အခန်း 134 "အတန်းဖော်ဟောင်းများနဲ့ တွေ့ဆုံခြင်း "
"ကျွန်တော် ခင်ဗျားကို လုပ်ခိုင်းစရာတစ်ခု ရှိတယ် "
"အိုး "ဧည့်ကြိုကောင်တာက အမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် "ဆရာ ကျွန်မကို အမိန့်ပေးပါ" ဟု ပြန်ပြောလိုက်သည်။
ဒီဧည့်သည်ဟာ သမ္မတအခန်းတွင် တည်းခိုသူဖြစ်တာကြောင့် ဟိုတယ်အနေဖြင့် ဧည့်သည်ရဲ့တောင်းဆိုမှု့ကို အကောင်းဆုံးဖြည့်ဆည်းပေးရမှာပဲ ဖြစ်သည်။
လျူယောင်က"ကျွန်တော့်အတွက် ပလတ်စတစ်တောင်းတစ်ချို့၊ ကြွေလွယ်တဲ့ပစ္စည်းတွေထုပ်ပိုးဖို့ ပလတ်စတစ်ဖော့အလွှာ နဲ့ ကေဘယ်ချည်ကြိုး တစ်ချို့ကို ခင်ဗျားတို့ဟိုတယ်က ဝယ်ပေးစေချင်တယ်" ဟု မှာလိုက်သည်။
လိုအပ်ချက်များကို လျူယောင် အသေးစိတ်ရှင်းပြခဲ့သည်။ ဥပမာအားဖြင့် ပလတ်စတစ်တောင်းများက အလွန်ကြီးမားရမည် ၊အဖုံးပါရမည်၊ဖော့အလွှာနှင့် ကေဘယ် ချည်ကြိုးအရေအတွက်မှာလည်း တတ်နိုင်သမျှ များများဖြစ်ရမယ်လို့ ရှင်းပြလိုက်သည်။
ထိုသို့ပြောပြီးနောက် လျိုယောင် က
"ကျွန်တော် မနက်ဖြန်မနက်ကို အဲ့ဒီပစ္စည်းတွေ လိုချင်တယ် ပိုက်ဆံအကုန်လုံးကို ကျွန်တော်ပေးပါ့မယ် ပြီးတော့ ကျွန်တော့်အတွက် စက်လှေတစ်စီးရှာပေးပြီး အဲ့ဒီပစ္စည်းတွေအကုန်လုံးကို စက်လှေပေါ် တင်ပေးပါ" ဟု ထပ်ပြောလိုက်သည်။
ဧည့်ကြိုကောင်တာက အမျိုးသမီးမှာ အလွန်အံ့ဩမိသည်။ ဒီဧည့်သည်ဟာ အလွန်ထူးဆန်းလှပေမဲ့ သူမရဲ့မျက်နှာတွင် မည်သည့်အရိပ်အယောင်မှ မပြဘဲ တစ်ခုချင်းစီကို သဘောတူလိုက်သည်။
"ဆရာ ပြဿနာမရှိပါဘူး ကျွန်မတို့ ဆရာ့ရဲ့တောင်းဆိုမှုအတိုင်း ဆောင်ရွက်ပေးပါ့မယ် "
ဧည့်ကြိုကောင်တာက အမျိုးသမီးကို နှုတ်ဆက်ပြီးနောက် လျိုယောင် သမ္မတအခန်းသို့ ပြန်လာခဲ့သည်။ တံခါးဖွင့်ဝင်လိုက်တဲ့အခါ ခမ်းနားထည်ဝါသော ဧည့်ခန်းကျယ်ကြီးတစ်ခုကို တွေ့ရပြီး ထို့နောက်တွင် ကောင်းမွန်သော အိပ်ခန်းကျယ်နှစ်ခန်း၊ ဧည့်သည်တွေ့ဆုံခန်းတစ်ခု၊ ရေချိုးကန်ပါသော ဇိမ်ခံရေချိုးခန်းကျယ်နှစ်ခုတို့ ရှိနေသည်။ ရေချိုးကန်မှာ ရေစိမ်ချိုးရသည့် အမျိုးအစားဖြစ်သည်။
လျူယောင် ပြတင်းပေါက်ကြီးရှေ့ကို လျှောက်သွားလိုက်သောအခါ မြင့်တဲ့နေရာမှ အောက်သို့ငုံ့ကြည့်နိုင်ပြီး အလွန်ကျယ်ပြန့်သော ရှုခင်းကို မြင်တွေ့ရသည်။ ပင်လယ်နဲ့ကောင်းကင်တို့ ထိစပ်နေတဲ့နေရာကို မြင်နိုင်ပြီး အဝေးက ပင်လယ်ပြင်ပေါ်တွင် သင်္ဘောများကို တစ်စီးပြီးတစ်စီး မြင်နေရသည်။
"တကယ့်ကို မဆိုးဘူးပဲ"
"ဒါဟာ တကယ့်ကို ပင်လယ်ရှုခင်းခန်းအစစ်ပဲ"
သမ္မတအခန်းတွင် ဧည့်သည်များအတွက် အခမဲ့ကော်ဖီရှိသည်။ လျူယောင်က ကော်ဖီတစ်ခွက်ဖျော်ပြီး ကော်ဖီသောက်ရင်း လီချန်လဲ့ နှင့် မိဘများထံ ဖုန်းဆက်ကာ သူ ဘေးကင်းလုံခြုံကြောင်းကို အသီးသီးအကြောင်းကြားခဲ့သည်။
လျူယောင် လက်ကိုမြှောက်ကာ အချိန်ကြည့်လိုက်တော့ညနေ လေးနာရီကျော်နေတာကြောင့် ခနအကြာတွင် မှောင်တော့မှာပဲ ဖြစ်သည်။ ဒီနေ့ နစ်မြုပ်နေတဲ့ သင်္ဘောဆီ သွားရန်မှာ မဖြစ်နိုင်တော့ပေ။
လက်ထဲမှ ကော်ဖီခွက်ကိုချပြီး အပြင်ထွက်လမ်းလျှောက်ကာ ပတ်ဝန်းကျင်ကို လေ့လာရန် လျူယောင် ဆုံးဖြတ်လိုက်သည်။
SY မြို့တွင်ရှိ နန်ဟိုင်းပြည်နယ်က တိုင်းပြည်တွင် ကျော်ကြားတဲ့ ခရီးသွားမြို့တစ်မြို့ဖြစ်ပြီး ရှုခင်းများက အလွန်လှပသည်။ လျူယောင် အပြင်ထွက်လာပြီး မကြာမီ ဟိုတယ်ရဲ့ ပထမထပ်မှ ဧည့်ကြိုခန်းမကို ရောက်လာခဲ့သည်။
အနီးအနားတွင် စိတ်ဝင်စားစရာကောင်းတဲ့နေရာများ ဒါမှမဟုတ် ရှုခင်းကောင်းတဲ့ နေရာများရှိမရှိ ဧည့်ကြိုကောင်တာတွင် မေးမြန်းရန် ပြင်ဆင်နေစဉ်မှာပင်...
"လျူယောင် နင်လားဟင် "
သူ့ နားထဲတွင် အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာသည်။
နောက်မှအသံကိုကြားတဲ့အခါ လျူယောင်က လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အလွန်အမင်း ဝမ်းသာသွားကာ
"ဝေ့ချွမ်းယန်! မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ!!!" ဟု အကျယ်ကြီးအော်ပြောလိုက်သည်။
"လျူယောင် တကယ်နင်ဖြစ်နေတာပဲ ငါလူမှားတယ်တောင် ထင်နေတာ" ဟု ဝေ့ချွမ်းယန် က ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဝေ့ချွမ်းယန် မင်းကရော ဘာလို့ဒီမှာရှိနေတာလဲ"
"ငါက နင့်ကိုမေးရမှာ နင်ကရော ဘာလို့ ဒီရောက်နေတာလဲ"
လျူယောင်က "ငါ SY မြို့ကို ရက်အနည်းငယ်လောက် လာလည်တာ။ ဒီဟိုတယ်က ကောင်းတယ်ကြားလို့ လာတည်းတာ" ဟု ပြန်ဖြေလိုက်သည်။
" ဟုတ်လား ငါက ဒီဟိုတယ်မှာ အလုပ်လုပ်နေတာလေ "
"အော်၊ ဒီလိုကိုး" လျူယောင် နားလည်သွားသည်။ သူမက ဒီဟိုတယ်မှာ အလုပ်လုပ်နေတာကိုး။
သူတို့နှစ်ယောက်က တက္ကသိုလ်တွင် အတန်းဖော်များဖြစ်ကြသည်။ လေးနှစ်တာကာလပတ်လုံး အတူတူရှိခဲ့ကြပြီး ဝေ့ချွမ်းယန် မှာ အတန်းထဲတွင် အလှဆုံးမိန်းကလေး အတန်းရဲ့အလှဘုရင်မ ဖြစ်ခဲ့သည်။
တက္ကသိုလ်မှဘွဲ့ရပြီးနောက် အတန်းဖော်အချို့မှာ နန်ဟိုင်းပြည်နယ်ရှိ SY မြို့ကို သွားခဲ့ကြပြီး ဝေ့ချွမ်းယန် လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ တက္ကသိုလ်ပြီးကတည်းက လျူယောင်နဲ့ သူတို့အဆက်အသွယ်မှာ အတန်းရဲ့ အဖွဲ့လိုက်စကားပြောခန်းထဲတွင်သာ ရှိခဲ့သည်။
အတန်းရဲ့ အဖွဲ့လိုက်စကားပြောခန်းထဲတွင် လျူယောင်ဟာ ယေဘုယျအားဖြင့် စကားနည်းပြီး ရေနက်ငါးကဲ့သို့ ပုန်းနေတတ်သူဖြစ်ကာ အမြဲတမ်းလိုလို အသံတိတ်နေလေ့ရှိသည်။
ရိုက်ဒါ အပန်းဖြေဟိုတယ် ဆိုတဲ့နာမည်ကို အနည်းငယ် ရင်းနှီးနေသလိုဖြစ်နေတာ မဆန်းတော့ပါဘူး။ အတန်းရဲ့ အဖွဲ့လိုက်စကားပြောခန်းထဲတွင် တစ်စုံတစ်ယောက်က အတန်းရဲ့အလှဘုရင်မဝေ့ချွမ်းယန်က ဒီနေရာတွင် အလုပ်လုပ်ကြောင်း ပြောခဲ့ဖူးတာကို သတိရသွားသည်။
အတန်းဖော်ဟောင်းများ ပြန်တွေ့ကြတဲ့အခါ ပြောမကုန်နိုင်သော စကားများဖြင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။
"လျူယောင် ငါကြားတာတော့ နင် ဟွာဟိုင်းမြို့မှာပဲ နေသေးတယ်ဆို၊ အတန်းရဲ့ အဖွဲ့လိုက်စကားပြောခန်းထဲမှာလည်း ဘာမှမပြောဘူး နင့်ရဲ့အခုအခြေအနေကိုလည်း မပြောပြဘူး နင်အဆင်ပြေရဲ့လား "
ဝေ့ချွမ်းယန်က သူ့ကို မျက်စောင်းလေးထိုးရင်း
"အဆင်ရဲ့လားပေါ့။ နင့်ရဲ့ အသေးစိတ်အခြေအနေတွေဥပမာ ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်တယ် ဘဝအခြေအနေ ဘယ်လိုရှိတယ်ဆိုတာတွေ ပြောပြလေ" ဟု စိတ်ထဲက ပြောချင်နေသည်။
" ဒီလိုပါပဲ ငါက လွန်ခဲ့တဲ့နှစ်လလောက်ကမှ ကုမ္ပဏီလေးထောင်ထားတာပါ " ဟု လျူယောင် ပြန်ဖြေလိုက်ပြီး ဆက်ပြောလိုက်သည်။
"နေ့လယ်လေးနာရီကျော်နေပြီဆိုတော့မှောင်ဖို့ နည်းနည်းလိုသေးလို့ ငါ အနီးအနားမှာ လျှောက်သွားကြည့်မလို့ ဒီ SY မြို့ကို ပထမဆုံးအကြိမ်ရောက်တာဆိုတော့ အခြေအနေကို မရင်းနှီးဘူး"
ဝေ့ချွမ်းယန်က "ငါက ရင်းနှီးတယ်လေ ငါ နင့် ရဲ့လမ်းညွှန်လုပ်ပေးရမလား" ဟု စေတနာဖြင့် ကမ်းလှမ်းလိုက်သည်။
"ကိစ္စမရှိပါဘူးဟာ"
ဝေ့ချွမ်းယန် က "ငါခုနကမှ ခွင့်ယူထားတာ၊ အခုအလုပ်ဆင်းပြီ နင်လာတာ တကယ်ကို တိုက်ဆိုင်တာပဲ ဒီည SY မြို့မှာ အလုပ်လုပ်နေတဲ့ ငါတို့အတန်းဖော်တချို့ ငါတို့ဟိုတယ်မှာ စုကြမှာ နင်လည်းရှိနေတာနဲ့ အတော်ပဲ" ဟု ပြောလိုက်သည်။
" ဘာလဲ အတန်းဖော်တွေလည်း လာမှာလား " လို့ လျူယောင် ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ နင်လည်း ငါတို့အတန်းဖော်ပဲ မဟုတ်လား တက္ကသိုလ်တုန်းက နင် ဟွမ်ကွမ်း နဲ့ ခင်တယ်လို့ ငါမှတ်မိတယ် သူလည်း SY မြို့မှာ အလုပ်လုပ်တာလေ ညကျရင် လာလိမ့်မယ်။"
"ဟွမ်ကွမ်း လည်း SY မြို့မှာ ရှိနေတာလား"
လျူယောင် ရုတ်တရက် စိတ်ဝင်စားသွားပြီး
"ကောင်းပြီလေ ဒီည ပါတီကို ငါတက်မယ် ဟွမ်ကွမ်း ကို မတွေ့ရတာကြာပြီ" ဟု ပြန်ဖြေလိုက်သည်။
ဝေ့ချွမ်းယန် က "ငါတို့ SY မြို့မှာ အတန်းဖော်ခြောက်ယောက်ရှိတယ် ဒီနေ့ နင်အပါအဝင်ဆို ခုနစ်ယောက်ပေါ့။ ဟူကွမ်းချန် လည်း SY မြို့မှာပဲ သူလည်း ညကျရင်လာလိမ့်မယ်" ဟု မိတ်ဆက်ပေးလိုက်သည်။
ဟူကွမ်းချန်ရဲ့ ပုံရိပ်က လျူယောင်ရဲ့စိတ်ထဲတွင် ပေါ်လာသည်။ ရိုးရိုးသားသားပြောရရင်လျူယောင် သူ့အပေါ် အမြင်မကြည်ပေ။ဒီလိုလူဟာ ဟန်ဆောင်တတ်ပြီး ကြွားဝါခြင်းကို နှစ်သက်တယ်လို့ ခံစားရသည်။
ဝေ့ချွမ်းယန်က အလွန်စိတ်အားထက်သန်စွာဖြင့် လျူယောင် ကို SY မြို့ရဲ့ အစည်ကားဆုံး လမ်းမကြီးသို့ ခေါ်သွားပြီး မြို့ရဲ့အကြီးဆုံး ပန်းခြံသို့လည်း သွားခဲ့သည်။ SY မြို့ရဲ့ အခြေအနေအချို့ကိုလည်း ရှင်းပြခဲ့သည်။
"ဒီနေ့အချိန်မလောက်တာတော့ စိတ်မကောင်းစရာပဲ မဟုတ်ရင် တခြားလည်ပတ်စရာနေရာတွေကို ငါလိုက်ပို့နိုင်တယ်ဟာ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ရတော့မှာပဲ"ဟု ဝေ့ချွမ်းယန်က စိတ်မကောင်းစွာ ပြောလိုက်သည်။
" ရပါတယ်ဟာ ဒီလောက်နဲ့ပဲ ပြန်ကြရအောင် " ဟု လျူယောင် ပြန်ဖြေလိုက်သည်။
တက္ကသိုလ်တွင် ဟူဂျွန်းရှီအပြင် အခြားခင်မင်သော အတန်းဖော်အချို့ရှိခဲ့ပြီး ဟွမ်ကွမ်း လည်း အပါအဝင်ဖြစ်သည်။ သို့သော် ဘွဲ့ရပြီးနောက် ဟွမ်ကွမ်းမှာ နန်ဟိုင်းပြည်နယ်ကို သွားခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားတွင် အဆက်အသွယ်ပြတ်တောက်ခဲ့ရသည်။
ညခုနစ်နာရီခွဲခန့်တွင်...
ပြန်လည်တွေ့ဆုံပွဲသို့ တက်ရောက်မည့် ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ဟွမ်ကွမ်းက လျူယောင်ကို မြင်တဲ့အခါ ပိုမို စိတ်လှုပ်ရှားသွားပြီး သူ့ကို နွေးထွေးစွာ ပွေ့ဖက်ကာ "ညီအစ်ကိုရာ၊ မတွေ့ရတာကြာပြီ ဒီနေ့မင်းကိုတွေ့ရတာ ငါအရမ်းပျော်တယ်" ဟု ဝမ်းသာအားရ ပြောလိုက်သည်။
လျူယောင် ဟူကွမ်းချန် ကိုလည်း တွေ့လိုက်ရသည်။
သူက လျူယောင်ကို ခေါင်းအသာညိမ့်ပြယုံသာရှိပြီး စကားစ မပြောသလို လက်ဆွဲလည်း မ နှုတ်ဆက်ခဲ့ပေ။
အခြားကျောင်းသားအချို့မှာ ဟူကွမ်းချန် ကို ဝိုင်းနေပြီး အထူးသဖြင့် ကူလန်ထျန် ဆိုတဲ့ အတန်းဖော်တစ်ယောက်မှာ ဟူကွမ်းချန်ကို မသိမသာ မြှောက်ပင့်ပြောဆိုနေသည်။