အပိုင်း ၈၄
Viewers 17k

Chapter 84


ရလဒ်အနေဖြင့် ပြိုင်ဘက်၏ခွန်အားမှာ သူထင်ထားသည်ထက်အားနည်းနေခဲ့ပြီး သူတို့၏ကစားပွဲမှာ ငါးမိနစ်ပင်မကြာလိုက်ချေ။


သို့သော် ထို " ငါကအရမ်းအားနည်းတယ် " ၏ တိုက်ခိုက်သည့်ပုံစံမှာ ကြယ်နှစ်ထပ်မက်ခါနှင့်ဖြစ်ပြီး ကစားပွဲအဆုံးမသတ်ခင်လှုပ်ရှားမှုတစ်ခုသည် လော့ဝမ်းချွမ်းအားတစုံတစ်ဦးကိုသတိရသွားစေခဲ့သည်။


လော့ဝမ်ချွမ်း သံသယစိတ်နှင့်စိတ်ရှုပ်ထွေးမှုထဲသို့ ကျဆင်းသွားခဲ့ရသည်။ ယခုပင်တိုက်ခိုက်ခဲ့သော သူတို့၏ကစားပွဲအား ပြန်လည်စစ်ဆေးနေသည့်အတွက် " ငါကအရမ်းအားနည်းတယ် " မှပေးပို့လာသည့်စာများ သူလွတ်သွားခဲ့သည်။


အမြန်နှုန်းနှစ်ဆဖြင့် အပြန်ပြန်အလှန်လှန်ကြည့်ရှုပြီးချိန်တွင် လော့ဝမ်ချွမ်း၏သံသဝင်နေမှုမှာ ပို၍နက်ရှိုင်းလာလေသည်။


မျက်မှောင်ကြုတ်ကာ မျက်နှာပြင်သို့ကြည့်လိုက်ချိန်၌ " ငါကအရမ်းအားနည်းတယ် " မှ သူ့ထံပေးပို့လာသည့်စာသုံးစောင်အားမြင်လိုက်ရ၏။


ပထမတစ်ခုမှာ " နောက်တစ်ကြိမ်လောက်ဆော့ကြရအောင် …" ဖြစ်သည်။


ဒုတိယတစ်ခုမှာတော့ " ငါ့ရဲ့ကွန်ယက်ဆက်သွယ်မှုကအတော်လေးဆိုးနေလို့ တလွဲဖြစ်သွားခဲ့ရတာ… ငါအဲ့လောက်အားမနည်းဘူး…" ဟူ၍ဖြစ်ပြီး…


နောက်ဆုံးတစ်ခုသည် " ဘာလဲ မင်းကြောက်လို့လား…" ဟူ၍ဖြစ်သည်။


အယ်လ်သူ့အားလျစ်လျုရှုနေခဲ့သဖြင့် ယွမ်ရှင်းကျဲထိုအကွက်အား အသုံးပြုလိုက်ခြင်းပင်။


စက္ကန့်အနည်းငယ်အကြာတွင် အယ်လ် သူ့အား အမှန်တကယ်ဖိတ်ခေါ်စာတစ်စောင်ပို့လာခဲ့သည်။


ဂိမ်းချန်နယ်တစ်ခုလုံးမှာ ထပ်မံ၍ရှော့ရသွားကြပြန်သည်။


၎င်းမှာ သူ့ထံရှုံးနိမ့်ဖူးသည့်သူတစ်ဦးအား ပထမဆုံးအနေဖြင့် အယ်လ်မှဖိတ်ခေါ်စာတစ်စောင်ပေးပို့ခြင်းပင်ဖြစ်၏။


ယွမ်ရှင်းကျဲ၏စိတ်ထဲ၌ တိတ်တခိုးတွေးနေမိသည်မှာ ထိုလှည့်ကွက်သည်လူတိုင်းအပေါ်အလုပ်ဖြစ်သည့်ပုံပင် ၊လော့ဝမ်ချွမ်းကဲ့သို့ လူသည်ပင် အလုပ်ဖြစ်ခဲ့လေသည်။


ဒုတိယအကြိမ်PKပွဲစတင်ခင်၌ ပြန်လည်တိုက်ခိုက်နိုင်မည့်အချက်အလက်များအား ယွမ်ရှင်းကျဲ၏စိတ်ထဲ၌ ကြိုတင်တွေးတော့ခဲ့ပြီးဖြစ်သည်။ ၎င်းမှာ သူ၏ချပ်ဝတ်အားမဆုံးရှူံးစေရန်သာမက လော့ဝမ်ချွမ်းနှင့်ပါ ပွဲကောင်းတစ်ပွဲဆော့ကစားနိုင်ပေလိမ့်မည်။


ဒီတစ်ကြိမ်တွင်တော့ သူအပြင်ဘဝ၌မည်သည့်အချိန်ကမှမမောင်းခဲ့ဖူးသော အရိပ်မက်ခါအားရွေးချယ်လိုက်လေသည်။


တချိန်တည်းမှာပင် သူ၏တိုက်ကွက်ပုံစံအားလည်း တမင်တကာပြောင်းလဲလိုက်၏။


PKစတင်လိုက်သည်နှင့် လော့ဝမ်ချွမ်းတစုံတစ်ရာမှားယွင်းနေသည်အား သတိပြုလိုက်မိသည်။


ထို " ငါကအရမ်းအားနည်းတယ် " မှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည့်ပုံပင်။ သူသည်မတူညီသည့်သူတစ်ဦးဖြစ်လာပြီး အရိပ်မက်ခါကိုရွေးချယ်ခဲ့ရုံသာမက သူ၏တိုက်ခိုက်သည့်နည်းလမ်းမှာလည်း အရင်တစ်ခေါက်ကထက်ပို၍ ပြင်းထန်လာသည်။


ငါးမိနစ်အတွင်းမှာပင် " အယ်လ် " သည်ပွဲအားအဆုံးသတ်နိုင်ရန်အတွက် ကျရှုံးခဲ့ရုံသာမက ကစားပွဲအားထိန်းချုပ်ထားခြင်းမှာ ပြိုင်ဘက်၏လက်ထဲသို့ အချိန်ခဏမျှကျဆင်းသွားရသည်။


အရိပ်မက်ခါများမှာ အမျိုးမျိုးသော လျှပ်စစ်သံလိုက်အနှောင့်အယှက်ထောင်ချောက်များ ဆင်ရာ၌ သင့်တော်ပြီး သံလွန်စမပေါ်ဘဲ သွားလိုက်ပြန်လိုက်လုပ်နိုင်ပြီး ပြိုင်ဘက်မက်ခါများအားဖျက်ဆီးနိုင်မည့် အချိန်ကောင်းအား ရှာဖွေနိုင်ပေမည်။


အရိပ်မက်ခါအား ယွမ်ရှင်းကျဲသုံးလေ့သုံးထမရှိသော်လည်း သူ၏မက်ခါများအပေါ်နားလည်မှုဖြင့် သူအရိပ်မက်ခါအား အတိုင်းအတာကြီးကြီးမားမားတစ်ခုအထိ လွယ်လွယ်ကူကူအသုံးပြုနိုင်သည်။


လော့ဝမ်ချွမ်း ကစားပွဲအားရင်ဆိုင်လျက်အလုပ်များနေချိန်တွင် သူ၏အတွေးများမှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။


သူ၏အရှေ့တွင်ရှိနေသူမှာ ယွမ်ရှင်းကျဲမဖြစ်နိုင်ချေ။


မတူသောမက်ခါများအား သုံးနိုင်ရုံသာမက သူတို့တိုက်ခိုက်သည့်ပုံစံမှာလည်း အတော်လေးကွာခြား၏။


ထိုပြင်းထန်ပြီး သေစေနိုင်သောပုံစံအပြင် စူးရှထက်မြက်ကာ နတ်ဆိုးဆန်သော တိုက်ခိုက်ရေးဗျူဟာမှာ အချက်အလက်များအား တည်တည်ငြိမ်ငြိမ်ရှာဖွေနေတတ်ပြီး မကြာခဏခေါင်းမာတတ်တဲ့ယွမ်ရှင်းကျဲနှင့် လုံးလုံးကွာခြားလေသည်။


ထိုလူနှစ်ဦးမှာ မည်ကဲ့သို့တူညီသောလူများဖြစ်နိုင်မည်နည်း…


ထိုသို့တွေးလိုက်မိသည့်အတွက် လူသတ်ချင်သည့်အငွေ့အသက်များမှာ သူ၏မျက်လုံးထဲတွင်ဖြတ်ပြေးသွားခဲ့သည်။ လော့ဝမ်ချွမ်း အရိပ်မက်ခါအားပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်လိုက်ကာ ညှာတာမည့်ပုံစိုးစိမျှပေါ်မနေချေ။


လေထဲတွင် မက်ခါနှစ်ခုမှာ အလွန်လျင်မြန်သောပုံရိပ်များအဖြစ်ပြောင်းလဲသွားခဲ့သည်။


တစ်မိနစ်ပြီး တစ်မိနစ်ဆိုသလို အချိန်မှာကုန်နေခဲ့ပြီး ထိုသူနှစ်ဦးမှာ ပြင်းထန်‌သောစည်းချက်တစ်ခုအဖြစ်ကျရောက်နေ၏။


မိနစ်သုံးဆယ်ကုန်ဆုံးသွားပြီးနောက် စနစ်သည် သူတို့နှစ်ဦးအားရပ်တန့်ရန်အချက်ပြလာခဲ့သည်။


ဆိုလိုသည်မှာ ပေးထားသောအချိန်အတောအတွင်း သူတို့နှစ်ဦးမှာ ပြိုင်ဘက်အား အချင်းချင်း အနိုင်မယူနိုင်ခဲ့ချေ။


ထို့နောက် စနစ်မှာ နှစ်ဘက်စလုံးမှမက်ခါများ၏ ထိခိုက်ပျက်စီးမှုအချက်အလက်များအားစတင်ရေ‌တွက်နေ‌‌ခဲ့သည်။


[ ပျက်စီးမှုအတိုင်းအတာများကို သတ်မှတ်ပေးနေသည်… ]


[ ကစားသမား " အယ်လ် " ၏ အလင်းဓားမက်ခါမှ ပျက်ဆီးမှုအတိုင်းအတာမှာ : 10.23ရာခိုင်နှုန်း ] လော့ဝမ်ချွမ်း၏မျက်လုံးမှာ တဖြည်းဖြည်းချင်း ပြူးကျယ်လာခဲ့သည်။


မက်ခါကြယ်ပွင့်အား အချိန်အတော်အတန်ကြာကစားပြီးချိန်တွင် မည်သူကမှ သူ၏မက်ခါအား 5ရာခိုင်နှုန်း ထက်ပို၍ထိခိုက်စေရန်မတတ်နိုင်ခဲ့ချေ။


သူမသိလိုက်သည့်အချိန်မှာပင် ထိုအရိပ်မက်ခါသည် သူ၏မက်ခါအား 10ရာခိုင်နှုန်းထက်ပင်ပို၍ထိခိုက်ပျက်စီးစေခဲ့သည်။


[ ကစားသမား " ငါကအရမ်းအားနည်းတယ် " ၏ အရိပ်မက်ခါမှ ပျက်ဆီးမှုအတိုင်းအတာမှာ : 9.05 ရာခိုင်နှုန်း ] ယွမ်ရှင်းကျဲ၏မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုများထုတ်ဖော်ပြသနေခဲ့သည်။


ယခုရက်ပိုင်းတွင် သူဆရာကြီးအတော်များများအား စိန်ခေါ်ခဲ့ပြီး သူ၏တစ်ဖက်လူမှာသူ့အားမည်မျှပင်မုန်းတီးနေပြီး ကြမ်းတမ်းနေခဲ့ပါစေ သူ၏မက်ခါမှာ 4ရာခိုင်နှုန်းထက်ပို၍ မထိခိုက်ခဲ့ဖူးပေ။


ကြည့်ရသည်မှာ စိတ်စွမ်းအားချုပ်နှောင်မှုအား မြင့်တင်ထားလျှင်ပင် လော့ဝမ်ချွမ်း၏ခွန်အားမှာ လျော့တွက်၍မ‌ရချေ။


ယွမ်ရှင်းကျဲ သူမရင်းနှီးသော အရိပ်မက်ခါအားအသုံးပြု၍ အလွန်သေးငယ်လှသော အားသာချက်တစ်ခုဖြင့် ကစားပွဲအားအနိုင်ရှိခဲ့လေသည်။


ဂိမ်းထဲတွင် " အယ်လ် " ၏ ရမှတ်များကျဆင်းသွားသည်အား မြင်တွေ့လိုက်ကြရသည်။


တစ်နှစ်ကျော်ကြာပြီးနောက် အဆုံးမှာတော့ သူတို့ " အယ်လ် "၏ တစ်ဦးချင်း PK ရမှတ်တစ်ကြိမ်ကျဆင်းသွားသည်အား မြင်တွေ့လိုက်ရပြီဖြစ်၏။ ထို့အပြင် သူသည် အမည်မသိသောလူသစ်တစ်ဦးထံမှပင်ဖိနှိပ်ခံလိုက်ရသည်။

84.2


(ဒါကြီးက အရမ်းမှော်မဆန်လွန်းဘူးလား…)


(ငါကအရမ်းအားနည်းတယ်ရဲ့မူရင်းပုံစံကဘာလဲ… သူက နတ်ဘုရားအယ်လ်ကိုတောင် ဖိနှိပ်နိုင်တာ…)


(ငါတကယ်ကို ပြန်လည်ပြသတာကိုကြည့်ချင်သေးတယ်…)


"ငါကအရမ်းအားနည်းတယ် " မှာ အဆင့်တစ်ဆယ်နေရာသို့ပြန်ရောက်သွားပြီဖြစ်သည်။


ထိုဂိမ်းမှာ စိတ်နှလုံးကောင်းရှိသည့်ဂိမ်းဟုဆိုနိုင်ပေသည်။ အကယ်၍ ပြန်လည်ပြသသည့်ဗီဒီယိုမှာ မက်ခါနှင့်သက်ဆိုင်သော ဝဘ်ဆိုဒ်တစ်ခုသို့ ပြန်လည်တင်လိုက်မည်ဆိုပါက မရေတွက်နိုင်သော မက်ခါပရိသတ်များလည်း အံ့ဩသွားကြမည်ဖြစ်သည်။


သူတို့နှစ်ဦးမှာ မက်ခါအားပြီးပြည့်စုံသည့်အဆင့်အထိနားလည်ကြရုံသာမက သူတို့အရည်အချင်းမှာလည်း ထိပ်တန်းအဆင့်ဖြစ်လေသည်။


‌လော့ဝမ်ချွမ်းမှာမူ ကစားပွဲ၏ရလဒ်များကြောင့် အံ့အားသင့်နေမိသည်။ ကစားပွဲအားပြန်လည်ကြည့်ရှုလိုက်ပြီးနောက် ဂိမ်းအဆုံးမသတ်ခင် တစ်မိနစ်အလိုလေးတွင် သူအရိပ်မက်ခါ၏အလင်းဗုံးထောင်ချောက်ဖြင့်ထိခိုက်မိသွားသည်အားရှာတွေ့သွားပြီး ၎င်းမှာ သူ့အားအနည်းငယ်မျှသောအားနည်းချက်ဖြင့်ရှုံးနိမ့်သွားစေသောအရာပင်ဖြစ်သည်။


သဘာဝကျကျပင် လော့ဝမ်ချွမ်းထိုအချက်အား လက်သင့်မခံနိုင်ခဲ့ချေ။ သူအလျင်အမြန်ဆိုသလို " ငါကအရမ်းအားနည်းတယ် " အား PK ဖိတ်ခေါ်စာတစ်စောင်ပေးပို့လိုက်သော်လည်း တစ်ဖက်လူမှာ လျင်မြန်စွာပယ်ချခဲ့သည်။


[ ငါကအရမ်းအားနည်းတယ် ] : တောင်းပန်ပါတယ်နော် ငါ့မက်ခါကအားကုန်နေလို့


[ အယ်လ် ] : ? 


လော့ဝမ်ချွမ်းတွင် ပဟေဠိများစွာပေါ်ပေါက်သွားခဲ့ရသည်။ ထိုသို့ စိတ်ပုပ်သည့်လူမှာ ယွမ်ရှင်းကျဲသို့ ချစ်စရာကောင်းသောကောင်လေးတစ်ယောက်မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။


လော့ဝမ်ချွမ်းမျက်မှောင်ကြုတ်ထားသည်အား မရပ်တန့်နိုင်တော့ပေ။ သူ၏အောင်ပွဲအား ပြန်လည်ရယူရပေမည်။


ကစားပွဲခန်းမထဲမှထွက်လာပြီးနောက် ယွမ်ရှင်းကျဲ သူ၏နောက်ကျောတွင်ချွေးများစိုရွှဲနေသည်အားတွေ့ရှိသွားခဲ့သည်။


သူတည်ငြိမ်ချင်ယောင်ဆောင်ကာ မီးဖိုချောင်သို့သွား၍ ရေအေးခွက်ကြီးကြီးတစ်ခွက်သောက်ချလိုက်ပြီး ထိုအကြောင်းအား လော့ဝမ်ချွမ်းမသိနိုင်လောက်ပေ ဟု သူ၏နှလုံးသားထဲတွင်တွေးတောနေလေသည်။


သူ၏သူဌေးအား စကားများဖြင့်နှိုးဆွခဲ့ခြင်းအထိအဆင်ပြေနေသေးသော်လည်း အဆုံးသတ်တွင် သူအနိုင်ယူမိခဲ့၏။


တစ်ဖက်လူမှာ သူ၏အနာဂတ်မိဘနှင့်ရွှေပေါင်လုံးကြီးဖြစ်သည်။


ယွမ်ရှင်းကျဲသက်ပြင်းကြီးကြီးတစ်ချက်ချလိုက်ပြီးနောက် တီးတိုးရေရွတ်နေလိုက်မိသည် " ယွမ်ရှင်းကျဲ… ငါကအရမ်းအားနည်းတယ်ဆိုတာက ငါနဲ့ဘာဆိုင်မှာမလို့လဲ…"


နိုင်ငံတော်အဆင့်ပြိုင်ပွဲမစတင်မီ သုံးရက်ခန့်လိုသေးသဖြင့် လူတိုင်း၏ပြင်ဆင့်နေမှုများမှာ အတင်းမာဆုံးအခြေအနေသိုရောက်ရှိနေသည်။


NCLM ပြိုင်ပွဲစနစ်အရ အုပ်စုအဆင့်တွင် တစ်ဦးချင်း PKနှင့် အဖွဲ့လိုက် PKပွဲများပါဝင်မည်ဖြစ်ပြီး တစ်ဦးချင်း PKတွင်အနိုင်ရရှိလျှင် အမှတ်တစ်မှတ်ရမည်ဖြစ်ပြီး အဖွဲ့လိုက်တွင် သုံးမှတ်ရရှိမည်ဖြစ်ကာ အမှတ်အများဆုံးရမည့်အဖွဲ့က အနိုင်ရရှိမည်ဖြစ်သည်။ ထိုပြိုင်ပွဲပုံစံမှာ ဗိုလ်လုပွဲအကြိုပွဲစဉ်အထိယှဉ်ပြိုင်ရသွားမည်ဖြစ်၏။


အကြိုပွဲစဉ်နှင့် ဗိုလ်လုပွဲများတွင် တစ်ဘက်တွင် ၆ဦးစီပါဝင်ရမည့် ထိုးစစ်နှင့်ခံစစ် ပြိုင်ပွဲလည်းရှိသည်။ ၎င်းမှာ ယခုနှစ်များအတွင်းမှ ပေါင်းထည့်လိုက်သော ပြိုင်ပွဲတစ်ခုဖြစ်ပြီး စစ်တက္ကသိုလ်များ၏အင်အားကို ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်နိုင်ရန်အတွက်ဖြစ်သည်။


ကျောင်းအဖွဲ့ဝင်များ၏ခွန်အားနှင့်တိုက်ခိုက်ပုံအရ ရစ်ချက် သူတို့အား သုံးဦးနှစ်ဖွဲ့နှင့် တစ်ဦးချင်းပြိုင်ပွဲအတွက်သုံးဦးခွဲခြားလိုက်ပြီး ယွမ်ရှင်းကျဲမှာမူ တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်ရမည့်သူဖြစ်သည်။


တစ်ဦးချင်းပွဲစဉ်များမှာ လျှင်မြန်ရမည်ဖြစ်ပြီး ပို၍မြင့်မားသော ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားရှိရန်လိုအပ်သောကြောင့် ယွမ်ရှင်းကျဲ လေ့ကျင့်‌ရေးတွင် သူ့၏အချိန်အများစုအား တစ်ဦးချင်းတိုက်ခိုက်ရေးစွမ်းရည်ကိုသာ မြှင့်တင်ပေးရန်အသုံးချခဲ့သည်။


မနက်ခင်းပြေးရန် ယွမ်ရှင်းကျဲ လေ့ကျင့်ရေးခန်းမသို့ရောက်လာသည်နှင့်တပြိုင်နက် မဲမှောင်နေသောမျက်နှာနှင့် လော့ဝမ်ချွမ်းအားမြင်တွေ့လိုက်ရသည်။


ပုံမှန်အားဖြင့် လော့ဝမ်ချွမ်းမှာ မျက်နှာသေဖြင့်ရှိနေတတ်သော်လည်း ယနေ့တွင်မူ သူ့ခန္ဓာပေါ်ရှိအေးခဲနေသောအငွေ့အသက်များအား ပို၍ထုတ်ဖော်နေ၏။


သူ့စိတ်အခြေအနေဆိုးမည့်ပုံပင်…


ခယ့်လိုင်အသံနိမ့်နိမ့်ဖြင့် ‌ယွမ်ရှင်းကျဲအားသတိပေးလာခဲ့သည် " သာ့ချွမ်း မနေ့တုန်းက စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုနဲ့တိုးခဲ့လို့ သူ့ကိုအနှောင့်အယှက်သွားမပေးမိအောင်နေချည်…"


ကြည့်ရသည်မှာ အရင်တစ်ချိန်တုန်းက သူရေခဲနံရံအားတိုက်မိခဲ့ပြီးသည့်ပုံပင်။


ယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်သော်လည်း သူ၏နှလုံးသားထဲတွင် မသက်မသာခံစားနေရလေသည်။


စိတ်အနှောင့်အယှက်ဖြစ်သည့်အရာတစ်ခု…


၎င်းမှာ သူရှုံးနိမ့်ခဲ့သည့် မက်ခါကြယ်ပွင့်မှလူတစ်ယောက်အား ဆိုလိုနေခြင်းမဟုတ်ပါလော…


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား မမြင်ချင်ယောင်ဆောင်ကာ လေ့ကျင့်မည်ပြုလိုက်ချိန်တွင် ရုတ်တရက်ဆိုသလို သူ၏အသံအားကြားလိုက်ရ‌သည် " ယွမ်ရှင်းကျဲ…"


တစုံတစ်ယောက်သူ့နာမည်ခေါ်သည်အားကြားလိုက်သဖြင့် ရပ်တန့်လိုက်ကာ လော့ဝမ်ချွမ်းအားကြည့်ရန်လှည့်လိုက်ပြီး တည်ငြိမ်စွာ မေးမြန်းလိုက်သည် " ကျွန်တော့ကိုခေါ်နေတာလား.."


" ဟုတ်တယ်... " လော့ဝမ်ချွမ်းအသံနိမ့်နိမ့်ဖြင့် 


" ဒီကိုလာဦး…"


ကြည်လင်သောအနက်ရောင်မျက်လုံးများမှာ ယွမ်ရှင်းကျဲအားစိုက်ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် အနည်းငယ်စူးစမ်းချင်စိတ်နှင့် လေးနက်မှုများပါဝင်နေ၏။


ယွမ်ရှင်းကျဲ၏နှလုံးမှာ ခုန်ထွက်လာတော့မတတ်ဖြစ်နေခဲ့သည်။


မည်သို့ပင်ဖြစ်စေ သူသည်ဘဝနှစ်ခုစာနေထိုင်ဖူးခဲ့သဖြင့် အနည်းငယ်မျှသော သရုပ်ဆောင်စွမ်းရည်မျိုးရှိနေသေးသည်။


လော့ဝမ်ချွမ်း၏ရှေ့သို့ ယွမ်ရှင်းကျဲတည်ငြိမ်စွာလျှောက်လာလိုက်ပြီး သူ၏လည်ချောင်းကိုရှင်းကာ " ကျွန်တော့်ကို ခင်ဗျားအတွက် မက်ခါအဆင့်ပြင်ပေးဖို့လိုလို့လား…"


" အင်း " လော့ဝမ်ချွမ်းအေးအေးဆေးဆေးပြန်ဖြေလိုက်ပြီး " ဒီနေ့ညပဲ…"


ယွမ်ရှင်းကျဲ သက်ပြင်းတစ်ချက်သာချလိုက်မိသည်။ လော့ဝမ်ချွမ်းမှာ သူ၏အကြောင်းအား သံသယဝင်နေပုံမရချေ။


ထို့ကြောင့် ခေါင်းငြိမ့်လိုက်ကာ " ကောင်းပါပြီ ကျွန်တော် ခင်ဗျားရဲ့မက်ခါအတွက်ဘာတွေပြင်ရမလဲဆိုတာသိရဖို့အတွက် တစ်ချက်ကြည့်ဖို့တော့လိုတယ်…"


လော့ဝမ်ချွမ်း၏မျက်လုံးများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့ရာ စကားပြောပြီးသည်နှင့် ယွမ်ရှင်းကျဲမှာအလျင်အမြန်ထွက်ပြေးချင်နေမိ၏။


Xxxxxxx