အပိုင်း ၉၉
Viewers 17k

Chapter 99


" ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…" 


ချန်ကျွင်း၏မျက်လုံးများမှာ အံ့ဩမှုအပြည့်နှင့် ပြူးကျယ်သွားခဲ့သည်။


 " ယွမ်ရှင်းကျဲက ဒိန်းကိုထုတ်ပယ်လိုက်တာလား…"


" ပြောရမယ်ဆိုရင် အဲ့ဒါက ရှီးပေါ်လိုင် ချီယုကိုဖမ်းမိသွားတဲ့အချိန်မှာပဲဖြစ်သွားတာ…" 


ဂျက်ကော့၏နည်းပြမှာ ကြောင်အနေသည်


 " ချီယုကိုမကယ်ခဲ့ရုံသာမက ဒိန်းကိုတိုက်ခိုက်ဖို့လည်း မတွန့်ဆုတ်နေခဲ့ဘူး…"


ဂျက်ကော့မှကျောင်းအဖွဲ့ဝင်များမှာ တိတ်ဆိတ်မှုထဲကျဆင်းသွားရတော့သည်။


သူတို့အားလုံးမှာ ထုတ်လွှင့်ပြသနေသည့် မျက်နှာပြင်အား မတူညီသော အမူအယာများဖြင့် ကြည့်နေခဲ့ကြသည်။


သို့သော်လည်း သူတို့အားလုံး ယွမ်ရှင်းကျဲဆုံးဖြတ်ချက်ချခဲ့သည့် ခွန်အားကြောင့် ထိတ်လန့်နေကြသည်မှာ သံသယဝင်ဖွယ်မရှိချေ။


သူ၏အဖွဲ့ဝင်တိုက်ခိုက်ခံရသည်အား မြင်နေရသည်ကိုပင် သူသည်အာရုံမထွေပြားသွားဘဲ ဖုန်မှုန့်များကြောင့် အမြင်အာရုံဝေဝါးနေရသည့် ဒိန်း၏လက်မောင်းဆီသို့ တိုက်ရိုက်ခုန်ဝင်လာနိုင်ခဲ့သည်။


၎င်းအရာမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။


ချီယု ရှီးပေါ် လိုင်ထံမှ ချုပ်နှောင်ခံရချိန်တွင် သူ၏နောက်ကျောမှာ နာကျင်နေခဲ့ရသော်လည်း သူထင်မိသည်မှာ ယွမ်ရှင်းကျဲ သေချာပေါက် သူ့အားကျေးဇူးတင်မည်ဟူ၍ပင်။


မည်သို့ပင်ဖြစ်စေ ယွမ်ရှင်းကျဲ၏ကျေးဇူးတင်စကားကို ကြားရမည့်အစား သူ၏ဘေးနားမှ ကြီးမားလှသော ပျက်စီးမှုကြီးတစ်ခုကိုသာ သူကြားလိုက်ရပြီး ဒိန်းမှာထုတ်ပယ်ခံလိုက်ရသည်။


" ရှင်း … ရှင်းကျဲ… မင်း " ချီယု ဗလာဖြစ်နေသည့်အမူအယာဖြင့်ပြောလိုက်မိသည် " မင်း တကယ်ကြီး ဒိန်းကိုထုတ်ပယ်လိုက်တာလား…"


ယွမ်ရှင်းကျဲမှာ သူနှင့်ရှီးပေါ်လိုင်အကြားရှိ တိုက်ပွဲကြောင့် ချီယုအား လျစ်လျူရှုထား၏။


ချီယုနှင့် ဒိန်းတို့အား စက်ရုပ်လက်တံများမှ ပြိုင်ပွဲကွင်းပြင်၏အဝေးသို့သယ်ဆောင်သွားခဲ့သည်။


သူမထွက်သွားရခင် ချီယု ယွမ်ရှင်းကျဲ သူ့အား ထိုမျှ လျစ်လျူရှုလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် မနေနိုင်ဘဲ မေးလိုက်လေသည်။


 " ရှင်းကျဲ… ခုနငါအရမ်းမမိုက်ဘူးလား…"


မူလအစတုန်းက ယွမ်ရှင်းကျဲတွေးထားခဲ့သည်မှာ ရှီးပေါ်လိုင်၏တိုက်ခိုက်မှုကို စက်ရုပ်သားရဲအား ကာဆီးခိုင်းမည်ဖြစ်ပြီး ဒိန်းအား သူ၏ပင်မမက်ခါဖြင့် ထုတ်ပယ်ပစ်မည်ဖြစ်သည်။ ထိုနည်းဖြင့် သူတို့ နှစ်ယောက်တစ်ယောက်ဖြစ်သွားပြီး ရှီးပေါ်လိုင်အား အနိုင်ရ‌နိုင်ချေ ပိုများလာမည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ချီယု သူ့အားနားမထောင်ခဲ့ဘဲ ပြေးလာခဲ့ပြီး သူ၏ခေါင်းကို ထိုးအပ်ခဲ့လေသည်။


ချီယု ဆွဲခေါ်ခံရပြီးနောက် ယွမ်ရှင်းကျဲ နူးညံ့နေသော်လည်း အေးစက်နေသည့်အသံဖြင့်ပြောလိုက်သည်။


 " တကယ်ကံဆိုးတာပဲ…"


ရှီးပေါ်လိုင်၏တိုက်ခိုက်မှုကို တားဆီးရန် အသင့်ပြင်ထားသော မက်ခါသားရဲသည် ယခုအချိန်တွင် ယွမ်ရှင်းကျဲထံသို့ ပြန်လာနေပြီဖြစ်သည်။


ယွမ်ရှင်းကျဲနှင့် ရှီးပေါ်လိုင်သာ ကွင်းပြင်ထဲတွင် ကျန်ရစ်ခဲ့၏။


ဒိန်း၏အလင်းမှာ မိနစ်၂၀နှင့် ၁၅ စက္ကန့်ဖြစ်သည်။


ချီယုမှာမူ မိနစ်၂၀နှင့် ၄၂စက္ကန့်ဖြစ်သည်။


ခြုံငုံသုံးသပ်ရမည်ဆိုလျှင် ရှင်းဟိုင်တက္ကသိုလ်မှာ အနိုင်ရနေဆဲပင်ဖြစ်သော်လည်း ရှင်းဟိုင်၏ကျောင်းအဖွဲ့ဝင်များပေါ်ရှိ မျက်နှာအမူအယာမှာ တည်ငြိမ်နေဆဲပင်ဖြစ်၏။


မြင်ကွင်းမှာ ယခုအချိန်တွင် ယွမ်ရှင်းကျဲနှင့် S+ ကစားသမားတို့၏ တစ်ဦးချင်းတိုက်ပွဲအသွင်ပြောင်းလဲသွားခဲ့သည်။


ထိုသူသည်လည်း ဉာဏ်ကြီးရှင်အဆင့် မက်ခါတိုက်ခိုက်သူတစ်ဦးဖြစ်၏။


ကာလက်နှင့် ချီယု နှစ်ဦးစလုံး ရှီးပေါ်လိုင်ထံမှ ထုတ်ပယ်ခံရပြီး ၎င်းမှာ သူ၏သန်မာသော ခွန်အားကိုပြသနေခဲ့သည်။


" မင်းဆက်လုပ်ချင်သေးလား… မင်းအခုအရှုံးပေးလိုက်မယ်ဆိုရင် ရှုံးတဲ့အခါကျ ပိုသက်သာမှာပေါ့…"


ရှီးပေါ်လိုင် ယွမ်ရှင်းကျဲကိုလှမ်းပြောလိုက်သည်။


ယွမ်ရှင်းကျဲ စကားပြန်မပြောခဲ့ပေ။ ထို့နောက် သူ၏မက်ခါသားရဲအား ဒြပ်မှုန်အမြောက်ဖြင့် ဖောက်ခွဲစေလိုက်သည်။


၎င်းမှာ ရှီးပေါ်လိုင်အား ကြောက်လန့်သွားစေခဲ့ပြီး သူအလျင်အမြန်ရှောင်တိမ်းလိုက်ရသည်။


ရှီးပေါ်လိုင် အံတင်းတင်းကြိတ်၍ပြောလာခဲ့သည်။


 " ဒါကတစ်ယောက်ချင်းပြိုင်ပွဲဖြစ်နေပြီနော်…အိုမီဂါတစ်ယောက်အနေနဲ့ မင်းတကယ်ငါနဲ့ တိုက်ခိုက်ချင်လို့လား…"


ယွမ်ရှင်းကျဲက တိတ်ဆိတ်နေမြဲပင်။ ထို့နောက် အလင်းဓားဖြင့် ရှီးပေါ်လိုင်အား ထက်ရှသော ဓားချက်တစ်ချက် ခုတ်ချလိုက်သည်။


ရှီးပေါ်လိုင် : " …. "


သူ့ကိုယ်သူပြန်တွေးမိသည်မှာ ထိုယွမ်ရှင်းကျဲသည် ပြောဆိုဆက်ဆံရန် ခက်ခဲသည်ဟူ၍ပင်။


ဂျက်ကော့တက္ကသိုလ်မှ လူများမှာမူ ရှီးပေါ်လိုင်အား အားပေးနေကြသည်။


" ရှီးပေါ်လိုင်က ထာဝရနတ်ဘုရားပဲ…"


" သွား ရှီးပေါ်လိုင် … ယွမ်ရှင်းကျဲကို မှောက်သိပ်ပစ်လိုက်…"


" သုံးယောက်စလုံးကိုသတ်ပစ်… သုံးယောက်စလုံးပဲ…"


" တစ်ဦးချင်းပြိုင်ပွဲကို ရှင်းဟိုင်က အိုမီဂါက သူ့သေတွင်းသူတူးနေတာလား…"


" ကြည့်ရတာ သနားစရာလေးကွာ "


" ဂျက်ကော့ ဒုန်း ဒုန်း ဒုန်း "


ပရိသတ်၏ ဂျက်ကော့ဘက်မှ ပွဲကြိုအောင်ပွဲခံနေသည့် အမူအယာများမှာ ရှင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားများကို မသက်မသာဖြစ်စေသည်။


ထို့ကြောင့် သူတို့ မနေနိုင်တော့ဘဲ ယွမ်ရှင်းကျဲအား အားပေးလိုက်ကြသည်


" ရှင်းဟိုင်တက္ကသိုလ်က အားအကြီးဆုံးပဲ…"


" ယွမ်ရှင်းကျဲ ဒုန်း ဒုန်း ဒုန်း "


" ယွမ်ရှင်းကျဲ ရှီးပေါ်လိုင်ရဲ့ခေါင်းကိုဖြတ်ပစ်…"


သူတို့၏အားပေးသံများအား ဘေးတွင်ရှိနေသော ဂျက်ကော့မှကျောင်းသားများကြားလိုက်ရချိန်တွင် သူတို့အလွန်အံ့ဩနေကြပြီး ရှင်းဟိုင်မှ ကျောင်းသားများအား မနေနိုင်တော့လဲ လှည့်ကြည့်မိလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်ကြသည်။


" Aအဆင့်ကစားသမားက S+အဆင့်ကိုတိုက်ခိုက်မှာတဲ့လား.. သူသာအနိုင်ရခဲ့ရင် ငါဇောက်ထိုးနေပြလိုက်မယ်…"


ရှင်းဟိုင်တက္ကသိုလ်မှ ကျောင်းသားများမှာ ငြင်းခုန်ရန်အတွက် အချိန်မရှိကြသော်လည်း နိုအာတက္ကသိုလ်ဝတ်စုံဖြင့် ဆံပင်အစိမ်းရင့်ရောင်ရှိသော ကျောင်းသားတစ်ဦးမှ ကြားဖြတ်ကာပြောလိုက်သည်။


 " မင်းပြောတာနော်…"


ယမန်နှစ်က ချန်ပီယံဖြစ်ခဲ့ဖူးသော နိုအာတက္ကသိုလ်ဝတ်စုံအား မြင်လိုက်သည်နှင့် ဂျက်ကော့မှ ကျောင်းသားမှာ ဆက်လက်၍ မမောက်မာရဲတော့ပေ။ သူ၏မျက်လုံးကိုသာ လှန်လိုက်ပြီးအထွန့်တက်လိုက်သည်။

99.2


 " ဘာဖြစ်လဲ.. ငါပြောတာ မှားနေလို့လား.. S+အဆင့်ကစားသမားက Aအဆင့်ကို ရိုက်နိုင်တာပုံမှန်မဟုတ်လို့လား… ယွမ်ရှင်းကျဲက S+အဆင့်ကိုရိုက်နိုင်မယ်လို့တော့ ငါ့ကိုမပြောနဲ့နော်…"


မင်ရှောင်း၏နှုတ်ခမ်းမှာ ကွေးတက်သွားပြီး " ဒါကတိုက်ဆိုင်မှုပဲ မဟုတ်ဘူးလား…"


ထိုစဉ် ပရိသတ်များကြားထဲမှ အံ့ဩထိတ်လန့်နေသောအသံများထွက်ပေါ်လာခဲ့သည်။


ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် မျက်နှာပြင်ပေါ်သို့ ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။


ယွမ်ရှင်းကျဲနှင့် သူ၏သားရဲမှာ ပြီးပြည့်စုံစွာ ပူးပေါင်းနေပြီး ရှီးပေါ်လိုင်အား အရှေ့ဘက်ရော အနောက်ဘက်မှပါ ထပ်ခါထပ်ခါတိုက်ခိုက်နေကြသည်။


စက်ရုပ်သားရဲ၏လျင်မြန်လှသော လှုပ်ရှားမှုကြောင့် ရှီးပေါ်လိုင်ကို အကြိမ်ပေါင်းများစွာ ရိုက်မိတော့မလို ဖြစ်သွားရသည်။ သူ၏ကိုယ်ပျောက်နေသည့်အဆင့်သို့ ဝင်လိုက်ပြီး မကြာမီမှာပင် ရှီးပေါ်လိုင်၏ပုံစံအမှန်သို့ ပြန်ပေါ်လာသည်အထိ တိုက်ရိုက်အရိုက်ခံနေခဲ့ရသည်။


ရှီးပေါ်လိုင် ယွမ်ရှင်းကျဲ၏အလင်းဓားအောက်မှ လွတ်မြောက်သွားချိန်မှသာ သူအသက်ဝဝရှုရဲတော့သည်။ သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာပင် မက်ခါသားရဲသည် မိုးပေါ်မှ ကျလာပြီး သူ၏ခေါင်းတည့်တည့်ဆီသို့ ထုချလိုက်တော့မလို ဖြစ်သွားခဲ့ရသည်။


ပရိသတ်များမှာ အံ့ဩထိတ်လန့်နေကြပြီး ‌ရှုပ်ထွေးနေရ၏။


ရှီးပေါ်လိုင်၏ခွန်အားက အားမနည်းသင့်ဘူးမလား…


ဂျက်ကော့၏နည်းပြမှာ မနေနိုင်တော့ဘဲ ထရပ်ကာ မျက်နှာပြင်ပေါ်သို့ကြည့်လိုက်မိလေသည်။


ချန်ကျွင်းမှာမူ ဗလာဖြစ်နေသည့် အမူအယာဖြင့် " ရှီးပေါ်လိုင် ဒီနေ့ဘာဖြစ်နေတာလဲ…"


လူတိုင်းမှာ မျက်နှာ‌ပြင်ပေါ်ရှိ ရှီးပေါ်လိုင်၏ ယွမ်ရှင်းကျဲထံမှ အလိုက်ခံရပြီး ရိုက်နှက်‌ခံနေရသည့် မြင်ကွင်းကြောင့် ရှုပ်ထွေးနေကြသည်။


ရှီးပေါ်လိုင်၏ နှလုံးခုန်သံမှာ ပေါက်ထွက်တော့မလို ဖြစ်နေပြီး ထိုအချိန်တွင် သူထံ၌ နားမလည်နိုင်သော ဖိအားတစ်ခုဖြစ်ပေါ်နေခဲ့သည်။


တကယ်လို့များ…


တစ်ဖက်လူမှာ သူ့ကို အလွန်ကောင်းကောင်းသိနေခဲ့သည်။


သူအရင်က ယွမ်ရှင်းကျဲနှင့် တိုက်ခိုက်ခဲ့ဖူးသည်လား…


၎င်းမှာ မဖြစ်နိုင်ပေ။


လက်ရှိအဖြစ်အပျက်အား ရှီးပေါ်လိုင်နားမလည်နိုင်ခင်မှာပင် ယွမ်ရှင်းကျဲ၏ အလင်းဓားမှာ ထပ်မံရိုက်ချလိုက်ပြန်သည်။ ထိုအရာမှာ သူ့မက်ခါ၏ တံတောင်ဆစ်နေရာအား အလွန်ဆန်းကျယ်သောရှူထောင့်မှ ခုတ်ချသွားခဲ့သည်။


ရှီးပေါ်လိုင် ဘေးဘက်သို့ အမြန်ရှောင်တိမ်းလိုက်ရသည် ။ သို့သော်လည်း နောက်ထပ်ခဏအကြာတွင် သူ၏ခြေထောက်များက စက်ရုပ်သားရဲမှ ပစ်လိုက်သော အလင်းကြာပွတ်ဖြင့် ငြိသွားခဲ့သည်။


သူ၏ခြေလှမ်းတိုင်းမှာ ယွမ်ရှင်းကျဲ၏တွက်ဆမှုထဲတွင် ရှိနေသည့်အတိုင်းပင်။


ရှီးပေါ်လိုင်၏မျက်လုံးများ ပြူးကျယ်သွားရသည်။


အတိအကျ ဘာတွေဖြစ်နေတာလဲ...


ကံကောင်းစွာဖြင့် ရှီးပေါ်လိုင် လျင်မြန်စွာ တုံ့ပြန်လိုက်နိုင်ပြီး အပြည့်အဝမငြိသွားခင်မှာပင် အလင်းကြာပွတ်ထံမှ ရုန်းထွက်နိုင်ခဲ့သည်။


သူစိတ်လျော့လိုက်ပြီး သူ၏တိုက်ခိုက်မှုပုံစံကို ပြောင်းလဲချင်လိုက်သော်လည်း တုန်လှုပ်နေခြင်းမှာ တိုးနေမြဲဖြစ်သည်။


ရှီးပေါ်လိုင် သူ၏သွားများကိုသာ တင်းတင်းဖိကြိတ်လိုက်မိသည်။ အိုမီဂါတစ်ဦးကို သူမည်ကဲ့သို့ ရှုံးနိမ့်နိုင်ပါမည်နည်း။


နောက်ဆုံးတစ်ကြိမ် သူထိုသို့လိုက်ရိုက်ခံရသည်မှာ မက်ခါကြယ်ပွင့်တွင် " ငါကအရမ်းအားနည်းတယ် " ဟူသော အကျင့်မကောင်းသည့် ကစားသမားနှင့်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူ၏ရှေ့မှ ယွမ်ရှင်းကျဲမှာ Aအဆင့်သာရှိသေးသဖြင့် သူကံကောင်းနေခြင်းသာဖြစ်ရပေမည်။


ရှီးပေါ်လိုင် သူ၏ဖိအားများကို ဖိနှိပ်လိုက်ပြီး အာရုံစူးစိုက်သည့်အဆင့်သို့ ထပ်မံဝင်ရောက်လိုက်သဖြင့် လေစီးကြောင်းများ အရှိန်မြင့်လာခဲ့သည်။


ကြီးမားလှသော ကွင်းပြင်ကြီး၏ အထက်တွင် ဖောက်ထွင်းမြင်နိုင်သော ချည်မျှင်များ‌ ပေါ်ထွက်လာခဲ့သည်။


အရိပ်မက်ခါမှာ ခြေလှမ်းကြီးကြီး တစ်ခုကို ပြင်ဆင်နေသည့်ပုံပင်။


အစပိုင်းတွင် စိတ်လှုပ်ရှားနေကြသော ဂျက်ကော့ကျောင်းသားများမှာ ထိုအချိန်မှသာ စိတ်သက်သာရာရသွားခဲ့ကြသည်။


ထိုဖောက်ထွင်းမြင်နိုင်သော ချည်မျှင်များအား " ကောင်းကင်ပိုက်ကွန် " ဟုခေါ်ပြီး Sအဆင့်အထက်ရှိ အရိပ်မက်ခါများသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။ ၎င်းကို သိပ်သည်းဆမြင့်မားသော နာနိုပစ္စည်းများဖြင့် ပြုလုပ်ထားကာ မမြင်နိုင်သော ပင့်ကူအိမ်ကြီးတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။


သို့သော် ကောင်းကင်ပိုက်ကွန်မှာ ပင့်ကူအိမ်တစ်ခုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့မှာ တစ်ဖက်မက်ခါ၏တိုက်ခိုက်မှုနှုန်းကျဆင်းသွားရန် လုပ်ဆောင်နိုင်ရုံသာမက လျှပ်စစ်သံလိုက်ဓာတ်ကို ထုတ်ဖော်ပေးပြီး ချွန်ထက်တဲ့လက်နက်အဖြစ်လည်း အသုံးပြုနိုင်ပေမည်။


၎င်းထက်ရှမှုမှာ Aအဆင့်မုန်တိုင်းမက်ခါ၏ ခြေလက်များကိုပင် ဖြတ်တောက်နိုင်သည်။


ပိုက်ကွန်ပေါ်‌လာသည်နှင့် တစ်ဖက်လူမှာ အလိုအ‌လျောက် ခံစစ်အခြေအနေသို့ ကျဆင်းရပြီဖြစ်သည်။


" ယွမ်ရှင်းကျဲတော့ ပွဲသိမ်းပြီပဲ…"


" ရှီးပေါ်လိုင်က ခြေလှမ်းအကြီးကြီးလှမ်းချလိုက်တာ…သူဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ကြရအောင်…"


" ဂိမ်း‌ကတော့ အဆုံးသတ်တော့မှာပဲ…"


ယွမ်ရှင်းကျဲ ရှီးပေါ်လိုင်အား တားမြစ်မည့်ပုံမပေါ်သကဲ့သို့ အဝေးတစ်နေရာမှသာ လှမ်းကြည့်နေခဲ့သည်။


ထိုစဉ် ရုပ်ဆိုးကြောင် ပြေးထွက်လာလေသည်။


၎င်းမှာ နာနိုဝိုင်ယာချည်မျှင်၏ အရင်းအမြစ်ကို ရှာတွေ့ပြီး ထိုအရာကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ထို့နောက် အလင်းဓားကိုယူကာ ချည်မျှင်၏ပတ်ပတ်လည်ကို တဖြည်းဖြည်းချင်းစတင်ရစ်ပတ်လာသည်။


သူက သိုးမွှေးလုံးတစ်လုံးကဲ့သို့ ရစ်ပတ်နေ၏။


ရှီးပေါ်လိုင်၏ ရှေ့တွင် နာနိုဝိုင်ယာချည်မျှင်များအား ချထားပြီး သူ၏အနောက်တွင် အလင်းဓားနှင့် ရုပ်ဆိုးကြောင်မှာ ၎င်းတို့အား ရစ်ပတ်နေခဲ့သည်


ရှီးပေါ်လိုင် ဂုဏ်ယူစွာဖြင့် သူ၏ခေါင်းကိုမော့ကာ ယွမ်ရှင်းကျဲအား တိုက်ခိုက်လိုက်‌မည်အပြုတွင် သူတည်ဆောက်ထားခဲ့သော ကောင်းကင်ပိုက်ကွန်မှာ ပြိုပျက်နေပြီဖြစ်၏။


ယွမ်ရှင်းကျဲ သူ၏အသံချဲ့စက်ကိုဖွင့်လိုက်ပြီးပြောလိုက်သည်။


 "ရှီးပေါ်လိုင် မင်းအခုအရှုံးပေးမယ်ဆိုရင် မင်းရှုံးတဲ့အခါကျ ကြည့်ရမဆိုးတော့ဘူး…"


ရှီးပေါ်လိုင်နှင့် ပရိသတ်များ : " …. "


ဘုရားရေ.. ကြောင်ကချီယုထက်တောင် အသုံးကျသေးတယ်… ဒါကဘယ်လိုလုပ်ပြီး တစ်ဦးချင်းတိုက်ပွဲဖြစ်မှာလဲ.. ဒါက နှစ်ယောက်တစ်ယောက်ကြီးပဲဟ…


xxxxxx