Ch 2
Viewers 3k

2 01

အပိုင်း ( ၂ ) ကျွန်မတို့ သခင်မလေး 


သူတို့တွင် ဓားများ အမှန်တကယ်ကို ရှိသည်။ 


တစ်စုံတစ်ယောက်က သူ့ကို ဓားတစ်ချောင်း ကမ်းပေးလာသည်။ 


သုံးနှစ်ကလေးတစ်ယောက် ဆော့နေသော လက်ရာကြမ်းပြီး ဓားဖြစ်ရုံ ဒီဇိုင်းဖြင့် တိုတိနေသောသစ်သားဓားတစ်ချောင်း ဖြစ်ကာ ကလေးဆော့လွန်း၍ ကွေးပင် ကွေးနေပြီ ဖြစ်သည်။ 


ထိုကလေးက ဓားယူသွားသည်နှင့် အော်ငိုတော့သည်။ 


“ ငါ့ဓား ငါ့ဓား ဓားပြန်ပေး ” 


ကလေးငိုသံကြောင့် လင်ရှု နားကားသွားသည်။ နားထဲတွင် အချက်ပေးသံများ မြည်လာပြီး ဗုံးပေါက်သွားသလို ခံစားရသည်။ အဆုံးတွင် သူသည် ဓားကို မယူလိုက်ဘဲ ခြံဝန်းထဲမှ ဇီးပင်ခြောက်ကြီးမှ ဇီးကိုင်းခြောက် တစ်ကိုင်းကိုသာ ချိုးယူလိုက်သည်။ သူသည် ထိုသစ်ကိုင်းခြောက်ကို ဆုပ်ကိုင်လိုက်ပြီး သက်ပြင်း ဖျော့ဖျော့ချလိုက်ကာမှ အနည်းငယ် နေလို့ကောင်းသွားသလို ခံစားရသည်။ 


သူ၏ ဂိုဏ်းတွင် ဓားကို စွန့်လွှတ်၍ အသက်ရှင်ရမည့်အစား သေတာက ပိုကောင်းသည်ဟု သင်ကြားပေးခံရသည်။ ဆယ်နှစ်တာ ဂိုဏ်းသားတစ်ယောက်အဖြစ် သင်ကြားမှုများကြောင့် ထိုစကားများက သူ၏ အရိုးထဲထိ စွဲနေပြီ ဖြစ်သည်။ ယခု သူ၏ ကျင့်ကြံခြင်းတို့ ပျက်စီးသွားပြီ ဖြစ်သောကြောင့် ဓားမှာ သူ့အတွက် လက်တွေ့တွင် အသုံးမဝင်တော့သော်လည်း လူအုပ်ကြီး ဝန်းရံခံထားရသောကြောင့် ခံစားနေရသော စိတ်ဒုက္ခတို့ကိုတော့ တစ်နည်းတစ်ဖုံ သက်သာစေသည်။ 


လင်ရှုသည် လူအုပ်ကြီးကို ဖြတ်ကျော်၍ ရွာပြင်နားထိ လျှောက်သွားလိုက်သည်။ ရွာပြင်ဘက်ထိ နီးလာလေလေ မီးခိုးရောင်မြူတို့ ထူထပ်လာလေလေ ဖြစ်လာသည်။ 


အကာအရံအပြင်ဘက်ဆီသို့ ကြည့်လိုက်ချိန်တွင် ရုတ်တရက် ပုတ်သိုးဆွေးမြေ့နေကာ အပုတ်ရည်များ ကျနေသော အလောင်းကောင်တစ်ကောင်နှင့် အကြည့်ချင်း ဆုံသွားသည်။ 


ထိုအရာသည် တကယ့်ကို အသက်ရှင်နေခြင်း ဖြစ်သည်။ မသဲကွဲသော အော်သံတစ်ခုပြု၍ မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွဖြင့် ရှေ့သို့ တိုးလာသည်။ အကာအရံရှိခြင်းကြောင့်သာ အထဲကို ရောက်မလာနိုင်ခြင်း ဖြစ်သည်။ လင်ရှု နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ပြီး အလောင်းကောင် အကာအရံကို ရူးသွပ်စွာ ကိုယ်နှင့် ဝင်တိုက်နေသည်ကို ကြည့်နေလိုက်သည်။ ၎င်း၏ လက်သည်းချက် တစ်ချက်တစ်လေက အကာအရံကို ဖြတ်ဝင်တော့မတတ် ဖြစ်လာသည်။ 


‘ အကာအရံက ပျက်ခါနီးပြီ စိတ်မချရတော့ဘူး ’ 


ပုတ်နေပြီး ခန္ဓာကိုယ်တစ်ဝက်က ဆွေးမြေ့နေကာ ခြေလက်လေးဖက်လုံး မြေပြင်ပေါ်တွင် လှဲလျောင်းနေရေသော်လည်း ၎င်း၏ လှုပ်ရှားမှုတို့က လျင်မြန်ပြီး သွက်လက်နေဆဲ ဖြစ်လေသည်။ ဤသို့သော သတ္တဝါများကို ထူးဆန်းထွေလာဒဏ္ဍာရီများ စာအုပ်တွဲ၏ အတွဲကိုးတွင် ဖော်ပြထားပြီး တွားသွားနေသော အလောင်းကောင်များဟု ခေါ်လေသည်။ ၎င်းတို့သည် အဆင့်နိမ့် မကောင်းဆိုးဝါးအနွယ်ဝင် သတ္တဝါဆန်းများ ဖြစ်ပြီး လေ၊ အလင်းနှင့် မီး တို့ကို ကြောက်ကြသည်။ ရွာသားများသည် ဤအလောင်းကောင်များ၏ သဘောသဘာဝကို သိထားပြီးသားဖြစ်ကာ တစ်ခါတည်း မီးတုတ်များ ယူလာကြသည်။ 


သို့သော် စကားပြောသံများနှင့် ခြေသံများက အကာအရံနှင့် နီးလာလေ တဖြည်းဖြည်းနှင့် အမှောင်ရိပ်ကျနေသော တောအုပ်ထဲသို့ စိမ့်ဝင်သွားပြီး မကြာခင်မှာပင် အကာအရံအပြင်ဘက်တွင် အလောင်းကောင်များ ဒါဇင်ကျော်အောင် စုဝေးလာတော့သည်။ ရွာသားများ၏ အပြောအရ ထောင်ပေါင်းများစွာသော မကောင်းဆိုးဝါးသတ္တဝါများသည် အကာအရံအပြင်ဘက်တွင် လာလိုက်သွားလိုက် လုပ်နေကြပြီး အကာအရံကို ထုရိုက်ဖျက်ဆီးကြသည်ဟု သိရသည်။ 


အကာအရံနှင့်ဝေးရာသို့ ပြေးထွက်သွားသော အလောင်းကောင်ကို လင်ရှု ကြည့်နေသည်။ အကာအရံသည် အလွန်ကို အားနည်းနေပြီကို သူ သေချာသိလိုက်သည်။ ၎င်းက လဝက်လောက်ပင် ခံနိုင်တော့မည် မဟုတ်ချေ။ လဝက်အတွင်း သူသာ နည်းလမ်းတစ်ခုခု မရှာနိုင်လျှင် သူသည်လည်း ဤရွာသားများနှင့်အတူ ရွာထဲတွင် ပိတ်မိနေတော့မည် ဖြစ်သည်။ 


သို့သော် သူ၏ ကျင့်ကြံခြင်းတို့ကို ဤမျှသော အချိန်တိုအတွင်း ပြန်ရနိုင်မည် မဟုတ်ပေ။ သေချာအောင်ပြောရလျှင် ဤဘဝတွင် သူပြန်၍ ကျင့်ကြံနိုင်ပါမည်လားဟူသည်ကပင် သက်ညာလွန်းသည့် မေးခွန်း ဖြစ်နေသည်။ ဤအရူးလေး၏ ခန္ဓာကိုယ်သည် နှစ်ပေါင်းများစွာ အာဟာရချို့တဲ့မှုကြောင့် အလွန်ကို အားနည်းလွန်းလှသည်။ ခြေလှမ်းလေး နှစ်လှမ်းလောက်ကပင် သားရဲကောင်ကြီးနှင့် ပက်ပင်းကြုံရသလို ပြင်းပြင်းထန်ထန် ခုန်လာစေသည်။ သူ၏ ကျင့်ကြံခြင်းတို့ကို ပြန်လည်စတင်ပြီး အဓိက မရီဒျန်ရှစ်ခုထဲမှ အတားအဆီးနှင့် အညစ်အကြေးများကို ချီစွမ်းအင်များဖြင့် ဖယ်ထုတ်နိုင်မှသာ လူကောင်းပြန်ဖြစ်နိုင်ပေလိမ့်မည်။ 


ရွာသားများသည် ချီတုံချတုံဖြင့် တစ်ယောက်တည်း ပွစိပွစိပြောနေသော သူ့ကို ကြည့်၍ သူတို့၏ နှလုံးခုန်သံတို့က ဗုံတီးနေသလို တဒုန်းဒုန်းခုန်လာသည်။ မည်သူကမျှ လင်ရှုအနားသို့ တိုးကပ်မသွားရဲကြပေ။ 


မိနစ်ဝက်ကြာပြီးနောက်ဆုံးတွင် လင်ရှု စကားပြောလာသည်။ 

2 02

“ ချင် ရှိလား ” (ချင် ဆိုတာ ကြိုးတပ်တူရိယာ တစ်မျိုးကို ပြောတာပါ) 


လွန်ခဲ့သော တစ်မိနစ်ခန့်က သူသည် ဓားတစ်ချောင်းလိုချင်သည်ဟု ဆိုခဲ့ပြီး ယခုတွင်တော့ ချင် လိုချင်နေပြန်သည်။ ဤသို့ မြို့နှင့် နှစ်ပေါင်းများစွာ အဆက်ပြတ်နေသော အထီးကျန်ရွာလေးတွင် မည်သူကများ ထိုသို့သော ပစ္စည်းမျိုး သိမ်းထားနေပါမည်နည်း။


ရွာသားများ အချင်းချင်း တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်ကို လင်ရှု မြင်လိုက်သည်။ သူသည် ခဏလောက် တွေးလိုက်ပြီး တောင့်တင်းနေသော အသံဖြင့် ပြောလာသည်။ 


“ အသံ ထွက်အောင် လုပ်နိုင်တဲ့....... တစ်ခုခု ဆိုရတယ်” 


‘ဒါတော့ သူတို့ဆီ ရှိလောက်ပါတယ် ’ 


လူငယ်လေးအချို့က ရွာအရှေ့ပိုင်းဘက်သို့ ပြေးသွားသည်။ အချိန်ခဏလေးအတွင်းမှာပင် အမျိုးသားအိုကြီး တစ်ယောက်ကို လက်မောင်းမှ တွဲခေါ်လာသည်။ ထိုလူအိုကြီးနှင့်အတူ အာ့ဟူ ကိုလည်း အတူယူလာခဲ့သေးသည်။ 


လူအိုကြီးသည် မျက်စိရောဂါ ဖြစ်ပြီးနောက် မျက်လုံးများ ကွယ်သွားသော ရွာမှ သက်ကြီးရွယ်အို တစ်ဦးဖြစ်သည်။ သူသည် တစ်ချိန်က မင်ကျိုးမြို့တွင် နာမည်ကျော်ကြားခဲ့သော ကျေးလက်တေးဆိုသူနှင့် ပုံပြောသူတစ်ဦး ဖြစ်ခဲ့သော ကျိုးမျိုးနွယ် ဖြစ်ကာ သူ့ကို ရွာသားများက လောင်ကျိုးဟု ခေါ်ကြသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က လောင်ကျိုးသည် မြို့ပေါ်မှ သူ၏ ဇာတိသို့ အလည်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဤသို့သော ကပ်ဘေးမျိုး ဖြစ်လာမည်ဟု မည်သူက ထင်ပါမည်နည်း။ သူသည် ဤရွာငယ်လေးတွင် ပိတ်မိသွားခဲ့ကာ ထိုအချိန်မှစ၍ ရွာမှ ထွက်မသွားနိုင်ခဲ့တော့ပေ။ 


ဇာတ်ကြောင်းအစုံအလင်ကို ရွာသားများထံမှ ကြားပြီးနောက် လောင်ကျိုးသည် သူ၏ တုန်ယင်နေသော လက်နှစ်ဖက်ကို ဆုပ်၍ ဂါရဝပြုဟန် ပြုလိုက်ပြီး 


“ သူရဲကောင်းလေးရယ် ဒီကပ်ဘေးကို ကျော်ဖြတ်ပြီး အဘိုးတို့ကို မင်ကျိုးမြို့ကို ပို့ပေးနိုင်သ၍ ဒီအဘိုးကြီးရဲ့ အရိုးအိုကြီးတွေကို ဘာပဲ လုပ်လုပ် သူရဲကောင်းလေး သဘောရှိပါပဲ ” 


အပြောကကောင်းသော်လည်း ဤလူအိုကြီးက ဘာများ လုပ်ပေးနိုင်ပါမည်နည်း။ 


သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသော အဘိုးအိုကြီးက သူက ဘာလုပ်ခိုင်းရပါမည်နည်း။ 


‘ ဒီရွာသားတွေ ငါပြောတာ နားမလည်ကြဘူးလားကွာ ’ 


လင်ရှု စိတ်ရှုပ်သွားသည်။ 


ဤအဘိုးအို၏ အသက်အရွယ်နှင့် ဘာမှကို လုပ်နိုင်တော့မည် မဟုတ်သည့်အပြင် အဘိုးအို၏ စကားတို့က သူ့ကို လန့်သွားစေသေးသည်။ သူ လုပ်စေချင်သည်မှာ အာ့ဟူတီးစေရန်သာ ဖြစ်သည်။ 


ဓားသိုင်းကျင့်ရန်အတွက် တစ်စုံတစ်ယောက်သည် အရင်ဆုံး ကျင့်ကြံရန် လိုအပ်ပြီး စိတ်နှင့် ဝိဉာဉ်ကို အားဖြည့်ရသည်။ သူ၏ ဂိုဏ်းတွင် စိတ်နှင့် ဝိဉာဉ်ကို သန့်စင်အားဖြည့်ရန်အတွက် ချင်ကို သင်ကြားကို သင်ကြားရသည့် ရိုးရာရှိသည်။ ထို့ကြောင့် မိစ္ဆာနှင်တေးသွား အတော်များများကို သူ သိထားသည်။ “မိစ္ဆာဝိဉာဉ်သုတ်သင်တေးသွား” ကို အဘိုးအိုကို သင်ပေးရန် သူ ရွေးချယ်ထားသည်။ 


သို့သော် သူတို့တွင် အခက်အခဲတို့က တစ်ခုမကပေ။ လင်ရှု၏ စကားပြောစွမ်းရည်က သာမန်လူများ နားလည်နိုင်သည့် အဆင့်ကို ကျော်လွန်နေသည့်အပြင် တေးသွားသည်လည်း ချင်တူရိယာနှင့် တီးခတ်ရမည့် တေးသွားဖြစ်နေကာ အာ့ဟူနှင့် တီးခတ်ရန် အသစ်ပြန်ပြင်မှ ရပေမည်။ ထို့ကြောင့် သူတို့အားလုံးသည် သက်ဆိုင်ရာ အခန်းသို့ ပြန်၍ လင်ရှုသည်သာ အာ့ဟူကို ယူသွားပြီး တေးသွားကို ပြန်ပြင်ရင်း အလုပ်ရှုပ်နေခဲ့သည်။ နောက်ဆုံးတွင် အာ့ဟူနှင့် တီးခတ်နိုင်သော “မိစ္ဆာဝိဉာဉ်သုတ်သင်တေးသွား” ရလာလေပြီ။ 


သူ အားလုံး ပြင်ဆင်ပြီးချိန်တွင် ညရောက်နေပြီ ဖြစ်သည်။ အမျိုးသမီးကြီးတွင် လီကျီမောက် နှင့် လီယာမောက် ဟူသည့် သားနှစ်ယောက်ရှိကာ တစ်လမ်းလုံး သူတို့က ရှေ့မှ မီးတုတ်နှစ်ခုကိုင်၍ လမ်းပြပေးခဲ့သည်။ လင်ရှုနှင့် လောင်ကျိုးတို့ သည် သန်မာသော ရွာသားအချို့ ခြံရံလျက် နောက်တစ်ကြိမ် အကာအရံနားသို့ ရောက်သွားပြန်ပါတော့သည်။ 


မြူထူထူတွင် မြေပြင်ပေါ်တွင် မီးစုန်းဓာတ်များ ပျံ့လွှင့်၍ လင်းနေသောကြောင့် ရွာသားများသည် သူတို့ကို ကြည့်နေကြသည့် ပုတ်နေသော မျက်လုံးများစွာကို တွေ့နေကြရသည်။ 


လောင်ကျိုးသည် အာ့ဟူကို ကိုင်၍ စတင်တီးခတ်သည်။ 


ရွာသားများအားလုံး အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။ 


“ ဒီကောင်တွေ တကယ်ကြီး ထွက်သွားကြပြီကွ ” 


အမှောင်ထဲတွင် ဖြစ်သောကြောင့် အလောင်းကောင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်သွားရာမှ လှုပ်ခတ်သွားသော သစ်ပင်များကိုသာ မြင်ကြရသည်။ တေးသွားကို အကြိမ်ရေ အချို့ တီးခတ်ပြီးနောက် အလောင်းကောင် သုံးပုံနှစ်ပုံလောက် ထွက်သွားပြီဖြစ်သည်။ 

2 03

တေးသွားက တကယ်ကို အကျိုးသက်ရောက်မှု ရှိသည် သို့သော် တီးခတ်သူမှာ သာမန်လူသားတစ်ဦး ဖြစ်နေသည်။ တေးသွားတွင် မည်သည့် မှော်စွမ်းအင်တို့မှ ပါမနေသောကြောင့် မကောင်းဆိုးဝါး သတ္တဝါများပေါ်တွင် သက်ရောက်မှု နည်းလွန်းသည်။ 


တေးသွား၏ အစွမ်းကို မည်သို့ တိုးမြှင့်ရမည်ကို လင်ရှု အကျိတ်အနယ် စဉ်းစားနေသည်။ 


သူစဉ်းစားနေတုန်း လောင်ကျိုး၏ တေးသံက ရပ်သွားသည်။ 


“ အပြင်ဘက်မှာ လှုပ်ရှားနေတဲ့ အသံတွေကြားရတယ် ” 


အမြင်အာရုံ ချို့ယွင်းနေသူများ၏ အကြားအာရုံတို့က တစ်နည်းနည်းဖြင့် အားကောင်းလွန်းသည်။ 


သိပ်မကြာလိုက်သော အချိန်တွင် လောင်ကျိုး၏ စကားတို့က သေချာသွားသည်။ အသံများသည် တဖြည်းဖြည်းနှင့် သူတို့နှင့်ပင် နီးကပ်လာသေးသည်။ အစပိုင်းတွင် မိန်းကလေး တစ်ယောက်၏ အော်သံတစ်ချို့ကို ရှင်းရှင်းလင်းလင်း ကြားရပြီး နောက်ပိုင်းတွင် ခြေသံများနှင့် လူတစ်စုစု၏ အသံတို့ကိုပါ ကြားလာရသည်။ 


မိန်းကလေးတစ်ယောက်၏ အသံကို ဝေဝေဝါးဝါး ကြားနိုင်လာသည်။ 


“ အခုလေးတင် အသံတွေ ကြားလိုက်ရတာကို ဘာလို့ ရပ်ရမှာလဲ ” 


လူအိုကြီးသည် ဆက်တီးရမည် မတီးရမည် တွေဝေနေပြီး တေးသွားကို ဆက်မတီးနိုင်ဖြစ်နေသည်။ လိကျီမောင်နှင့် လီယာမောက်တို့သည် သူတို့ ရွာနားသို့ လူစိမ်းများ ရောက်လာကြသည်ကို သတိထားလိုက်မိပြီး အပျော်လွန်သွားကာ မီးတုတ်များကို ဝေ့ယမ်း၍ အချက်ပြကြသည်။ 


မိန်းကလေးသည် သူမ၏ အဖော်များကို စိတ်အားထက်သန်စွာ ပြောနေသော အသံကို ကြားလိုက်ရသည်။ 


“ ဒီဘက်မှာဟေ့ ” 


ခဏကြာပြီးနောက် လူတစ်စုဖြစ်ပုံရသည့် ခြေသံများက သူတို့နှင့် နီးသည်ထက် နီးလာသည်။ လိကျီမောင်က အော်လိုက်သည်။ 


“ဒီဘက်မှာ ဒီဘက်မှာ “ 


လက်နက်များ၏ တဝှီးဝှီး ဖြတ်တောက်နေသည့် အသံများနှင့် လေထုကို ခွဲလိုက်သလို အလျင်တို့ကို ကြားရပြီးနောက် ကျန်ရှိနေသေးသော အလောင်းကောင်များအားလုံး ပျောက်ကွယ်သွားသည်။ လူတစ်စုသည် ခြုံပုတ်များကို ကျော်လာပြီး အကာအရံအတွင်းဘက်သို့ ဖြတ်ဝင်လာခဲ့သည်။ သို့နှင့် ဤအကာအရံသည် မကောင်းဆိုးဝါးဝိဉာဉ်များကိုသာ ဟန့်တားခြင်း ဖြစ်ပြီး သက်ရှိများ ဝင်ရောက်လာခြင်းကို ဟန့်တားထားခြင်း မရှိကြောင်း လင်ရှုသိလိုက်ရသည်။ 


လင်ရှု ခေါင်းမော့၍ ကြည့်လိုက်ရာ အကာအရံအတွင်းသို့ ဝင်လာသူများအားလုံးသည် သိုင်းဝတ်စုံများ ဝတ်ဆင်ထားသော မိန်းမငယ်လေးများ ဖြစ်ပြီး လှုပ်ရှားမှုများက ပြေပြစ်ကာ ခါးထက်တွင် ဓားရှည်များ ချိတ်ဆွဲထားကြသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သိုင်းသမားများဖြစ်ကြောင်း သိနိုင်လေသည်။ ခန္ဓာကိုယ်တို့က တောင့်တင်းပြီး အရပ်ရှည်ကြကာ တည့်မတ်သည့် ကိုယ်ဟန်နှင့် သူရဲကောင်းဆန်သော အမူအယာ လှုပ်ရှားမှုများက သိုင်းပညာကို အချိန်အတော်ကြာအောင် လေ့ကျင့်ထားကြသူများမှသာ ရနိုင်ခြင်း ဖြစ်သည်။ 


ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်တူသူ တစ်ယောက်က သူမ၏ ဓားကို ဆွဲထုတ်၍ ချိန်ရွယ်ကာ 


“ နင် ဘယ်သူလဲ ” 


လီကျီမောက်က ရိုးသားစွာ ဖြေခဲ့သည်။ 


“ ကျွန်တော်တို့က ရွာသားတွေပါ ” 


လီယာမောက်သည် သူမကို မျက်နှာချိုသွေးရန် ရှေ့သို့ တိုးသွားပြီး စကားပြောရန် ကြိုးစားလိုက်သည်။ 


“ နတ်မိမယ်ကျဲကျဲ ကျွန်တော်တို့ကို ကယ်တင်ဖို့ ရောက်လာတာပါလား” 


သူမသည် လီယာမောက်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ပြီး ဓားဖြင့် လည်ပင်းကို ရွယ်လိုက်ကာ 


“ အရှက်မရှိလိုက်တာ လူယုတ်မာ ပြောစမ်း နင် လူလား သရဲလား ” 


‘ကျဲကျဲ’  လို့ပဲ ခေါ်လိုက်တာလေ ဒါနဲ့ပဲ လူယုတ်မာ ဖြစ်သွားရောလား 


‘ ဒီ မိန်းကလေး ရုပ်ကလေးက လှတပတနဲ့ ဒီလောက်တောင် ကြမ်းတမ်းရလား ’ 


လီယာမောက် ကြောက်လွန်းလို့ တုန်ပင် တုန်နေလေပြီ။ 


“ မဟုတ်ပါဘူး ကျွန်တော်တို့က သရဲမဟုတ်ပါဘူး သရဲမဟုတ်ပါဘူး ခင်ဗျာ” 


“ အရှင်မရယ် ကျွန်တော်တို့က လူသားတွေပါဗျာ ” 


“ ပေါက်ကရတွေ ဒီလိုနေရာမှာ သာမန်လူတွေ ဘယ်လိုလုပ် နေမှာလဲ” 

2 04

သူမသည် လီယာမောက်နောက်မှ လူများစွာနှင့် အကြည့်ချင်းဆုံသွားပြီး ဓားရိုးကိုင်ထားသော သူမ၏ လက်ချောင်းတို့က တင်းကြပ်သွားသည်။ ရွာသားများအားလုံးသည် အလွန်အမင်း သတိထားနေသော အမူအယာများနှင့် ကြည့်နေကြခြင်း ဖြစ်သည်။ 


လီကျီမောက်က ပြောသည်။ 


“ အရှင်မ ကျွန်တော်တို့တွေ ဒီနေရာမှာ ပိတ်မိနေတာ ဆယ်နှစ်ကျော်ပါပြီ၊ အရှင်မတို့သာ မကယ်တင်ရင်တော့ ကျွန်တော်တို့တွေ တကယ်ပဲ သရဲတစ္ဆေတွေ ဖြစ်ကုန်ကြရပါတော့မယ် ” 


သူတို့ရှေ့မှ အမျိုးသမီးငယ်သည် ရုတ်တရက် ရှေ့တိုးလာပြီး သူတို့ကို သေချာကြည့်သည်။ ဘေးဘက်တွင် တုန်တုန်ယင်ယင်ဖြင့် ရပ်နေသော လီယာမောက်ကိုလည်း အသေအချာ ကြည့်လိုက်သေးသည်။ အလွန့်အလွန်ကို ကြောက်ချင်ယောင်ဆောင်တတ်သော မကောင်းဆိုးဝါးများနှင့် တစ်ခါမှ မဆုံဖူးသောကြောင့် ဖြစ်လောက်မည်။ သူမသည် နောက်ဆုံးတွင် သတိအနည်းငယ် လျော့ချလိုက်ပုံရသည်။ 


“ အင်း တကယ်ဘဲ ဒီလို ရှင်နေတဲ့ပုံမျိုးနဲ့ သရဲရှိမှာ မဟုတ်ပါဘူး အဟမ်း ကျွန်မတို့ ရိုင်းပြမိသွားပါတယ်၊ ဒီနေရာမှာ ဆယ်နှစ်ကျော်တောင် နေရတာ မင်းတို့အတွက် ခက်ခဲသွားရပါပြီ ” 


သူမက ဆက်ပြောသည်။ 


“ ကျွန်မတို့ ဒီကို လူတစ်ယောက်လာရှာကြတာပါ၊ လွန်ခဲ့တဲ့ သုံးရက်လောက်က ဒီနေရာကို ဖြတ်သွားတဲ့ သူတစ်ယောက်ယောက်ကိုများ တွေ့မိကြပါသလား” 


“ ဒါ .............. ” 


လီကျီမောက်က ပြောသည်။ 


“ အရှင်မ ကျွန်တော်တို့ အပြင်လူတွေကို မမြင်ဖူးတာ ဆယ်နှစ်ကျော်ပြီဗျ ” 


သူ၏ မျက်နှာထားက အလွန်ကို ရိုးသားပြီး သူ၏ လေသံကလည်း စစ်မှန်ကာ လိမ်နေသည့်ပုံ လုံးဝ မပေါ်ပေ။ သူထိုသို့ ပြောလိုက်ချိန်တွင် ရောက်ကတည်းက ဓားတယမ်းယမ်း လုပ်နေသော မိန်းကလေး၏ နောက်မှ မိန်းကလေးအချို့က သောကရောက်စွာ ပြောလာသည်။ 


“ ဒီမှာ ဘယ်သူမှ မရှိဘူး ဘယ်သူမှ မလာဘူးတဲ့ ဒါဆို ဒါဆို သခင်မလေးက ဘယ်ရောက်သွားတာလဲ”


ထိုမိန်းကလေး၏ မျက်နှာထားသည် အလွန်ကို စိုးရိမ်ပူပန်နေသည့် အပြင် သူမကိုယ်သူမ အတင်းစိတ်ငြိမ်အောင် ထိန်းနေရင်း မေးလိုက်သည်။ 


“ ဒီနေရာမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘာများ ဖြစ်သွားရတာပါလဲ” 


လီယာမောက်က ပြောသည်။ 


“ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘယ်လိုဖြစ်သွားတာလဲဆိုတော့ ငါလည်း မသိဘူး အားလုံးက ဒီလိုပဲ ဖြစ်သွား သွား...........” 


စိတ်တိုစရာကောင်းသော အဖြေဖြစ်သော်လည်း နောက်မှ ရွာသားများကလည်း သူ၏ အဖြေနှင့် တစ်ထပ်တည်း ဖြေကြလေသည်။ သို့သော် အခြားသူများ၏ အဖြေက သူ့ထက်တော့ ပြည့်စုံခဲ့လေသည်။ လင်ရှုကို အစောပိုင်းတုန်းက ရွာသားများ ပြောပြသည့်အတိုင်း မိန်းကလေးများကို ပြန်ပြောပြခဲ့ကြသည်။ ညဘက်တွင် ရုတ်တရက်ကြီး ကပ်ဆိုးကျလာခဲ့ကာ ထို ကောင်းကင်ဘုံမှ ကျဆင်းလာသော ကရုဏာရှင်ကြီးတစ်ယောက်က သူတို့ကို ကယ်ခဲ့လေသည်။ ထိုအချိန်မှစ၍ သူတို့ ရွာလေးသည် ကမ္ဘာကြီးနှင့် အဆက်ပြတ်သွားကာ မည်သူမှလည်း မထွက်သွားနိုင် ဝင်လာသူလည်း မရှိသည့် အထီးကျန်ရွာလေး ဖြစ်သွားခဲ့ရသည်။ 


လီကျီမောက်က သတိကြီးကြီးထား၍ ပြောသည်။ 


“ အရှင်မရဲ့ အစွမ်းက ကြီးမြတ်လှပါတယ် ဒီမိစ္ဆာကောင်တွေကို မကြောက်တဲ့ သတ္တိက လေးစားထိုက်လွန်းလို့ အားကျမိပါတယ်ဗျာ ကျွန်တော်တို့ကို မင်ကျိုးမြို့ကို ခေါ်သွားပေးနိုင်မလားခင်ဗျာ ” 


ဤအချိန်တွင် လင်ရှုကို မည်သူမှ အတန်းရှင်း မပေးကြတော့ပါ။ 


သူတို့ မျက်စိရှေ့မှ မိန်းကလေးများသာ သူတို့၏ ကယ်တင်ရာ ဖြစ်သွားကြလေပြီ။ 


“ မင်ကျိုးမြို့လား” 


သူမက ခေါင်းယမ်းလိုက်ပြီး 


“ ဒီဆယ်နှစ်အတွင်းမှာ ဘယ်သူမှ မင်ကျိုးကို မသွားကြတော့ဘူး၊ မင်ကျိုးမြို့နဲ့ လီသုံးဆယ်အတွင်း သွားတဲ့ ဘယ်သူဖြစ်ဖြစ် ပြန်မလာကြတော့တဲ့အပြင် သဲလွန်စ တစ်ခုမှ မကျန်အောင် ပျောက်ပျောက်သွားကြတာပဲ ” 


လူတိုင်း ငိုင်သွားကြသည်။ 


သူတို့ရွာလေးတစ်ရွာတည်းသာ ဤကပ်ဆိုးကျခဲ့သည်ဟု ထင်ထားခဲ့ကြပြီး မြို့ထဲတွင်တော့ အန္တာရာယ်ကင်းမည် ထင်ခဲ့ကြသည်။ သို့သော် သူမတို့ စကားကို ကြားပြီးနောက်တွင် မင်ကျိုးမြို့၏ အခြေအနေမှာ သူတို့ရွာလေး၏ အပြင်ဘက်မှ အခြေအနေတို့ထက် အဆပေါင်း ထောင်ချီ ပို၍ ဆိုးဝါးနေသည်ကို သိလိုက်ကြရတော့သည်။ 

2 05

မိန်းကလေးများအားလုံး စိတ်ငြိမ်သွားပြီး ရွာသားများနှင့် စကားပြောကြည့်ပြီးနောက်တွင် လူတိုင်းသည် အခြေအနေအရပ်ရပ်ကို သိရှိသဘောပေါက်သွားကြသည်။ 


ဒေါသကြီးသော ခေါင်းဆောင်မိန်းကလေးသည် ဇာမဏီနန်းမြင့် ဟူသော နေရာမှလာသည့် မိန်းကလေးဖြစ်ပြီး နာမည်က လင်းပေါင်ချင်း ဟု ခေါ်လေသည်။ သူမတို့သည် ဇာမဏီနန်းမြင့်မှ သူမတို့၏ သခင်မလေး ဟူသော မိန်းကလေးနှင့် အတူ မင်ကျိုးမြို့အနီးတစ်ဝိုက်သို့ ခရီးထွက်လာကြခြင်း ဖြစ်သည်။ မင်ကျိုးမြို့ တစ်မြို့လုံးသည် ယခုတွင် တစ္ဆေမြို့တော် ဖြစ်နေပြီး အသက်ရှင်သူ တစ်ဦးမှ မရှိတော့ကြောင်း ကြားလိုက်ရပြီးနောက် အားလုံး၏ စိတ်ထဲတွင် ဝမ်းနည်းသွားရသည်။ 


မင်ကျိုးမြို့အကြောင်း ပြောနေရင်း အခြားအကြောင်းအရာဘက်သို့ ရောက်သွားသည်။ 


ဤအကြောင်းအရာကို လင်းပေါင်ချင်းက အစပြုလိုက်ခြင်း ဖြစ်သည်။ အကြောင်းကား သူမ သခင်မလေး၏ လှပမှု အဖြာဖြာနှင့် အရည်အချင်းတို့ကို ကြွားလုံးထုတ်ခြင်း တည်း။ ဤကောင်းကင်အောက် မြေပြင်တစ်ခွင်တွင် သူမ သခင်မလေးလောက် လှပသူ မရှိ၊ သူမ သခင်မလေး၏ ချွင်းချက်မရှိ ကျော့ရှင်း လှပသော မူးမိုက်ဖွယ် အလှတရားက ကောင်းကင်ကိုပင် လွန်ဆန်နိုင်ကြောင်း ကို အကြီးအကျယ် ကြွားပြီးရင်း ကြွားနေသည်မှာ လင်ရှု နားများပင် အူလာသည်။ 


ကျန်းဟူတွင် အလှတရားတိုင်းကို လေးစားတန်ဖိုးထားကြသည်မှာ ထုံးစံသာဖြစ်ပြီး သူမတို့ သခင်မလေးသည်လည်း ချွင်းချက် မဟုတ်ပုံပင်။ သို့သော် သူမတို့ သခင်မလေးတွင် ငယ်စဉ်ကတည်းက စေ့စပ်ထားသူ ရှိလေသည်။ အောင်သွယ်တော်သုံးယောက်နှင့် ခြောက်မျိုးသော ခန်းဝင်ပစ္စည်းများကို ရိုးရာအတိုင်း ပေးအပ် ကတိပြုထားခဲ့သည့်အပြင်  သူမ၏ မိဘများနှင့် ဆရာသခင်ကိုယ်တိုင်က ငယ်စဉ်ကလေးဘဝကတည်းက စေ့စပ်ကြောင်းလမ်းစာလွှာကို ကိုယ်တိုင်ကိုယ်ကျ ရေးသားထားသေးသည်။ ဤအကြောင်းများကြောင့် အလှလေးကို တခြားသော အလှလေးများ မယှဉ်နိုင်သည့် အချက်တို့ ပေါ်လာရသည်။ သူမသည် ကြည့်ရုံသာကြည့်နိုင်ပြီး ဘယ်သောအခါမှ ထိတွေ့ခွင့်မရမည့် ထူးခြားသည့် အလှတရား ဖြစ်လာသည်။ ချစ်ကြိုက်နှစ်သက်၍ ရနိုင်သော်လည်း မပိုင်ဆိုင်နိုင်သော အလှတရား တစ်နည်းအားဖြင့် ဇာမဏီနန်းမြင့် သခင်မလေး။


ထို့အပြင် ထို စေ့စပ်ထားသူမှာ မင်ကျိုးမြို့မှ ဖြစ်နေသည်။ ဤဆယ်နှစ်အတွင်း မင်ကျိုးမြို့ကြီး ပျက်သုန်းသွားသောကြောင့် ထိုစေ့စပ်ထားသူနှင့် ဆရာသခင်တို့ကို ရှာမတွေ့တော့ပေ။ 


မင်ကျိုးမြို့သို့ သခင်မလေး၏ ခရီးထွက်လာရသည့် အကြောင်းအရင်းကား သတို့သားကို လာရှာခြင်း ဖြစ်လေသည်။ နောက်ဆုံးတွင် သူမသည် မုဆိုးမလေး ဖြစ်သွားမည်လား၊ သတို့သားကို ရှာတွေ့သွားမည်လားကတော့ မသိနိုင်သေးပါချေ။


သူမတို့ တစ်အုပ်စုလုံး တစ္ဆေမြို့တော်၏ အကာအရံအတွင်း ဝင်လိုက်သည်နှင့် မရေမတွက်နိုင်သော အလောင်းကောင်များ၊ မကောင်းဆိုးဝါး ဝိဉာဉ်များနှင့် တွားသွားနေရသော မိစ္ဆာများနှင့် ရင်ဆိုင်ရတော့သည်။ သူမတို့၏ သန်မာသော တိုက်ခိုက်ရေး စွမ်းရ့ည်များကြောင့်သာ မဟုတ်လျှင် မည်သည့် ဒဏ်ရာမှ မရခဲ့ဘဲ မြို့အတွင်းဘက်နားဆီသို့ ပို၍ နီးနီးသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ 


“ မြို့ထဲမှာ ဘာဖြစ်ထားမှန်း မသိလို့ အခြေအနေတွေ ရှုပ်ထွေးနေနိုင်တယ်လို့ သခင်မလေးက အစတုန်းထဲက ပြောပါတယ်။ နောက်ကျတော့ တော်တော်ကြီး ကျင့်ကြံဆင့်မြင့်တဲ့ အလောင်းကောင်ဘုရင် ရောက်လာပြီး ကျွန်မတို့ကို တိုက်ခိုက်တော့တာပဲ၊ ကျွန်မတို့ထဲက တချို့က ဒဏ်ရာရကုန်တာနဲ့ သခင်မလေးက ကျွန်မတို့ကို ချန်ထားပြီး အလောင်းကောင်ဘုရင်ကို မျှားခေါ်သွားတော့တာ၊ မမျှော်လင့်ဘဲနဲ့ သခင်မလေးက တစ်နေ့လုံး တစ်ညလုံး ပြန်ရောက်မလာတာနဲ့ ကျွန်မတို့တွေလည်း ရွေးစရာမရှိဘဲ လျှောက်သွားနေကြရတာ ” 


ထူထပ်လှသော မြူငွေ့များထဲတွင် ကိုယ့်လက်ချောင်းကိုပင် ပြန်မမြင်နိုင်လေရာ သူမတို့တွင် မီးတုတ်များလည်း ပါမလာခဲ့သောကြောင့် မည်သို့ပင် ကြိုးစားပါစေ သူမတို့အားလုံး လမ်းပျောက်သွားခဲ့ရသည်။ ထိုအချိန်တွင် သူမတို့သည် အာ့ဟူ တေးသံကိုကြားပြီး တေးသံနောက်သို့ လိုက်လာပြီး ဤနေရာသို့ ရောက်လာခြင်း ဖြစ်လေသည်။ 


ရုတ်တရက် မိန်းကလေးတစ်ယောက်က ထငိုတော့သည်။ 


“ ကြောက်စရာကြီး ဝါး ဝါးးးးး ” 


သူမသည် ကလေးများကဲ့သို့ ခြေကိုဆောင့်လိုက်ပြီး


“ မင်ကျိုးမြို့မှာ တကယ်ကြီး တစ်ယောက်မှ ရှင်ကျန်တဲ့သူ မရှိမှာ ကြောက်တယ်၊ ငါတို့ရဲ့ သနားစရာ သခင်မလေး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ရတော့မယ် အီး ဝါးးးး” 


တခြား မိန်းကလေးတစ်ယောက်ကလည်း ပူဆွေးစွာ ပြောလာသည်။ 


“ သခင်မလေး မုဆိုးမ ဖြစ်တာတွေ မဖြစ်တာတွေ မပြောစမ်းပါနဲ့။ ငါကတော့ သခင်မလေး အန္တာရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ ငါတို့ဆီ ရောက်လာဖို့ပဲ မျှော်လင့်တယ် ” 


“  လူတိုင်း တိတ်ကြစမ်း ” 


လင်းပေါင်ချင်းက ပြောသည်။ 

2 06

“ သခင်မလေးရဲ့ သိုင်းပညာက ထိပ်တန်းမှာပဲလေ။ သေချာပေါက် ဒဏ်ရာရမှာ မဟုတ်ဘူး။ အခု ငါတို့တွေ လုပ်ရမှာက သခင်မလေးနဲ့ ဘယ်လို တွေ့ရအောင် လုပ်မှာလဲဆိုတာပဲ ” 


ဤ တောကြီးမျက်မည်း အန္တာရယ်များလှသည့် တောင်စဉ်ထဲတွင် တစ်ညလုံး ပတ်သွားနေခဲ့ရပါသော ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် မိန်းမငယ်လေးများသည် သူမတို့ သခင်မလေး မုဆိုးမ ဖြစ်သွားမလား ဆိုသည်နှင့် ဒဏ်ရာရနေမလား ဆိုသည်ကို စိုးရိမ်ပူပန်နေကြသည်။ ယခုတွင် သူမတို့၏ သခင်မလေးနှင့် ပြန်မတွေ့ရခြင်းက သူမတို့ကို ပို၍ ထိတ်လန့်လာစေကာ ပြာယာခတ်လာကြသည်။ 


အနှစ်ခြုပ်ရလျှင်တော့ သူမတို့သည် တစ်ယောက်တစ်ပေါက် စတင်၍ ငိုကြွေး မြည်တမ်းနေကာ ခါးသီးသော အမူအယာများနှင့် ရင်ဘက်စည်တီးနေကြတော့သည်။ တကယ့်ကို ကမ္ဘာပျက်နေသလိုပါပင်။ 


******