းအား ချိန်ရွယ်ထားသည်။


ယွမ်ရှင်းကျဲက အန္တရာယ်များသောထောင့်မှနေ၍ လွတ်အောင်ရှောင်နေသည်။


ထိုစဥ် ကြောင်ရုပ်ဆိုးပေါ်ပေါက်လာပြီး ဘောလုံးတစ်လုံးကဲ့သို့ပစ်ဝင်လာကာ မုန်တိုင်းမက်ခါ၏ဦးခေါင်းကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။


သို့ရာတွင် အဆိုပါတိုက်ခိုက်မှုအား ဟဲဟောင်မင်က လက်ကိုဝေ့ယမ်းကာ ဒိုင်းကာဖန်တီးလိုက်ရင်းကာကွယ်လိုက်သည်။


သူက ဤကဲ့သို့တိုက်ခိုက်မှုကိုကြိုတင်သိနေသည့်အတိုင်းပင်။


ချီယုက ကြောင်အသွားသည်။ ဟဲဟောင်မင်ရဲ့ တုံ့ပြန်မှုက အရမ်းကောင်းနေတာလား...


“ဟဲဟောင်မင်တိုက်ခိုက်တာ အရမ်းကောင်းတယ်မဟုတ်လား....” 


စုကျီနန်က ဂုဏ်ယူစွာပြောလိုက်သည်။


 “ငါက ယွမ်ရှင်းကျဲနဲ့တိုက်ခိုက်ဖူးတယ်လေ...အဲ့ဒီ့တော့အရင်ရက်တွေက ငါသူ့ကိုကူပြီးလေ့ကျင့်ပေးနေတာ..အဲ့တာကြောင့်သူက ယွမ်ရှင်းကျဲရဲ့အကွက်တွေအားလုံးကြိုသိနေတာပေါ့....”


ချီယုက စုကျီနန်ကိုကြည့်လာသည်။

68.2


စုကျီနန်က ဆက်ပြောသည်။ 


“ဥပမာ အဲ့ဒီ့ကြောင်ဆီက ချိန်းကြိုးတွေတို့..ယွမ်ရှင်းကျဲရဲ့ အလင်းဓားတွေတို့...သူသုံးတဲ့အားလုံးကိုငါမှတ်ထားတယ်လေ...”


ချီယုက အံကြိတ်ရင်း “စုကျီနန်...မင်းကတကယ့်ကိုစိတ်ပျက်စရာကောင်းတာပဲ...”


“ငါဘာမှမကောင်းတာမလုပ်ဖူးလေ...ဟဲဟောင်မင်ကိုကူပြီး လေ့ကျင့်ပေးရုံပဲ...”


 စုကျီနန်က အပြင်ကင်းစွာပြောလိုက်ပြီး ပြုံးလာသည်။


 “ဒါပေမယ့် ချီယု...မင်းကငါ့ကိုဒီလိုပြောခွင့်မရှိဘူးလေ...ဟဲဟောင်မင်ရဲ့မက်ခါပစ္စည်းတွေက ဘယ်သူ့ဟာလို့ထင်လဲ...မင်းကိုယွမ်ရှင်းကျဲ လက်ဆောင်ပေးထားတာတွေလေ..”


ချီယုက ကြောင်အသွားသည်။ သူ ဘာမှပြန်မပြောနိုင်ပဲ ခဏတာတိတ်ဆိတ်သွားသည်။ 


ဒါဆို ယွမ်ရှင်းကျဲအခုလိုအရေးနိမ့်နေရတာက သူ့ကြောင့်လည်းပါတာပေါ့....


ပြိုင်ကွင်းထဲရှိတိုက်ခိုက်မှုများအားကြည့်ရင်း ချီယုစိတ်ထဲတွင် ယွမ်ရှင်းကျဲမထိခိုက်စေရန်ဆုတောင်းနေခဲ့သည်။


၈မိနစ်ကြာပြီဖြစ်သည့်အလျှောက် ယွမ်ရှင်းကျဲ၏ တိုက်ကွက်တော်တော်များများမှာအသုံးပြုပြီးပြီဖြစ်သည်။ ဟဲဟောင်မင်က အားလုံးကို အလွယ်တကူဖြေရှင်းခဲ့သည်။


အချို့စီနီယာအယ်လ်ဖာကျောင်းသားများသည် ဟဲဟောင်မင်က ဆယ်ပွဲဆက်အနိုင်ရသူဖြစ်လာမည်ဟူ၍ပင် ပြောနေကြလေပြီ။


သူတို့အနားတွင်ရှိသော အိုမီဂါများက ပြန်၍ငြင်းခုံကြသည်။


“ပြိုင်ပွဲက ခုထိမပြီးသေးဘူး...ဘာတွေဂုဏ်ယူနေတာလဲ..”


“ဟုတ်တယ်...ယွမ်ရှင်းကျဲအနိုင်ရနိုင်တာပဲ...မုန်တိုင်းမက်ခါက ဒီလောက်နှေးတာကို...”


“ယွမ်ရှင်းကျဲကတော်တော်လေး အရည်အချင်းရှိတယ်..ဘယ်သူအနိုင်ရမလဲဆိုတာ ခုထိပြောလို့မရသေးဘူး…”


အယ်လ်ဖာများက အမူအယာပျက်သွားကြသည်။ သူတို့ထဲမှတစ်ယောက်က အော်ပြောလာသည်။


 “ယွမ်ရှင်းကျဲက စောစောစီးစီးအရှုံးပေးသင့်တယ်...ပြိုင်ကွင်းဆိုတာ အယ်လ်ဖာတွေရဲ့နေရာပဲ..”


အိုမီဂါများက အလွန်စိတ်ဆိုးသွားကြသည်။ သို့သော် ယွမ်ရှင်းကျဲ၏အခြေအနေမှာ ခက်ခဲနေမှန်းသိသည့်အလျှောက် ပြန်လည်မငြင်းခုံတော့ပဲ ပြိုင်ပွဲကိုသာဆက်ကြည့်


ယွမ်ရှင်းကျဲက ၈မိနစ်အကြာအထိဒီတိုင်းရှိနေသည်မှာ သူ့အရည်အချင်းသပ်သပ်ကြောင့်တင်မဟုတ်ပဲ မုန်တိုင်းမက်ခါ၏ စရိုက်လက္ခဏာကြောင့်လည်းပါသည်။


မက်ခါကအလွန်ကြီးမားသောကြောင့် ခုခံမှုနှင့်တိုက်ခိုက်ရာတွင် အလွန်အသုံးဝင်သည်။ သို့ရာတွင် လေပေါ်သို့ခုန်တက်ခြင်းနှင့် အမြန်ပြေးခြင်းတို့တွင်မူ အခြားမက်ခါများကဲ့သို့ မြန်မြန်မလုပ်နိုင်ချေ။ 


လုရန်ရှုက ဆက်လက်ဆုတောင်းနေသည်။ အကယ်၍ ရှင်းကျဲသာ မိနစ်အနည်းငယ်တောင့်ခံနိုင်လျှင်....


လုရန်ရှု၏ဆုတောင်းအတိုင်းပင် ပြိုင်ကွင်းရှိအခြေအနေပြောင်းလဲသွားခဲ့သည်။


မုန်တိုင်းမက်ခါက အရှိန်မမြန်သော်လည်း သေစေလောက်သော တိုက်ခိုက်မှုများထုတ်လွှတ်နိုင်ဆဲပင်ဖြစ်သည်။ လေမုန်တိုင်းပုဆိန်နှင့် မုန်တိုင်းအမြောက်တို့ အသုံးပြုလိုက်ပါက သူတို့သွားရာလမ်းတွင် မြက်တစ်ပင်တောင်မကျန်ခဲ့ချေ။


ဟဲဟောင်မင်က မုန်တိုင်းအမြောက်ကို အချိန်ကိုက်ထုတ်လိုက်သည်။


သူက ခုချက်ချင်းပင် ပြိုင်ပွဲကိုအဆုံးသတ်ချင်နေပြီဖြစ်သည်။


ဟဲဟောင်မင်က ပြုံးလိုက်သည်။ ယွမ်ရှင်းကျဲ၏ ကြယ်နှစ်ထပ်မက်ခါအား သူကြည့်မရသည်မှာအတော်လေးကြာလေပြီ။ ယခု သူ တစ်စစီဖျက်ဆီးပစ်တော့မည်ဖြစ်သည်။


ယွမ်ရှင်းကျဲက စုကျီနန်၏မာနကိုရိုက်ချိုးပစ်သကဲ့သို့ သူကလည်း ယွမ်ရှင်းကျဲ၏ကံကြမ္မာကို ဖျက်ဆီးပစ်မည်။


“မုန်တိုင်းအမြောက်ကြီးဟ...”


ပွဲကြည့်စင်မှတစ်စုံတစ်ယောက်က ထအော်လာသည်။


မုန်တိုင်းအမြောက်သည် ပုံမှန်အမြောက်များထက် အဆများစွာပြင်းထန်သည်။ အလွန်ပူပြင်းသည့် မရေမတွက်နိုင်သောမီးတောက်များသည် ပစ်မှတ်အားအစွမ်းကုန်မီးလောင်တိုက်သွင်းလေ့ရှိသည်။ 


ကြယ်ပျံမက်ခါများက ဤကဲ့သို့လက်နက်မျိုး အသုံးမပြုကြပေ။ နောက်ပြန်ကန်အားမှာ အလွန်ပြင်းထန်သည့်အတွက် ရန်သူအားမတိုက်နိုင်ခင် မိမိအပေါ်ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။


မုန်တိုင်းအမြောက်သည် မုန်တိုင်းမက်ခါတစ်ခုထဲတွင်သာ အသုံးပြု၍ရသည်။


ပုံမှန်အားဖြင့် Sအဆင့်ပြိုင်ပွဲဝင်များက ဤကဲ့သို့ပြင်းထန်သည့်လက်နက်ကို အသုံးမပြုကြချေ။ အဆိုပါလက်နက်သည် ပြိုင်ဘက်အား စိတ်ရောကိုယ်ပါထိခိုက်မှုဖြစ်စေသည်။


အားလုံးက ဟဲဟောင်မင်၏လုပ်ရပ်ကိုမြင်သောအခါ လေအေးများကိုရှူရှိုက်လိုက်ရသလို ခံစားလိုက်ရသည်။


နောက်တစ်စက္ကန့်၌ ဟဲဟောင်မင်၏ပြောင်းဝမှ တောက်ပသောအလင်းရောင်များထွက်လာပြီး မရေမတွက်နိုင်သောမီးတောက်များသည် ယွမ်ရှင်းကျဲ၏ပင်မမက်ခါထံသို့ လျှင်မြန်သောအရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။


xxxxxx