Ch 3
Viewers 3k

3 01

အပိုင်း ( ၃.၁ ) ညအမှောင်ယံအတွင်းမှ ဓားရှည်တစ်ချောင်းနှင့် အလှလေး 


လင်းပေါင်ချင်းသည် သူမ၏ အဖော်များကို နှစ်သိမ့်ရန် နောက်သို့ လှည့်လိုက်သည်။ လီကျီမောက်နှင့် လီယာမောက်တို့သည် သူမတို့ကို နှစ်သိမ့်ပေးလိုက်ချင်သော်လည်း မလုပ်နိုင်ခဲ့ပေ။ 


ဆန့်ကျင်ဘက်အနေဖြင့် သူတို့ ထပ်ပြီး အဆူခံလိုက်ရသည်။ မိန်းကလေးများသည် ငိုသံပါကြီးနှင့် သူတို့ကို ပြောလာသည်။ 


“ ငါတို့ သခင်မလေးအကြောင်း မသိဘဲ ဝင်မပြောနဲ့ ” 


သူတို့နှစ်ယောက်သည် မိန်းကလေးများဘေးမှ သစ်ပင်ကို မှီရင်း သူတို့၏ ရွာလေး ဆယ်နှစ်တိုင်အောင် ပိတ်မိနေသည့် အဖြစ်ကို တွေးနေမိကြသည်။ သူတို့သည် အချိန်မရွေး ကြေမွ ပျက်စီးသွားတော့မည့် ပုံစံမျိုး ဖြစ်နေပြီး တွေးရင်းတွေးရင်း ဝမ်းနည်းလာကာ မျက်ရည်များပင် ကျလာသည်။ 


လောင်ကျိုးသည်လည်း သူတို့ကိုကြည့်၍ သက်ရောက်ခံလိုက်ရသလို ခံစားရပြီး သက်ပြင်းမောကြီး ချလိုက်မိသည်။ သူသည်လည်း ပြင်းပြင်းပြပြ ဝမ်းနည်းကြေကွဲရသည်။ 


ဤအခိုက်အတန့်တွင် လင်ရှုသည် သူ့ကိုယ်သူ ဧယင်ကျူးအဖွဲ့ အလယ်တည့်တည့်တွင် ဝင်ထိုင်နေရသလို ခံစားသွားရသည်။ သူသည် ထိုအတိုင်းသာ ရပ်နေပြီး သူတို့ကို ခဏလောက် အဖော်ပြုပေးလိုက်သည်။ သူရပ်နေခြင်းသည် အလကားရပ်နေခြင်းတော့ မဟုတ်၊ စကားပြောရန် စကားလုံးစီနေခြင်းဖြစ်သည်။ 


နောက်ဆုံးတွင် စကားလုံး စီပြီးနောက် လင်းပေါင်ချင်း ကို မေးလိုက်သည်။ 


“ မင်းတို့ ဘယ်လို ဝင်လာတာလဲ ” 


လင်းပေါင်ချင်းသည် သူမ မျက်နှာကို သုတ်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ 


သူ၏ လက်ရှိပုံစံက တော်တော်ကို စုတ်ပြတ်နေသောကြောင့် ဖြစ်လောက်မည်။ လီကျီမောက်နှင့် လီယာမောက်တို့ကို ဆက်ဆံသော သူမ၏ ဆက်ဆံပုံတို့က အတော်လေး ယဉ်ကျေးသည်ဟု ဆိုရဦးမည်။ သူ့ကိုတော့ ကြည့်သည့် အကြည့်များက ဓားသွားများအလားပင်။ 


သူမသည် နှာခေါင်းရှုံ့လိုက်ပြီး ခပ်တင်းတင်း ပြောလေသည်။ 


“ လမ်းလျှောက်ပြီး ရောက်လာတာလေ မမြင်ဘူးလား ” 


‘ မဟုတ်ဘူးလေ ငါမေးတာ အဲလိုမေးတာမှ မဟုတ်တာ ’ 


ထိုအခါမှ လင်ရှုသည် သူ ရွေးချယ်ပြောလိုက်သည့် စကားလုံးများ၏ ပြဿနာသေးသေးကို ကြီးသွားစေနိုင်မှု အဖြာဖြာကို သတိထားမိသွားတော့သည်။ 


သူသည် စကားပြန်မပြောဘဲ ခဏလောက် စဉ်းစားပြီး စကားလုံးများကို သေချာရွေးချယ် စီစစ်၍ ပြောလိုက်သည်။ 


“ မင်း .... မင်းတို့ ဘယ်လိုလုပ် ဦးတည်ရာလမ်းကြောင်းတွေကို သိနေတာလဲ ” 


ဤမိန်းကလေးများ၏ စကားများက ရှေ့နောက်မညီပေ။ သူမတို့သည် မြူများကြောင့် ဦးတည်ရာဘက်များကို သေချာမသိနိုင်တော့ဟု ဆိုသော်လည်း သူမတို့ လူမကွဲသွားခင်က တဖြည်းဖြည်းချင်း မင်ကျိုးမြို့ဂိတ်ဝဆီသို့ သွားခဲ့သည်ဟုလည်း ပြောနေကြသေးသည်။ 


သူ၏ ဆိုလိုရင်းကို နောက်ဆုံးတွင် လင်းပေါင်ချင်း သဘောပေါက်သွားပြီး ပြန်ဖြေလိုက်သည်။ 


“ ကျွန်မတို့က လောကအနှံ့ခြေဆန့်ဖူးတဲ့ အသိဉာဏ်နက်နဲတဲ့ သခင်မလေးနဲ့ မယှဉ်နိုင်တာ အသေအချာပဲလေ၊ သခင်မလေးဆိုရင် နက္ခတ်တွေ ကြယ်တွေကြည့်ပြီး လမ်းရှာနိုင်တယ်လေ ဒါကြောင့် သခင်မလေးနဲ့တုန်းက အေးအေးဆေးဆေး သွားချင်တဲ့နေရာသွားလို့ရတယ် ” 


မျက်နှာသေနှင့် လင်ရှု “..............” 


လင်းပေါင်ချင်းက အော်ပြောလေသည်။ 

3 02

“ ဒီ နင် သူတောင်းစားလေးကများ နင်ကများ ငါတို့သခင်မလေးကို အထင်သေးသလို ပြောချင်နေတာလို့ လာမပြောနဲ့နော် ” 


ပထမဆုံး လီကျီမောက် က “နတ်မိမယ်ကျဲကျဲ” ဟု ခေါ်ရုံလေးကြောင့် “အရှက်မရှိတဲ့ လူယုတ်မာ” ဟု စွပ်စွဲခံရပြီး ယခု သူ့ကိုကျတော့ မည်သည့် အကြောင်းအရင်းမှ မရှိပါဘဲ လာပြီး စွပ်စွဲပြန်ပါလေပြီ။ 


လင်ရှုသည် စကားပြောချင်စိတ် လုံးဝကို မရှိနေပေ။ သို့သော် ဤ သခင်မလေး လင်းပေါင်ချင်းသည် မယုံကြည်နိုင်လောက်အောင် ရန်လိုပြီး အနှောက်အယှက် ဖြစ်လောက်အောင် ခြိမ်းခြောက်စကားများ  ပြောနေသောကြောင့် သူ၏ တစ်ကိုယ်လုံး မသက်မသာဖြစ်လာသည်။ 


ထို့ကြောင့် သူ၏ ပါးစပ်ကိုဖွင့်ပြီး စကားပြောဖို့သာ တတ်နိုင်တော့သည်။ 


“ မင်း မသွားသင့်ဘူး ” 


လင်ရှုသည် လူတစ်ယောက်သည် ကိုယ်ပိုင်ကန့်သတ်ချက်များရှိသင့်ပြီး သတိထားသင့်သည်များကို သတိထားပြီး နေထိုင်သင့်သည်ဟု ထင်သူဖြစ်ကာ ဤမိန်းကလေးများသည် အစကတည်းက သူမတို့ စောင့်မျှော်နေသော သခင်မလေးဆိုသူကို ထိုနေရာတွင်သာ စောင့်နေသင့်ပြီး လမ်းမသိဘဲ လျှောက်ပတ်သွားမနေသင့်ဟု ထင်သည်။ 


သူမ မှားသွားမှန်း သိသော လင်းပေါင်ချင်းသည် ပျာယာခတ်သွားပြီး မခံမရပ်နိုင်ဖြစ်သွားကာ 


“ နင် သူတောင်းစားလေး ငါ့ကိုလာပြီး အမိန့်ပေးနေရအောင် နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ? ” 


လင်ရှု သူမကို ကြည့်ကို မကြည့်ဘဲ နေလိုက်တော့သည်။ 


လင်းပေါင်ချင်းသည် ပျာယာခတ်ပြီး စကားများက ရှေ့နောက်မညီ ဖြစ်သွားကာ နည်းနည်း စိတ်ငြိမ်သွားပြီးနောက် အပြစ်ရှိသလို လေသံမျိုးဖြင့် 


“ ငါတို့ နားမလည်လို့ မဟုတ်ဘူး။ အဲဒီ အဲဒီအချိန်တုန်းက အရမ်းလန့်နေခဲ့လို့  ” 


သို့သော် သူမ၏ စိတ်ဆိုးလွယ်ပြီး မောက်မာသော သဘောထားနှင့် ပြောင်းလဲလွယ်သော စိတ်နေသဘောထားတို့အရ ဒီအတိုင်း တသမတ်တည်း ဆက်ဖြစ်နေမှာ မဟုတ်ပေ။ နောက်တစ်ခဏအတွင်းမှာပင် သူမ၏ ရဲရင့်ပြီး ယုံကြည်မှုအပြည့်နှင့် လင်းပေါင်ချင်း ပြန်ရောက်လာတော့သည်။ သူမ၏ သူမသာ အမှန်ဟူသော စရိုက်က ပေါ်လာပြီး 


“ ဘာပဲ ဖြစ်ဖြစ် ငါတို့ သခင်မလေးကို ရှာမတွေ့နိုင်ရင် ငါတို့ဒီမှာ ပိတ်မိနေဖို့က အနှေးနဲ့အမြန် ဖြစ်လာမှာပဲလေ။ ပြီးတော့ရော ငါတို့ မရောက်လာရင် နင်တို့ အကယ်ခံရဖို့က ဖြစ်နိုင်ပါတော့မလား ”


‘ ထားလိုက်ပါတော့ကွာ ’ 


လင်ရှု သူမကို အကြည့်လေး တစ်ချက်တောင် မစွန့်ကြဲတော့ဘဲ လစ်လျူသာ ရှုထားလိုက်တော့သည်။ 


ဓားသမား အများစုသည် ကြမ်းတမ်းပြီး ပေါက်ကွဲလွယ်သော ဒေါသအိုးများဖြစ်ကြသည်ဟု ကြားဖူးထားသည်။ ဤလူတစ်စုကို ကြည့်သည်နှင့် သူကြားဖူးထားသည်များက အမှန်ဖြစ်ကြောင်း သက်သေပင် မလိုတော့ပေ။ တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုး ဆိုသကဲ့သို့ပင်  ဤသို့သော လူရမ်းကားအုပ်စုလေးကို အထွပ်အထိပ်ရောက်သည်အထိ ဆိုးသွမ်းအောင် အလိုလိုက်ထားသည့် လူရမ်းကားခေါင်းဆောင် သခင်မလေးကို သိချင်လှသည်။ 


လင်းပေါင်ချင်းနှင့် အခြားသူများသည် ညစ်ပတ်စုတ်ပြတ်နေသော သူတောင်းစားလေးကို လစ်လျူရှုထားလိုက်ပြီး သူမတို့ တတ်နိုင်မည့် လှုပ်ရှားမှုများကို ဆွေးနွေးကြသည်။ 


“ ငါတို့ထဲမှာ ဇာမဏီလိပ်ပြာ ယူလာတဲ့သူ ရှိလား ” 


“ အဲဒီနေရာတွေက လုံးဝ လမိုက်ညလို မှောင်မိုက်နေတာ ကျွန်မတို့ထဲက တစ်ယောက်ယောက် ဇာမဏီလိပ်ပြာ ယူလာရင်လည်း ဘယ်လိုမှ မြင်ရမှာ မဟုတ်ဘူး ” 


“သံလိုက်အိမ်မြှောင်ကလည်း အလုပ်မလုပ်ဘူး။ ဒီတိုင်း လည်နေပြီး ကျချင်တဲ့ဘက်ကျနေတာ ” 


သူမတို့အားလုံးသည် မြေပြင်ပေါ်တွင် ဝိုင်းထိုင်နေပြီး ဆွေးနွေးနေကြခြင်း ဖြစ်လေသည်။ သူမတို့ အချိန်အတော်ကြာအောင် ဆွေးနွေးနေချိန်တွင် တစ်စုံတစ်ယောက်က ပေါင်ကို အားပြင်းပြင်းနှင့်ရိုက်၍ 


“ ကြယ်လမ်းညွှန်မန္တာန် ရှိတယ်လေ တကယ်လို့ ကျွန်မတို့သာ ကြယ်လမ်းညွှန် မန္တာန်ဆွဲနိုင်ရင် ဓူဝံကြယ်ကို ရှာလို့ရပြီလေ။ ဒါဆို ဒီမန္တာန်ကိုသုံးပြီး’ သခင်မလေးကို ရှာဖို့ ဘာမှ မခက်တော့ဘူး ” 


လင်းပေါင်ချင်းက ဝမ်းသာသွားပြီး ချီးကျူးလိုက်သည်။ 


“ ပေါင်ကျင်းမေ့မေ့ ပြောတာ အရမ်းမှန်တယ် ” 


‘အရမ်းမှန်သော ’ ပေါင်ကျင်းမေ့မေ့က ပြောလိုက်သည်။ 

3 03

“ ပေါင်ချန်ကျယ်ကျဲ ညီမမှတ်မိတာတော့ ကျယ်ကျဲ ဒီနှစ်မှာ မန္တာန်ရေးဆွဲတဲ့ အတန်းတက်တယ်နော် ကျယ်ကျဲ ညီမတို့အတွက် ကြယ်လမ်းညွှန်မန္တာန်တစ်စောင်လောက် ဆွဲပေးပါလားဟင် ” 


မန္တာန်ရေးဆွဲခြင်း အတန်းတက်ထားသော ပေါင်ချန်ကျယ်ကျဲက ပြန်ပြောလာသည်။ 


“ သေစမ်း ငါ အဲအတန်းချိန်ဆို သခင်မလေး ဓားရေးကျင့်တဲ့နောက်လိုက်ပြီး လေ့ကျင့်နေကျမလို့ မန္တာန်အတန်းချိန် ဆယ်ချိန်မှာ ရှစ်ချိန်လောက်က မတက်လိုက်ရဘူး။ ငါ ငါ မဆွဲတတ်ဘူး ” 


သူမတို့ ဘေးဘက်တွင် ထိုင်နေသော လီယာမောက် မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ လီကျီမောက်က သူ့ညီဖြစ်သူ၏ ပါးစပ်ကို အလျင်အမြန် သွားပိတ်လိုက်သော်လည်း ဤအကြားအာရုံကောင်းလှသော သိုင်းသမား မမလေးများက ကြားဖြစ်အောင် ကြားသွားပြီး ရှက်ယမ်းရမ်းပြီး ဆူပူပြန်ပါတော့သည်။ 


လီယာမောက်ကို အော်ဟစ်ပြီးနောက်တွင် ချက်ချင်းကြီး ပြန်၍ မှိုင်သွားကြပြန်သည်။ သူမတို့သည် အချင်းချင်း စကားပင်မဆိုနိုင်ဘဲ ကြည့်နေကြကာ သက်ပြင်းများကိုသာ တစ်ချက်ပြီးတစ်ချက် ချနေရသည်။ 


လင်ရှုသည်လည်း ဓာတ်ကူးသွားသလို သက်ပြင်းတစ်ချက် ချလိုက်ပြီး သေလုအောင် တိတ်ဆိတ်နေသော အခြေအနေကို စကားတစ်ခွန်းတည်းနှင့် ဖြိုခွင်းလိုက်သည်။ 


“............... ငါ ဆွဲနိုင်တယ် ” 


မိန်းကလေးများသည် မယုံရေးချ မယုံဟူသော အတွေးတို့ ထင်းနေသည့် မျက်နှာထားများဖြင့် သူ့ဘက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လာပြီး နားကြားမှားသည်လား စစ်ဆေးနေသည့်အလား သေချာပြန်ကြည့်နေကြသည်။ 


အာ့ဟူတီးသော လောင်ကျိုးကသာ မန္တာန်ရေးတတ်သည်ဟု ပြောလာလျှင် အနည်းငယ် ယုံချင်စရာကောင်းမည် ဖြစ်သော်လည်း ညစ်ပတ်နေသော မျက်နှာ ငှက်သိုက်ထက် အဖြစ်ဆိုးအောင် ရှုပ်ပွနေသော ဆံပင်များနှင့် သူတောင်းစားလေးမှ ပြောလာလျှင်တော့...... 


တစ်ထောင့်တစ်ညပုံပြင်များကို တကယ့်ဖြစ်ရပ်ပါဟု လာပြောနေသည့် ပုံပြင်ရူးတောင် ယုံချင်စဖွယ် ကောင်းပါသေးသည် 


“ နင်ကလား မန္တာန်ရေးဆွဲတာကို နင်သင်ဖူးတယ်ပေါ့။ အိပ်မက်ထဲမှာလား” 


လင်းပေါင်ချင်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။ 


လင်ရှုက သူမကို ထုံးစံအတိုင်း ဘာမှပြန်မပြောပေ။ 


လင်းပေါင်ချင်းသည် သူ့ကို အထက်အောက် အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ချန်ခွင်းအိတ်အတွင်းမှ မန္တာန်စာရွက်အလွတ်၊ စုတ်တံတစ်ချောင်းနှင့် ပြဒါးနီမှင်တို့ကို ထုတ်၍ ထရပ်လိုက်ကာ သူ့ထံသို့ လျှောက်သွားလိုက်ပြီး 


“ ဒီမှာ .... ” 


သူမသည် ဆက်မပြောဘဲ ရပ်သွားသည်။ မနည်းကို သင့်တင့်လျှောက်ပတ်သည့် စကားလုံးများကို စဉ်းစားလိုက်ကာ 


“ လာ စမ်းကြည့်လေ ” 


လင်ရှုက ရိုးသားစွာ ပြန်ပြောလိုက်သည်။ 


“ ငါ့မှာ စိတ်စွမ်းအားရော ချီစွမ်းအားရော မရှိဘူး ” 


“ နင့်!!! ” 


လင်းပေါင်ချင်း ပေါက်ကွဲသွားပြန်ပါတော့သည်။ 


“ နင် ငါတို့ကို လာကစားနေတာလားးး ” 


အခြားသော လူများသာဆိုလျှင် သူမ စကားစကတည်းက သေချာ ရှင်းပြတိုက်တွန်းနေမှာ ဖြစ်သော်လည်း ဤလင်ရှုသည်ကတော့ ဘာမှကို မပြောချင်သလို ပြောလည်း ပြောမှာမဟုတ်သလို ပုလင်းဆို့တစ်ခု အဆို့ခံထားရသည့်အလား သို့တည်းမဟုတ် တောင်ပံအနုတ်ခံလိုက်ရသော ပုရစ်အလား တစ်ခွန်းမှကို မပြောဘဲ တောင့်တောင့်ကြီးသာ ရပ်နေခဲ့သည်။ တကယ်တမ်းတွင် လင်ရှုသည် နောက်ထပ် ထပ်ပြောရမည့် စကားတို့ကို စဉ်းစားနေသောကြောင့် လင်းပေါင်ချင်း၏ စိတ်အခြေအနေကိုရော မျက်နှာထားကိုရော မရိပ်မိသည့်အပြင် သူမကို စကားမပြောချင်သောကြောင့် လင်ရှုက လင်းပေါင်ချန်ကို ပြောလိုက်သည်။ 


“ ငါ့ကို နည်းနည်းလောက် ကူးပြောင်းပေး ” 


လင်းပေါင်ချန်သည် သူ့စကားတို့ကို အလိုလျောက် နာခံမိသွားပြီး သူမလက်ကို လင်ရှု ပုခုံးပေါ်တင်လိုက်ကာ ချီစွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပေးလိုက်သည်။ 


မူလကိုယ်၏ ကျင့်ကြံရန် လုံးဝမသင့်တော်သော မရီဒျန်များအတွင်းသို့ ချီစွမ်းအားများက ခြောက်သွေ့နေပြီးဖြစ်သော မြစ်ကျဉ်းကျဉ်းလေးကို ပင်လယ်ရေများ တရစပ်တိုးဝင်လာသလို 

3 04

ဆူနာမီရေလှိုင်းလုံးများကို တရစပ်တိုးဝင်လာသည်။ ချီစွမ်းအားများ တိုးဝင်လာသည့် လက်မောင်းတစ်ဖက်လုံးကို အရှင်လတ်လတ် ဆွဲဆုတ်နေသလို ခံစားနေရပြီး သွေးများပင် အန်ထွက်တော့မလို ဖြစ်လာသည်။ ထိုခံစားချက်များအပြင် သူ၏ ပုခုံးထက်မှ လင်းပေါင်ချန်၏ လက်ကလည်း သူ့ကို မသက်မသာ ဖြစ်စေသည်။ 


သို့သော် သူတို့ ဒီရွာမှ ထွက်သွားလိုလျှင် ဤမန္တာန်ကို သူဆွဲမှ ဖြစ်ပေမည်။ ထို့ကြောင့် ချီစွမ်းအားများကိုရော သူ့ကို ထိနေသည့် လက်ကိုရော သည်းခံတောင့်ခံထားမှ ဖြစ်ပေမည်။ သူသည် စုတ်တံကို ကိုင်လိုက်ပြီး အနီရောင် ပြဒါးမှင်ရည်ထဲ နှစ်လိုက်ကာ မန္တာန်ရေးတော့သည်။ 


လင်းပေါင်ချန် အံ့ဩသွားပြီး အာမေဋိတ်သံတိုးတိုးပင် ထွက်သွားမိကာ 


“ ဒီ မန္တာန်က တကယ်ပဲ ဒီလိုပုံမျိုးလေးပဲ ထင်တယ် ” (အတန်းလစ်ပြီး မန္တာန်ပုံတောင် မမှတ်မိသော အမကြီး ) 


ဤသူတောင်းစားလေးတွင် တကယ့်ကို အရည်အချင်း အချို့ ရှိနေမည်ဟု မည်သူက ထင်ပါမည်နည်း။ လင်းပေါင်ချင်းသည်လည်း ဆွံ့အသွားကာ မျက်နှာတစ်ပြင်လုံး ရဲတွတ်သွားသည်။ သို့သော် သူမသည် အကြည့်လွှဲလိုက်ပြီး လင်ရှုကို ထပ်မကြည့်ဘဲသာ နေလိုက်တော့သည်။ 


ကြယ်လမ်းညွှန်မန္တာန်သည် ကြယ်များကြည့်ရန်အတွက်သာ သုံးသော ရိုးရှင်းသည့် မန္တာန်အမျိုးအစားသာဖြစ်ကာ ခက်ခဲ ရှုပ်ထွေးသော မန္တာန်မဟုတ်ပေ။ 


လင်ရှုသည် ဤကမ္ဘာမှ လူများသုံးသော ချီစွမ်းအားနှင့် စိတ်စွမ်းအင်တို့မှာ သူတစ်ချိန်က ကျင့်ကြံစဉ်က သုံးခဲ့ဖူးသော စွမ်းအင်များနှင့် အတူတူပဲဖြစ်နေသည်ကို တွေးမိသွားသောကြောင့် မန္တာန်ဆွဲနေရင်း တစ်ဝက်တွင် ရုတ်တရက် ရပ်သွားသည်။ 


ဤကြယ်လမ်းညွှန်မန္တာန် ရေးဆွဲပုံနည်းလမ်းနှင့် စုတ်ချက်များကလည်း သူတစ်ချိန်က သင်ယူခဲ့ဖူးသော မန္တာန်နှင့် အတူတူပဲ ဖြစ်သည်ကို သိလိုက်ရသည်။ 


‘ ဒါဆို ကမ္ဘာတစ်ခုထဲကို အချိန်ကာလ မတူတာပဲပေါ့ ’ 


သူ၏ ဂိုဏ်း ရိုးရာစည်းမျဉ်းများသည် ရှေးကျပြီး စစ်မှန်သည်ဟု ပြောခဲ့ဖူးသည်။ သူသည် သင်ယူခဲ့ဖူးသော ဂိုဏ်းမှ သင်ခန်းစာများကို ဤနေရာတွင်လည်း အသုံးချ၍ ရမည်ကို မထင်မှတ်ထားခဲပါချေ။ 


မန္တာန်တစ်ရွက် ရေးဆွဲပြီးနောက် လင်းပေါင်ချန်က သူမလက်ကို ဖယ်လိုက်သည်။ လင်ရှုသည်ကတော့ အသက်တစ်ဝက်လောက် ကုန်သွားသလို ခံစားနေရသည်။ 


လင်းပေါင်ချန်သည် မန္တာန်စာရွက်ကို ယူလိုက်ပြီး စိတ်ဝိဉာဉ်စွမ်းအားများ ထည့်လိုက်ကာ မန္တာန်ကို နှိုးဆွလိုက်သည်။ စာရွက်ပေါ်မှ မှင်များက လင်းလက်လာသည်ကို မြင်သည်နှင့် သူမသည် မန္တာန်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။ သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး မန္တာန်နှင့် စိတ်ဝိဉာဉ်ကို ချိတ်ဆက်လိုက်ကာ 


“ ကျွန်မ ရသွားပြီ ” 


မိန်းကလေးများ အပျော်လွန်သွားသည်။ သူမတို့သည် လင်းပေါင်ချန်၏ အနားသို့ တိုးကပ်လာပြီး ချက်ချင်း ထွက်ခွာရန် စီစဉ်တော့သည်။ 


“ ကျွန်မရဲ့ စိတ်ဝိဉာဉ်စွမ်းအားက သူနဲ့ သိပ်ပြီး မကိုက်ညီဘူး။ ကံမကောင်းစွာနဲ့ ဒီမန္တာန်ကို ကျွန်မ ထိန်းချုပ်ဖို့ ခက်နေတယ် ဆိုတော့ ဒီမန္တာန်ကို ကျွန်မရဲ့ စိတ်ဝိဉာဉ်စွမ်းအားနဲ့ ရှီချန်တစ်ဝက်လောက်ပဲ ထိန်းနိုင်လိမ့်မယ် ” 


လင်းပေါင်ချန်၏ အမူအယာသည် တွန့်ဆုတ်ဆုတ်ဖြစ်နေပြီး ရှက်ရွံ့နေဟန်ပင် ပေါ်နေသည်။ 


မိန်းကလေးများအားလုံး လင်ရှုအနားတွင် ဝိုင်းသွားပြန်သည်။ သူမတို့၏ ရည်ရွယ်ချက်တို့ကလည်း သိသာနေသေးသည်။ သူတို့သည် လင်ရှုကို သူမတို့နှင့် အတူခေါ်သွားချင်ကာ ဤမန္တာန် အစွမ်းကုန်သွားသည်နှင့် နောက်ထပ် မန္တာန်တစ်စောင်ထပ်၍ ဆွဲပေးစေချင်ကြခြင်း ဖြစ်သည်။ 


လင်းပေါင်ချင်းက ပြောသည်။ 


“အိုင်း “ 


သူမသည် အနည်းငယ် ရှက်ရွံ့နေပြီး တစ်စုံတစ်ခု ပြောချင်နေပုံရသည်။ လင်ရှုကတော့ သူမ တောင်းပန်ချင်နေသည်ဟု ထင်သည်။ 


လင်ရှုသည် မည်သို့ ပြန်တုံ့ပြန်ရမည်ကို မသိသောကြောင့် သူမကို လုံးလုံးလျားလျား လစ်လျူရှုထားလိုက်ကာ အနောက်မှသာ တိတ်တိတ်ဆိတ်ဆိတ် လိုက်သွားလိုက်သည်။ 


လိုက်သွားရသည့် အကြောင်းမှာကား သူသာ အပြင်သို့ ထွက်ချင်လျှင် သူမတို့နောက်လိုက်မှ ရမည်ဖြစ်သောကြောင့်တည်း။ 


******

3 05

အပိုင်း ( ၃.၂ ) ညအမှောင်ယံအတွင်းမှ ဓားရှည်တစ်ချောင်းနှင့် အလှလေး (၂)


လိကျီမောင်နှင့် လီယာမောက်တို့ ညီအစ်ကိုနှစ်ယောက်သည်လည်း သူတို့ကိုအဖော်ပြုပြီး လိုက်လာပေးသည်။ သူတို့ နှစ်ဦးသည် လမ်းတစ်လျှောက်တွင် မီးတုတ်များကိုကိုင်ပြီး လမ်းပြပေးသည်။ သူတို့ အကူအညီကြောင့် အုပ်စုထဲမှ အမျိုးသမီးနှစ်ယောက်က ဘာကိုမှ ကိုင်နေစရာမလိုဘဲ လမ်းလျှောက်နိုင်ကာ မကောင်းဆိုးဝါး ဝိဉာဉ်များနှင့် တွေ့ခဲ့ပါကာ လက်လွတ်ခြေလွတ် တိုက်ခိုက်နိုင်မှာဖြစ်သည်။ 


သူတို့၏ လုပ်ပုံကိုင်ပုံများကြောင့် မိန်းကလေးများသည် လင်ရှု၊ လီကျီမောက်နှင့် လီယာမောက်တို့ကို အုပ်စု အလည်သို့သွင်းကာ သူတို့ကို ဝိုင်းရံပြီး ကာကွယ်ပေးခဲ့သည်။ သူတို့အားလုံးသည် မင်ကျိုးမြို့ဘက်သို့ ဦးတည်၍ သွားလိုက်ကြသည်။ တစ်လမ်းလုံးတွင် မရေမတွက်နိုင်သော မကောင်းဆိုးဝါး ဝိဉာဉ်များနှင့် အလောင်းကောင်များကို ရင်ဆိုင်ခဲ့ရသည်။ သူမတို့၏ ကျင့်ကြံဆင့်နှင့် ဓားရေးအဆင့်တို့က မမြင့်သေးသော်လည်း အချင်းချင်း နားလည်မှုနှင့် အတူတကွလေ့ကျင့်ထားသော နည်းလမ်းများကြောင့် ခက်ခက်ခဲခဲ ရင်ဆိုင်ရသည်တို့ကတော့ မရှိခဲ့ပေ။ 


အားလုံး လုံခြုံသွားပြီးနောက်တွင်တော့ လီယာမောက်သည် တိတ်ဆိတ်နေရမှုကို မခံစားနိုင်တော့ကာ မိန်းကလေးများနှင့် စကားစမြည် ပြောတော့သည်။ သူမတို့ထဲတွင် လင်းပေါင်ကျင်းသည် အငယ်ဆုံးနှင့် စိတ်ထား အနူးညံ့ဆုံးဖြစ်ကာ သူမသည် သူတို့ကို ကြမ်းတမ်းစွာ မဆက်ဆံဘဲ စကားပြန်ပြောပေးခဲ့သည်။ သူတို့စကားပြောနေသည်ကို နားထောင်ရင်း လင်ရှုသည် ဇာမဏီနန်းမြင့် အကြောင်းအားလုံးလိုလို သိနိုင်ခဲ့သည်။ 


ဇာမဏီနန်းမြင့်သည် အမျိုးသမီးသီးသန့်ဂိုဏ်းဖြစ်ပြီး တစ်လောကလုံးမှ မိဘမဲ့ မိန်းကလေးများကို လက်ခံပြီး ကျင့်ကြံရေးများ သင်ကြားပေးသည့် ဂိုဏ်းလည်း ဖြစ်သည်။ သူမတို့တွင် ကျင့်ကြံရန် အရည်အချင်းနှင့် ပါရမီပါလျှင် ဂိုဏ်း၏ ဇာမဏီဝင်္ကပါဓားခန်းမသို့ ဝင်နိုင်သည်။ မဟုတ်လျှင် ဇာမဏီနန်းမြင့် လက်အောက်မှ ဆိုင်များတွင် အလုပ်လုပ်နိုင်သည်။ ဇာမဏီနန်းမြင့် ဆိုင်ခွဲများသည် ကမ္ဘာအနှံ့အပြားတွင်ရှိနေပြီး ပိုးထည်ဆိုင်များ၊ စားသောက်ဆိုင်များ စသဖြင့် လုပ်ငန်းမျိုးစုံ ရှိလေသည်။ ဇာမဏီနန်းမြင့်၏ ဓားသိုင်းသည် ကျန်းဟူတစ်ခွင်တွင် အလွန်စွမ်းအားကြီးပြီး နာမည်ကျော်ကြားလှသည်။ ထို့အပြင် ဇာမဏီနန်းမြင့်သည် အခြားသော ထိပ်တန်းဂိုဏ်းများနှင့် ဆက်ဆံရေးလည်း အလွန်ကောင်းသောကြောင့် မည်သူကမှ သူတို့ကို အနိုင်မကျင့်နိုင်သလို ရန်မစရဲပေ။ 


ဇာမဏီနန်းမြင့်အကြောင်း ပြောပြနေရင်း လင်းပေါင်ကျင်းက ပြုံးလိုက်ကာ တိတ်ဆိတ်သွားပြန်သည်။ 


“  ပေါင်ကျင်းမေ့မေ့ကတော့ ရှက်နေပြန်ပြီ ” 


လင်းပေါင်ချန်က ရယ်ရင်း ပြောလိုက်သည်။ သူမသည် ပြတ်သားပြီး မြန်ဆန်သော်လည်း ချိုမြိန်သည့် အသံဖြင့် ဆက်၍ ရှင်းပြသည်။ 


“ကျွန်မတို့ ဇာမဏီနန်းမြင့်ဂိုဏ်းက လူတိုင်းက မိသားစုလို ရင်းနီးတယ်။ သစ်ပင်တစ်ပင်တည်းက အကိုင်းအခတ်တွေလိုမျိုးပေါ့နော်။ ဒါကြောင့် ကျန်းဟူက လူတိုင်းက ကျွန်မတို့ကို လေးစားတယ်။ ဒါပေမဲ့ တခြား အကြောင်းပြချက်လည်း ရှိတာပေါ့လေ၊ ကျွန်မတို့ ဂိုဏ်းက ညီအစ်မတွေက တခြား ဂိုဏ်းကြီးတွေနဲ့ လက်ဆက်သွားကြတာမို့လို့ အဲဒီ ကျန်းဟူက လူယုတ်မာတွေက ဇာမဏီနန်းမြင့်က ကျန်းဟူတစ်ခုလုံးရဲ့ ယောက္ခမ လို့ ပြောကြတယ်လေ၊ တကယ်လို့ တစ်ယောက်ယောက်ကသာ ဇာမဏီနန်းမြင့်ကို စော်ကားမိမယ်ဆိုရင် သေပြီသာမှတ်ပဲ၊ မင်းရဲ့ ဇနီးကို စော်ကား ပြောဆိုလို့ရတယ်၊ မင်းရဲ့ ဆရာတူအစ်ကို ဒါမှမဟုတ် ဆရာတူညီရဲ့ ဇနီးကို သွားစော်ကားမိရင်တောင် ဒါမဟုတ် မင်းရဲ့ ဆရာကတော်ကို ၊ မင်းရဲ့ တပည့်ရဲ့ ဇနီး၊ မင်းရဲ့ မရီး၊ ခယ်မ အဲလိုကွာ အားလုံးကို သွားစော်ကားမိရင်တောင် ဇာမဏီနန်းမြင့်ကိုတော့ စော်ကားလို့မရဘူး၊ ဒါတွေကြောင့် ကျန်းဟူတစ်ခုလုံးမှာ ဘယ်သူကမှ မစော်ကားအာမခံရဲတဲ့ ဂိုဏ်းဆိုလို့ ကျွန်မတို့ ဇာမဏီနန်းမြင့်ပဲ ရှိတယ် ” 


ပြောနေရင်း မိန်းကလေးများက ရယ်လိုက်ပြန်သည်။ သူမတို့သည် ယခုက ဆယ့်လေး ဆယ့်ငါးလောက်သာ ရှိကြသေးသည့် မိန်းမငယ်လေးများ ဖြစ်ကြသည်။ သူမတို့၏ စိတ်နေစိတ်ထားက အရမ်းကြီး မကောင်းနေသော်လည်း ရိုးသားဖြူစင်နေကြသေးသော အရွယ်လေးများလည်း ဖြစ်ကြသည်။ ယခုလို လမ်းမှန် ရှာတွေ့သွားပြီးချိန်တွင်တော့ သူမတို့အားလုံး အတော်လေး စိတ်ပျော်သွားကြပြီဖြစ်ပြီး ချစ်စရာကောင်းပြီး သွက်လက်သော မြီးကောင်ပေါက် သဘာဝလေးများ ပေါ်ထွက်လာတော့သည်။ မိန်းကလေးများ ရယ်မောစနောက်ပြီး စကားပြောလာကြသောကြောင့် လီယာမောက်သည်လည်း လွပ်လွပ်လပ်လပ် ရယ်နိုင်သွားပြီဖြစ်သည်။ 


သူသည် လမ်းလျှောက်ရင်း ရယ်မောနေခဲ့သော်လည်း တစ်နေရာအရောက်တွင် ရုတ်တရက် ရပ်သွားသည်။ 


“ ဒါ ..... ” 


သူသည် အလွန်ကို ထိတ်လန့်နေပြီး ထခုန်မိသွားကာ လက်တစ်ဖက်ကလည်း ပါးစပ်ကို အုပ်ထားသေးသည်။ သူ၏ လက်မှ မီးတုတ်၏ အလင်းရောင်အောင်တွင် လူတိုင်းသည် မြေပြင်ပေါ်မှာ သွေးမည်းမည်းများ အကွက်လိုက်ကြီးကို မြင်လိုက်ကြရသည်။ 


မိန်းကလေးများအားလုံးသည်လည်း ရုတ်တရက် အော်လိုက်ကြကာ ဓားများထုတ်၍ သတိအနေအထားဖြစ်သွားသည်။ သူမတို့အားလုံး ထိတ်လန့်နေကြကာ တစ်နေရာထဲတွင် ကျောချင်းကပ်၍ စုလိုက်ကြသည်။ 

3 06

“ ပလောက် ပလောက် ” 


သွေးမည်းမည်းများသည် အပေါ်ဘက်ဆီမှ တစ်စက်ချင်းကျလာနေပြီး သူတို့အရှေ့တည့်တည့်တွင် သွေးအိုင်ကြီး ဖြစ်သွားစေသည်။ 


လီကျီမောက်သည် မီးတုတ်ကို အပေါ်သို့ မြင့်၍ မော့ကြည့်လိုက်သည်။ လင်ရှုသည်လည်း သွေးကျလာရာ အရပ်သို့ မော့ကြည့်သည်။ 


အခြေအနေကို ခွဲခြမ်းစိတ်ဖြာ၍ မပြီးသေးခင်မှာပင် တိုးလျသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။ အသံကို သေချာနားစွင့်ရင်း သတိအနေအထား ဖြစ်သွားသည်။ 


“ မင်းတို့က တကယ်ကို အရည်အချင်းရှိတယ်ဆိုတာ သိလိုက်ရပါပြီ ” 


အသံသည် အလွန်ကို နားဝင်ချိုသော အသံမျိုးဖြစ်ပြီး အသံထဲတွင် အေးစက်စက်နိုင်ပြီး အကွာအဝေးတစ်ခုမှသာ မျှော်ကြည့်နိုင်သော အရှိန်အဝါတို့ ကိန်းအောင်းနေသည်။ 


သဲကွဲထင်ရှားမှု အနည်းငယ်သာ ရှိသော်လည်း မြူနှင်းများကို ဖြတ်၍ တောင်ထိပ် တောအုပ်ကို ဖြတ်သန်းလာသကဲ့သို့ အိပ်မက်ဆန်သော အသံမျိုးဖြစ်ကာ ကြားရသူကို ညှို့ယူနိုင်စွမ်းရှိသေးသည်။ မမျှော်လင့်ထားစွာပင် အသံရှင်က အမျိုးသားလား အမျိုးသမီးလားဟူသည်ကို မခွဲခြားနိုင်ပေ။ (ယူနိုး ယူနိုး) 


သို့သော် သူတို့အုပ်စုထဲမှ မိန်းကလေးများ၏ ဝမ်းသာအားရ အော်ဟစ်သံက သူ့ကို ခွဲခြားပေးလိုက်ပါသည်။ 


“ သခင်မလေး ” 


ထိုအခါမှသာ လင်ရှုသည် သစ်ခြောက်ပင်၏ ထိပ်ဆုံးဆိုမှ ထိပ်ဆုံးတွင်ရှိနေသော သစ်ကိုင်းခြောက်တစ်ခုပေါ်တွင် ရပ်နေသော လူကို မြင်လိုက်ရပါတော့သည်။ 


မီးတုတ်မှ အလင်းရောင်သည် ဝေးဝေးသို့ မရောက်နိုင်ပေ။ အလင်းမှိန်မှိန်သာ ရောင်ပြန်ဟပ်သလို မှုန်ပြပြလင်းသောကြောင့် တစ်ဖက်လူ၏ ပုံပန်းသဏ္ဍာန်ကို သဲကွဲစွာ မမြင်နိုင်ပေ။ 


ထိုလူသည် အမှောင်ထုထဲတွင် မိစ္ဆာများ ဝိုင်းရံနေသော်လည်း သူ၏ ခြံဝန်းထဲတွင် အပျင်းပြေလမ်းလျှောက်နေသည့် အမူအယာမျိုးဖြင့် အေးဆေးလွန်းလှသည်။ သူမသည် လက်ထဲမှ ဓားရှည်ကို ညင်သာစွာ ဝေ့ယမ်းနေသည်ဟုသာ ထင်ရသော်လည်း သူမ၏ ဓားချက်တို့က အားမာန်ပြည့်ဝလှပြီး ဓားချက်တစ်ချက်ချင်းစီတိုင်းတွင် သွေးမည်းမည်းများများက ရေပန်းများကဲ့သို့ ပန်းထွက်ကုန်သည်။ ဪ သိမ်မွေ့နူးညံ့ပါတကား။ 


ဆက်၍ပင် မကြည့်ရဲလောက်အောင် ကြောက်စရာကောင်းလှသည့် မြင်ကွင်းပါပေ။ 


ဤပုဂ္ဂိုလ်ကား မိန်းကလေးများ အထူးတလှယ် ချီးမွမ်းကြွားဝါထားပါသော “ သခင်မလေး ” ဆိုသူ တည်း။ 


သခင်မလေးသည် သူမ၏ ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီး သစ်ပင်ထိပ်ဖျားမှ ဆင်းလာသည်။ ထို့နောက် သူတို့ရှေ့တွင် ရပ်လိုက်သည်။ 


လီကျီမောက်နှင့် လီယာမောက်တို့ အသက်ရှူပင် အောင့်ထားမိသည်။ 


လင်ရှုသည် သူတို့ရှေ့တွင် ရပ်နေသော ပုဂ္ဂိုလ်ကို သေချာကြည့်၍ အကဲခတ်နေသည်။ 


ယခုတွင်တော့ လင်းပေါင်ချင်း၏ သခင်မလေး၏ အလှတရား အဟွတ် ပုံပန်းသွင်ပြင်ကို ဖော်ပြပုံတို့မှာ ဒီတိုင်း လျှာအရိုးမရှိ လျှောက်ပြောခြင်း မဟုတ်ကြောင်း မျက်ဝါးထင်ထင် မြင်လိုက်ရချေပြီ။ 


သခင်မလေးသည် သူမ၏ မျက်နှာအောက်ပိုင်း တစ်ခုလုံးကို ဖုံးထားသော မျက်နှာလွှားဇာကို ဝတ်ဆင်ထားပြီး သူမ၏ အလှတရားများကို ဖုန်းကွယ်ထားသည်။ 


ဤသည်ကပင် သူမ၏ မျက်ဝန်းအလှကို ပို၍ ပေါ်လွင်သွားကာ သူမ၏ မျက်ခုံးများနှင့် ဇာမဏီမျက်ဝန်းတို့က အကြည့်မလွှဲချင်အောင် လှပလေသည်။ သူမ၏ မျက်ဝန်းများက ထက်မြတ်မှုတို့ဖြင့် ကြည်လင်တောက်ပနေပြီး လူတိုင်း၏ အားနည်းချက်များကို မြင်နေသည့်အလား ထင်ရစေသည်။ 


(တရုတ်နာမည်ကြီးဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ ဆရာကြီး မြသန်းတင့်ဘာသာပြန်ဖူးတဲ့ ခန်းဆောင်နီအိပ်မက် ထဲက မျက်လုံးအလှဖော်ကျူးပုံကို မူရင်းစာရေးသူက ယူသုံးထားပါတယ်တဲ့ ) 


သူမသည် တကယ့်ကို ပြိုင်ဘက်ကင်းသည့် အလှမျိုးနှင့် လှပသူဖြစ်ပြီး သူမကို တိုက်ရိုက် မကြည့်ရဲအောင် ဖြစ်စေသည်။ 


လင်းပေါင်ချင်းနှင့် အခြားသော မိန်းကလေးများအားလုံးသည် ရဲရင့်ပြီး သူရဲကောင်းဆန်သော သိုင်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သခင်မလေးသည်ကတော့ ရှုပ်ထွေးသော်လည်း ကျော့ရှင်းလှပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမလမ်းလျှောက်လိုက်တိုင်း အနီရောင်ဝတ်စုံမှ လက်ဖျားစတို့က လေထဲတွင် လွင့်မြောနေသယောင် ဖြစ်စေသည်။ 


အလွန့်အလွန်ကို လှပသော ပန်းချီတစ်ချပ်ကို ကြည့်နေရသလို ခံစားချက်မျိုး ပေးစွမ်းသော ဇာမဏီနန်းမြင့် သခင်မလေးပါပေ။ 


မိန်းကလေးများသည် သူမအနားသို့ ဝိုင်းအုံသွားကြပြီး မေးခွန်းများ မေးကြသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံး လက်ပံပင်ဆက်ရက်ကျသလို ဖြစ်သွားတော့သည်။ သခင်မလေး သူမတို့ကို မည်သို့ ရှာတွေ့သွားပုံ၊ သခင်မလေး ဒဏ်ရာရသွားသေးလား၊ သခင်မလေး အလောင်းကောင်ဘုရင်ကြီးရဲ့ တိုက်တာ ဘယ်လို ဘယ်ပုံနှင့် မေးခွန်းများ စုံပလုံစိနေအောင် မေးကြသည်။ 


သူမတို့၏ အသံတို့က အလွန်ကို စိတ်အားထက်သန်ပြီး သိချင်နေကြသော်လည်း သူမတို့၏ ခြေလှမ်းများကား သူမနှင့် သုံးလှမ်းအကွာတွင် ရပ်နေကြပြီး ထိုထက်ပို၍ နီးကပ်မသွားကြပေ။ ဤအပြုအမူကို ကြည့်ခြင်းအားဖြင့် သူမတို့ သခင်မလေးကို မည်မျှလေးစားပြီး ချစ်ခင်သည်ကို သိနိုင်ပေသည်။ 

3 07

သို့သော် သခင်မလေးက သူမတို့ကို ဘာအဖြေမှ ပြန်မပေးခဲ့ပေ။ သူမ၏ ရေခဲကဲ့သို့ အေးစက်လှသော အကြည့်စူးစူးက လင်ရှု၊ လီကျီမောက်နှင့် လီယာမောက်တို့ထံသို့ ကျရောက်သွားပြီး မေးလိုက်သည်။ 


“ သူတို့က ဘယ်သူတွေလဲ” 


လင်းပေါင်ကျင်းက သူမတို့ ယနေ့ညတွင် ကြုံခဲ့သည့် အဖြစ်အပျက်တို့ကို စီကာပတ်ကုံး ပြန်ပြောပြလိုက်သည်။


 သူမ လင်ရှုနှင့် အဘိုးအိုကျိုးတို့ကို မည်သို့ မည်ပုံ တွေ့ဆုံခဲ့သည်ကို ရှင်းပြပြီးချိန်တွင် သခင်မလေးက မျက်မှောင်ကြုံ့သွားပြီး သူမကို ဖြတ်ပြောလိုက်သည်။ 


သူမ၏ မျက်ဝန်းများတွင် ရွံရှာမှုတို့ ပြည့်နှက်နေပြီး 


“ညစ်ပတ်လွန်းတယ်။ အဲဟာကို ပစ်ထုတ် ပစ်လိုက်ကြစမ်း ” 


သူမ ပြောလိုက်သည့် “အဲဟာ” သည် လင်ရှု ဖြစ်ပါသည်။ 


ရူးနေသော လူတစ်ယောက်ဖြစ်သည့် သူ၏ ချောင်ကြိုချောင်ကြား တိုးဝှေ့ပြီး သွားလာနေသော သူကို သန့်ရှင်းနေရန် မမျှော်လင့်သင့်ကြောင်း ဤသခင်မလေးကို မည်သို့ ရှင်းပြရမှန်းမသိ ဖြစ်သွားသည်။ 


လင်ရှုသည်လည်း သူ၏ ဤကဲ့သို့ ညစ်ပတ်နေသော ခန္ဓာကိုယ်အသစ်ကို ရူးခါနေအောင် သန့်ရှင်းချင်ပါသော်လည်း ရောက်လာကတည်းက အလျင်စလို ဖြေရှင်းရမည့် ပြဿနာကြောင့် သန့်ရှင်းမှုကို အလေးမပေးနိုင်ခဲ့ပေ။ 


လင်းပေါင်ချန်သည် လင်ရှုကို ကြည့်၍ အလျင်စလိုဖြင့် သူက သူမတို့ကို မည်သို့ မည်ပုံ ကူညီခဲ့ကြောင်း သခင်မလေးကို ပြောပြလိုက်ရသည်။ 


“ အို ” 


သခင်မလေးက “အို”  တစ်ခွန်းသာပြောပြီး လင်ရှုကို ကြည့်လိုက်သည်။ ထို့နောက် သူမက အေးစက်စွာ ပြောလိုက်သည်။ 


“ ဒီလိုဆိုမှတော့ ငါ သူ့ကို ရိုက်ပဲ ရိုက်လိုက်တော့မယ် ” 


လင်ရှု “............” 


သခင်မလေး၏ လက်သည် ချက်ချင်းဆိုသလို သူမ၏ ဓားရိုးထံသို့ ရောက်သွားပြီး သူမ၏ မျက်ဝန်းထောင့်တို့ကလည်း မဆိုသလောက် ကွေးသွားသည်။ 


သူမသည် ဓားထုတ်၍ တစ်စုံတစ်ယောက်ကို သတ်ချင်စိတ်ကို အတင်းဖိနှိပ်နေရပုံပေါ်သည်။ 


သူမက သူ့ကို ကြည့်၍ ပြောလိုက်သည်။ 


“ နင် တကယ်လို့ ငါတို့နဲ့ လိုက်ခဲ့ချင်တယ်ဆိုရင် နင့်ကိုယ်နင် သန့်ရှင်းအောင် အရင်လုပ်လိုက်၊ ငါ့မျက်လုံးတွေကို ထပ်ပြီး ညစ်ညမ်းအောင် လုပ်လို့ကတော့ ငါကိုယ်တိုင် နင့်ကို အရေဆုတ်ပစ်မယ်” 


လင်ရှု “??????” 


‘ ကောင်းပြီလေ အိုကေ ’ 


‘ဒီ ဇာမဏီနန်းမြင့်က လူရမ်းကားလေး တစ်သိုက်ရဲ့ သခင် ဆိုမှတော့ ပိုပြီး ရမ်းကားတဲ့ လူရမ်းကား ဓားပြခေါင်းကြီး ဖြစ်မှာပဲလေ ’ 


‘ငါ ဒီ ညလယ်ကြီး ကမ်းမမြင်လမ်းမပြင် တောင်ပေါ်ကြီးမှာ ဘယ်နေရာက ရေနဲ့ သန့်ရှင်းရေး သွားလုပ်ရမတုန်း ’ 


‘ ဝေါ်သယ့်ထျန်းနား? ’ 


စာရေးသူမှာ ပြောစရာရှိပါတယ် 


သခင်မလေး၏ ကြင်နာမှုများ ။။ ပစ်ထုတ်ပစ်လိုက်၊ ရိုက်ပစ်မယ် နှင့် အရေဆုတ်ပစ်မယ် ... 


******