အပိုင်း ၈၅
Viewers 17k

Chapter 85


မည်သို့ပင်ဖြစ်စေ သူဝေးဝေးမလျှောက်နိုင်ခင်တွင် သူ၏နောက်မှအသံထပ်မံထွက်ပေါ်လာခဲ့သည်။


" မင်းမက်ခါကြယ်ပွင့်ဆော့လား…"


ယွမ်ရှင်းကျဲရပ်တန့်သွားကာ တခဏအတွင်း သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။


မဖြစ်နိုင်ဘူး။ လော့ဝမ်ချွမ်းသူ့ကို မှတ်မိသွားတာလား…


ပထမပွဲမှာ ငါးမိနစ်ခန့်ပင် မကြာမြင့်ခဲ့သည်ကို လော့ဝမ်ချွမ်း ထိုသူမှာ သူဖြစ်သည်အား သိသွားခဲ့သည်လား…


ဒါက…


ယွမ်ရှင်းကျဲထိုခဏတာအတွင်း မည်သို့ပြောဆိုရမည်ဆိုသည်ကိုမသိတော့ပေ။ 

လော့ဝမ်ချွမ်းမှာအလွန်ဉာဏ်ရည်ထက်မြက်နေသည်လော သို့မဟုတ် ‌သူ့ကိုယ်သူအားကောင်းကောင်းသိနေသည်လော…


သူ၏မျက်နှာအမူအယာအား အာရုံစူးစိုက်လိုက်ပြီး ယွမ်ရှင်းကျဲ အနောက်သို့လှည့်ကြည့်ကာ လော့ဝမ်ချွမ်းအားမျက်နှာသေဖြင့်မေးမြန်းလိုက်လေသည် " မက်ခါကြယ်ပွင့်လား…အဲ့ဒါအရမ်းနာမည်ကြီးတဲ့ဂိမ်းမလား…"


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏မျက်လုံးများအား စိုက်ကြည့်လိုက်ပြီး အမ်း ဟူသောအသံထွက်ပေါ်လာခဲ့သည်။


" ကျွန်တော်အကောင့်တော့ဖွင့်ဖူးတယ်…" ယွမ်ရှင်းကျဲ သူ၏ခေါင်းကိုကုတ်လျက် " ဒါပေမဲ့ ဒီရက်ပိုင်းကစားဖို့အချိန်အများကြီးမရှိခဲ့ဘူးလေ.. လေ့ကျင့်ရေးကတအားခက်ခဲတာပဲ…"


ယွမ်ရှင်းကျဲပြောသည်အား ကြားပြီးနောက် လော့ဝမ်ချွမ်း၏သံသယများမှာ ပျောက်ကွယ်သွားတော့သည်။


ထို့ထက် ထို " ငါကအရမ်းအားနည်းတယ် " ဆိုသော အိုင်ဒီမှာ သူ့အားအလွန်ရိုင်းစိုင်းစွာပြောဆိုခဲ့ရာ ၎င်းမှာ ယွမ်ရှင်းကျဲပြုလုပ်နိုင်မည့် အရာမျိုးမဟုတ်ချေ။


" ရပါပြီ ကိုယ်ကဒီတိုင်းမေးလိုက်တာ…" လော့ဝမ်ချွမ်း၏အသံမှာတည်ငြိမ်နေပြီး သူ၏မျက်လုံးထဲတွင်မည်သည့်ခံစားချက်မှမရှိနေပေ။


ယွမ်ရှင်းကျဲ အလျင်အမြန်တံတွေးမြိုချလိုက်ပြီး တင်းမာနေသောသူ၏ပခုံးများမှာ တဖြည်းဖြည်းပြေလျော့သွားခဲ့သည်။


မည်သို့ပင်ဖြစ်စေ လော့ဝမ်ချွမ်းထပ်မံပြောဆိုလာသည့်စကားကြောင့် သူထပ်ပြီး တုန်လှုပ်သွားရပြန်သည်။


" နောက်တစ်ခေါက်ကျ အခွင့်အရေးရှိမယ်ဆိုရင် အတူတူဆော့ရအောင်…"


"...." လော့ဝမ်ချွမ်းနောက်ပြောင်ခြင်းမဟုတ်ကြောင်း ယွမ်ရှင်းကျဲအတိအကျပြောနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူအကောင့်တုသုံးနိုင်သည်အား စဉ်းစားလိုက်မိပြီး ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။


 " ကောင်းပါပြီ အတူတူဆော့ကြတာပေါ့…"


လော့ဝမ်ချွမ်းသူ့အားသွားခွင့်ပြုလိုက်လေသည်။


မနက်ခင်းလေ့ကျင့်ရေးအပြီးတွင် လေ့ကျင့်ရေးခန်းမထဲသို့ ရစ်ချက်ရောက်လာကာ လူတိုင်းကိုစုစည်းခိုင်းလိုက်သည်။ သူ၏နောက်မှာတော့ ဝန်ထမ်းများရှိနေပြီး ထိုသူအားလုံးမှာ အကူနည်းပြများဖြစ်ကာ သူတို့၏တာဝန်မှာ ကျောင်းအဖွဲ့ဝင်များ၏ နေ့စဉ်လေ့ကျင့်ရေးမှတ်တမ်းများအား စုဆောင်းပြီး ရစ်ချက်သူတို့အားလေ့ကျင့်ပေးရာတွင် ကူညီရန်ဖြစ်သည်။


" ဒီနေ့ကျောင်းက အကူနည်းပြတွေနဲ့ နောက်ထပ်အစည်းအဝေးလုပ်ခဲ့တယ်…" 


ရစ်ချက်အလေးအနက်ထားသည့်အမူအယာဖြင့်ပြောလိုက်ပြီး " သိကြတဲ့အတိုင်းပဲ မင်းတို့ရဲ့ပထမဆုံးပြိုင်ဘက်က မနှစ်က တတိယနေရာရခဲ့တဲ့ ဂျက်ကော့ပထမစစ်တက္ကသိုလ်ဖြစ်မှာဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့နိုင်နိုင်ချေက 30ရာခိုင်နှုန်းထက်တောင်နည်းသေးတယ်…"


လူအများစု၏အမြင်၌ ရှင်းဟိုင်စစ်တက္ကသိုလ်သည် ဂျက်ကော့ပထမစစ်တက္ကသိုလ်အား ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းမှာ ကျောက်တောင်အား ကြက်ဥဖြင့်ပေါက်နေသကဲ့သို့ပင်။


အစပိုင်းတွင် ကျောင်းသည် ထိုပြိုင်ပွဲအတွက် မျှော်လင့်ချက်အများကြီးမထားခဲ့သော်လည်း…


" ငါတို့ပထဆုံးပွဲကိုရှုံးသွားမယ်ဆိုရင်တော့ အဲ့ဒါကသေချာပေါက်လူတိုင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေလိမ့်မယ်…" ရစ်ချက်၏ အနက်ရောင်နှင့် အဖြူရောင်မျက်လုံးများမှာ လူတိုင်းအား စိုက်ကြည့်နေလျက် " အဲ့ဒါကြောင့် ငါတို့ဂျက်ကော့ကျောင်းရဲ့ ဒီနှစ်ကျောင်းအဖွဲ့ဝင်တွေကို အထူးတလည်လေ့လာပြီးတော့ အစီအစဉ်တွေကိုပြန်ညှိရလိမ့်မယ်…"


တစ်ဦးချင်းပွဲစဉ်နှင့် အဖွဲ့လိုက်ပွဲစဉ်တို့အတွက် ကစားသမားများအား ပြန်လည်ညှိနှိုင်းကြခြင်းမှာ ပြိုင်ပွဲတွင် အလွန်အသုံးများသော နည်းဗျူဟာတစ်ခုပင်ဖြစ်၏။


ရစ်ချက် သူ၏မှတ်ဉာဏ်တုအားဖွင့်ကာ အစည်းအဝေးအချိန်ကိုစတင်မှတ်သားလိုက်သည်။


ထို့နောက် သူ၏မျက်လုံးများမှာ ယွမ်ရှင်းကျဲထံရောက်သွားပြီး ဖြည်းညင်းစွာပြောလာခဲ့သည် " ယွမ်ရှင်းကျဲ မင်းတစ်ယောက်တည်းကစားလို့မရဘူး…"


ထိုစကားများကြားလိုက်ရချိန်၌ ယွမ်ရှင်းကျဲထိတ်လန့်သွားရလေသည်။


လွန်ခဲ့သောဆယ်ရက်အတော်အတွင်း သူသည် တစ်ဦးချင်းစွမ်းရည်အတွက်သာလေ့ကျင့်ထားခဲ့ပြီး မက်ခါကြယ်ပွင့်ရှိ အဖွဲ့လိုက်နှင့် ခြောက်ဦးချင်းပွဲစဉ်များတွင် ပေါ့ပေါ့ပါးပါးကစားခဲ့ဖူးသော်လည်း တစ်ဦးချင်းပွဲစဉ်များတွင်သာ အချိန်ပိုဖြုန်းခဲ့သည်။


ဘေးဘက်မှာ အကူနည်းပြတစ်ဦးကလည်း ပြောလာခဲ့သည်…


" ကျွန်တော်တို့အကူနည်းပြတွေရဲ့ အကဲဖြတ်မှုတွေအရလည်း ယွမ်ရှင်းကျဲရဲ့ စိတ်ပိုင်းဆိုင်ရာအေအဆင့်စွ‌မ်းအား‌ နဲ့ ရုပ်ပိုင်းဆိုင်ရာ ဘီအဆင့်စွမ်းအားတို့‌တွေ စုစုပေါင်းက အားနည်းနေသေး‌တဲ့အတွက် ဂျက်ကောပထမစစ်တက္ကသိုလ်နဲ့ရှင်းဟိုင်တက္ကသိုလ်တွေရဲ့ အဆင့်အရဆို အောက်ဆုံးမှာပဲရှိလိမ့်မယ်… မတူညီတဲ့အချက်ကတော့ ဒီနှစ်ဂျက်ကော့ရဲ့စုစု‌ပေါင်းစွမ်းအားက မနှစ်ကထက်ပိုသာတာပဲ…SS+ အဆင့်ကိုရောက်ထားတဲ့ ချန်ကျွင်းရယ် S+ အဆင့်ရောက်ထားတဲ့ ချင်ရွှမ်းရယ် အသစ်ခေါ်ထားတဲ့ဉာဏ်ကြီးရှင် ရှီးပေါ်လိုင်လို့ခေါ်တဲ့တစ်ယောက်ရယ်ကို ထပ်ပြီးဖြည့်စွက်ရမယ်ဆိုရင်…"


" ငါသိသလောက်ဆိုရင် ချင်ရွှမ်းနဲ့ ချန်ကျွင်းက အေးဆေးတည်ငြိမ်တဲ့စိတ်နေစိတ်ထားရှိပြီးတော့ ရှီးပေါ်လိုင်ကတော့ ပုန်ကန်တတ်တယ်…" ရစ်ချက် ယွမ်ရှင်းကျဲအားကြည့်ကာ ထပ်မံပြောကြားလိုက်သည် " အမှတ်တွေအများဆုံးရနိုင်ဖို့အတွက် ဂျက်ကော့ရဲ့အကောင်းဆုံးရွေးချယ်မှုက ချင်ရွှမ်းနဲ့ ချန်ကျွင်းကို တစ်ဦးချင်းပွဲ‌စဉ်တွေမှာ တိုက်ခိုင်းလိမ့်မယ်… ရှီးပေါ်လိုင်ရဲ့စိတ်နေစိတ်ထားကလည်း အဖွဲ့လိုက်ပြိုင်ပွဲနဲ့မသင့်တော်တဲ့အတွက် သူကလည်း တစ်ဦးချင်းပွဲကိုလာမှာပဲ…"


ရစ်ချက်၏သုံးသပ်ချက်အားနားထောင်ပြီးနောက် ယွမ်ရှင်းကျဲထိုအချက်မှာ ယုတ္တိမရှိဘူးဟုခံစားလိုက်ရလေသည်။


သို့သော်လည်း သူမမျှော်လင့်မိခဲ့သောအရာမှာ ထိုတည်ငြိမ်သောစိတ်နေစိတ်ထားရှိသည့် ချန်ကျွင်း၏အိုင်ဒီမှာ " ဒေါသကြီးတယ်ဆိုရင်ငါနဲ့လာမရှုပ်နဲ့ " ဖြစ်နေချိန်တွင် ရမ်းကားတတ်သည့်ရှီးပေါ်လိုင်မှာမူ " ရေခဲခြစ်လာစားလှည့်ပါ " ဟူ၍ဖြစ်နေခဲ့သည်။


ကြည့်ရသည်မှာ ဂိမ်းအိုင်ဒီသည် တစ်စုံတစ်ယောက်၏ စိတ်နေစိတ်ထားအား တိတိကျကျ ကိုယ်စားပြုမည့်ပုံမပေါ်ချေ။


" ကျွန်တော် နည်းပြစီစဉ်ပေးတာကိုပဲ လက်ခံပါတယ်…" ယွမ်ရှင်းကျဲ ရစ်ချက်၏မျက်လုံးများကို ကြည့်ကာခေါင်းငြိမ့်ပြလိုက်ပြီး " အဖွဲ့လိုက်ပြိုင်ပွဲကိုသွားဖို့ ကျွန်တော်သဘောတူပါတယ်…"


ရစ်ချက် ထိုကလေးတွင် အခြားအမြင်ရှိနေမည်ဟု ထင်မိခဲ့သော်လည်း ထိုမျှလိမ္မာရေးခြားရှိမည်ကို မျှော်လင့်မထားခဲ့ချေ။


တကယ်တမ်းမှာလည်း ယွမ်ရှင်းကျဲသည် သူတစ်ဦးတည်းပွဲစဉ်သာအများအပြား‌ကစားခဲ့ရသောကြောင့် အဖွဲ့လိုက်ပြိုင်ရမည်မှာလည်း မဆိုးလှပေ။


မည်သို့ပင်ဆိုစေကာမူ ရစ်ချက်ထပ်မံပြောကြားလာသည့် စကားလုံးများကြောင့် ယွမ်ရှင်းကျဲမှာ ချက်ချင်းဆိုသလိုနောင်တရသွားခဲ့ရ‌သည် " ဟဲဟောင်မင် မင်းကပထမစီစဉ်ထားတဲ့ သုံးယောက်အဖွဲ့ကနေပြီးတော့ တစ်‌ဦးချင်းပြိုင်ရမှာကိုပြောင်းလိုက်… မင်းချန်ကျွင်းနဲ့မဆုံရသေးသရွေ့ အခွင့်အရေးကရှိနေသေးတယ်… ယွမ်ရှင်းကျဲ မင်းကတော့ ဟဲဟောင်မင်ရဲ့အရင်အဖွဲ့ကိုသွားရမယ်…"


ဟဲဟောင်မင် ချက်ချင်းပြန်ဖြေလာခဲ့၏ " ကျွန်တော် နည်းပြရဲ့စီစဉ်မှုကိုလက်ခံပါ့မယ်…"


ယွမ်ရှင်းကျဲ၏ပါးစပ်မှာမူ ရှုံ့မဲ့နေပြီဖြစ်သည်။


ဟဲဟောင်မင်၏အရင်အဖွဲ့မှ အဖွဲ့ဝင်များမှာ…


ကာလက်နှင့်ချီယုတို့ဖြစ်ကြသည်။


တစ်ဦးမှာ ရူးသွပ်နေသည့် ခေါင်းနီကောင်ဖြစ်ပြီး ပြိုင်ပွဲအတွင်း၌ သူ့အားရူးရူးသွပ်သွပ်ဆွဲဖြဲချင်နေသူဖြစ်ကာ တစ်ဦးမှာ ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် ပြိုင်ဘက်မရှိအမုန်းဆုံးလူဖြစ်သည်။


ထိုနှစ်ဦးအား အသင်းဖော်အဖြစ်ထားရမည်မှာ…

85.2


ယွမ်ရှင်းကျဲပါးစပ်ဟရန်ပြင်လိုက်သော်လည်း သူတွေးနေသည်အား ရစ်ချက်မြင်ထားသည့်အတွက် အလျင်အမြန်ပြောလိုက်လေသည်။


" အသင်းဖော်ပြောင်းတာကိုလက်မခံဘူး…"


အခြားအဖွဲ့ဝင်သုံးဦးမှာ ခယ့်လိုင် ၊ ဆာတိုအန်းနှင့် အိုးရွေ့တို့ဖြစ်သဖြင့် ယွမ်ရှင်းကျဲတွေးတောနေသည်မှာ တစ်ဦးမျှပြောင်းလဲနိုင်မည်‌ဆိုလျှင်ပင် သူချီယုအားပြောင်းပစ်မည်သာဖြစ်သည်။


သို့သော်လည်း ရစ်ချက်သည် သူ၏မျှော်လင့်ချက်အား ဖြတ်ချပစ်ခဲ့သည်။


ရစ်ချက်၏စီစဉ်မှုအားကြားလိုက်ရပြီးနောက် လော့ဝမ်ချွမ်းမသိမသာမျက်မှောင်ကြုတ်လိုက်ကာ သူ၏မူလအစကပင် မကောင်းနေခဲ့သော မျက်နှာအမူအယာမှာ ပို၍ပင်အေးစက်သွားလေသည်။


ယွမ်ရှင်းကျဲနှင့် ချီယုတို့ တစ်သင်းထဲဖြစ်တော့မည်လော…


ထိုကိစ္စနှင့်ပတ်သက်၍ လော့ဝမ်ချွမ်းပြောလိုက်ချင်မိသော်လည်း ၎င်းမှာ ကျောင်းအဖွဲ့အနိုင်ရရှိနိုင်ရန် အကူနည်းပြများ၏ အကဲဖြတ်မှတ်တမ်းအရစီစဉ်ထားသောအရာဖြစ်ကြောင်း သိနေခဲ့သည့်အတွက် ရပ်တန့်လိုက်ရသည်။


အဆုံးမှာတော့ ဂျက်ကော့အဖွဲ့၏ အဖွဲ့ဝင်သုံးဦးမှာ ရင်ဆိုင်ရလွယ်ကူမည့်သူများမဟုတ်သည့်အတွက် ယွမ်ရှင်းကျဲကဲ့သို့ လူသစ်အိုမီဂါလေးအား ထိုလူများနှင့်ရင်ဆိုင်တိုက်ခိုင်းသည်မှာ အလွန်အန္တရာယ်ကြီးလှသည်။


သူယွမ်ရှင်းကျဲနှင့် တစ်သင်းထဲကျနိုင်မည်အား မျှော်လင့်မထားခဲ့မိသည့်အတွက် ချီယု၏မျက်လုံးများမှာမူ မျှော်လင့်မထားသော ပျော်ရွှင်မှူများဖြင့်ပြည့်နှက်သွားခဲ့ရသည်။


ကာလက် ယွမ်ရှင်းကျဲ၏အရှေ့သို့လျှောက်လာခဲ့ပြီး အနီရောင်ဆံပင်များအောက်မှ အနည်းငယ်အေးစက်နေသောမျက်လုံးများနှင့်အတူ သူ၏နှုတ်ခမ်းကိုကိုက်ကာ " မင်းနဲ့တွဲလုပ်ရမယ်ဆိုတော့ ငါတော်တော်လေးကိုအံ့ဩသွားရတာပဲ…"


ယွမ်ရှင်းကျဲ သူ့အားစိုက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့သည့်ပုံဖြင့် နှုတ်ခမ်းထောင့်များမှာတွန့်ကွေးလာကာ " ဒီတစ်ကြိမ်တော့ ငါကမင်းရဲ့အသင်းဖော်နော်… ငါ့ကိုဆွဲဖြဲဖို့စဉ်းစားမနေနဲ့တော့…"


" စိတ်မပူပါနဲ့…" ယွမ်ရှင်းကျဲ၏စကားများကြောင့် ကာလက် သူ၏မိမိကိုယ်ကိုအထင်ကြီးပြီး မောက်မာသောအပြုံးဖြင့် ယွမ်ရှင်းကျဲအားကြည့်လိုက်ကာ " အစ်ကိုကြီးက မင်းကိုအလဲသိပ်ပြီးတော့ နိုင်ခိုင်းမှာပါ ညီလေးရဲ့…"


သဘာဝကျစွာပင် ကာလက်၏စကားများကြောင့် ချီယုစိတ်တိုသွားခဲ့ရသည်။


ခွန်အားအရာတွင် သူသည်လည်း ကာလက်ထက်ပိုမဆိုးနိုင်ပေ။


ထိုကြောင့်ရှေ့သို့တိုးလိုက်ကာ ယွမ်ရှင်းကျဲအားလေးလေးနက်နက်ပြောလိုက်လေသည် " ရှင်းကျဲ ငါတို့ကအဖွဲ့လိုက်ပြိုင်ပွဲအတွက် အသင်းဖော်တွေဆိုတော့ ငါသေချာပေါက်မင်းကိုကာကွယ်ပေးမယ်…"


ယွမ်ရှင်းကျဲမှာမူ သူ့အားလျစ်လျုရှုကာ လှည့်ထွက်လာခဲ့လေသည်။


ချီယုအံတင်းတင်းကြိတ်လျက် ယွမ်ရှင်းကျဲ၏နောက်ကျောကိုကြည့်ကာ မလိုလားသည့်အသံဖြင့် " ယွမ်ရှင်းကျဲ ဒါကပြိုင်ပွဲနော် နိုင်ဖို့အတွက်ဆိုရင် မင်းငါနဲ့ပူးပေါင်းဖို့ကလွဲပြီးရွေးချယ်စရာမရှိဘူး… မင်းရဲ့ငါ့အပေါ်ဆန့်ကျင်နေတဲ့ကိုယ်ရေးကိုယ်တာခံစားချက်တွေကို ပြိုင်ပွဲထဲဆွဲသွင်းမလာနဲ့…"


လော့ဝမ်ချွမ်းမျက်မှောင်ကြုတ်ကာ သူ၏မျက်လုံးများအားမှိတ်ထားခဲ့သည်။ ထို့နောက် ယွမ်ရှင်းကျဲအား ကြည့်လာခဲ့ပြီး သူ၏မျက်လုံးများထဲတွင် အနည်းငယ်မရှင်းမလင်းဖြစ်နေသောခံစားချက်များရှိနေခဲ့သည်။


ကာလက် ချီယုအားမုန်းတီးမိသော်လည်း သူပြောနေသည်မှာ မှန်ပေသည်


ချီယု၏ရေဆိုးများလောင်းချခဲ့ခြင်းကြောင့် ယခင်နှစ်ကျောင်းအဖွဲ့ထဲသို့ သူမဝင်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အနိုင်ရရှိရန်အတွက် ချီယုနှင့် ပူးပေါင်းရမည်ဖြစ်သည်။


ချီယု၏စကားများအား ယွမ်ရှင်းကျဲကြားလိုက်ပြီးနောက် ခေါင်းကိုလှည့်ကာ ပြန်ကြည့်လာခဲ့သည်။


သူ၏မျက်လုံးထဲမှာမူ မည့်သည့်ခံစားချက်မှ ရှိမနေခဲ့ပေ။


သူ၏ပါးလျသောနှုတ်ခမ်းအားအနည်းငယ်ဟလိုက်ပြီး သူ၏ဖြူ‌စင်သန့်ရှင်းနေကာ သူ၏လိုင်းများမှာသပ်ရပ်နေ၏။ သို့သော်ယွမ်ရှင်းကျဲ၏စကားများမှာမူ ချီယုအား တုံ့ဆိုင်းသွားစေခဲ့သည် " ချီယု အဲ့လောက်စိတ်ကူးယဉ်ဆန်မနေနဲ့… ငါကမင်းအပေါ်ကို ဘယ်လိုကိုယ်ရေးကိုယ်တာခံစားချက်တွေရှိရမှာလဲ…" 


ချီယု၏မျက်လုံးများမှာ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ အမြဲတမ်းဆိုသလို သူထင်ထားခဲ့သည်မှာ ယွမ်ရှင်းကျဲသူ့အပေါ်သဘောမကျဘူးဆိုလျှင်ပင် ဂရုတော့စိုက်လောက်မည်ဟူရင်ပင်။ သူ့အားမုန်းခဲ့လျှင်ပင် ၎င်းမှာ ယခင်အချိန်တုန်းက ယွမ်ရှင်းကျဲသည် သူ့အားအလွန်ချစ်မြတ်နိုးခဲ့ခြင်းကြောင့် ဖြစ်မည်ဟု သူထင်နေခဲ့မိသည်။


ချီယု၏လည်ချောင်းမှာ လှုပ်ရှားသွားပြီး " မင်း…"


" ငါ့အတွက်တော့ မင်းကအလွန်ဆုံး ငါကောင်းကောင်းမသိတဲ့အသင်းဖော်တစ်ယောက်‌သာသာပဲ…"


ယွမ်ရှင်းကျဲသူ၏စကားအားရပ်တန့်လိုက်ပြီးနောက် လှည့်ထွက်လာကာ ပြိုင်ပွဲအတွက်လေ့ကျင့်ရန် ပြင်ဆင်လိုက်လေသည်။


ထိုတစ်နေ့လုံး ယွမ်ရှင်းကျဲသူ၏စကားအတိုင်း‌ပြုမူနေခဲ့ကာ ချီယုထံသို့ မည့်သည့်ခံစားချက်မှ မဖော်ပြခဲ့ချေ။


အဖွဲ့လိုက်ပြိုင်ပွဲအတွက်လေ့ကျင့်မှုကို ကျောင်းအဖွဲ့၏သီးသန့်သရုပ်ပြလေ့ကျင့်သည့်အခန်းတွင် ပြုလုပ်ရသောကြောင့် အသင်းဖော်များသည် အချင်းချင်းနားလည်နိုင်မှုအား ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ကြမည်ဖြစ်၏။


လေ့ကျင့်ရေးတစ်ခုလုံးတွင် ယွမ်ရှင်းကျဲမည်သည့်စကားမှမပြောခဲ့ချေ။ တိုက်ပွဲအတွင်းတွင် ချီယုနှင့်ပူးပေါင်းပေးခဲ့သော်လည်း ပြီးဆုံးသွားချိန်၌ မူလသူစိမ်းများအခြေအနေသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။


၎င်းမှာ ချီယုအား ရိုးရိုးရှင်းရှင်း မရင်းနှီးကြခြင်းထက် ပို၌မသက်မသာ‌ဖြစ်အောင်ပြုလုပ်နေသည်။


သူတိတိကျကျခံစားနေရသည်မှာ ကစားပွဲအတွင်း၌ ယွမ်ရှင်းကျဲမှာ သူ့ဘက်တွင်ရှိနေပေးသော်လည်း သူတို့အကြားတွင် နံရံတစ်ခုပိုင်းခြားထားပြီး မနီးစပ်စေရန်ကာကွယ်ထားခဲ့သည် ဟူ၍ပင်။


ယွမ်ရှင်းကျဲ၏လေ့ကျင့်ခန်းများပြီးချိန်တွင် သူသည် သရုပ်ပြခန်းမမှာထွက်ခွာသွားခဲ့သည်။ ချီယုသူ့အားညစာအတွက်ဖိတ်ကြားချင်ခဲ့သော်လည်း လျင်လျင်မြန်မြန်ထွက်ခွာသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။


ထိုအချိန်၌ ချီယု၏နှလုံးအား လက်ဖြင့်ညှစ်ထားသကဲ့သို့ မခံစားနိုင်ဖြစ်နေရလေသည်။


Xxxxxxx