အပိုင်း ၈၆
Viewers 17k

Chapter 86


အကူနည်းပြများလေ့ကျင့်ခိုင်းသည့်အရာများပြီးဆုံးသွားပြီးနောက် ယွမ်ရှင်းကျဲမှာ အနည်းငယ်မောပန်းနေပြီး သူ၏ချွေးများအား ပုဝါတစ်ခုဖြင့်သုတ်နေခဲ့၏။ သူသရုပ်ပြခန်းမမှ ထွက်ခွာသွားတော့မည့်အချိန်တွင် ရင်းနှီးနေသော ရှည်လျားသည့်ပုံရိပ်‌တစ်ခုနှင့်ဆုံလိုက်ရသည်။


ယွမ်ရှင်းကျဲ ကြောင်အသွားပြီ " စီနီယာလေ့ာ အခုထိမပြန်ရသေးဘူးလား…"


လော့ဝမ်ချွမ်းမှာ သူ့အားစိုက်‌ကြည့်နေခဲ့ပြီး နဖူးပေါ်၌အရိပ်မည်းတစ်ခုဖြစ်ပေါ်နေကာ အမူအရာကင်းမဲ့နေသောမျက်နှာကိုသာဆက်လက်တပ်ဆင်ထားခဲ့သည်။


ခဏအကြာတွင် နှုတ်ခမ်းကိုက်လျက် အနည်းငယ်မျက်မှောင်ကြုတ်ကာ နက်ရှိုင်းသောအသံဖြင့် မေးမြန်းလာခဲ့သည် " ဘယ်လိုအဆုံးသတ်သွားလဲ…"


သူ၏အသံထဲတွင် အနည်းငယ်မနာလိုဝန်တိုမှုများပါဝင်နေခဲ့လေသည်။


လော့ဝမ်ချွမ်း၏ မှိုင်းတိုင်းတိုင်းအသံအားကြားရပြီးသည့်နောက် ယွမ်ရှင်းကျဲ အံ့အားသင့်နေသည့်ပုံဖြင့် မေးမြန်းလာခဲ့သည်။


 " စီနီယာလော့ ကျွန်တော့်ကိုဒီမှာစောင့်နေတာကြာပြီလား…"


လော့ဝမ်ချွမ်း၏မျက်လုံးထဲတွင် သဘာဝမကျမှုများဖြတ်ပြေးသွားသော်လည်း တည်ငြိမ်နေသကဲ့သို့ဟန်ဆောင်ကာ ပြန်ဖြေပေးခဲ့သည်။


 " ဒီတိုင်းဖြတ်သွားတာ…"


ထိုအချိန်တွင် ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းတို့မှလွဲ၍ သရုပ်ပြခန်းမတွင်လေ့ကျင့်နေသူများအပြင် အခြားသောအဖွဲ့ဝင်များပါ ထွက်ခွာသွားခဲ့ပြီးဖြစ်ရာ လေ့ကျင့်ရေးခန်းမမှာ ဗလာဖြစ်နေပုံပေါ်နေလေ၏။


ယွမ်ရှင်းကျဲလည်း များများစားစားမတွေးလိုက်တော့ဘဲ သုတ်လက်စပုဝါအား ချလိုက်ကာ လော့ဝမ်ချွမ်းအားပြောလိုက်လေသည် " ဘယ်လိုတောင်တိုက်ဆိုင်တာလဲ… နောက်ကျနေပြီဆိုတော့ ကျွန်တော်တို့ အတူတူသွားစားကြမလား…"


လော့ဝမ်ချွမ်း အမ်း ဟူသောအသံပြန်ပေးလိုက်ပြီး သူ၏အသံမှာ မှိုင်းပြနေသေးသော်လည်း အရင်အချိန်ထက် ပို၍နူးညံ့နေပုံပေါ်သည်။


အစားအသောက်တန်းသို့ရောက်သည်နှင့် ဟင်းပွဲများမှာလိုက်ပြီးနောက် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏‌အရှေ့တွင်ထိုင်ကာ ရုတ်တရက်မေးမြန်းလာခဲ့သည် " ကိုယ်နေ့ခင်းက ရစ်ချက်နဲ့‌သွားတွေ့တော့ သူပြောလိုက်တာက တကယ်လို့အသင်းဖော်တွေကသာ ကောင်းကောင်းမပူးပေါင်းဘူးဆိုရင် အဖွဲ့လိုက်ပြိုင်ပွဲမှာ နိုင်ဖို့ခဲယဉ်းလိမ့်မယ်လို့ပြောတယ်…"


" အဲ့ဒီတော့ သူပြောချင်တာက…" ယွမ်ရှင်းကျဲမေးလိုက်၏။


လော့ဝမ်ချွမ်းအအေးတစ်ဘူးအား ပိုက်ပါစိုက်ပေးလိုက်ကာ ယွမ်ရှင်းကျဲထံကမ်းပေးလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းကိုကိုက်ကာ ယွမ်ရှင်းကျဲအားကြည့်နေခဲ့ပြီး 


" သူပြောတာက တစ်ဦးချင်းပြိုင်ပွဲအတွက်နေရာသုံးခုကတော့ပြောင်းလို့မရဘူးတဲ့…နောက်ပြီး ခယ့်လိုင်၊ ဆာတိုအန်းနဲ့ အိုးရွေ့တို့က မနှစ်ကပြိုင်ပွဲမှာလက်တွဲညီတဲ့အသင်းဖော်တွေဖြစ်ခဲ့ကြပြီးတော့ တော်တော်ကောင်းကောင်းလုပ်ခဲ့ကြတော့ သူတို့ကိုလည်း ပြောင်းပစ်လို့မရဘူး…"


ယွမ်ရှင်းကျဲ အအေးတစ်ငုံသောက်ကာ လည်ချောင်းရှင်းလိုက်ပြီး ခဏအကြာတွင်ပြောလာခဲ့သည် " အဲ့ဒီတော့ နောက်ဆုံးစစ်ဆေးချက်မှာ ကျွန်တော်ကခွန်အားမရှိတဲ့အပြင် အသင်းဖော်တွေနဲ့ပါမပူးပေါင်းတတ်ဘူးလို့ထင်နေတာပေါ့… ချီယုနဲ့ခယ့်လိုင်ကို ကျွန်တော့်ကိုယူခိုင်းလိုက်တာက ပိုပြီးကောင်းတယ်လေ အဲ့ဒါကနိုင်ဖို့မျှော်လင့်ချက်လေးရှိသေးတာပေါ့… ဒါကိုဆိုလိုချင်တာမလား…"


လော့ဝမ်ချွမ်း၏ ရှည်လျားပြီးကျဉ်းမြောင်းသောမျက်လုံးများမှာ ယွမ်ရှင်းကျဲအားကြည့်နေခဲ့၏။ သူစကားတခွန်းတလေမျှပြောမလာခင်အချိန်အထိ အတန်ကြာတိတ်ဆိတ်နေကာ " သူမင်းရဲ့ခွန်အားကိုလျော့တွက်ခဲ့တာပဲ…"


ယွမ်ရှင်းကျဲ အသားလုံးအားတစ်ကိုက်ယူလိုက်ကာ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်လေသည် " ကျွန်တော်ချီယုကိုမုန်းတယ်ဆိုပေမဲ့လည်း…"


လော့ဝမ်ချွမ်း၏တူမှ ခဏတာတုန့်ဆိုင်းသွား၏။


ယွမ်ရှင်းကျဲ၏မျက်လုံးများထဲတွင် ခိုင်မာသည့်အလင်းတန်းများပြည့်‌နှက်နေလျက် " ရစ်ချက်ကအဲ့လိုတွေးနေတယ်ဆိုမှတော့ ကျွန်တော်ရဲ့ခွန်အားကိုသက်သေပြပြီး နောက်တစ်ခေါက် တစ်ဦးချင်းကစားနိုင်အောင်ကြိုးစားရမှာပေါ့…" 


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား အချိန်ခဏကြာစိုက်ကြည့်နေပြီးနောက် လေးနက်စွာပြောလာခဲ့သည် " ကောင်းတာပေါ့… ဒါတွေအကုန်လုံးကရစ်ချက်ရဲ့အမှားတွေကြီးပဲ…"


မည်သို့ပင်ဖြစ်စေ လော့ဝမ်ချွမ်းသည် ယွမ်ရှင်းကျဲ၏ဘက်တွင်သာ အမြဲတစေ ခိုင်ခိုင်မာမာရပ်တည်ပေးမည့်ပုံပေါ်နေသဖြင့် သူ့အားအနည်းငယ်အံ့ဩသွားစေခဲ့ရသည်။


သူတွေးထားခဲ့သည်မှာ လော့ဝမ်ချွမ်းကဲ့သို့ ခေါင်းဆောင်တစ်ဦးသည် သူ့အား အခြေအနေတစ်ရပ်လုံးအပေါ်တွင်သာ အာရုံစိုက်ရန်နားချမည်ဟူ၍ပင်ဖြစ်၏။


အဆုံးမှာတော့ သူ၏အထင်ကြီးနေမှုထဲတွင် လော့ဝမ်ချွမ်း၏ တည်ငြိမ်သော ၊ အားကိုး၍ရသော ၊အေးချမ်းပြီး ဉာဏ်ပညာကြီးမားသော စီနီယာတစ်ဦး၏ပုံရိပ်မှာ အမြဲလိုလိုစွဲထင်နေခဲ့လေသည်။ လော့ဝမ်ချွမ်းကဲ့သို့သော တစ်စုံတစ်ယောက်မှာ " ဒါတွေအကုန်နည်းပြရဲ့အပြစ်ပဲ " ဟူသော စကားမျိုးပြောရန်မဖြစ်နိုင်ပေ။


ယွမ်ရှင်းကျဲ၏အတွေးထဲ၌ ထိုစကားမှာ လော့ဝမ်ချွမ်းသူ့အားနှစ်သိမ့်ပေးနေခြင်းဖြစ်မည်ဟုထင်မိလေသည်။


သူတို့ညစာစားပြီးချိန်မှာတော့ လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား အဆောင်သို့လိုက်ပို့ပေးခဲ့သည်။


အပေါ်ထပ်သို့မတက်ခင် ယွမ်ရှင်းကျဲ ရုတ်တရက်ဆိုသလို သူ၏အနောက်မှလော့ဝမ်ချွမ်း၏အသံအားကြားလိုက်ရသည် " မင်းတစ်ခုခုများမေ့နေလား…"


ယွမ်ရှင်းကျဲ ကြောင်အသွားပြီးနောက် လော့ဝမ်ချွမ်းဆိုလိုချင်သည်အား ချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့သည်။


သို့သော်လည်း သူမသိချင်ယောင်ဆောင်လိုက်ကာ အနောက်သို့လှည့်၍မေးမြန်းလိုက်သည် " ဘာကိုလဲ…"


ယွမ်ရှင်းကျဲထိုကိစ္စကိုမေ့နေသည့်ပုံအားမြင်ပြီးနောက် လော့ဝမ်ချွမ်းတောင့်တင်းသွားပြီး မပျော်ရွှင်တော့သကဲ့သို့ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လာခဲ့သည်။


အချိန်အတန်ကြာအထိ သူ၏နှုတ်ခမ်းများကိုဖိကိုက်ထားခဲ့ပြီး မျက်လုံးထဲတွင် မှုန်မှိုင်းနေမှုများပြည့်နှက်နေလျက် တစ်လုံးချင်းစီ ပြောပြလာ၏ " ကိုယ့်ကိုကူပြီးပြင်ဆင်ပေးဖို့လေ…"


" ကျွန်တော်မမေ့ပါဘူး.." လော့ဝမ်ချွမ်းအနည်းငယ်စိတ်ကောက်နေသည်အား မြင်လိုက်ရပြီးနောက် သူ၏ရီချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး အနည်းငယ် တုန်ခါနေလျက် ပြောလာခဲ့သည်။


 " အဲ့ဒါကကျွန်တော့ရဲ့အလုပ်လေ ကျွန်တော်သာမေ့သွားခဲ့ရင် ခင်ဗျားဆီကလစာဘယ်လိုရတော့မှာလဲ… ကျွန်တော်ရေအရင်သွားချိုးလိုက်ဦးမယ် ပြီးကျမှ ခင်ဗျားနဲ့ ပြင်ဆင်မဲ့စက်ရုံကိုမြန်မြန်သွားတာပေါ့…"

လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏ တွန့်ကွေးနေသည့်နှုတ်ခမ်းနှင့် တောက်ပနေသောမျက်လုံးတို့အား စိုက်ကြည့်နေခဲ့ပြီး နောက်မှသာ သူအလှည့်စားခံရသည့်အချက်အားသတိပြုမိခဲ့သည်။


သူသတိဝင်လာသည့်အချိန်၌ ယွမ်ရှင်းကျဲမှာ ပိန်ပါးပြီး ခပ်ရှည်ရှည် ပုံသဏ္ဍာန်တစ်ခုအားအနောက်ဘက်တွင်ချန်ကာ အပေါ်ထပ်သို့တက်သွားပြီးဖြစ်သည်။


ပထမဦးဆုံးအနေဖြင့် သူအလှည့်စားခံရသည်အား လော့ဝမ်ချွမ်းပျော်ရွှင်နေမိသည်။

86.2


နာရီဝက်ခန့်ကြာပြီးနောက်…


ယွမ်ရှင်းကျဲနှင့်‌‌ လော့ဝမ်ချွမ်းတို့နှစ်ဦးစလုံး သူတို့၏ထသွားထလာအဝတ်များအား လဲလှယ်ကာ ပြင်ဆင်မည့်စက်ရုံရှိရာသို့ထွက်လာခဲ့ကြသည်။


တကယ်တမ်းတွင် ဤအချိန်များအတွင်း လေ့ကျင့်ခန်းများအပြင် မက်ခါကြယ်ပွင့်အား ကစားခဲ့ခြင်းကြောင့် ယွမ်ရှင်းကျဲမကြာခဏဆိုသလို လော့ဝမ်ချွမ်း၏မက်ခါအားလေ့လာ‌ခဲ့ရာ သူ့အား စေတနာအထားဆုံးဝန်ထမ်းများထဲတွင် ထိပ်တန်းဆယ်ဦးထဲမှ တစ်ဦးဟုခေါ်ဆိုနိုင်နေပြီဖြစ်သည်။


" ဒီနေရာကိုကြည့်ပါဦး ကျွန်တော်ထင်တာတော့ဒီနေရာကို တိုးတက်လာအောင်လုပ်ဖို့လိုမယ်ထင်တယ်…" ယွမ်ရှင်းကျဲ မှတ်ဉာဏ်တုထဲမှပုံရိပ်အားခေါ်ဆို၍ပြောလိုက်ပြီး " ယေဘူယျအားဖြင့်ပြောရမယ်ဆိုရင်တော့ ဒီဟာကိုတိုးတက်လာအောင်လုပ်ဖို့ အများကြီးမလိုအပ်ပါဘူး…"


မကြာခင်မှာပင် လော့ဝမ်ချွမ်း၏အမြင်အာရုံမှာ ပုံရိပ်ယောင်ပေါ်သို့ ကျဆင်းသွားပြီး သူ၏အာရုံအားလုံးကို ‌ယွမ်ရှင်းကျဲ၏နှုတ်ခမ်းပါးလေးကဆွဲဆောင်သွားခဲ့သည်။ ယခုမှရေချိုးလာသော ကောင်ငယ်ကလေးတွင် အနည်းငယ်သင်းပျသော ဆပ်ပြာရနံ့ကျန်ရှိနေပြီး သူ၏နှလုံးအားခုန်ပေါက်ထွက်လုမတတ်ဖြစ်အောင်ပြုလုပ်နေခဲ့သည်။


"... စီနီယာ…"


ယွမ်ရှင်းကျဲစကားပြောပြီးချိန်တွင် လော့ဝမ်ချွမ်းတုံ့ပြန်မလာခဲ့သဖြင့် ထပ်မံ၍ခေါ်လိုက်ရလေသည်။


" ကောင်းပြီ အဲ့လိုပဲပြောင်းလိုက်လေ…"


လော့ဝမ်ချွမ်းမှာ ယွမ်ရှင်းကျဲအမှတ်အသားပြပေးထားသည့်နေရာနှင့်ပတ်သက်၍ အတော်လေးကျေနပ်နေမိသည်။ ထိုနေရာမှာ အမှန်တကယ်ပင် ပြင်ဆင်ရန် သို့မဟုတ် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ရမည့်နေရာပင်ဖြစ်သည်။


ထိုမက်ခါ၏အကြီးမားဆုံးပြသနာဖြစ်သော တံတောင်ဆစ်နေရမှာဒီဇိုင်းအား ယွမ်ရှင်းကျဲပြင်ဆင်ပေးလိုက်ပြီးနောက် ထို SS+အဆင့်မက်ခါတွင်များများစားစားပြင်ဆင်ရန်မကျန်ရှိတော့ချေ။


လော့ဝမ်ချွမ်း၏ ပြင်ဆင်ရေးစက်ရုံမှာ ပြန်လည်ပြင်ဆင်ထားပြီးနောက် ယခုအချိန်တွင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ စီးပွားရေးမှာ အလွန်ကောင်းမွန်မနေသေးသော်လည်း စက်ရုံထဲရှိ အလုပ်သမားများနှင့် စက်ရုပ်များမှာ အတော်အတန်များပြားလှသည်။


ထိုလူများ၏အကူအညီဖြင့် ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်း၏မက်ခါအားပြင်ဆင်ပေးနေသည်မှာ နှစ်နာရီ သို့မဟုတ် သုံးနာရီအတွင်းပြီးမည်ဖြစ်သည်။


ပြန်လည်‌ပြုပြင်နေသည့်အချိန်၌ လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား မေးမြန်းလာခဲ့သည် " မင်းရဲ့ကိုယ်ပိုင်မက်ခါကိုကော ပြောင်းလဲပေးဖို့ စဉ်းစားဖူးလား…"


ယွမ်ရှင်းကျဲ သူ့မက်ခါအတုံးလေးကိုယူကာ စေ့စေ့စပ်စပ်တွေးတောလိုက်ပြီး " ကျွန်တော်တွေးဖူးခဲ့ပေမဲ့ လိုအပ်တဲ့တန်ဆာပလာတွေကိုစဉ်းစားလိုက်မိတော့ တစ်ပတ်ရစ်ပစ္စည်းတွေမသုံးဘဲBအဆင့်မက်ခါကနေ Aအဆင့်မက်ခါအဖြစ်ပြောင်းဖို့ဆိုရင် ‌၂သန်းလောက်ကုန်မယ်ဆိုလို့လေ …"


ယွမ်ရှင်းကျဲ၏စကားအားကြားမိပြီးနောက် ရုတ်တရက်ဆိုသလိုလော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏ပုံဆိုးပန်းဆိုးမက်ခါအားသတိရသွားခဲ့သည်။ တခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် သူပြောခဲ့လေသည် " ကောင်းတဲ့ပစ္စည်းတချို့ဝယ်ရအောင်…ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံအဆင့်ပြိုင်ပွဲရဲ့ပြိုင်ဘက်တွေဆိုတာက ရင်ဆိုင်ဖို့မလွယ်ကူဘူးလေ… ပြီးတော့ ကိုယ်ပေးခဲ့တဲ့စာရင်းထဲက တန်ဆာပလာတွေနဲ့ ပစ္စည်းတွေကို လွတ်လွတ်လပ်လပ်သုံးလို့ရတယ်…"


ယခုအချိန်အတောအတွင်းမှာပင် လော့ဝမ်ချွမ်းထံမှ အကူအညီအမြောက်အများအားလက်ခံရရှိခဲ့ရာ ယွမ်ရှင်းကျဲခံစားနေရသည်မှာ သူတစ်ချိန်လုံး လော့ဝမ်ချွမ်းအား မှီခိုမနေသင့်ဟုခံစားနေရသဖြင့် ပြောလိုက်လေသည် " ကျွန်တော်ခင်‌ဗျားရဲ့ပစ္စည်းတွေယူမယ်ဆိုရင် ပိုက်ဆံပေးမှာနော်…"


ယွမ်ရှင်းကျဲ၏အကြောင်းအားသိနေသဖြင့် လော့ဝမ်ချွမ်းမငြင်းပယ်ခဲ့ချေ။ သူခေါင်းငြိမ့်ကာပြောလိုက်ပြီး " အဲ့ဒါဆိုရင် မင်းအခုရွေးလို့ရတယ် တကယ်လို့ မင်းလိုအပ်တာတစ်ခုခုရှိမယ်ဆိုရင် ဒီတိုင်းအွန်လိုင်းပေါ်မှာပဲဝယ်လိုက်.. သူတို့နာရီဝက်အတွင်းပို့ပေးလိမ့်မယ်…"


ယွမ်ရှင်းကျဲလည်း ယဉ်ကျေးမနေတော့ဘဲ လော့ဝမ်ချွမ်းပေးထားသည့်စာရင်းထဲမှာ အရည်အသွေးမြင့်ပစ္စည်းများအားဝယ်ယူရန်အတွက် ငွေအမြောက်အများသုံးစွဲလိုက်လေသည်။ ထို့နောက် သူအွန်လိုင်းပေါ်မှာ ကရိယာတန်ဆာပလာများအားထပ်မံမှာယူခဲ့ပြီး ၎င်းတို့မှာ 2.4သန်းခန့်ကျသင့်ကာ တစ်ချက်ပွတ်ဆွဲလိုက်ရုံနှင့်ပင် ယွမ်မိသားစု၏လျော်ကြေးငွေနှင့် ကျောင်းပြိုင်ပွဲမှဆုကြေး‌တို့မှာ ကုန်လုနီးပါးဖြစ်သွားရသည်။


မည်သို့ပင်ဖြစ်စေ Aအဆင့်မက်ခါတစ်ခုဝယ်ယူခြင်းနှင့်ယှဉ်ပါက ၎င်းမှာအတော်လေးသက်သာနေသေးသည်။


အရေးကြီးဆုံးအရာမှာ ယွမ်ရှင်းကျဲ၏ရုပ်ဆိုးလှသောမက်ခါသည် အဆုံး‌၌ ပို၍‌ကြည့်ပျော်ရှူပျော်ဖြစ်လာခဲ့သည်။


၎င်းမှာ လော့ဝမ်ချွမ်းအာ အားအလွန်ပျော်ရွှင်စေ၏။


ပြင်ဆင်ရေးစက်ရုံထဲတွင် ယွမ်ရှင်းကျဲရောင်စုံခြေသည်းများနှင့် အဝါရောင်ခြေထောက်များအားဖြုတ်ပစ်နေသည်ကိုမြင်လိုက်ရသည့်အတွက် သက်သာရာရသွားသည်ဟု ခံစားမိလိုက်ရသည်။


ထိုရုပ်ဆိုးလှသော တပတ်ရစ်ပစ္စည်းများအပြင် ယွမ်ရှင်ကျဲမက်ခါ၏အတွင်းပိုင်းကိုလည်း အဆင့်မြင့်တင်ပေးခဲ့သည်။


သူတို့များထဲမှ မက်ခါအတွက်နာနိုရောင်ခြည်ကာကွယ်ရေး မောင်းနှင်ရေးဝတ်စုံကိုလည်းအဆင့်မြင့်တင်ရန်လိုအပ်သည်။


အဘယ့်ကြောင့်ဆိုသော် Aအဆင့်မက်ခါစွမ်းအင်မှာ Bအဆင့်မက်ခါစွမ်းအင်ထက်ပို၍သန်မာသည့်အပြင် အသေးစားအဏုမြူဓာတ်ပေါင်းဖိုမှ ထုတ်ပေးလာမည့် ဓာတ်ရောင်ခြည်များသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သောကြောင့်ပင်။


လုံခြုံရေးအတွက်ကြောင့် ယွမ်ရှင်းကျဲ မူရင်းပိုင်ရှင်ထားခဲ့သော မောင်းနှင်ရေးဝတ်စုံကိုလည်း ဖယ်ရှားပစ်ခဲ့သည်။


သူ အနက်ရောင်ဝတ်စုံတစ်ခုလုံးကိုယူကာ အပုံလိုက်ဖြစ်နေသော စွန့်ပစ်ပစ္စည်းများဘက်သို့ ပစ်လိုက်ရန်ပြင်နေလေသည်။


ယွမ်ရှင်းကျဲ၏လက်ထဲရှိဝတ်စုံအား မြင်လိုက်ရချိန်၌ လော့ဝမ်ချွမ်းတောင့်ခဲသွားခဲ့သည်။


၎င်းမှာ သူအချိန်အတော်ကြာဝတ်ဆင်ခဲ့သော နာနိုကာကွယ်ရေးဝတ်စုံဖြစ်ပြီး ကောင်းမွန်စွာကျုံနိုင်ဆန့်နိုင်ပြီး လူ့အရေပြားနှင့် ပြီးပြည့်စုံသည်အထိ ကွက်တိကျလေသည်။


နာနိုဝတ်စုံတွင် အားကောင်းသော သန့်ရှင်းပေးသည့်လုပ်ဆောင်ချက်ပါဝင်သော်လည်း မက်ခါအသုံးပြုပြီးတိုင်း အသစ်စက်စက်အခြေအနေသို့ ပြန်လည်ရယူနိုင်မည့်အရာဖြစ်ကာ ၎င်းမှာ ရင်းနှီးစွာထိတွေ့မှုအား ဖုံးအုပ်ပေးရန်အတွက် ဖြစ်မည့်ပုံပင်။


လော့ဝမ်ချွမ်းမသိစိတ်ကြောင့် မေးလိုက်မိသည်။


" မင်း…ဘာလို့ နာနိုဝတ်စုံကိုမလဲပစ်တာလဲ…"


ယွမ်ရှင်းကျဲ ခဏတာကြောင်အသွားပြီးမှ ပြန်ဖြေလာခဲ့သည်။


 " ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါဝယ်တုန်းကပိုက်ဆံမရှိလို့လေ… အဲ့ဒါကြောင့် မပြောင်းနိုင်ခဲ့တာ… တကယ်တော့ ဒီဟာကလည်းအတော်ကောင်းပါသေးတယ်… သန့်ရှင်းနေပြီးတော့ အနံ့လည်းကောင်းတယ်လေ…"


လော့ဝမ်ချွမ်း၏လည်​စေ့ မှာ လှုပ်ရှားသွားခဲ့သည်။


သူ၏မျက်လုံးများမှာ ယွမ်ရှင်းကျဲလက်ထဲမှ နာနိုဝတ်စုံတွင်သာရှိနေခဲ့ပြီး…


ထိုအချိန်၌ သူအမှန်တကယ် ရှက်ရွံမှုကိုခံစားနေခဲ့ရသည်။


သူ၏နှုတ်ခမ်းပါးလေးအား အနည်းငယ်ဖွင့်ဟလိုက်ပြီး မသိစိတ်ကြောင့် မေးမြန်းလိုက်မိလေသည် " အနံ့ကောင်းတာလား…"


လော့ဝမ်ချွမ်း၏အကြည့်ထဲတွင် ယွမ်ရှင်းကျဲသူ၏လက်ကိုမြောက်ကာ နာနိုဝတ်စုံပေါ်တွင်ကျန်ခဲ့သော အနည်းငယ်သင်းပျသည့် အေးမြသောအမွှေးနံ့လေးအား ညင်သာစွာ နမ်းရှုံ့လိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။


 " အဲ့ဒါအနံ့အရမ်းကောင်းတယ်…"


ထိုအေးမြလန်း‌ဆန်းသောအမွှေးနံ့မှာ လော့ဝမ်ချွမ်း၏အကြိုက်ဆုံးရေချိုးဆပ်ပြာအနံ့ပင်ဖြစ်သည်။


Xxxxxxxxx