အပိုင်း ၆၉
Viewers 17k

Chapter 69


ဟဲဟောင်မင်၏ မုန်တိုင်းအမြောက်အားတွေ့ချိန်၌ ချီယုကဲ့သို့ Sအဆင့်ကြယ်ပျံမက်ခါမောင်းနှင်သူပင် ကြောက်လန့်တကြားပြောလာသည်။


 “ဟဲဟောင်မင်ကရူးနေပြီလား...ဒီလိုလက်နက်မျိုးက…”


အက်ရှလေက ဘာမှမပြောနိုင်ပဲ ယွမ်ရှင်းကျဲ၏မက်ခါကိုသာ စိုးရိမ်တကြီးကြည့်နေသည်။


လော့ဝမ်ချွမ်းက အပြင်ပိုင်းတွင်တည်ငြိမ်နေသော်လည်း မျက်မှောင်ကြုတ်ထားသည်။


စုကျီနန်က ဂုဏ်ယူစွာကြည့်လိုက်ရင်း ပြုံးလိုက်သည်။ “ပြီးသွားပြီ…”


သို့ရာတွင် သူအထင်မှားသွားခဲ့သည်။


ယွမ်ရှင်းကျဲက မုန်တိုင်းမက်ခါထံမှ လူတိုင်းမမြင်ရနိုင်သည့်အမြန်နှုန်းဖြင့် လျှင်မြန်စွာဆုတ်ခွာသွားပြီးနောက် လောင်ကျွမ်းနေသောနီရဲရဲအမြှောက်ကြီးထံမှ လွတ်မြောက်သွားသည်။


အမြောက်ထံမှရောင်ခြည်တန်းတစ်ခုသည် သူ့နောက်ကျောအား ထိကာနီးဖြစ်သွားခဲ့ပြီး ယွမ်ရှင်းကျဲချွေးပြန်သွားခဲ့သည်။


ဟဲဟောင်မင်၏အချက်အလက်များအားလုံးကို သူလေ့လာပြီးလေပြီ။


မက်ခါသားရဲက ယွမ်ရှင်းကျဲခြေထောက်နားသို့ ဘောလုံးအသွင်ပြောင်း၍လိမ့်လာခဲ့ပြီးနောက် ကြောင်ရုပ်ဆိုးအဖြစ်ပြန်လည်ပုံဖော်လိုက်သည်။ သူက မြေဆွဲအားကိုနိမ့်ချထားကာ ဆန့်ကျင်ဘက်တွင်ရှိသော ကြီးမားသည့်မက်ခါကြီးကို လှောင်ပြောင်နေဟန်ရှိသည်။


မုန်တိုင်းအမြောက်၏ပစ်ခတ်မှုမှာ လွဲသွားခဲ့သော်လည်း ဟဲဟောင်မင်က မအံသြသွားပေ။ သူကချက်ချင်းပင် လေမုန်တိုင်းပုဆိန်အားထုတ်လိုက်ကာ ယွမ်ရှင်းကျဲကိုတိုက်ခိုက်ရန်ပြင်လိုက်သည်။


ပွဲကြည့်ပရိတ်သတ်အားလုံးအံ့သြသွားသည်။


မုန်တိုင်းမက်ခါ၏ အလျင်မှာအလွန်မြန်ဆန်လွန်းသဖြင့် သူသွားရာတစ်လျှောက်၌ ပုံရိပ်ယောင်များပင်ကျန်ခဲ့လေသည်။ ကြီးမားသောမက်ခါနှင့်ပင် မတူချေ။


“အိုးမိုင်ဂေါ့...မုန်တိုင်းမက်ခါက တအားမြန်တာပဲ..”


“ဒါကြီးကမဖြစ်နိုင်ဘူးလေ...ဗိုင်းရပ်စ်များလား..”


“အရမ်းကြောက်စရာကောင်းတာပဲ..”


အော်ရီရယ်က တိုက်ပွဲကြောင့်တုန်လှုပ်နေသည်။


 “ငါ...ငါမောင်းရင်တောင်မှ ဒီအရှိန်က...ဒါကြီးကမုန်တိုင်းမက်ခါတောင် ဟုတ်ရဲ့လား...ငါ့ရဲ့မက်ခါနဲ့ဘာလို့အရမ်းကွာနေရတာလဲ...”


“မုန်တိုင်းမက်ခါက ဘယ်လိုပဲနှေးနှေး...ဟဲဟောင်မင်က Sအဆင့်မောင်းနှင်သူလေ...သာမန်မုန်တိုင်းမက်ခါနဲ့ဘယ်တူပါ့မလဲ...Aအဆင့်ကြယ်တံခွန်မက်ခါနဲ့တောင် ယှဥ်လို့ရလောက်တယ်....”


“ဒါကအရမ်းလွန်လွန်းတယ်မဟုတ်လား...” လုရန်ရှုက ပြိုင်ကွင်းကိုကြည့်ရင်း စိတ်ပူစွာအော်ပြောလိုက်သည်။ 


“ရှင်းကျဲ...ပြေးတော့...”


ပွဲကြည့်စင်ပေါ်ရှိ Sအဆင့်၃ယောက်နှင့် အခြားလူများသည် တိတ်ဆိတ်သွားကြသည်။ လွန်ခဲ့သည့်နှစ်နှင့်ယှဥ်လျှင် ဟဲဟောင်မင်က များစွာတိုးတက်လာခဲ့လေသည်။


ပြိုင်ဘက် တဟုန်ထိုးပြေးလာသည်ကိုတွေ့သည်နှင့် ကြောင်ရုပ်ဆိုးက ပင်မမက်ခါ၏ရင်ဘတ်ပေါ်ခုန်တက်လိုက်ကာ သူ၏အမြှီးမှ အရှိန်လျော့စေသည့်ဗုံးနှစ်လုံး ပစ်လိုက်သည်။


သို့သော် အလုပ်မဖြစ်ပေ။


ဟဲဟောင်မင်က လက်ကိုဝေ့ယမ်းကာ ဒိုင်းကာဖန်တီးလိုက်ပြီးနောက် ဗုံးများကိုကာဆီးလိုက်သည်။


ထို့နောက် မုန်တိုင်းမက်ခါက ကြောက်မက်ဖွယ်ပုဆိန်ကြီးကိုထုတ်ကာ ယွမ်ရှင်းကျဲ၏ပုခုံးသို့ ချိန်ရွယ်လိုက်သည်။


ယွမ်ရှင်းကျဲက ပွဲကြည့်စင်နှင့်ပြိုင်ကွင်းကိုပိုင်းခြားထားသောအလွှာနားထိ ကပ်သွားခဲ့ပြီး ထပ်မံရှောင်ရှားရန်နေရာလွတ်မရှိတော့ချေ။


ပရိတ်သတ်က အသက်ပင်မရှူရဲတော့...


ယွမ်ရှင်းကျဲ မည်မျှအရှောင်အတိမ်းကောင်းစေကာမူ ပုဆိန်အခုတ်ခံရမည့်ဘေးမှ မလွတ်တော့ဟန်တူသည်။


ထိုစဥ် ပင်မမက်ခါသည် အနည်းငယ်ငုံ့ကိုင်းလိုက်ပြီး ကြောင်ရုပ်ဆိုးက သူ့ပုခုံးပေါ်သို့ခုန်တက်လာသည်။ ထို့နောက် မုန်တိုင်းမက်ခါအား ရင်ဆိုင်လိုက်သည်။


“ဘာဖြစ်သွားတာလဲ...”


“ဒီလိုမျိုးကာကွယ်တာက အချည်းနှီးပဲမဟုတ်လား...”


“ယွမ်ရှင်းကျဲက အညံ့ခံတော့မှာလား...”


ဟဲဟောင်မင်က နှာခေါင်းရှုံ့လိုက်သည်။ ကောင်းတယ်...လူရောကြောင်ရော အတူတူအဆုံးသတ်ပေးလို့ရတာပေါ့....


လုရန်ရှုက အသက်ရှူရန်ပင်မေ့လျော့သွားသည်။


ဒီတစ်ကြိမ်ရော ယွမ်ရှင်းကျဲကမှော်ဆန်ဆန်လုပ်နိုင်ဦးမှာလား...


မုန်တိုင်းမက်ခါ၏ပုဆိန်က ယွန်ရှင်းကျဲထံဦးတည်လာချိန်တွင် ကြောင်ရုပ်ဆိုးက ပုဆိန်နှင့်ရင်ဆိုင်လိုက်သည်။


ပရိတ်သတ်အားလုံး ထိတ်လန့်သွားကြသည်။


ထက်မြသောပုဆိန်၏အသွားက ကြောင်ရုပ်ဆိုးကို နှစ်ပိုင်းဖြတ်သွားသည်။


အသံတစ်ချက်ပင်မကြားရချေ။

69.2


အားလုံးက ယွမ်ရှင်းကျဲ ကြောင်ရုပ်ဆိုးအားစတေးလိုက်သည်ဟု ယူဆလိုက်ကြသည်။ ပင်မမက်ခါအခက်တွေ့ချိန်တွင် မက်ခါသားရဲက လွတ်လမ်းဖန်တီးပေးမည်ဖြစ်သည်။


သို့သော် ပို၍ရှော့ခ်ရစရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့သည်။


ယွမ်ရှင်းကျဲက ကြောင်ရုပ်ဆိုးအား လွတ်မြောက်ရန်အခွင့်အရေးအဖြစ်အသုံးမချချေ။


သူက လက်ကိုဆန့်ထုတ်လိုက်ပြီး မက်ခါသားရဲ၏နှစ်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်ကိုဆွဲယူလိုက်သည်။ ကြောင်ရုပ်ဆိုးက သူနှင့်စိတ်ချင်းဆက်နေသလိုပင် ပင်မမက်ခါ၏ လက်မောင်းနောက်ဖက်နှင့် လက်ဖျံတို့၌ တွယ်ဆက်သွားခဲ့သည်။


ဟဲဟောင်မင်က ထိတ်လန့်သွားသည်။ ကြောင်ကိုလွှဲဖြတ်လိုက်သော်လည်း ခုခံမှုတစ်စုံတစ်ရာပင် မခံစားမိချေ။


ကြောင်က...သူ့ဟာသူနှစ်ပိုင်းခွဲထုတ်လိုက်သလိုပဲ...


သို့သော် ဟဲဟောင်မင်က တိုက်ခိုက်မှုကိုလက်မလျှော့ချေ။ သူကပုဆိန်ကို ယွမ်ရှင်းကျဲ၏ဦးခေါင်းသို့ချိန်ရွယ်လိုက်သည်။


ယွမ်ရှင်းကျဲက လက်နှစ်ဖက်ကို မျက်နှာရှေ့တွင် ကြက်ခြေခတ်သဏ္ဍာန်လုပ်လိုက်ပြီး တိုက်ခိုက်မှုအားကာကွယ်လိုက်သည်။


“ဘွန်း....”


ကျယ်လောင်သောအသံကြီးက ပြိုင်ကွင်းနှင့်ပွဲကြည့်စင်ကြားရှိ အမိုးခုံးကိုဖြတ်သန်းကာ အားကစားကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။ 


ကျန်ရှိသော ပြိုင်ကွင်းသုံးကွင်းများပင် ထိုအသံအားကြားရလေသည်။


လုရန်ရှုက မျက်လုံးများကိုမှိတ်ထားမိသည်။


သူ၏ပတ်ဝန်းကျင်မှာလည်း အပ်ကျသံမကြားလောက်အောင်ပင် တိတ်ဆိတ်နေလေသည်။


ယွမ်ရှင်းကျဲ၏အရှုံးအား လှောင်ရယ်သံများမရှိသလို ဟဲဟောင်မင်၏အနိုင်ရမှုအား ချီးမြှောက်သံလည်းမရှိ။


သူတို့အားလုံးက ထိတ်လန့်မှုကြောင့် ကြောင်အသွားပုံရသည်။


လုရန်ရှုက မျက်လုံးဖွင့်ကြည့်လိုက်သည်။ ယွမ်ရှင်းကျဲနှင့်ဟဲဟောင်မင်၏ မက်ခါများကိုကြည့်ရင်း အားလုံး၏မျက်လုံးများသည် မယုံနိုင်ခြင်းဖြင့်ပြည့်နှက်နေသည်။


ကြောင်၏နှစ်ပိုင်းပြတ်သွားသောခန္ဓာကိုယ်က ယွမ်ရှင်းကျဲလက်ဖျံတွင် ကြီးမားသောဒိုင်းကာအဖြစ်ရှိနေပြီး လေမုန်တိုင်းပုဆိန်၏တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။


အဆိုပါဒိုင်းကာသည် ပြိုင်ဘက်၏သတ္တုစပ်ဒိုင်းကာထက်ပင် ပိုမိုသန်မာဟန်ရှိပြီး ပုဆိန်အားအပြည့်အဝဟန့်တားထားလေသည်။


“ဘာလဲဟ...” အက်ရှလေက အလန့်တကြားထရပ်မိသွားသည်။ “အဲ့ဒီ့လက်နက်ကဘာလဲ..သူဘယ်လိုများမွမ်းမံလိုက်တာလဲ...”


ခယ့်လိုင်ကလည်း စကားတစ်ခွန်းမှမပြောနိုင်ပဲ ရှော့ခ်ရသွားသည်။


နောက်ဆုံးတွင် လော့ဝမ်ချွမ်းစကားစပြောလာသည်။ “မှော်ငွေသတ္တုနဲ့ မွမ်းမံထားတာ...”


“မင်းဘာပြောလိုက်တာလဲ...”


 ခယ့်လိုင်က လော့ဝမ်ချွမ်းကိုကြည့်လိုက်သည်။


 “မှော်ငွေသတ္တုဟုတ်လား....ယွမ်ရှင်းကျဲကအဲ့ဒါကို ဘယ်ကနေရတာလဲ....”


လော့ဝမ်ချွမ်းက မျက်နှာအမူအယာမပြောင်းသော်လည်း  ဘဝင်ခိုက်မှုအချို့က သူ့မျက်ဝန်းများ၌ ထိန်းမနိုင်သိမ်းမရထွက်ပေါ်လာသည်။ 


“ငါပေးထားတာ...”


“နင့်အိမ်မှာ မိုင်းတွင်းရှိတာလား..” 


အက်ရှလေက လော့ဝမ်ချွမ်းကို ဆွဲခါချင်နေသည်။


 “ငါတစ်ခါမှ အဲ့လိုဟာမျိုးမမြင်ဖူးဘူး...မှော်ငွေသတ္တုက လျှပ်စစ်သံလိုက်လှိုင်းနဲ့တွေ့ရင် ပုံပြောင်းနိုင်တယ်ဆိုရင်တောင် ခဏကြာရင်မူလပုံပြန်ပြောင်းသွားတာပဲမဟုတ်လား...”


လော့ဝမ်ချွမ်းက ပုဆိန်ကိုကြည့်ရင်းပြုံးလိုက်သည်။


 “ပုဆိန်ရဲ့လျှပ်စစ်သံလိုက်လှိုင်းက မလုံလောက်ဖူးထင်တာလား...”


ခယ့်လိုင်နှင့်အက်ရှေလေက ကြောင်အသွားသည်။


“ဆိုတော့…” ခယ့်လိုင်က တစ်လုံးချင်းပြောလာသည်။


 “ယွမ်ရှင်းကျဲရဲ့ကြောင်က အဲ့တာကြောင့်နှစ်ပိုင်းပြတ်သွားတာလား....ဟဲဟောင်မင်ရဲ့ပုဆိန်က ယွမ်ရှင်းကျဲမျက်လုံးထဲမှာ အသုံးချစရာကိရိယာတစ်ခုအပြင်မပိုဘူးပေါ့...“


လော့ဝမ်ချွမ်းက ခေါင်းညှိတ်လိုက်သည်။


 “မင်းပြောတဲ့အတိုင်းပဲ...”


လော့ဝမ်ချွမ်း ထိုသို့ပြောပြီးနောက် မပြုံးပဲမနေနိုင်ချေ။ သူက သူအနိုင်ရတုန်းကထက်ပင် ပို၍ပျော်ရွှင်နေသည်။


အက်ရှလေက စကားတစ်ခွန်းပြောရန် အကြာကြီးအချိန်ယူနေရသည်။ 


“အရမ်းမိုက်တာပဲ...” သူမက လော့ဝမ်ချွမ်းထံကြည့်လိုက်သည်။ “ငါနောက်ဆုံးတော့ နင်ဘာလို့ ပထမနှစ်မက်ခါပြင်ဆရာလေးကို ငှားခဲ့မှန်းနားလည်သွားပြီ...သူကချစ်စရာလေးမို့လို့ ကန်းသွားတာမဟုတ်ဖူးပဲ..”


လော့ဝမ်ချွမ်းက ပြန်ပြောရန်ပြင်လိုက်ချိန်တွင် သူ့မျက်ဝန်းများကို ပြိုင်ကွင်းတွင်းရှိမက်ခါများက ဆွဲဆောင်သွားခဲ့သည်။


ပရိတ်သတ်က ရုတ်တရက်ပေါ်လာသောဒိုင်းကာအား မှင်သက်စွာကြည့်နေဆဲပင်ဖြစ်သည်။ သူတို့တွေ့ရသည်မှာ ယွမ်ရှင်းကျဲအား ထိခိုက်အောင်မလုပ်နိုင်သောကြောင့် ဟဲဟောင်မင်က ထပ်မံတိုက်ခိုက်ရန်အခွင့်အလမ်းရှာနေသည်ကိုပင်။


ယွမ်ရှင်းကျဲလက်တွင်းရှိဒိုင်းကာနှစ်ခုက ပုံစံထပ်ပြောင်းသွားသည်။


“အဲ့ဒိုင်းကာနှစ်ခုက..…”


လုရန်ရှုက ငေးငိုင်နေရင်းပြောလာသည်။


 “သေနတ်ပြောင်းပုံစံပြောင်းလာသလိုပဲ...”


ထိုစဥ် ကျိုးဖေးရွှယ်က..


 “သူရူးသွားပြီ...မက်ခါကိုအဲ့ဒီ့လိုမွမ်းမံလိုက်ရင် Aအဆင့်ရောက်သွားပြီး မနိုင်ဝန်ထမ်းရာရောက်သွားလိမ့်မယ်...”


ပြိုင်ကွင်းထဲတွင် ယွမ်ရှင်းကျဲက ဟဲဟောင်မင်အား ကြီးမားသောသေနတ်နှစ်လက်ဖြင့်ချိန်ရွယ်ထားသည်။


ထိုစဥ် ယွမ်ရှင်းကျဲအရင်ကပေးခဲ့သည့် မက်ခါလေးခုရောစပ်ထားသော Aအဆင့်မက်ခါ၏အချက်အလက်များမှာ ဘယ်ကမှန်းလုရန်ရှုသိရှိသွားပြီဖြစ်သည်။ သူကယွမ်ရှင်းကျဲနောက်ထပ်သုံးမည့်အကွက်အား ကြိုမြင်လာခဲ့သည်။


ဒါပေမယ့် သူကBအဆင့်ပဲရှိတာလေ...ရှင်းကျဲရဲ့စိတ်စွမ်းအားက အမြောက်ကိုထိန်းချုပ်နိုင်ပါ့မလား...


ဟဲဟောင်မင်အပါအဝင် အားလုံးက ယွမ်ရှင်းကျဲထိန်းချုပ်နိုင်မည်ဟုမထင်ကြပေ။ စုကျီနန်ကနှာခေါင်းရှုံ့လိုက်သည်။


အလကား....သက်သက်.ကြွားနေတာ...


xxxx