Ch 66
Viewers 6k

66 01

အပိုင်း(၆၆)

 

ရှင်းပြရန် ခက်ခဲနေသော ခံစားချက်အရ သူသည် ကားအပြင်ဘက်သို့ မထွက်ချင်ခဲ့ချေ။ သူ့အား ဆွဲခေါ်နေသောသူသည် ယန်ရှစ်ရွှမ်းဖြစ်ပြီး သူအလွန်ယုံကြည်ကိုးစားသောသူ ဖြစ်သည့်တိုင်အောင် အပြင်သို့ မထွက်ချင်နေခြင်း ဖြစ်သည်။

 

သို့သော် ကျန်းဝူပင်းက ဘေးဘက်သို့ အလျင်အမြန် လှည့်လိုက်သောအခါ ရုတ်တရက် သူ၏အနောက်တွင် မည်သည့်အချိန်ကမှန်းမသိ ဧည့်သည်များက ရပ်နေကြောင်း တွေ့လိုက်ရသည်။ ထိုသို့ဖြင့် သူ့အား တိတ်တဆိတ် ငုံ့ကြည့်လာသည်။ သူက ရုန်းကန်နေပြီး ဘေးဘက်ရှိတိုင်ကိုပင် လှမ်းဖက်လျက် ကားအောက်သို့ ဆင်းရန်ငြင်းဆန်ကြောင်း မြင်သောအခါ ဧည့်သည်တစ်ယောက်က ရယ်ရင်းပြောလာသည်။

 

“ကျန်းဝူပင်း မင်းက ကားထဲမှာ အိပ်လို့မရဘူးလေ”

 

အခြားသော ဧည့်သည်များကလည်း ဝင်ပြောသည်။

 

“ကျန်းဝူပင်း မင်း မအေးဘူးလား”

 

“ကျန်းဝူပင်း အောက်ဆင်း ငါတို့က မင်းကို စောင့်နေတာ”

 

“ကျန်းဝူပင်း_ _ _ “

 

.....

 

အနိမ့်အမြင့် အသံများက တစ်နေရာရာထဲတွင် ပဲ့တင်ထပ်သလိုမျိုး ဟိန်းထွက်၍ လာသည်။ ကျန်းဝူပင်းသည်လည်း တစ်စုံတစ်ယောက်ဟာ မှားယွင်းနေကြောင်း ခံစားမိနေသည့်တိုင်အောင် ဧည့်သည်များနှင့် ယန်ရှစ်ရွှမ်းတို့၏ စကားကြောင့် သူသည်လည်း လုံလောက်သွားသည်။

 

ဟုတ်သားပဲ သူက ဒါရိုက်တာလေ။ သူက ဧည့်သည်တွေကို ဂရုစိုက်ရမှာ။ သူက ကြောက်နေတာနဲ့ပဲ ဧည့်သည်တွေကို ကားထဲမှာ အိပ်ခိုင်းလို့ မရဘူးလေ။

 

နောက်ပြီး အခု ဧည့်သည်တွေက သူတို့မကျေနပ်ကြောင်း ဖော်ပြနေပြီ။ သူ တစ်ကိုယ်ကောင်းဆန်လို့ မရတော့ဘူး။

 

ထိုအကြောင်းအရာကို တွေးလိုက်မိပြီး ကျန်းဝူပင်းက ကားဘေးရှိတိုင်ကို ကိုင်ထားသည့်လက်ကို လွှတ်လိုက်သည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းက ခပ်ကြမ်းကြမ်း ဆွဲယူလိုက်သည်။ ထိုအခါ သူသည် လှေကားထစ်များကို အလျင်စလို နင်းပြီး အောက်ဘက်သို့ ဆင်းလိုက်ရလေသည်။

 

ကျန်းဝူပင်း၏ အမြင်အာရုံကြောင့်လော သို့မဟုတ် ရှုထောင့်ကြောင့် ဖြစ်နေသည့် ထင်ယောင်ထင်မှား ခံစားချက်ကြောင့်လော မသိချေ။ သူ၏ခြေထောက်က မြေပြင်သို့ ချပြီးသည့် အခိုက်အတန့်တွင် ကားထဲတွင် ရပ်နေသော ဧည့်သည်များက အရိပ်သရဲများအလား သူ့အား အပေါ်စီးမှ ငုံ့ကြည့်နေကြသည်။

 

ထို့နောက် ရယ်နေကြ၏။

 

ကျန်းဝူပင်းက ထိုအတွေးများကြောင့် ကြောက်လန့်သွားပြီး သူ၏မျက်လုံးကို ခပ်မြန်မြန် ပွတ်လိုက်သည်။ သူက အမြင်မှားမည့် အခြေအနေကို စိုးရိမ်သွားသည်။

 

ထိုနောက် တစ်ခဏတွင် သူ့ကို ယန်ရှစ်ရွှမ်းက ကောက်မပြီး ထရပ်စေသည်။ ထိုသို့ဖြင့် ရှေ့သို့ သွားခိုင်းပြန်သည်။

 

လမ်း၏အဆုံးနားတွင်ရှိသော တဲအိမ်လေး၏ တံခါးက ခရက်အသံနှင့်အတူ ပွင့်သွားသည်။ အတွင်းမှ မှေးမိန်သောအလင်းနှင့် လေအေးများက ကျန်းဝူပင်း၏မျက်နှာကို ဖြတ်တိုက်လာသည်။

 

အိမ်ထဲမှ ထွက်လာသောသူက အသက်မဲ့ပြီး တောင့်တင်းနေသော အပြုံးမျိုးနှင့် ပြောပြလာသည်။

 

“ဒီမှာ တစ်ညတည်းချင်တဲ့ ဧည့်သည်တွေထင်တယ်။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ ဝင်လာခဲ့တာ”

 

“ငါတို့က ငါ့တို့ရဲ့ရွာကို အခြားတစိမ်းတွေ မရောက်တာကြာပြီ။ ဒီအတိုင်း ငါတို့က မင်းကို သဘောကျကြတာပါ”

 

(မှတ်ချက်_ _ _တစိမ်းဆိုတဲ့ အသံကို သေမျိုးဆိုတဲ့ အဓိပ္ပာယ်ပေါက်တဲ့လေသံနဲ့ ဆင်တူရိုးမှားဖြစ်တဲ့ ပုံစံမျိုးနှင့် ပြောခြင်း”

 

သူက နောက်ဆုံးတစိမ်းဆိုသော အသံကို ထွက်ပြောလိုက်ချိန်တွင် ထိုရွာသား၏လေသံက ဝေဝါးသွားလေရာ ဂရုတစိုက်သာ နားမထောင်မိလေရာ သေမျိုးတစ်ယောက်ဟု ပြောသလို ခံစားရနိုင်သည်။

 66 02

ကျန်းဝူပင်းက အခန်း၏တံခါးနားအထိ အတွန်းခံလိုက်ရသည်။ သူက မတ်မတ်မရပ်နိုင်သေးခင် မကြာခဏ ယိုင်နဲ့လုနီးပါး ဖြစ်သွားသေးသည်။

 

ထို့နောက် ခေါင်းကိုမော့လိုက်ပြီး တံခါးနှင့် ရွာသား၏ ကြားနေရာမှတဆင့် အတွင်းသို့ ကြည့်လိုက်သောအခါ အိမ်၏စားပွဲပေါ်တွင် တင်ထားသည့် အဖြူအမည်းဓာတ်ပုံကို မြင်လိုက်ရသည်။

 

ဓာတ်ပုံထဲမှ လူငယ်က ကျန်းဝူပင်း၏အကြည့်ကို သတိထားမိသလိုမျိုး ဖြစ်သည်။ သူ၏မျက်လုံးကလည်း တဖြည်းဖြည်းချင်း ရွှေ့လာပြီး ကျန်းဝူပင်းထံ လှည့်ကြည့်လာကာ လောဘကြီးသော အပြုံးနှင့်အတူ ပြုံးပြသည်။

 

ကျန်းဝူပင်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ဦးခေါင်းခွံက ကြိမ်းတက် သွားသည်။

 

“ယန်ကော ယန်ကော ဒီမှာ သရဲရှိတယ်”

 

သို့သော် ထိုအချိန်တွင် ကျန်းဝူပင်း၏ အနောက်တွင် ရပ်နေသော ယန်ရှစ်ရွှမ်းက မတုန့်ပြန်ချေ။

 

ယန်ရှစ်ရွှမ်းသည် ထိုဧည့်သည်များနှင့် ထိုအတိုင်းရပ်နေသည်မှာ ဒီအတိုင်း တစ္ဆေသရဲပုံရိပ်တစ်ခုအလား လူစိမ်း သို့မဟုတ် သေမျိုး၏နောက်တွင် ရပ်ပြီး သူ၏အေးစက်သော ခန္ဓာကိုယ်နှင့် ထိုလူစိမ်း၊ သေမျိုး၏ မျက်နှာကို လောဘကြီးစွာ ရက်စက်မှုအပြည့်နှင့် ကြည့်နေသည်။

 

_ _ _

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်ပြီး အိပ်ယာထဲမှ ခုန်ထွက်လာသည်။ သူ၏ပိန်ပါးသော ကိုယ်က သွေးကြောများ တင်းကြပ်သလို တောင့်တင်းနေသည်။ သူသည် တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် အသင့်ပြင်ထားသော အနေအထားမျိုးနှင့် ဖြစ်သည်။

 

သူက ဓားလိုထက်ရှသော မျက်လုံးမျိုးနှင့် မဲမှောင်နေသော အခန်းကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့‌နောက် အသက်ရှူအောင့်ပြီး သူ၏ပတ်ပတ်လည်မှ လှုပ်ရှားမှုကို အချိန်အတန်ကြာအောင် နားထောင်သည်။ ဒီအနီးအနားတွင် ကျန်းဝူပင်း အမှန်တကယ် ရှိကြောင်း အတည်ပြုပြီးနောက် တဖြည်းဖြည်းချင်း စိတ်အေးသွားသည်။ သူ၏လေသံက စိတ်ရှုပ်ထွေးသလို ဖြစ်သွားသည်။

 

သူ ထင်ယောင်ထင်မှား ဖြစ်တာလား။ ဒါမှမဟုတ် သူ နေ့ရောညပါ ကျန်းဝူပင်းအကြောင်း တွေးနေလို့ ကျန်းဝူပင်းက အကူအညီတောင်းတဲ့အသံကို ကြားလိုက်ရတာလား။

 

သူ ဒီကောင့်အကြောင်း စိုးရိမ်လို့များလား။

 

ယန်ရှစ်ရွှမ်းက အနည်းငယ် ပဟေဠိဖြစ်သွားပြီး ကိုယ့်အခြေအနေကို ပြန်လှောင်သည်။

 

သူဟာ ကျန်းဝူပင်း၏အဖေလည်း မဟုတ်ချေ။ သို့တိုင်အောင် မည်သည့်အတွက်ကြောင့် ထိုအကောင်ကို အလွန်စိုးရိမ်နေကြောင်း နားမလည်နိုင်ချေ။

 

ယန်ရှစ်ရွှမ်းက အမြဲတစေ သူ၏ခြေသလုံးကို ဖက်ပြီး ချွဲ့နွဲ့ပြတတ်ကာ သူ့အား ပါးဟု စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးပင်မရှိလေပဲ ပေါ့ပေါ့ပါးပါး ခေါ်တတ်သော်လည်း သူဟာ တစ်ဖက်သူကဲ့သို့ အသက်ကြီးပြီး ရူးကြောင်ကြောင်နိုင်သည့် သားတစ်ယောက်ကို မွေးထားခြင်းလည်း မဟုတ်ချေ။

 

ယန်ရှစ်ရွှမ်းက တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီး နာရီကို ကြည့်လိုက်သည်။

 

တစ်နာရီ မိနစ်နှစ်ဆယ်။

 

လူတိုင်းအခန်းအတွင်းသို့ ဝင်သွားသည်မှာ နှစ်နာရီပင် မကြာသေးချေ။ သို့သော် လူတိုင်းဟာ အိပ်မောကျနေသလိုမျိုး ပတ်ဝန်းကျင်တစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်‌အောင် တိတ်ဆိတ်နေသည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းသည် မွေးဖွားပြီးချိန်ကတည်းက ဂမ္ဘီရပညာကို တွက်ချက်နိုင်သလို နတ်ဘုရားများကို အကူအညီတောင်းနိုင်ကတည်းက သူ့ကို အနည်းငယ်စိတ်အေးစေသည်။

 

တစ်နှစ်ပတ်လုံး ပြေးလွှားကာ သရဲဖမ်းခြင်း၊ အပနှင်ခြင်း၊ မိစ္ဆာဝိဉာဉ်များကို မောင်းနှင်နိုင်သော လူများအတွက် ဂမ္ဘီရပညာများကို မတွက်ချက်နိုင်ခြင်း၊ နတ်ဘုရားများရဲ့ အကူအညီကို မတောင်းခံနိုင်ခြင်းဟာ မျက်လုံးတစ်ဖက် ဆုံးရှုံးလိုက်ရသည်နှင့် တူသည်။ ထိုသူများသည် လောကတိုင်းရှိ အရာများကို မြင်နိုင်သော်လည်း မြေ‌အောက်လောကရှိ အရာများကို မသိနိုင်တော့ချေ။ ဒါဟာ ကြမ်းတမ်းလွန်းသော မိစ္ဆာဝိဉာဉ်များကို ရင်ဆိုင်ရသောအခြေအနေမျိုးတွင် အလွန်ဆိုးရွားသည့် အားနည်းချက် ဖြစ်သွားသည်။

 

ထိုအတွက်ကြောင့် သူတို့ကဲ့သို့ ဂမ္ဘီရပညာကို မတွက်ချက်နိုင်သော သူများသည်လည်း တစ္ဆေသရဲများ၏ ခြိမ်းခြောက်မှုကို ခံရနိုင်သေးလေရာ အလွန်အမင်း အန္တရာယ်များလေသည်။

 

မည်သည့်ကိစ္စမှ မရှိသရွေ့ ယန်ရှစ်ရွှမ်းက အနည်းငယ် စိတ်အေးသွားသည်။ သူ၏နှလုံးသားထဲမှ ယူကြုံးမရနိုင်သလို လှုံ့ဆော်ခံနေရသည့် ပြင်းပြသည့် ခံစားချက်က တည်ငြိမ်သွားသည်။

66 03

တောင်နတ်ဘုရားဟာ တစ်စုံတရာ မှားယွင်းနေလောက်ပြီး သူဟာ တောင်တန်းနှင့်သစ်ပင်များကို မကာကွယ်နိုင်ကြောင်း သိရပြီးချိန်ကတည်းက ယန်ရှစ်ရွှမ်းက သိသိသာသာပင် သည်းမခံနိုင်သလို ခံစားချက်မျိုးကို ရရှိနေခြင်း ဖြစ်သည်။

 

ထိုသို့ဖြင့် သူ၏နှလုံးသားအတွင်းတွင် မကြာခဏဆိုသလို ဖောက်ကနဲ ဖောက်ကနဲ ထွက်ထွက်လာတတ်သည့် တစ်စုံတရာကို အာရုံခံနေမိသည့် ခံစးချက်တိုင်း အားလုံးက တစ်နေရာတည်းတွင် စုစည်းသွားလျက် အသိအတွက် မေးခွန်းမျိုးကို ဖြေပေးရန် အဖြေများကို အလျင်စလိုဖွဲ့စည်းလေသည်။

 

လွန်ခဲ့သော နှစ်တစ်ရာခန့်ကတည်းက နတ်ဘုရားများကို ကိုးကွယ်ဆည်းကပ်ပူဇော်မှုများက ဆုတ်ယုတ်လာသည်။ ဂိုဏ်းများ၊ အမွှေအနှစ် ဆက်ခံထားသော သူများကပင် နတ်ဘုရားများနှင့် တစ္ဆေများ၊ ထာဝရရှင်သန်သူများ၊ သူတို့ကိုးကွယ်သော ဘိုး‌ဘေးများနှင့် မဆက်သွယ်နိုင်တော့ကြောင်းကို သူတို့ကို အံ့အားသင့်စရာ ကောင်းလောက်အောင် ရှာတွေ့ခဲ့ရ၏။ ကုန်းမြေနတ်ဘုရားများ၊ တောင်နတ်ဘုရားများ_ _ _ စသဖြင့် နတ်ဘုရားများကဲ့သို့ ရွာသူရွာသားများက ကိုးကွယ်ဆည်းကပ်ပူဇော်ကြသော ပုဂ္ဂိုလ်ထူးကြီးများကိုပင် မဆက်သွယ်နိုင်အောင် ဖြစ်သွားစေသည်။ ထို့ကြောင့် ယခင်ကဲ့သို့ ယုံကြည်သက်ဝင်သူများက ပြန်လည်မပေါ်လာခဲ့လျှင် ကြီးမြတ်သောလမ်းစဉ်ကလည်း ကြိုးပြတ်ကျသွားနိုင်သည်။

 

သို့သော် နတ်ဘုရားများအတွက် ထိုမျှဆိုးရွားသော ကပ်ဘေးတစ်ခု ရှိနေသည့် အခြေအနေမျိုးတွင်ပင် တောင်နတ်ဘုရားဟာ ဆက်လက်တည်ရှိနိုင်သေးသည်။ ရွာသားများက သူတို့ကို ယုံကြည်ကိုးကွယ်ပြီး နှစ်ပေါင်းများစွာ ပူဇော်နေရုံနှင့် ထိုပုဂ္ဂိုလ်များဟာ နယ်မြေတွင် အမြစ်တွယ်လျက် အများကို ကာကွယ်စောက်ရှောက်ပေးပြီး ဆက်လက်ချစ်မြတ်နိုးနေမည် ဖြစ်ကြောင်းကိုလည်း ဖော်ပြနိုင်လေသည်။

 

သို့မဟုတ်လျှင် ယန်ရှစ်ရွှမ်းက ဒီနေရာတွင် နတ်ဘုရား၏ အရှိန်အဝါကို ခံစားမိလိမ့်မည် မဟုတ်ချေ။

 

ကြီးမြတ်သော လမ်းစဉ်က ပြိုကျသွားပြီးနောက် နတ်ဘုရားများက လူများ၏ စကားများကိုသာ မှီခိုရတော့သည်။

 

လူသားများ၏ စကားများ၊ ယုံကြည်သက်ဝင်မှုများက နတ်ဘုရားများကို ပြောင်းလဲပေးနိုင်သလို သတ်၍ပင်ရသည်။ ကောင်းကင်နှင့်မြေပြင်တွင် ထာဝရပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်၏။

 

ဒါဆိုရင် တောင်နတ်ဘုရားကို ဒီလိုအခြေအနေမျိုး ဖြစ်သွားအောင် ဘယ်အရာက ဖြစ်စေတာလဲ။ တောင်နတ်ဘုရားကသာ အမှန်ကတယ် သေသွားခဲ့လျှင် ရွာသူရွာသားတွေ ဆက်လက်ပြီး ကိုးကွယ်တာကို လက်ခံပေးနေတာက ဘာလဲ။ နောက်ပြီး တောင်ဘုရားကျောင်းကို သက်ရောက်မှုရှိအောင် အာမခံပေးထားတာက ဘာကြီးလဲ။

 

ယန်ရှစ်ရွှမ်းသည်လည်း လူအများက နတ်ဘုရားများကို အမှန်တကယ်စိတ်ရင်းနှင့် ယုံကြည်သက်ဝင်နေခြင်း မဟုတ်ကြောင်း ကောင်း‌ကောင်း နားလည်သည်။ နတ်ဘုရားများက သူတို့ကို အကျိုးအမြတ်များ ပေးမှသာ သူတို့ကလည်း ကျေနပ်စွာနှင့် ပြန်လည်ကိုးကွယ်ပူ‌ဇော်ပေးပေလိမ့်မည်။

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးနှင့် ရွာသားများ၏ စကားအရ တောင်ဘုရားကျောင်းသည် ရွာသားများအတွက် အလွန်အရေးပါသည်။ ဘုရားကျောင်းနှင့် ပတ်သက်သည့် ကိစ္စများနှင့် စတေးခံပွဲများ အားလုံးကိုပင် မကြာခဏ ကျင်းပလေ့ရှိလောက်၏။ ထို့ကြောင့် တောင်ဘုရား‌ကျောင်းသည် အလွန်အမင်း သက်ရောက်မှုရှိအောင် ချီးမြှင့်ပေးနိုင်ပြီး ရွာသားများ၏ ဆန္ဒနှင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။

 

သို့မဟုတ်လျှင် ဒီနေရာရှိတောင်ဘုရားကျောင်းက အခြားသော တောင်နတ်ဘုရားများ သေသွားသော နေရာများတွင်ရှိသည့် တောင်ဘုရားကျောင်းများ နည်းတူဖြစ်သွားပေလိမ့်မည်။ အကြောင်းမူကား သူတို့သည် ရွာသားများ၏ ဆုတောင်းမှုကို ပြန်မတုန့်ပြန်နိုင်သောကြောင့် သူတို့အား ပူဇော်သူများ မရှိတော့ချေ။ ထိုသို့ဖြင့် တဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားလေပြီး နောက်ဆုံးတွင် တောင်တန်းနှင့် လမ်းဘေးနားမှ ဘုရားကျောင်း သက်သက်သာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် လူသူရှင်းလင်းသော  အိမ်သက်သက်သာ ကျန်ရစ်ပေလိမ့်မည်။

 

သို့ရာတွင် တောင်ဘုရားက အစစ်အမှန်နတ်ဘုရားနေရာကို ယူထားနိုင်ကတည်းက သက်ရှိတိုင်းနီးပါးက သူ့ကိုယုံကြည်ကြောင်း ဖော်ပြနေကြသည်။

 

ဒါဆိုရင် တောင်ဘုရားကျောင်းထဲမှာ ရွာသားတွေကို တုန့်ပြန်ပေးနေတဲ့ အဲ့ဒီအရာက ဒုက္ခအများခံတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ နတ်ဘုရားကိုယ်စား အရာအားလုံးကို ဖြည့်ဆည်းပေးနေတာလား။ ဒါဆိုရင် အဲ့ဒီစွမ်းအားတွေက ဘယ်နေရာက ရလဲ။

 

သူ၏အတွေးများက ပိုမို၍ ဖြောင့်တန်းလာသည်။ ယန်ရှစ်ရွှမ်းဟာလည်း သူ၏အတွေးယာဉ်ကြောထဲတွင် အမှန်တရားကို မတွေးမနိုင်အောင် ဖုံးကွယ်ထားသည့် တစ်စုံတရာ  သို့မဟုတ် လွတ်နေသေးသည့် အပိုင်းအစတစ်ခု ရှိနေသေးကြောင်း သိလာသည်။

 

ဖြစ်နိုင်သည်မှာ ပုံမှန်မဟုတ်သည့် ရွာသားနှစ်ယောက်နှင့် တောင်ဘုရားကျောင်းအတွင်းမှ ထူးဆန်းသော အဓိကခန်းမကသာ သဲလွန်စများကို ပေးနိုင်လောက်သည်။

 

ယန်ရှစ်ရွှမ်းက ထိုသို့တွေးလိုက်သည်။ အပြင်ဘက်မှ အသက်ရှူသံ၊ လှုပ်ရှားသံများကို မကြားရ ကြောင်း သေချာအောင် အတည်ပြုပြီးနောက် သူဟာ တံခါးကို ဖွင့်လိုက်သည်။ သူ၏ဖြတ်လတ်သော ပုံရိပ်က လျှောက်လမ်း၏မြေပေါ်တွင် တိတ်တဆိတ်ပေါ်လာသည်။  ထို့နောက် အဓိကခန်းမရှိရာဘက်သို့ အမှောင်ထုနှင့် ရောနော၍ သွားနေသည်။

66 04

တစ်ချိန်တည်းတွင်ပင် အခန်းထဲတွင် တစ်ယောက်တည်းရှိနေသော ဒါရိုက်တာ၏လက်ထောက်က ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ သူက ယန်ရှစ်ရွှမ်းကို စကားပြောနေသောအခါ တစ်ဖက်သူသည် အိပ်စက်ရခြင်းကို အလွန်တန်ဖိုးထားသည်ဟု ထင်ရသည့်တိုင်အောင်၊ အခန်းထဲသို့ဝင်ပြီး ခပ်အေးအေး အိပ်ချင်နေသည်ဟု ထင်ရသည့်တိုင်အောင် ထိုသို့မဟုတ်မှန်း သိနေသည်။ ထိုအမျိုးသားဟာ အခန်းတစ်ခန်းလုံးကို ကိုယ်တိုင်သိမ်းယူပြီးနောက် အမှန်တကယ် မအိပ်သွားခဲ့ချေ။ အိပ်ယာပေါ်တွင်ပင် မလှဲချခဲ့ပေ။

 

သူဟာ ကုလားထိုင်ပေါ်တွင် ဖြောင့်မတ်စွာ ထိုင်နေခဲ့သည်။ သူ၏လျှာထိုးဦးထုပ်ကို ချွတ်ပြီး‌နောက် သူ၏အနက်ရောင်ဆံပင်ရှည်များက ပုခုံးအနှံ့ ပြန့်ကျဲကုန်သည်။ သူ၏နားထင်မှ အနက်‌ရောင်အမှတ်အသားများက ဆံပင်များအောက်တွင် အုပ်သွားသည်။ ဆံစအနည်းငယ်က မျက်လုံးရှေ့သို့ပင် ကျလာသည်။ သို့သော် သူကမူ သူ၏မျက်လုံးများထဲမှ အကြည့်ကို မဖုံးကွယ်ထားချေ။ ထိုထဲတွင် လေးလံလွန်းသော မြင့်မားထည်ဝါမှုများ ရှိနေသည်။

 

အခန်းဟာ ရိုးရှင်းလွန်းနေသည့်တိုင်အောင်၊ သူထိုင်နေသော ခုံက အိုဟောင်းနေသည့် သစ်သားကုလားထိုင်တစ်ခုသာ ဖြစ်နေသည့်တိုင်အောင် ထိုလူကမူ တည်ငြိမ်ပြီး ခမ်းနားထည်ဝါစွာ တည်ရှိနေသည်မှာ သူဟာ တုပရန်ခက်ခဲလွန်းသည့် ခမ်းနားထည်ဝါလွန်းသော ခန်းမအတွင်းရှိ  မြင့်မားလွန်းသည့် စင်မြင့်တစ်နေရာတွင် ထိုင်နေသည့်အလား ထင်ရသည်။

 

သူက အခန်းထဲသို့ စဝင်လိုက်ချိန်ကတည်းက မျက်လုံးကို မှိတ်ပြီး အသက်မရှူသလောက်နီးပါး တိတ်ဆိတ်စွာရှိလျက် အာရုံသာ စူးစိုက်ထားသည်။ တိတ်ဆိတ်သောအခန်းထဲတွင် သူဟာ ဘေးဘက်ခန်းမှလာသည့် ယန်ရှစ်ရွှမ်း၏ တည်ငြိမ်သော အသံရှူသံကို နားထောင်နေသည်။ ယန်ရှစ်ရွှမ်း၏အသံကိုလည်း ကြားရ၏။ ယန်ရှစ်ရွှမ်း၏ မြန်ဆန်လှသော အသက်ရှူနူန်းမှတဆင့် သူ၏စိတ်ဆန္ဒ၊ သူ၏လှုပ်ရှားမှုတိုင်းကို သိနေသည်။

 

သို့သော် သူသည် ယန်ရှစ်ရွှမ်းကို မတားသလို ယန်ရှစ်ရွှမ်းနှင့်အတူ မလိုက်သွားချေ။ သို့သော် ထိုအစား ယန်ရှစ်ရွှမ်း၏ ခြေလှမ်းသံများ ပျောက်ကွယ်သွားပြီသည်အထိ စောင့်ပြီးမှသာ တဖြည်းဖြည်းချင်း ထရပ်သည်။  ထို့နောက် ယန်ရှစ်ရွှမ်း ထွက်သွားသော ဦးတည်ရာဘက်သို့ ကြည့်သည်။

 

“တောင်နတ်ဘုရားနဲ့ ပတ်သက်ပြီး တစ်ခုခုမှားတာကို မင်းသိသွားပြီလား။ ငါ ထင်ထားတာထက် အများကြီးမြန်တာပဲ”

 

ထိုအမျိုးသားက ခပ်တိုးတိုးရယ်သည်။

 

“ငါမင်းကို ချီးကျူးရင်း မင်းပျော်မှာလား။ လောကရဲ့အပနှင်တဲ့သူ”

 

သူက သူ့ကိုယ်သူ မေးခွန်းထုတ်နေသလိုမျိုးထင်ရသည်။ အဖြေကိုလည်း မျှော်လင့်မထားချေ။

 

ဒါပေါ့ သူပြောတာကိုလည်း ဘယ်သူမှ မကြားပါဘူး။ ကြားတဲ့သူဆိုရင်_ _  _

 

 ခရက်

 

ရုတ်တရက် အခန်းအတွင်းတွင် အရိုးကျိုးသံများလို တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာသည်။

 

အမျိုးသားက လက်ကို တစ်ချက်လှည့်လိုက်သည်။ ထိုအခါ သူ၏လက်ဖဝါးအတွင်းမှ အနက်ရောင်မြူထုက ရုတ်တရက် ထွက်လာလေပြီး ဟိန်းဟောက်နေသော အနက်ရောင်သားရဲကြီးတစ်ကောင် အသွင်အဖြစ် ပြောင်းကာ ကုတင်အောက်ဘက်သို့ တိုးဝင်သွားသည်။

 

ရုတ်တရက် ကုတင်အောက်လက် ကျဉ်းမြောင်းသော နေရာအတွင်းတွင် ရုန်းကန်သံ ဝုန်းကနဲ အသံက ထွက်ပေါ်လာသည်။ ထို့အပြင် ကုတင်ဘုတ်ပြားနှင့် မြေကြီးအကြားတွင် တစ်စုံတရာက ခပ်ကြမ်းကြမ်း ရုန်းကန်ရင်း လက်သည်းဖြင့် ခြစ်နေပုံပေါ်သည်။ အသံက ဩရှပြီး နှလုံးသားနာကျင်သော ခံစားချက်မျိုးလည်း ထွက်စေသည်။

 

တစ်ချိန်တည်းတွင်ပင် ကွိကွိ ကွိကွိ အော်သံများနှင့်အတူ စူးရှသည့် ငယ်သံပါအောင် အော်ဟစ်သံက ထွက်ပေါ်လာ၏။ သေချာသည်မှာ ဒါဟာ လူသားအသံမဟုတ်ချေ။ တစ်ဦးတည်းသော နား‌ထောင်နေသူကလည်း ထိုအသံပိုင်ရှင်ကို ဂရုမစိုက်ပါချေ။

 

သူ၏မျက်နှာအမူအယာက အနည်းငယ်ပြောင်းလဲသွားခြင်း မရှိချေ။ သူ၏အနက်ရောင်မျက်လုံးက အေးစက်သည်မှာ ထိုကဲ့သို့သော အခြေအနေမျိုးကို ကျင့်သားရနေပြီးသလိုမျိုး မည်သည့်အကြောင်းအရာကမှ သူ၏အတွေးကို အနည်းငယ်သော်မှ မနှောက်ယှက်နိုင်သလို ထင်ရသည်။

 

တစ်ယောက်နှင့်တစ်ယောက် တွေ့သည်မှာ စက္ကန့်အနည်းငယ်သာ ကြာသေးသော်လည်း ကုတင်အောက်ရှိ ထိုအရာ၏ ရုန်းကုန်မှုနှင့် အော်ဟစ်သံက တိုးသထက် တိုးသွားသည်။

 

ကုတင်အောက်မှ အနက်ရောင်သားရဲကြီးက ပြန်ထွက်လာသောအခါ သူ၏ပါးစပ်ထဲတွင် ကြီးမားပြီး အမွှေးများပြည့်နှက်နေသည့် တစ်စုံတရာကို ကိုက်ချီလာသည်။ ထို့နောက် ထိုအရာကြီးကို မြေပြင်ပေါ်သို့ ထွေးထွက်လိုက်၏။ ထို့နောက် အနက်ရောင်မြူထု အဖြစ် ပြန်လည်ပြောင်းလဲကာ လေထဲသို့ ပျောက်ကွယ်ဝင်ရောက်သွားသည်။

66 05

အမျိုးသားက မျက်လုံးကို အသာငုံ့လိုက်သည်။

 

ကြမ်းပြင်တွင် လဲနေသည်မှာ မီတာတစ်ဝက်ခန့်ကျော်ပင် ရှည်လျားကာ ကြီးမားသော ကြွက်ဖြစ်သည်။

 

သူ၏ကိုယ်က မြေသားဝါရောင် ဖြစ်သည်။ အလွန်ဝတုတ်နေပြီး လိမ်တွန့်နေသည်။ သူ၏အမွှေးများက သူ၏ကိုယ်ပိုင်သွေးများဖြင့် စိုရွှဲနေကာ လည်ပင်းက ကိုက်ဖြတ်ခံလိုက်ရသည်။

 

သူ၏ပါးစပ်မှ ထွက်နေသည့် ကြီးမားသော အဝါ‌ရောင်အစွယ်ကြီးတစ်စုံသည် မှေးမှိန်သော အလင်းရောင်အောက်တွင်ပင် စူးရှနေသည်မှာ ဓားမြှောင်တစ်စုံအလား ထင်ရသည်။

 

လူတစ်ယောက် သို့မဟုတ် သာမာန်တိရိစ္ဆာန်တစ်ကောင် သူ၏ပါးစပ်အတွင်းသို့ ကျရောက်သွားခဲ့လျှင် အချိန်အနည်းငယ်အတွင်း သေသည်အထိ ကိုက်သတ်ခံရနိုင်ကြောင်း ကြိုမြင်နိုင်သည်။

 

 သို့ရာတွင် ထိုမျှကြမ်းတမ်းသော သတ္တဝါကတင် အေးစက်သော မြေပြင်ပေါ်တွင် ပက်လက်လဲနေပြီ ဖြစ်သည်။ သူ၏ပဲစေ့အရွယ်ရှိသော အနက်ရောင်မျက်ဝန်းတစ်စုံထဲတွင် ရှိသော ကျန်သောအသိစိတ်က တဖြည်းဖြည်းချင်း  အပေါ်သို့ ဝင့်လာပြီး သူ့အားသတ်သောသူကို ကြည့်သွားလိုသည်။

 

သို့သော် _ _ _

 

ဘာ သူ ဒီမှာနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သူ အစာအာဟာရတွေ၊ အရင်းအမြစ်တွေ အများစုကို ဝါးမြိုထားခဲ့ပြီးသား။ ဘယ်လိုဖြစ်ပြီး ဒီသောက်ကျိုးနည်း လူသားတာအိုဘုန်းတော်ကြီးကြောင့် ဒဏ်ရာရရမှာလဲ။

 

ထိုအမျိုးသားက ကြီးမားသော ကြွက်ကြီး၏လှုပ်ရှားမှုကို သတိထားမိလိုက်သည်။ သို့သော် သူဟာ စိတ်ဝင်စားစရာ မကောင်းသောအကောင်ကို တွေ့လိုက်ရသလိုမျိုး အကြည့်ကို ပြောင်းလိုက်သည်။

******