Chapter 101
ယွမ်ရှင်းကျဲ စောင့်ဆိုင်းနေရာသို့ ပြန်ရောက်သောအခါတွင် အသင်းဖော်များက သူ့အား ပွေ့ဖက်ရန် ပြေးလာခဲ့ကြသည်။
အက်ရှလေမှ စနောက်လိုက်လေသည် " ယိုးး ဘယ်သူကပိုပြီးထင်ပေါ်နေလဲဆိုတာကြည့်ပါဦး… တစ်စုံတစ်ယောက်ကတောင် သူ့ကိုပန်းလာပို့ပေးတယ်…"
ရစ်ချက် ယွမ်ရှင်းကျဲအား ကြည့်ရန် အရှေ့သို့တိုးလာခဲ့သည်။ အချိန်ခဏကြာတိတ်ဆိတ်သွားပြီးနောက် ရစ်ချက် ယွမ်ရှင်းကျဲအား တင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ " မင်းရဲ့ စက်ရုပ်သားရဲက တော်တော်လေးတော့ စိတ်ဝင်စားဖို့ကောင်းတယ်… ဒါပေမဲ့ ရှီးပေါ်လိုင်ကို ဒီလိုရိုက်နိုင်ဖို့ဆိုတာက.. ငါမင်းကိုလျော့တွက်မိသွားတာပဲ အကုန်လုံးအတွက် ကျေးဇူးတင်ပါတယ်ကွာ…"
ယွမ်ရှင်းကျဲအပေါ်တွင်ရှိသော ရစ်ချက်၏မူလအစတုန်းက အထင်မြင်သေးခဲ့သည့် မျက်လုံးများမှာ ယခုအချိန်တွင် စိတ်ဝင်စားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုသုံးဦးချင်းပွဲစဉ်မှတစ်ဆင့် ရစ်ချက် ရုတ်တရက်ခံစားမိသွားသည်မှာ ယွမ်ရှင်းကျဲ၏ခွန်အားမှာ တစ်ဦးချင်းပွဲစဉ်တွင် ပို၍လုပ်ဆောင်နိုင်မည်ဟူ၍ပင် ဖြစ်သည်။
ထို့နောက်တွင် ရစ်ချက် ကာလက်ကိုလည်း ချီးကျူးလိုက်သည် " မင်းနဲ့ ယွမ်ရှင်းကျဲရဲ့.. အင်းး ကြောင်လည်း ကောင်းကောင်းလုပ်ခဲ့တယ်…"
သို့သော်လည်း ချီယုကိုမူ သူမျက်နှာသာမပေးခဲ့ချေ။
ရစ်ချက် ချီယုအား အေးစက်စွာကြည့်ကာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
" ငါတို့ပြန်ရောက်တဲ့အခါကျရင် မင်းနဲ့ပြသနာရှင်းရဦးမယ်…" ချီယုထိုစကားများအပေါ်တွင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုငုံ့လျက် အနည်းငယ်မကျေမနပ်ဖြစ်နေခဲ့သည်။
ကျောင်းအဖွဲ့ဝင်များအား တစ်ဦးချင်းစီ ဖက်လိုက်ပြီးနောက် ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား လူအုပ်ထဲတွင် ရှာလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ လော့ဝမ်ချွမ်းမှာမူ စောင့်ဆိုင်းခန်းမထဲတွင် ရှိနေပုံမပေါ်ပေ။
" သာ့ချွမ်းက ပြိုင်ဖို့သွားတော့မှာလေ…"
ခယ့်လိုင် ယွမ်ရှင်းကျဲအား တီးတိုးပြောပြလိုက်ပြီး " သူကမင်းကိုဒါပေးလိုက်ဖို့ ငါ့ကိုမှာသွားတယ်…"
ယွမ်ရှင်းကျဲ အချိန်ခဏကြာမျှ ကြောင်အသွားရသည်။ ခယ့်လိုင်ကမ်းပေးလာသည်မှာ သူချွေးသုတ်ရန်အတွက် ပုဝါတစ်ထည်နှင့် သူအကြိုက်ဆုံးအရသာအားဖြည့်အချိုရည်တို့ဖြစ်သည်။
ယွမ်ရှင်းကျဲ ထိုအရာများ လှမ်းယူလိုက်ချိန်၌ လော့ဝမ်ချွမ်းထားပေးခဲ့သော စာတိုအား မြင်လိုက်ရသည်။
" စက်ဆရာငယ်လေး မင်းဒီနေ့ကောင်းကောင်းလုပ်ခဲ့တယ်နော်…ကိုယ်ပြန်ရောက်တဲ့အချိန်ကျရင် အတူတူအောင်ပွဲခံကြတာပေါ့…"
လက်ရေးစာမူမှာ အနည်းငယ်ဝေဝါးနေသဖြင့် မကြာသေးမီကပင် ရေးသွားခဲ့ခြင်းဖြစ်ပေမည်။
ယွမ်ရှင်းကျဲ မနေနိုင်တော့ဘဲ ပြုံးလိုက်မိတော့သည်။
လော့ဝမ်ချွမ်းနှင့် ချန်ကျွင်းတို့၏ ပွဲစဉ်မှာလည်း အလွန်စိတ်ဝင်စားစရာကောင်းသော ပွဲတစ်ခုဖြစ်သည်။
ချန်ကျွင်း၏အဆင့်မှာ SSအဆင့်ဖြစ်ပြီး လော့ဝမ်ချွမ်းမှာမူ SS+အဆင့်ဖြစ်ရာ ထိုသူနှစ်ဦးမှာ လက်ရေတူညီပေမည်။
မစတင်ခင်အချိန်၌ ချွန်ကျွင်း လော့ဝမ်ချွမ်းရှေ့သို့ လျှောက်လာကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ၏အသံမှာ အနည်းငယ်အေးစက်နေခဲ့သည်။
" ငါ့အသင်းဖော်တွေအမှားလုပ်ခဲ့မယ်လို့ မထင်ထားခဲ့မိဘူး…ပြီးတော့ ဒီနောက်ဆုံးပွဲကိုလည်း ငါကမင်းနဲ့ယှဉ်တိုက်ရဦးမှာ…ဒီပွဲမှာတော့ ငါဂျက်ကော့အတွက် နိုင်ကိုနိုင်မှဖြစ်မယ်…"
" အားတော့နာပါတယ်…" လော့ဝမ်ချွမ်းအေးစက်စွာ ပြန်ဖြေလိုက်ပြီး "
ငါမင်းကိုဒီပွဲအနိုင်ပေးလို့မရဘူး…"
လော့ဝမ်ချွမ်း၏ အမူအကျင့်မှာ အမြဲဆိုသလို အေးစက်တတ်သော်လည်း ပုံမှန်အားဖြင့် သူသည် နှိမ့်ချတတ်သူဖြစ်ရာ ယခုအချိန်တွင် သူ၏မောက်မာလှသော စကားလုံးများမှာ ချန်ကျွင်းအားထိတ်လန့်သွားစေခဲ့သည်။
အဆုံးတွင် ချန်ကျွင်း၏နှုတ်ခမ်းများမှာ ကော့တက်သွားပြီး နောက်သလို ပြောင်သလိုပုံစံမျိုးဖြင့် ပြောလိုက်လေသည် "
သူတို့က မင်းကိုကျိုးနွံပြီး တည်ငြိမ်တတ်တယ်လို့ပြောကြပေမဲ့ ကြည့်ရတာ မဟုတ်ဘူးထင်တယ်…အဲ့ဒီလို ခွန်အားမညီမျှတဲ့အသင်းဖော်တွေအတွက် တန်လို့လားနော်…"
လော့ဝမ်ချွမ်း သူ၏နှုတ်ခမ်းကိုကိုက်ကာ ရုတ်တရက်ဆိုသလို မျက်လုံးများမှာ စောင့်ဆိုင်းခန်းမဘက်သို့ရွေ့သွားလိုက်ပြီး ခဏအကြာတွင် သူ၏မြင်ကွင်းကို ပြန်လည်ရယူနိုင်ခဲ့သည်။
ချန်ကျွင်းအား သူမှားကြားမိသလားဟု ထင်ရလောက်အောင် လော့ဝမ်ချွမ်း၏အသံထဲတွင် အလွန်ရှားပါးသော နူးညံ့မှုတို့ပါဝင်နေပြီး
" သေချာပေါက်... ဒါကထိုက်တန်တယ်…"
နောက်ဆုံးပွဲစဉ်မှာ တရားဝင်စတင်လာချေပြီ။
ရှင်းဟိုင်နှင့် ဂျက်ကော့ တက္ကသိုလ်မှ ကျောင်းသားများမှာမူ ပေါက်ကွဲလုမတတ် အချင်းချင်းထောက်ခံသည့်ဘက်မှ အားပေးနေကြသည်။
အခြားကျောင်းမှ ကျောင်းသားများသည်လည်း ယင်းအခြေအနေကြောင့် ကူးစက်ခံလိုက်ရပြီး ပါဝင်ပူးပေါင်းလာကာ အော်ဟစ်၍ အားပေးနေ၏။ ခန်းမတစ်ခုလုံးရှိ လော့ဝမ်ချွမ်းနှင့် ချန်ကျွင်းတို့ကို အားပေးနေသူအရေအတွက်မှာမူ ထပ်တူညီလုမတတ်ဖြစ်နေသည်။
အဆုံးတွင် လော့ဝမ်ချွမ်းသည် ယမန်နှစ် သူ၏ပထမဆုံးပွဲစဉ်တွင် ကျော်ကြားလာသူဖြစ်ပြီး ရှင်းဟိုင်တက္ကသိုလ်၏အင်အားမှာ အလွန်တောင့်တင်းမနေသော်လည်း သူသည် စစ်တက္ကသိုလ်ကျောင်းသားများကြားတွင် ရှားပါးလှသော SS+အဆင့် ကစားသမားဖြစ်လေသည်။
သို့ဖြစ်ရာ လူအများစုမှာ လော့ဝမ်ချွမ်း၏ပွဲအား တကူးတကလာရောက်ကြည့်ရှုသူများ ဖြစ်ကြသည်။
တိုက်ပွဲစတင်တော့မည့်အချိန်တွင် SSအဆင့်ကစားသမားနှစ်ဦးမှာ လူအများ၏မြင်ကွင်းရှေ့တွင်ပေါ်လာခဲ့သည်။ ထိုနေရာတွင်ရပ်နေသော သူတို့နှစ်ဦး၏ပုံစံကပင် လူအများအား ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ဖိအားကိုခံစားစေခဲ့သည်။
လော့ဝမ်ချွမ်း၏ အနက်ရောင်အတိဖုံးလွှမ်းနေသော အလင်းဓားမက်ခါသည် အလင်းဓားနှစ်ချောင်းအား တိုက်ရိုက်ပင်ဆွဲထုတ်လိုက်ကာ တိုက်ခိုက်ရန်ပြင်ဆင်နေသည်။
သူ၏ပြိုင်ဘက်ဖြစ်သူ ချန်ကျွင်း၏ခရမ်းရောင် ကြယ်တံခွန်မက်ခါမှာလည်း သံကြိုးဓားနှင့် အလင်းဓားတစ်ချောင်းထုတ်လိုက်ကာ စက်နှိုး၍ တစ်ဖက်လူ၏တိုက်ခိုက်မှုအား စတင်စောင့်ကြည့်လိုက်သည်။
လေထုမှာ တင်းမာနေပြီး ပြင်းထန်သောတိုက်ပွဲအငွေ့အသက်မှာ စတင်ပျံ့လွင့်လာခဲ့သည်။
စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေသော နှလုံးနှင့်အတူ ယွမ်ရှင်းကျဲ စောင့်ဆိုင်းခန်းမမှနေ၍ ကြည့်နေခဲ့သည်။
၎င်းမှာ လော့ဝမ်ချွမ်း၏ပထမဆုံးတိုက်ပွဲမဟုတ်သည့်အပြင် သူ၏ခွန်အားမှာ သန်မာလှကြောင်းကို သိနေခဲ့သည်တိုင် ယွမ်ရှင်းကျဲ အသက်အောင့်ထားမိဆဲပင်ဖြစ်သည်။
ချန်ကျွင်း၏မက်ခါ လော့ဝမ်ချွမ်းရှေ့သို့ ပြေးထွက်လာချိန်တွင် သူမအောင့်အီးနိုင်တော့ဘဲ အခြားသူများနည်းတူ အံ့ဩထိတ်လန့်နေသည့်အသံထွက်ပေါ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ချန်ကျွင်း၏အမြန်နှုန်းကြောင့် လူအများကြောက်လန့်နေစဉ် လော့ဝမ်ချွမ်း၏မက်ခါမှာ လှုပ်ရှားလာသည်။
သူသည် ချန်ကျွင်း၏ရှေ့သို့ ပို၍မြန်သော အရှိန်ဖြင့် တိုက်ရိုက်ပင် ပြေးထွက်လာသည်။
" သောက်ကျိုးနည်း…သာ့ချွမ်းရဲ့အမြန်နှုန်းလား…"
ခယ့်လိုင် အံ့ဩထိတ်လန့်နေမှုကြောင့် မတ်တပ်ထရပ်မိသွားတော့သည်
" သူကဘယ်လိုလုပ်ပြီးအဲ့လောက်မြန်တာလဲ…"
ရစ်ချက်သည်လည်း သူ၏မျက်ခုံးများကို ပင့်လျက် မျက်လုံးထဲတွင် အံ့ဩနေမှုများရှိနေခဲ့သည်။
တိုက်ပွဲကွင်းပြင်တွင် ကြယ်တံခွန်မက်ခါ၏အမြန်နှုန်းသည်သာ ဘုရင်ဖြစ်ပြီး ချန်ကျွင်းမက်ခါ၏အမြန်နှုန်းမှာ စစ်တက္ကသိုလ်ကျောင်းသားများအတွင်း ပထမအဆင့်ရသူဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လော့ဝမ်းကျွမ်းမှာ ပို၍ပင်သာလွန်နေ၏။
101. 2
ခဏအကြာတွင် ခယ့်လိုင်သူ၏မျက်လုံးထဲမှ ထိတ်လန့်နေမှုအား အဝေးသို့ တွန်းထုတ်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလာခဲ့သည် " သူ့မက်ခါရဲ့ အဓိကအစိတ်အပိုင်းတစ်ခုကိုတော့ ပြောင်းလဲထားတာဖြစ်ရမယ်…"
ထိုသို့ပြောပြီးနောက် ခယ့်လိုင် ယွမ်ရှင်းကျဲအား ကြည့်လာကာ သူ၏မျက်လုံးများဖြင့် သက်သေပြရန်တောင်းဆိုနေခဲ့သည်။
" အမ်းး မဟုတ်ဘူးရယ်…" ယွမ်ရှင်းကျဲ၏မျက်လုံးများမှာ လော့ဝမ်ချွမ်း၏မက်ခါနောက်သို့ လိုက်ကြည့်နေလျက် ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်
" ငါကခပ်သေးသေးတစ်ခုပဲပြောင်းလိုက်တာ…ပြိုင်ပွဲကလည်းနီးနေပြီဆိုတော့ သူလိုက်လျောညီထွေမဖြစ်မှာစိုးလို့ ငါအများကြီးပြောင်းဖို့ မရဲဘူးလေ…"
သေးငယ်သောပြောင်းလဲမှုတစ်ခု..
ထိုစကားမှာ လူတိုင်းအား တိတ်ဆိတ်သွားစေခဲ့သည်။
ခယ့်လိုင် သူ့၏မက်ခါတွင်လည်း ထိုကဲ့သို့ သေးငယ်သည့်ပြောင်းလဲမှုလေး ပြုလုပ်ပေးရန်အတွက် ထိုနေရာမှာပင်ဒူးထောက်မိချင်သွားသည်။
မည်သို့ပင်ဖြစ်စေ ယွမ်ရှင်းကျဲ၏ လော့ဝမ်ချွမ်းကစားနေသည့်အပေါ် စွဲစွဲလမ်းလမ်းကြည့်နေသည်အား မြင်လိုက်ရချိန်တွင် သူချုပ်ထိန်းထားလိုက်တော့သည်။
" ဒုန်းးးးး "
ချန်ကျွင်း၏အလင်းဓားမှာ လော့ဝမ်ချွမ်းမက်ခါ၏လက်မောင်းအား ခုတ်ပိုင်းမိတော့မလိုဖြစ်သွားသော်လည်း နောက်ပိုင်းတွင် လော့ဝမ်ချွမ်း၏အလင်းဓားမှ အလွန်လျင်မြန်သော အရှိန်ဖြင့် ကာလိုက်လေသည်။
ကွင်းပြင်အတွင်း အသံကျယ်ကြီး မြည်သွားပြီး ပရိတ်သတ်များမှာမူ အကာအကွယ်ထဲမှပင် SSအဆင့်တိုက်ခိုက်သူများ၏ ကြောက်လန့်ဖွယ်ခွန်အားကို ခံစားလိုက်ရသည်။
လော့ဝမ်ချွမ်း တိုက်ခိုက်မှုအား တားဆီးလိုက်ပြီးနောက် သူ၏ဒူးများကို တိုက်ရိုက်ပင်မြှောက်လိုက်ပြီး ချန်ကျွင်းကြယ်တံခွန်မက်ခါ၏ ဝမ်းဗိုက်ပိုင်းကို ဖိချလိုက်ကာ ပြန်လည်တိုက်ခိုက်ရန်အတွက် သူ၏အလင်းဓားအား အလျင်အမြန်မြှောက်လိုက်လေသည်။
ပြန်လည်ထိုးနှက်လာမှုအား လက်ခံလိုက်ရသည့်အချိန်တွင် တိုက်ခိုက်မှုအား ချန်ကျွင်းပြတ်ပြတ်သားသား လက်လျော့လိုက်ကာ ပြန်ဆုတ်လိုက်သည်။
ကံကောင်းစွာပင် သူသည် အချိန်မီသွားခဲ့သည်။ မဟုတ်ပါက ထိုဓားနှစ်ချောင်းမှာ နောက်တစ်စက္ကန့်အတွင်းတွင် သူ့အားခုတ်ပိုင်းလာမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချန်ကျွင်း ယခုအချိန်ထိ အသက်ဝဝမရှူရဲသေးပေ။ လော့ဝမ်ချွမ်း၏အလင်းဓားတွင် မျက်လုံးပါနေသကဲ့သို့ ရှုထောင့်များအား ချက်ချင်းဆိုသလို ပြောင်းလဲနေသဖြင့် သူ၏ပခုံးပေါ်တွင် အခြစ်ရာနက်နက်တစ်ခုချန်ရစ်နိုင်သွားကာ သူ့အားပြန်ဆုတ်ရန်ပင် အခွင့်အရေးမပေးခဲ့ချေ။
ပရိသတ်များမူ လော့ဝမ်ချွမ်း၏ဓားစွမ်းကြောင့် လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။
ယွမ်ရှင်းကျဲသည် မက်ခါကြယ်ပွင့်ထဲတွင် လော့ဝမ်ချွမ်းနှင့် နှစ်ကြိမ်တိုင်တိုင် ယှဉ်တိုက်ခဲ့ဖူးသဖြင့် လော့ဝမ်ချွမ်းအပေါ် သူ၏နားလည်ထားပုံအရဆိုလျှင် ချန်ကျွင်း၏နိုင်နိုင်ခြေ အလွန်မများနိုင်သည်အား သူသိနေခဲ့သည်။ သို့သော်လည်း လော့ဝမ်ချွမ်း၏ပြကွက်များထဲတွင် သူအံ့ဩနေဆဲပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အချိန်ကောင်းများသည် တာရှည်မခံကြချေ။
ချန်ကျွင်းထိုးနှက်ချက် တစ်ခုရလိုက်သော်လည်း သူ့အား လုံးလုံးမသက်ရောက်နိုင်ခဲ့သဖြင့် သူ၏တိုက်ခိုက်မှုများမှာ ပို၍ပင် အားကောင်းလာခဲ့သည်။
နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်ကြပြီးနောက် ကစားပွဲ၏စည်းချက်မှာ ချန်ကျွင်းအပေါ်သို့ သက်ရောက်နေသည့်ပုံပေါ်နေခဲ့သည်။ လော့ဝမ်ချွမ်းမှာမူ တစ်ဖက်လူ၏တိုက်ကွက်များအား အကြိမ်ပေါင်းများစွာ ရှောင်တိမ်းနေရပြီး လူတိုင်းအား စိတ်လှုပ်ရှားစေခဲ့သည်။
အခြေအနေတိုးတက်လာသည်အား မြင်ရပြီးနောက် ဂျက်ကော့တက္ကသိုလ်မှ အဖွဲ့ဝင်များသည် ချန်ကျွင်းအား အသံကျယ်ကျယ်ဖြင့် အားပေးလာကြလေသည်။
" သာ့ချွမ်းရာ လုပ်စမ်းပါ…."
ခယ့်လိုင်နှင့်အခြားသူများသည်လည်း တိုက်ပွဲကွင်းပြင်အား မထိခိုက်စေရန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကျယ်လောင်စွာ အော်လိုက်ကြသည်။
ချီယုမှလွဲ၍ ကျောင်းရှိအဖွဲ့ဝင်အားလုံး လော့ဝမ်ချွမ်းအား အားပေးနေ၏။
ထိုအရာအားမြင်လိုက်ပြီးနောက် ယွမ်ရှင်းကျဲ သူ၏လက်အား သေးငယ်သည့် အသံချဲ့စက်ကဲ့သို့ ပုံစံမျိုးဖြစ်အောင် လုပ်လိုက်ကာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အလယ်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" စီနီယာသာ့ချွမ်း…လုပ်စမ်းပါ တိုက်ချပစ်လိုက်…"
အကာအကွယ်နံရံအတွင်းမှ သူ့အသံအား လော့ဝမ်ချွမ်းကြားနိုင်မည်မဟုတ်ကြောင်းကို ယွမ်ရှင်းကျဲသိနေခဲ့၏။
သို့သော်လည်း သူ၏မျက်လုံးများမှာမူ အလင်းဓားမက်ခါပေါ်တွင်သာ မျှော်လင့်ချက်အပြည့်နှင့် ရှိနေဆဲပင်ဖြစ်သည်။
နောက်တစ်စက္ကန့်တွင်…
ယွမ်ရှင်းကျဲ၏ မျှော်လင့်ချက်များပြည့်နှက်နေသော အကြည့်အောက်မှာပင် လော့ဝမ်ချွမ်း၏ အလင်းဓားမက်ခါမှာ ရုတ်တရက်ဆိုသလို ထခုန်လိုက်ကာ ချန်ကျွင်း၏ဦးတည်ရာဘက်သို့ ညွှန်ပြ၍ အောက်သို့ ခုန်ဆင်းလိုက်ပြီး ခုတ်ပိုင်းမည့် အမူအယာပြုလုပ်လိုက်သည်။
ထိုအရာအား ချန်ကျွင်းမြင်လိုက်ချိန်တွင် ရှောင်တိမ်းရန်အတွက် ခုန်ကျော်လိုက်ရသည်။
ချက်ချင်းဆိုသလို လော့ဝမ်ချွမ်း၏ဦးတည်ချက်မှာ ပြောင်းလဲသွားခဲ့သည်။
နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင် အလင်းဓားမက်ခါမှ လက်သီးတစ်ချက်ပစ်သွင်းလာပြီး ကြယ်တံခွန်မက်ခါ၏မေးသို့ ခွန်အားအပြည့်ဖြင့် ထိုးချလိုက်ရာ ချန်ကျွင်း၏မျက်လုံးများသည် နာကျင်မှုဖြင့် ပြူးကျယ်သွားရလေသည်။
ချန်ကျွင်း၏ လေတောင်ပံမှာ မပိတ်ရသေးသဖြင့် လော့ဝမ်ချွမ်းထိုးချက်ဖြင့် ပေါင်းစပ်လိုက်သောအခါ ကြယ်တံခွန်မက်ခါမှာ တိုက်ရိုက်ထိမိသွားပြီး မီတာအနည်းငယ်မျှ ပျံတက်သွားခဲ့သည်။
၎င်းမှာ ရုပ်ပြထဲမှ မြင်ကွင်းချဲ့ထားသော ပုံကဲ့သို့ပင် ဖြစ်၏။
ပရိသတ်များတွင် မယုံနိုင်သည့် အမူအယာများဖြစ်ပေါ်နေကြပြီး ကြက်ဥပင်ထည့်နိုင်လောက်သည်အထိ သူတို့၏ပါးစပ်များကို ဖွင့်ဟမိထားကြသည်။
xxxxxxxx