အပိုင်း ၈၂
Viewers 17k

Chapter 82


ယွမ်ရှင်းကျဲ သူ၏မက်ခါကြယ်ပွင့်အကောင့်အားဝင်လိုက်ပြီး ဦးဆောင်သူစာရင်းတွင် အယ်လ်အားရှာဖွေလိုက်၏။


အတိအကျပင် ထိုသူမှာပထမနေရာမှာဖြစ်သည်။


စုကျီနန်ပေးခဲ့သည့်စာရင်းမှာ မနှစ်ကစာရင်းဖြစ်သည် ။ တစ်နည်းအားဖြင့်ဆိုရသော် ထိုအယ်လ်ဆိုသူမှာ ထိပ်ဆုံးနေရာအား တစ်နှစ်တာလုံး မြဲမြံစွာရပ်တည်နေနိုင်ခဲ့ရာ လျို့ဝှက်ဆန်းကြယ်ရုံသာမက အင်အားကြီးကာ လုပ်‌ဆောင်နိုင်စွမ်းလဲရှိပေမည်။


" သန်မာလွန်းတယ်…" ယွမ်ရှင်းကျဲမ‌တတ်နိုင်တော့လဲ သက်ပြင်းသာချလိုက်မိသည်။


သိထားသည့်အတိုင်းပင် ကြယ်အင်ပါယာတွင်နေထိုင်သူများမှာ အလွန်များပြားလှ၏။ ဂိမ်းမှာ စစ်တက္ကသိုလ်များအတွက်သာအဓိကအခြေခံထားသော်လည်း ကစားသူမီလျံနှင့်ချီကာရှိနေဆဲပင်ဖြစ်သည်။


ထိုသို့များပြားလှသည့်သန်မာသောကစားသမားများကြားတွင် အဆင့်တစ်နေရာ၌ရှိနေနိုင်ခြင်းမှာ ထိုအယ်လ်ဆိုသူသည် စစ်တက္ကသိုလ်များကြားတွင် ဆရာတစ်ဆူ‌ဖြစ်ပေလိမ့်မည်။


သို့မဟုတ် စစ်တပ်မှတစ်စုံတစ်ယောက်လည်း ဖြစ်နိုင်ပေသည်။


အယ်လ်၏အချက်အလက်များအားနှိပ်ကြည့်လိုက်ချိန်တွင် အကြောင်းအရာများမှာ သူ၏အိုင်ဒီကဲ့သို့ပင် ရိုးရှင်းလှ၏။


ထိုအကောင့်၏ပုံမှန်အသုံးပြုသည့်မက်ခါမှာပင် အလှမဆင်ထားသည့် အလင်းဓားမက်ခါတစ်ခုသာဖြစ်လေသည်။


၎င်းမှာ အကောင့်၏ တစ်လုံးထဲသောနာမည်ကဲ့သို့ပင် ရိုးရှင်းလှပြီး သူသည် မည်သည့်အချိန်ကမှ ပိုက်ဆံမထည့်သွင်းဖူးသည့်ပုံပေါ်နေခဲ့သည်။


ထိုဆရာကြီးမှာ PKကိုသာ အာရုံစိုက်ပြီး ၎င်းအားသူ့ကိုယ်သူတိုးတက်နိုင်ရန်အတွက် လေ့ကျင့်ရေးကွင်းအဖြစ်သာ အသုံးပြုခြင်းဖြစ်မည်ဟု ယွမ်ရှင်းကျဲခံစားမိခဲ့သည်။ သူ၏နှလုံးသားထဲတွင်တော့ အယ်လ်အပေါ်ထားသည့် လေးစားမှုများမှာ ပို၍ ပို၍ တိုးပွားလာလေသည်။


ထို့ကြောင့်ပင် ယွမ်ရှင်းကျဲသည် အယ်လ်ထံသို့စာတစ်စောင်ပို့လိုက်သည်။


 " ဟယ်လို ကျွန်တော်ခင်ဗျားနဲ့ ပြိုင်ပွဲတစ်ခုလုပ်လို့ရနိုင်မလား…" ထို့နောက် သူPKဖိတ်ခေါ်ခြင်းပေးပို့လိုက်တော့သည်။


အချိန်အတော်အတန်ကြာသည်အထိ အယ်လ်သည် လိုင်းပေါ်မတက်လာခဲ့ဘဲ သူ၏စာအားလည်း ပြန်ဖြေမလာခဲ့ချေ။


သူတို့တွေကဒီအချိန်မှာ အလုပ်များတတ်လို့များလား…


ယွမ်ရှင်းကျဲမျက်မှောင်ကြုတ်ထားခဲ့၏။ သူသည် အယ်လ်နှင့်အတူ PK တစ်ပွဲမကစားခဲ့ရသောကြောင့် အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သို့သော်လည်း သူ့တွင်အချိန်အများကြီးမရှိသဖြင့် သူပစ်မှတ်ပြောင်းရန်သာတတ်နိုင်ပေမည်။


ယွမ်ရှင်းကျဲ သူ၏အာရုံကို ဂျက်ကော့စစ်တက္ကသိုလ်ရှိကျောင်းသားများထံသို့ စူးစိုက်ကြည့်ရှူလိုက်လေသည်။


စုကျီနန်ပေးအပ်ခဲ့သည့် စာရင်းထဲတွင် ကျောင်းသားတစ်ယောက်ချင်းစီအား ကျောင်းအမှတ်သင်္ကေတနှင့် တွဲပေးထားခဲ့သည်။ ဥပမာအားဖြင့် ဂျက်ကော့တက္ကသိုလ်၏သင်္ကေတမှာ ဓားတစ်ချောင်းဖြစ်ပြီး ရှင်းဟိုင်တက္ကသိုလ်၏သင်္ကေတမှာမူ ဒိုင်းကာတစ်ခုဖြစ်သည်။ ယွမ်ရှန်စစ်တက္ကသိုလ်မှာမူ တောင်တစ်တောင်နှင့် စိန့်ကလီယိုမှာ အနက်ရောင်ငန်းတစ်ကောင်ဖြစ်၏။


ယမန်နှစ်မှချန်ပီယံဖြစ်သော နိုအာစစ်တက္ကသိုလ်နှင့် ဒုတိယရရှိထားသော ဖန့်ယွင်စစ်တက္ကသိုလ်တို့အပြင် စာရင်းတွင် အများဆုံးမြင်တွေ့ရသောသင်္ကေတမှာ ဂျက်ကော့၏ဓားပင်ဖြစ်သည်။ သူ၏အနောက်မှ ယွမ်ရှန်၏တောင်နှင့် စိန့်ကလီယို၏ ငန်းနက်တို့မှလိုက်နေခဲ့သည်။ မတူညီသည့်အချက်မှာ ရှင်းဟိုင်စစ်တက္ကသိုလ်၏ဒိုင်းမှာမူ ပေါ်လာခဲလှ၏။


ယွမ်ရှင်းကျဲလည်း စာရင်းပေါ်ရှိ ဂျက်ကော့တက္ကသိုလ်မှကျောင်းသားတစ်ဦးအားကျပန်းရွေးချယ်လိုက်၏။ သူ့ပြိုင်ဘက်၏အိုင်ဒီမှာ " ဒေါသကြီးတယ်ဆိုရင် ငါနဲ့လာမရှုပ်နဲ့ " ဟူ၍ဖြစ်သည်။ သူ၏နာမည်အရင်းမှာ ချန်ကျွင်းဖြစ်ပြီး အဆင့်ငါးမှလူဖြစ်သည်။ ယွမ်ရှင်းကျဲမှာ ထိုကဲ့သို့‌ ပေါင်းသင်းရမလွယ်ကူဘဲ လွယ်လင့်တကူဒေါသထွက်တတ်သောလူများအား နှိုးဆော်ပေးရခြင်းကို နှစ်သက်သူဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူ "ဒေါသကြီးတယ်ဆိုရင် ငါနဲ့လာမရှူပ်နဲ့" ထံသို့ ဖိတ်ခေါ်စာတစ်စောင်ပေးပို့လိုက်သော်လည်း တဖက်လူမှာ သူ့အားပယ်ဖျက်လိုက်သည့်အပြင် စာတစ်ကြောင်းပါဖြည့်စွက်ပေးပို့လာခဲ့၏ " အားနည်းတဲ့ကြက်လေး လစ်လိုက်တော့…"


လုံလောက်သွားလေပြီ… သူသည်အမှန်တကယ်ကို ဒေါသကြီး၏..


ယွမ်ရှင်းကျဲမှာ စာပြန်ရန်ပင်အခွင့်အရေးမရခဲ့ချေ။ သူ့ကိုယ်သူတွေးကြည့်မည်ဆိုလျှင် သူ၏အဆင့်သတ်မှတ်ချက်မှာလည်း တစ်ရာအတွင်းဝင်ခဲ့သူဖြစ်ရာ အောက်ခြေပိုင်းရောက်နေသည်ဟုဆိုနိုင်သော်လည်း လူသစ်တော့မဟုတ်ခဲ့ပါချေ။ မှန်သည်မဟုတ်လော…


ထိုသို့တွေးပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲ ရုတ်တရက်ဆိုသလို လှုံ့ဆော်မှုတစ်ခုရရှိသွားသောကြောင့် ဂျက်ကော့မှ အခြားကျောင်းသားတစ်ဦးအား စိန်ခေါ်ရန်ဆုံးဖြစ်ချက်ချလိုက်လေသည်။ သူ၏အိုင်ဒီမှာ " ရေခဲခြစ်လာစားလှည့်ပါ " ဟူ၍ဖြစ်ပြီး အမည်ရင်းမှာမူ ရှီးပေါ်လိုင်ဖြစ်ကာ စိတ်ရှည်မည့်ပုံပေါ်သည်။


[ ငါကအရမ်းအားနည်းတယ် ] : အားနည်းတဲ့ကြက်ပေါက်လေး PKလာခဲ့


မကြာမီတွင် ‌" ရေခဲခြစ်လာစားလှည့်ပါ " စာပြန်လာခဲ့ပြီး " ? " ဟုပို့လာပြီးနောက် ထပ်မံပို့လာခဲ့သည် "မင်းဘာတွေလာကြောင်နေတာလဲ…"


သူသည်အဆင့်ရှစ်မှဖြစ်ပြီး ယွမ်ရှင်းကျဲမှာမူ သူနှင့်အလွန်ကွာဝေးသော အဆင့်ကိုးဆယ့်ရှစ်မှဖြစ်၏။


[ ငါကအရမ်းအားနည်းတယ် ] : ခက်ခဲတဲ့အလုပ်ဆိုတာ ဂျက်ကော့တက္ကသိုလ်ရဲ့အသန်မာဆုံးမက်ခါတိုက်ခိုက်သူတွေအတွက်အဓိကပဲလေ ငါမင်းနဲ့PKဖို့အတွက်စောင့်နေမယ်


တစ်စုံတစ်ယောက်အား ယဉ်ယဉ်ကျေးကျေးဖြင့် PKကစားရန်တောင်းဆိုသည့်အခါတွင် လျစ်လျူခံရသည် သို့မဟုတ် ငြင်းပယ်ခံရသည်အားယွမ်ရှင်းကျဲမြင်ပြီးနောက်တွင်တော့ သူကွာခြားသောနည်းလမ်းတစ်ခုအား အသုံးပြုရန်အတွက် ဆုံးဖြတ်ချက်ချလိုက်လေသည်။


လုံလောက်သွားပြီ…ထိုလှည့်ကွက်မှာ အလုပ်ဖြစ်၏


[ ရေခဲခြစ်လာစားလှည့်ပါ ] : မင်းဘယ်သူလဲ.. ဒီလောက်အပြောကြီးထားတာ ရှုံးမှမငိုနဲ့နော်


[ ငါကအရမ်းအားနည်းတယ် ] : ဟီးဟီး ငါမင်းကိုရှုံးနိုင်မှာတဲ့လား


မကြာမီတွင် တင်း ဟူသောအသံဖြင့် ရေခဲခြစ်လာစားလှည့်ပါ အိုင်ဒီမှ PK ဖိတ်ခေါ်မှု ပေါ်လာလေသည်။


အဆင့်သင့်ပင် ယွမ်ရှင်းကျဲသဘောတူခဲ့၏။


ပြိုင်ဘက်လူမှာ အရိပ်မက်ခါမောင်းနှင်ရာတွင် တော်သည့်ပုံပင်။ ၎င်းမှာ ဂိမ်းထဲရှိ အဖျက်ကောင်နှင့်ပင်တူနေခဲ့၏။ လက်တွေ့မှာတော့ အရိပ်မက်ခါနှင့်အခြားအရာများအားရေဒါဖြင့်ခြေရာခံနိုင်သေးသည်။ ဂိမ်းထဲမှာတော့ သူတို့သည် ကိုယ်ပျောက်လုပ်ကြံရေးသမားများနှင့်တူနေကာ PK တွင် အားသာချက်ရှိမည်ဖြစ်၏။


မည်သို့ပင်ဖြစ်စေ ၎င်းမှာ ယွမ်ရှင်းကျဲအတွက် ပြသနာမရှိနေခဲ့ချေ။


ဆယ်မိနစ်ကြာပြီးနောက် ယွမ်ရှင်းကျဲရန်သူအားလိုက်ရန်အတွက် ကြယ်တံခွန်မက်ခါကိုမောင်းနှင်နေခဲ့ပြီး အရိပ်မက်ခါ၏ ကိုယ်ပျောက်နာနိုသုတ်ဆေးအား ဖျက်ဆီးလိုက်ကာ အမွှေးမရှိသော ဒယ်မေးရှင်းခွေးကဲ့သို့ ချန်ထားခဲ့ရစ်လိုက်သည်။

82.2


" ရေခဲခြစ်လာစားလှည့်ပါ " သည် သိသိသာသာပင် အဆင့်ကိုးဆယ်ကျော် လူသစ်လေးသည် ဤမျှသန်မာမည်ဟုမထင်ထားမိခဲ့‌ချေ။ မျက်တောင်တစ်ခတ်အတွင်း သူရှုံးနိမ့်သွားရပြီး " ငါကအရမ်းအားနည်းတယ် " အား များပြားသောထိခိုက်မှုများပင် မပေးနိုင်ခဲ့ပေ။


ဂိမ်းကစားခန်းထဲတွင် ငွေမှင်ရောင်ဆံပင်ပိုင်ရှင်ကောင်လေး ရှီးပေါ်လိုင်မှာ အလွန်မယုံနိုင်ဖြစ်နေခဲ့ရသည်။ ဂိမ်းအားရှုံးနိမ့်ပြီးနောက် သူအလျင်အမြန်ပင် အသံမက်ဆေ့ပို့လိုက်မိတော့သည်။


 " မပြေးနဲ့ ထပ်ဆော့ရအောင်…"


ယွမ်ရှင်းကျဲဖွင့်ကာနားထောင်လိုက်ချိန်တွင် ဆက်ကျော်သက်အရွယ်မှပြောင်းလဲခဲ့သည်မှာ သိပ်မကြာသေးပုံရသောအသံအားကြားလိုက်ရလေသည်။ ထိုသူမှာဂျက်ကော့တက္ကသိုလ်၏ လူသစ်တန်းမှဖြစ်မည့်ပုံပင်။ ယခုမှအရွယ်ရောက်လာကာ သူ၏အသံမှာအနည်းငယ်ခေါင်းမာသည့် ဆက်ကျော်သက်အယ်လ်ဖာကောင်လေးများ၏အသံပုံပေါက်နေ၏။


[ ငါကအရမ်းအားနည်းတယ် ] : ငါ့မက်ခါက အားကုန်တော့မှာမလို့ အရင်ဆင်းနှင့်ပြီ


[ ရေခဲခြစ်လာစားလှည့်ပါ ] : ????


[ ရေခဲခြစ်လာစားလှည့်ပါ ] : ဒါကသောက်ကျိုးနည်းမက်ခါဂိမ်းပဲ ဘယ်လိုလုပ်ပြီးအားကုန်ရမှာလဲ … နိုင်ပြီးတာနဲ့ပြေးတော့မလို့လား


ယွမ်ရှင်းကျဲလျှင်မြန်စွာ PKအခန်းထဲမှ ထွက်လာလိုက်လေသည်။


ရှီးပေါ်လိုင်လည်း ဂိမ်းအခန်းထဲမှထွက်လာကာ အလွန်ဒေါသထွက်နေသဖြင့် သူ၏အခန်းဖော်များအား အော်ဟစ်မေးမြန်းလိုက်လေသည်။


 " ငါတို့ကျောင်းက ဘယ်ကောင်က သူတို့ကိုယ်သူတို့ ငါကအရမ်းအားနည်းတယ်လို့ခေါ်တာလဲ…"


သူ၏အခန်းဖော်များမှာ ယောင်တောင်တောင်ဖြစ်သွားပြီး " အားနည်းတယ်..ဘယ်သူကအားနည်းတာလဲ…"


ရှီးပေါ်လိုင် သူ၏အခန်းဖော်များအား ရှင်းပြလိုက်တော့သည် " မဟုတ်ဘူး အဲ့ဒါက မက်ခါကြယ်ပွင့်ကတစ်ယောက်ပဲ…သူကရောက်လာပြီးတော့ ငါ့ကိုအားနည်းတဲ့ကြက်ပေါက်လေးဆိုပြီးလာဆူတာကွာ.. ပြီးတာနဲ့ ငါ့ကို ငါကအရမ်းအားနည်းတယ်ဆိုတဲ့ အိုင်ဒီနဲ့ နောက်ကလိုက်ချလာတာတော့တာပဲ…"


ရှီးပေါ်လိုင်မှာ S+ အဆင့် အရိပ်မက်ခါတိုက်ခိုက်သူဖြစ်၏။ သူသည် အလယ်တန်းအဆင့်မက်ခါအဖွဲ့မှဖြစ်သော်လည်း ပြောင်မြောက်လှသော သူ၏မက်ခါအရည်အသွေးကြောင့် ဂျက်ကော့စစ်တက္ကသိုလ်ကိုဝင်ရန် အရည်အချင်းစစ်စာမေးပွဲအား ကင်းလွတ်ခွင့်ရခဲ့လေသည်။


သူ၏အခန်းဖော်မှာ အံ့ဩတကြီးကြည့်လျက် " ငါတို့ကျောင်းမှာ မင်းနောက်ကိုလိုက်နိုင်တဲ့သူရှိသေးတာလား…"


ရှီးပေါ်လိုင်၏ တိုက်ခိုက်သည့်ပုံစံများနှင့် အချက်အလက်များ ၊ သူ၏လှုပ်ရှားလေ့ရှိသည့်အလေ့အကျင့်များအား စုဆောင်းပြီးသည့်နောက်မှာတော့ ထိုPK၏ ရည်ရွယ်ချက်မှာ ပြီးမြောက်သွားပြီဖြစ်၏။ သဘာဝကျစွာပင် ယွမ်ရှင်းကျဲသည် ဆက်လက်ဆော့ကစားမည်မဟုတ်ပေ။


ထိုသို့မဟုတ်ပါက သူတို့ဆက်လက်ဆော့ကစားမည်ဆိုလျှင် ပြိုင်ဘက်သည် သူ၏အချက်အလက်များအားအခြေခံ၍ ယွမ်ရှင်းကျဲအား ပြန်လည်ထိုးနှက်နိုင်သွားပေမည်။


ဤသို့ဖြစ်လာမည်အား တားဆီးရန်အတွက် ယွမ်ရှင်းကျဲ မက်ခါကြယ်ပွင့်ထဲတွင် သူ၏မက်ခါပုံစံများအား ဆက်တိုက်ဆိုသလို ပြောင်းလဲနေခဲ့သည်။ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာချုပ်နှောင်မှုများမရှိသောကြောင့် သူ၏တိုက်ခိုက်သည့်ပုံစံသည်လည်း အတော်များများပြောင်းလဲလာခဲ့လေသည်။


အကယ်၍ ရှီးပေါ်လိုင်သာ " ငါကအရမ်းအားနည်းတယ် " ၏ နောက်ပွဲစဉ်များအား မြင်တွေ့ခွင့်ရမည်ဆိုပါက အလွန်ကွာခြားသောတိုက်ခိုက်ပုံများကြောင့် အံ့ဩရလွန်းသဖြင့် သူမေးပြုတ်ကျသွားမည်ဖြစ်သည်။


ယွမ်ရှင်းကျဲလည်း ဂျက်ကော့စစ်တက္ကသိုလ်ရှိ အသန်မာဆုံးဟုဆိုနို‌င်သော ကျောင်းသားအများစုအားစိန်ခေါ်ခဲ့လေသည်။ သူ၏ရန်စမှုအားကြားပြီးသည့်နောက်တွင် ထိုလူများသည် လျှင်မြန်စွာပင် ငါးစာအားဟပ်ခဲ့ကြ၏။ ၎င်းမှာ စုကျီနန်၏စာရင်းသည်မည်မျှအံ့ဩစရာကောင်းသည်အား ဖော်ပြနေခဲ့သည်။


သူ၏စိန်ခေါ်မှးဆက်တိုက်အနိုင်ရလဒ်များနှင့် အခြားသူများနှင့် PKခဲ့သောကြောင့် ယွမ်ရှင်းကျဲမှာ လျှင်လျှင်မြန်မြန်ပင် ထိပ်ဆုံး၅၀ထဲသို့ ရောက်လာ‌ခဲ့လေသည်။


ဂျက်ကော့၏ကျောင်းသားအကုန်လုံးနီးပါးရှုံးနိမ့်ခဲ့ရပြီးနောက်တွင် ယွမ်ရှင်းကျဲစတင်ကာ ယွမ်ရှန်နှင့် စိန့်ကလီယို စစ်တက္ကသိုလ်တို့၏ အသန်မာဆုံးဟုခေါ်ဆိုနိုင်မည့် ကျောင်းသားများအား စတင်စိန်ခေါ်လာခဲ့သည်။


မကြာမီတွင် အမျိုးသားဗိုလ်လောင်းအဆင့်မက်ခါပြိုင်ပွဲမစတင်ခင်အချိန်၌ ဂျက်ကော့၊ ယွမ်ရှန် နှင့် စိန့်ကလီယိုတို့၏ ကျောင်းဖိုရမ်များတွင် တူညီသောပိုစ့်တစ်ခုစတင်ပေါ်ပေါက်လာခဲ့သည်။


(ငါတို့ကျောင်းမှာ မက်ခါကြယ်ပွင့်ကထရမ်းပက်နဲ့လိုက်ရိုက်နေ တဲ့အကောင်ကြီးရှိနေတာလား..)


(ငါကအရမ်းအားနည်းတယ်ဆိုတာက ဘယ်သူလဲ…)


(ငါကအရမ်းအားနည်းတယ် ဒီအရှက်မရှိတဲ့ကောင် နိုင်ပြီးတာနဲ့ပြေးတော့တာပဲ ဒီပို့စ်ကိုဖတ်မိရင် လာတိုက်ခိုက်စမ်းပါ…)


မတူညီသည့်အချိန်များမှ မတူညီသည့်ကျောင်းများ၏ဖိုရမ်များတွင် ထိုစစ်တက္ကသိုလ်သုံးခုမှ ကျောင်းသားအားလုံးသည် သူတို့၏ကျောင်းများမှ လျို့ဝှက်ဆန်းကြယ်သောဆရာကြီးတစ်ဦးပေါ်လာသည်ဟူ၍ ထင်နေခဲ့ကြသည်။ ထိုဆန်းကြယ်သည့်ဆရာကြီးမှာ ဘောင်နိမ့်နိမ့်မဟုတ်ဘဲ ကိုယ်ကျင့်တရားမှာအလွန်ဆိုးဝါးလှသည်။ သူသည်လူများအားလာရောက်ရန်စကာ နိုင်ပြီးသည်နှင့်ပြေးသွားလေ့ရှိရာ ၎င်းမှာမုန်းစရာကောင်းသောပြစ်မှုပင်ဖြစ်၏။


စစ်‌တက္ကသိုလ်အများစုမှာ ငယ်ရွယ်ပြီး အားအင်ပြည့်ဝသောအယ်လ်ဖာများသာဖြစ်သဖြင့် သူတို့၏မကျေနပ်ချက်များမှာ ကြည့်ရှူသူများအား အလွန်ဆွဲဆောင်နိုင်ခဲ့လေသည်။


တစ်စုံတစ်ယောက်သည် ပို့စ်တင်ကာ မေးမြန်းထားခဲ့သည်။


 (ဘာလို့ငါအဲ့လူဆီPK တောင်းဆိုချက်ပို့တော့ သူငါ့ကိုလျစ်လျူရှုတာလဲ…)


တခြားတစ်ယောက်က ပြန်ဖြေပေးခဲ့သည် 


( မင်းရဲ့အဆင့်ကလုံလောက်အောင်မမြင့်လို့နေမှာပေါ့…)


သို့ဖြစ်ရာ အဆင့်နိမ့်ကစားသမားများအား ခွဲခြားဆက်ဆံသည့်ပြစ်မှုဖြင့်" ငါကအရမ်းအားနည်းတယ် " အား အပြစ်တင်ဝေဖန်နေခဲ့ကြသည်။


သဘာဝကျစွာပင် ယွမ်ရှင်းကျဲမှာ ထိုအရာအားမသိခဲ့ချေ။ တစ်ပတ်တာလုံး ကျောင်းသုံးကျောင်းမှကစားသမားများ၏အချက်အလက်များစုဆောင်းပြီးသည့်နောက်တွင်တော့ သူသည်ခြေကုန်လက်ပမ်းကျနေပြီဟု ဆိုနိုင်ပေမည်။


သို့သော်လည်း ဤကြိုးပမ်းမှုမှာအချည်းနှီးမဖြစ်သွားပေ။ အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲ သူတို့တိုက်ခိုက်ပုံ၏သက်ရောက်နိုင်စွမ်းအား ရှင်းလင်းစွာနားလည်သွားခဲ့ပြီဖြစ်ပြီး မည်သူနှင့်ရင်ဆိုင်ရမည်ဖြစ်စေ တစ်ယောက်ချင်း PKဖြစ်နေသရွေ့ သူအရှုံးရှိမည်မဟုတ်တော့ပေ။


နိုင်ငံအဆင့်မက်ခါပြိုင်ပွဲအား ကျင်းပရန် သုံးရက်သာလိုတော့သည်။


ပွဲစဉ်နံပါတ်များအား NCLM၏ တရားဝင်ဝက်ဘ်ဆိုက်ပေါ်တွင် ကြေငြာခဲ့ပြီးဖြစ်သည်။


ရှင်းဟိုင်စစ်တက္ကသိုလ်သည် အဖွဲ့ခွဲချိန် ကံမကောင်းခဲ့ရုံမကဘဲ ပြိုင်ပွဲအတွက် အစီအစဉ်မှာလည်း အကောင်းဘက်တွင် မရှိနေခဲ့ပေ။


ကြေငြာချက်အပြီးတွင် ဂျက်ကော့စစ်တက္ကသိုလ်အဖွဲ့ဝင်များသည် အတိုချုံးအစည်းအဝေးလုပ်ခဲ့ကြသည်။


xxxxx