Ch 4
Viewers 3k

4 01

အပိုင်း ( ၄ ) သခင်မလေး ကံကြမ္မာကိုသာ လက်ခံလိုက်ပါတော့ 


ကံကောင်းစွာဖြင့် ဤမျှ လူသူကင်းမဲ့သော တောနက်ထဲတွင် လင်ရှုတစ်ယောက် ရေသွားရှာရန် မလိုအပ်ခဲ့ပေ။ လင်းပေါင်ချန်က ပြုံးလိုက်ပြီး လက်တို့က သင်္ကေတ တစ်ခုကို ဖော်ထုတ်သလို လှုပ်ရှားသွားသည်။ နောက်တစ်စက္ကန့်တွင် လင်ရှု၏ ခေါင်းထက်တွင် အဖြူရောင် အလင်းလုံးတစ်ခုပေါ်လာပြီး ကွဲထွက်သွားကာ အလင်းမှုန်များက လင်ရှုတစ်ကိုယ်လုံး ခြုံလွှမ်းသွားသည်။ 


‘သာမန် သန့်စင်ခြင်း မန္တာန် ’ 


လင်ရှုတစ်ကိုယ်လုံ ကြက်သီးထသွားပြီး ပွတ်တိုက်ခံလိုက်ရသလို စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် မန္တာန်က အလုပ်လုပ်လို့ပြီးသွားပြီ ဖြစ်ကာ လင်ရှုသည်လည်း စိတ်ဝိဉာဉ်စွမ်းအားဖြင့် အသက်သွင်းထားသော သန့်စင်ခြင်းမန္တာန်ကြောင့် လုံးဝ သန့်ရှင်းသွားပြီ ဖြစ်သည်။ လင်ရှုသည် သူ၏ အသက်ရှုနှုန်းသည်ပင်လျှင် ပို၍ ချောမွေ့ပြီး လွယ်ကူလာသလို ခံစားသွားရသည်။ 


“ မားမားရား ” 


လင်းပေါင်ချန်က ပြုံး၍ ပြောလာသည်။ 


“ သူတောင်းစားလေး ရှင်က တကယ်တော့ တော်တော် ချောတာပဲ ” 


သန့်ရှင်းရေး လုပ်ပြီးသွားပြီးနောက် မည်သို့သော ချောမောခန့်ညားမှုတို့ ပေါ်ထွက်လာမည်ကို စပ်စုချင်ကြဟန်ဖြင့် လင်းပေါင်ချင်းတို့  အုပ်စုလိုက်သည် လင်ရှုထံသို့ စူးစိုက်ကြည့်နေကြသည်။ ကြည့်ပြီးသွားပြီးနောက် မိန်းကလေးများက ခိုးခိုးခစ်ခစ် ရယ်မောလာကြပြီး 


“ ဒီလူက တော်တော် ထူးဆန်းတာပဲနော် သူကတုံးလည်းမတုံး ရုပ်လည်း ဆိုးမနေပေမဲ့ သူ့ကိုယ်သူ ရွှံ့အိုင်ထဲ ဆင်းလူးထားတဲ့ ခွေးလိုမျိုး ရုပ်ဖျက်ထားတယ် ” 


လင်ရှုသည် ဝိုင်းကြည့်နေကြသည့် အကြည့်များအောက်တွင် အသက်ရှူ ကြပ်လာသလို ခံစားနေရပြီး သူသည် မသန့်ရှင်းဘဲ ညစ်ပတ်နေတာကပင် ပိုကောင်းမည်ဟု ထင်လာသည်။ 


သခင်မလေးသည်လည်း သူမ ဂိုဏ်းသားများ၏ အပြောများကြောင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမသည် နှာခေါင်းရှုံ့၍ တခြားဘက် ပြန်လှည့်သွားသည်။ ကြည့်ရသည်မှာ လင်ရှုကို အရေခွံဆုတ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပုံ ပေါ်သည်။ 


လင်းပေါင်ချန်က မေးသည်။ 


“ မင်းတို့ သုံးယောက်ကို ဘယ်လို ခေါ်ရမလဲ ” 


လီကျီမောက်က ဖြေသည်။ 


“ ကျွန်တော်က လီကျီမောက် လို့ခေါ်ပါတယ် ဒီဘက်က ကျွန်တော့်ညီလေးကိုတော့ လီယာမောက် လို့ခေါ်ပါတယ် ” 


သူမတို့အားလုံး အကျယ်ကြီး ရယ်လိုက်ကြပြန်သည်။ သခင်မလေးသည်ပင် ပြုံးယောင်ယောင်ဖြစ်သွားကာ 


“ လိအိမောင် ရော မရှိဘူးလား ” 


လီယာမောက်က အံ့ဩသွားပြီး 


“ သခင်မလေးက စိတ်ဖတ်တဲ့သူများလားဗျာ ကျွန်တော်တို့ ညီမလေးနာမည်က တကယ်ပဲ လိအိမောင် ဗျ” 


လင်းပေါင်ချန်က လင်ရှုကို ကြည့်လိုက်ပြန်သည်။ ထိုအခါ လင်ရှုက 


“ လင်ရှု ” 


“ရှင့်ရဲ့ နာမည်က စိတ်ဝင်စားဖို့ ကောင်းသားပဲ ဒီနာမည်မှာ အဓိပ္ပာယ်တစ်ခုခုများ ရှိနေသလား ” 


လင်ရှုက ပြန်ဖြေသည်။ 


“ မရှိဘူး ” 


စိတ်ရှုပ်သွားသော လင်းပေါင်ချန်က ပြောသည်။ 

4 02

“ ရှင်ကလေ တကယ်ကို ငြီးငွေ့စရာကောင်းတဲ့ လူ” 


လင်ရှုက ဘာမှ ပြန်မဖြေပေ။ 


သူ၏ အမည်တွင် အမှန်တကယ်ကို လေးနက်သော အဓိပ္ပာယ် ရှိပါသည်။ သို့သော် သူသည် ပါးစပ်တစ်ခါဖွင့်ရန် အလွန်ကို ပျင်းရိသော လူဖြစ်သောကြောင့် မဖြေချင်၍ မဖြေခဲ့ခြင်းသာ ဖြစ်သည်။ 


သခင်မလေးက တစ်ဖက်လှည့်သွားပြီး လျှောက်သွားလိုက်ရင်း 


“ သွားကြရအောင် ” 


မိန်းကလေးများအားလုံး သခင်မလေးနောက်သို့ အပြေးလေး လိုက်သွားကြသည်။ သူမတို့အားလုံးသည် အချင်းချင်း တတွတ်တွတ် စကားပြောနေကြရင်းမှ သူမတို့ သခင်မလေးကို သူမတို့အား မည်သို့ ရှာတွေ့ခဲ့ပုံကို မေးနေကြသည်။ 


“ နင်တို့ တအားကို စကားများတာပဲ နင်တို့အသံကို တစ်ခြားလူတစ်ယောက်ယောက်က ဆယ်မိုင်လောက် အကွာထဲက ကြားနေရလောက်တယ် ” 


မိန်းကလေးများက သူမကို လွယ်လွယ်နှင့် လွတ်ပေးရန် ဆန္ဒမရှိဘဲ ဆက်၍ မေးနေကြသည်။ 


သခင်မလေးက သူမတို့ကို ကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူမက လက်ကို မြှောက်လိုက်သည်။ ထိုအချိန်တွင် သူမ၏ လက်ဖျားထက်တွင် လိပ်ပြာလေးတစ်ကောင်ပေါ်လာပြီး မှင်ကဲ့သို့ နက်မှောင်နေသော အမှောင်ထုကို လင်းလက်သွားစေသည်။ တောက်ပသော  လိပ်ပြာလေးသည် လင်းပေါင်ချင်း၏ ပုခုံးထက်တွင် ခိုနားသွားသည်။ 


လင်းပေါင်ချင်းက ပြောသည်။ 


“ ဒါ ဇာမဏီလိပ်ပြာ မလား၊ ညီမတို့လည်း ဇာမဏီလိပ်ပြာသုံးပြီး သခင်မလေးကို ရှာဖို့တွေးမိသေးတယ် ဒါပေမဲ့ ဒီနေရာကြီးက တရားလွန်ကို မှောင်နေတာလေ၊ လိပ်ပြာက သခင်မလေးကို ရှာနိုင်ရင်တောင် ညီမတို့က လိပ်ပြာကို ရှာနိုင်မှာ မဟုတ်ဘူးလေ ”


“နားထောင်” 


သခင်မလေးက ပြောသည်။ 


“တကယ်လို့ နင်တို့တွေ လိပ်ပြာတောင်ပံခတ်သံကို မကြားနိုင်ဘူးဆိုရင် အိပ်မက်ခန်းမရဲ့ လက်နက်ပုန်း လွင့်မြောပွင့်ကြွေနဲ့ ရင်ဆိုင်ရရင် သွားအသေခံတာနဲ့ ဘာထူးတော့မလဲ ” 


လင်းပေါင်ချင်းက သေချာတွေးပြီး ပြောသည်။ 


“ ဟုတ်ကဲ့ ညီမတို့ ပိုပြီး လေ့ကျင့်ပါ့မယ် ”


လင်ရှုက လီယာမောက် စုတ်သတ်ပြီး သက်ပြင်းရှိုက်လိုက်သံကို ကြားလိုက်သည်။ လိပ်ပြာတစ်ကောင်၏ တောင်ပံခတ်သံကို ကြားနိုင်သည့် တစ်စုံတစ်ယောက် ရှိလိမ့်မည်ကို တစ်ခါမှ မတွေးခဲ့ဖူးးပေ။ 


အကယ်၍ တစ်ယောက်ယောက်ကသာ လိပ်ပြာတို့၏ တောင်ပံခတ်သံကို ကြားချင်သည်ဆိုပါက ထိုသူတို့သည် အလွန်ကို ပြင်းထန်သည့် လေ့ကျင့်ရေးများကို ငယ်စဉ်ကတည်းက ကာလကြာရှည်စွာ လေ့ကျင့်ကြရမည် ဖြစ်သည်။ ထို့အပြင် သာမန်လူသားများထက် ပို၍ ပြင်းပြသည့် စိတ်ရှည်သည်းခံနိုင်ခြင်းတို့ ရှိမှ ဖြစ်ပေမည်။ 


ထိုကဲ့သိုသော စိတ်ရှည်မှုနှင့် ကြိုးစားအားထုတ်မှုတို့ဖြင့်သာဆိုလျှင် သူမတို့၏ ကျင့်ကြံရေးနှင့် သိုင်းပညာတို့က သေချာပေါက် ထူးချွန်ကြမည်မှာ မလွဲဧကန်ဖြစ်သည်။ 


တစ်စုံတစ်ယောက်ကို တွေ့တွေ့ချင်း အရေဆုတ်ချင်သည့် သခင်မလေးကား တကယ့်ကို ထူးဆန်းပြီး ရှုပ်ထွေးလှသော သခင်မလေးသာ ဖြစ်သည်။ 


လင်ရှု သခင်မလေး မည်မျှ ရှုပ်ထွေးသည်ကို တွေးနေတုန်းမှာပင် လင်းပေါင်ချင်း၏ ရုတ်တရက်ဆန်သော အသံကို ကြားလိုက်ရသည်။ 


“သခင်မလေး ပြန်လာတာ ဘာလို့ အရမ်းကြာနေတာလဲ။ အလောင်းကောင်ဘုရင်က အရမ်းရက်စက်ကြမ်းတာလား? ” 


သခင်မလေးက ပြန်ဖြေသည်။ 


“ သတ်တာက လွယ်တယ်ဆိုပေမဲ့ အရှင်ဖမ်းဖို့ကျ ခက်သွားပြီ၊ အလောင်းကောင်ဘုရင်က အခုထိ အရိုင်းစိတ်ဝင်မသွားသေးဘဲ အသိစိတ် ရှိနေသေးတယ်၊ ငါ သူ့ကို ဖမ်းပြီးတော့ သူ့ကို မြို့အခြေအနေကို ပြောပြခိုင်းတာ၊ သူသာ မပူးပေါင်းရင် ဒီသခင်မလေးက သူ့အရိုးတွေကို ရေတွက်လိုက်တယ်လေ၊ အရိုးတစ်ချောင်းချင်းစီကို ချိုးပြီးရေတွက်တယ် ပထမဆုံးအနေနဲ့ သူ့ရဲ့ ဦးခေါင်းခွံကို စပြီးချေလိုက်တာ ....” 


လင်ရှု “......” 


‘သွေးအေးလိုက်တဲ့ မိန်းမ ’ 


ထိုစဉ်မိန်းကလေးများက ဆက်၍ မေးသံကို ကြားလိုက်သည်။ 

4 03

“ ဒါဆို သူက ပြောပြလား”


“ပြောတယ်” 


သခင်မလေးက သူမ၏ ဓားကို ခပ်ဖွဖွ ပွတ်သပ်ရင်း ပြောသည်။ 


“ယုံကွမ်းမင်းဆက် တစ်ဆယ့်လေးနှစ်မြောက်မှာ မင်ကျိုးမြို့ရဲ့ စစ်သေနာပတိ တုကူးချန်က သူ့ကိုယ်သူ မင်းအဖြစ် ကြေငြာခဲ့ပြီး ဘိသိတ်သွန်းခဲ့တယ်၊ ဒါပေမဲ့ နန်းတက်ပွဲက မအောင်မြင်ခဲ့ဘူး၊ ဧကရာဇ်က တိုင်းပြည်စစ်တပ်ကို စေလွှတ်ပြီး ပုန်ကန်မှုကို နှိမ်နှင်းခဲ့တယ်၊ တုကူးချန်ရဲ့ စစ်တပ်၊ အမှုထမ်းတွေနဲ့ မင်ကျိုးမြို့သူ မြို့သားတွေ၊ စာသင်သားတွေနဲ့ စစ်သည်တော်တွေ..... သူတို့အားလုံး အရှင်လတ်လတ် မြုပ်နှံခံလိုက်ရတယ်” 


မိန်းကလေးများက အံ့ဩထိတ်လန့်စွာ ပင့်သပ်ရှိုက်လိုက်ကြသည်။ 


“အားးး” 


သခင်မလေးက ဆက်ပြောသည်။ 


“မတရား သေဆုံးသွားရလို့ နာကျည်းမုန်းတီးနေတဲ့ ဝိဉာဉ်တွေက နောက်တော့ ကြောက်စရာကောင်းတဲ့ တစ္ဆေတွေဖြစ်လာပြီး မြို့ကို စောင့်ကြပ်ခဲ့တယ် အဲဒါနဲ့ပဲ မင်ကျိုးမြို့က တစ္ဆေမြို့တော်ဖြစ်လာတော့တာပဲ” 


လင်းပေါင်ချန်က တုန်ယင်နေသော အသံဖြင့် 


“ဒါ ဒါဆို...... ကျွန်မတို့ ဒါကို ဆရာ့ကို သတင်းပို့သင့်လား ” 


သခင်မလေးကပြောသည်။ 


“တိုင်းပြည်မဏ္ဍိုင် ဧကရာဇ်ရဲ့ စစ်တပ်တောင် မနှိမ်နှင်း မဖြေရှင်းနိုင်တာ တို့တွေရဲ့ ဂိုဏ်းက ဒီကိစ္စကို ကိုင်တွယ်ဖို့က ပိုလို့တောင် မဖြစ်နိုင်သေးတယ် ” 


“ဟုတ်တာပဲ......” 


လင်းပေါင်ချင်းက ငြိမ်ငြိမ်လေးရပ်နေရင်း 


“ဒါဆို ကျွန်မတို့ အဲဒီကို သွားဦးမှာလား” 


“တို့ကတော့ စစ်သေနာပတိတုကူး ဆီကို သွားလည်ဖို့ စဉ်းစားထားတယ် ဘယ်လိုပဲပြောပြော သူက ပုန်ကန်မှုရဲ့ ဦးဆောင်သူပဲလေ၊ သူဆိုရင်တော့ တစ်ခုခုကို သိနိုင်လောက်မှာပါ ” 


သခင်မလေးက ပြောပြီး ဆက်သွားသည်။ ဇာမဏီနန်းမြင့်မှ ဂိုဏ်းသားများသည်လည်း သူမတို့၏ သခင်မလေးနောက်သို့ ယုံကြည်စွာ ဆက်လိုက်သွားသည်။ လင်ရှုကတော့ ဂရုမစိုက်သော်လည်း လီကျီမောက်နှင့် လီယာမောက်တို့ကတော့ ကြောက်လွန်း၍ တုန်ပင်တုန်နေပြီ ဖြစ်သည်။ တစ်ယောက်က ခေါင်းငုံ့၍ အသံတိုးတိုးဖြင့် လင်ရှုကို မေးသည်။ 


“ငါတို့ ဘာလုပ်ကြမလဲ” 


လင်ရှုက ဘေးသို့တိုးသွားပြီး သူနှင့် အကွာအဝေးတစ်ခုခြားသွားအောင် လျှောက်လိုက်သည်။ ထို့နောက် အမူအယာကင်းမဲ့စွာဖြင့် 


“လိုက်” 


လီကျီမောက်က ပြောသည်။ 


“ဒါပေမဲ့ အဲနေရာက တစ္ဆေမြို့တော်တဲ့ကွ” 


လင်ရှု “ဒါဆိုလည်း ပြန်” 


လီကျီမောက် “........” 


ပြန်သည်ဆိုသည့်စကားက စကားသာဖြစ်ပြီး မည်သူကမှ မပြန်နိုင် မပြန်ရဲ။ ဤသခင်မလေး၏ တကယ့်ရည်ရွယ်ချက်ကို သူတို့ မသိလျှင်တောင်မှ သူတို့တွင် သူမနောက်လိုက်ရုံမှလွဲ၍ အခြားသော ရွေးချယ်စရာမရှိပေ။ 


လမ်းတလျှောက်တွင် သူတို့ကို တိုက်ခိုက်လာသော အဆင့်နိမ့်အလောင်းကောင်များကို သတ်ဖြတ်၍ ရှေ့ဆက်ကြရသည်။ နှစ်ရှီချန်လောက် လျှောက်ပြီးနောက်တွင် သူတို့အားလုံး မင်ကျိုးမြို့တံခါးရှေ့သို့ ရောက်လာပြီ ဖြစ်သည်။ 


လင်ရှု၏ အားနည်းလှသော ခန္ဓာကိုယ်သည် သည်းခံနိုင်သမျှ အဆုံးစွန်ထိ သည်းညည်းခံထားပြီးဖြစ်ကာ လဲကျလုနီးနီးပင် ဖြစ်နေပြီဖြစ်သည်။ သူသည် နှစ်လှမ်းလောက်လျှောက်ပြီးတိုင်း အသက်ကို ပြင်းပြင်းရှူနေရပြီး မတ်မတ် ရပ်နေနိုင်ရန်အတွက်ပင် ကိုယ့်ကိုယ်ကို ဖိအားပေးပြီး စိတ်ဆောင်နေ၍ အဆင်ပြေနေခြင်းပင် ဖြစ်သည်။ သူ၏ ဤသို့ ခိုင်မာလှသော စိတ်ထားနှင့် အပြုအမူက သခင်မလေးကို ဤကောင်ငယ်လေးအား ခဏခဏ ကြည့်မိစေသည့် အကြောင်းပြချက်များ ဖြစ်လာသည်။ 


သူမက လက်မြှောက်လိုက်ပြီး မြို့တံခါးကို ခေါက်လိုက်သည်။ ဤ ထူလွန်း မြင့်လွန်းလှသည့် မြို့တံခါးကြီးမှ ခပ်အုပ်အုပ် တံခါးခေါက်သံထွက်လာစေရန် သူမ စိတ်ဝိဉာဉ်စွမ်းအား သုံးလိုက်ကြောင်း သံသယရှိစရာမလိုပေ။ 

4 04

စက္ကန့်ပိုင်းလောက် ကြာပြီးနောက် သခင်မလေးသည် ကြည်လင်သည့် အသံဖြင့် စကားပြောလိုက်သည်။ 


“လျန်ကျိုုးက လင်းဖုန်ရှောင်းက စစ်သေနာပတိတုကူးကို တွေ့ခွင့်တောင်းပါတယ်” 


‘ဒီတော့ ဒီသခင်မလေးရဲ့ နာမည်က လင်းဖုန်ရှောင်း ပေါ့လေ။ ဒီလို နာမည်လှလှ ရှိမယ်လို့ ထင်မထားဘူး ’ 


အချိန်ခဏကြာပြီးနောက် အတွင်းဘက်မှ စူးရှအက်ကွဲနေသော အံတစ်သံ ပေါ်ထွက်လာသည်။ 


“မင်ကျိုးမြို့က လောကကြီးထဲကနေ ခွဲထွက်လာတာ ကြာခဲ့ပါပြီ အပြင်လူတွေကို လက်ခံတွေ့ဆုံ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး၊ မမလေးက ဘာများအလိုရှိလို့ပါလဲ” 


လင်းဖုန်ရှောင်းက ပြောသည်။ 


“ လူတစ်ယောက်ကို ရှာချင်လို့ပါ ” 


“ဘယ်သူလဲ” 


“ရှေးလူကြီးတွေရဲ့ ဆုံးမစကားတွေအတိုင်း ကြက်တစ်ကောင်နဲ့ လက်ထပ်ခဲ့ရင် ကြက်နောက် လိုက်ရမယ်၊ ခွေးတစ်ကောင်နှင့် လက်ထပ်ခဲ့ရင် ခွေးနောက်လိုက်ရမယ် ဆိုတော့ တစ္ဆေတစ်ကောင်နဲ့ လက်ထပ်မိခဲ့ရင် တစ္ဆေနောက် လိုက်ရမှာ သဘာဝပါပဲ” 


လင်းဖုန်ရှောင်းက ခံစားချက်စိုးစဉ်းမှ မရှိသော အသံနှင့်ပြောသည်။ 


“ကျွန်မရဲ့ တော်ဝင်လှတဲ့ စေ့စပ်ထားသူက မင်ကျိုးမြို့က ဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့ လက်ထပ်ပွဲက နီးသည်ထက် နီးကပ်လာပြီဆိုပေမဲ့ သူ့ဆီက စာမလာသတင်းမကြား ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ကျွန်မက သင်တို့ရဲ့ ဂုဏ်သရေရှိလှတဲ့ မြို့တော်ဆီကို ကိုယ်တိုင်ကိုယ်ကျ လာရှာရုံကလွဲရင် ရွေးစရာမရှိခဲ့တာပါ ” 


“ မိန်းကလေး ကျေးဇူးပြုလို့ ခဏလောက်စောင့်ပေးပါ ”


တစ်ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် အသံကို ထပ်ကြားလိုက်ရပြန်သည်။ 


“စစ်သူကြီးက ပြောလိုက်ပါတယ် တကယ်လို့ ဒီမြို့တော်ထဲမှာသာ အဲဒီလို တစ္ဆေမျိုးရှိတယ်ဆိုရင် မိန်းကလေး မင်ကျိုးမြို့ကို လက်ထပ်ပြီး ဝင်ရောက်ဖို့က တားစရာအကြောင်း မရှိပါဘူးတဲ့၊ မိန်းကလေးရဲ့ ခင်ပွန်းဖြစ်သူရဲ့ နာမည်နဲ့ မွေးနေ့ကို ကျွန်တော့်ကို ပြောပြပေးနိုင်မလား သိပါရစေ” 


လင်းဖုန်ရှောင်း “ အဲတာတွေ တစ်ခုမှ မသိဘူး” 


လင်ရှုသည် တံခါးအတွင်း တစ်ဖက်ခြမ်းမှ တစ္ဆေမြို့စောင့်၏ ဆွံ့အသွားမည့် ခံစားချက်ကို နားလည်နိုင်သည်ဟု ခံစားရသည်။ 


တစ်ခဏလောက်ကြာပြီးနောက် တစ္ဆေမြို့စောင့်က နောက်ဆုံးတွင် ဆက်၍ စကားပြောလာသည်။ 


“ဒါဆို မိန်းကလေး ဘာများ သိတာရှိပါသလဲ။ တွေဝေမနေပဲ ပြောသာ ပြောထုတ်လိုက်ပါ” 


လင်းဖုန်ရှောင်း “........” 


အကြာကြီး တိတ်ဆိတ်နေပြီးနောက်ဆုံးတွင် သူမက ပြောလာသည်။ 


“ ဆယ့်ခြောက်နှစ်အောက်လောက် မိန်းကလေး ဒါမှမဟုတ် ယောက်ျားလေး ” 


တစ္ဆေမြို့စောင့်က အံ့ဩလွန်း၍ နဂိုက အက်ကွဲနေပြီး ဖြစ်သော အသံက ပို၍ စူးရှသွားကာ 


“ မိန်းကလေးက အဲဒီသူ ယောက်ျားလား မိန်းမလားဆိုတာတောင် မသိဘူးပေါ့ ” 


လင်းဖုန်ရှောင်းက တည်ကြည်စွာ ပြန်ဖြေသည်။ 


“တစ်ခါတလေ အငြှိုးအတေးဝိဉာဉ်တွေကို လိင်နဲ့ ခွဲခြားမပြောနိုင်ဘူးလို့ သိထားပါတယ်၊ ကျွန်မက သင်လူမှားပြီး ရှာမိမှာကိုပဲ စိုးရိမ်မိတာပါ ” 


တစ္ဆေမြို့စောင့်က ပြောသည်။ 


“ ကျွန်တော် ဒီက မိန်းကလေးကို မလှည့်စားပါဘူး၊ တကယ်လို့ မိန်းကလေးရဲ့ ခင်ပွန်းကသာ တစ်ဆယ့်ခြောက်နှစ်အောက်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူက ကလေးပဲ ရှိဦးမှာပါ၊ ဒါဆို သူ့ဝိဉာဉ်ကလည်း အားနည်းတဲ့ ဝိဉာဉ်ပဲ ဖြစ်မှာ၊ ဒီလိုမျိုးဆိုရင် သူက တစ္ဆေဖြစ်မလာနိုင်ပါဘူး၊ သူ သက်ရှိလောကမှာ ရှိမနေတော့လောက်ပါဘူး မိန်းကလေး” 


လင်းဖုန်ရှောင်းက ပြောသည်။ 


“ဒါဆို သူ့ဆရာကို ရှာပေးပါ။ ထာဝရှင်သန်သူ ဆရာသခင် တောက်ယွမ်ကျွင်းလို့ ခေါ်ပါတယ် ” 


တစ္ဆေမြို့စောင့်က ပြောသည်။ 


“ထာဝရရှင်သန်ခြင်း ကျင့်စဉ်ကို ကျင့်ကြံသူတွေက အမြဲတမ်း အေးစက်ပြီး တသီးတသန့် နေကြတယ်၊ သူတို့ဆီမှာ လုံလောက်တဲ့ အငြှိုးအတေးနဲ့ မုန်းတီးခြင်း စွမ်းအင်တွေ မရှိတာကြောင့် သူတို့က ဘယ်လိုမှ တစ္ဆေသရဲ ဖြစ်မလာနိုင်ပါဘူး။ မိန်းကလေး ကျေးဇူးပြုပြီး ဖြစ်လာတဲ့ ဒီကံကြမ္မာကိုသာ လက်ခံလိုက်ဖို့ အကြံပေးချင်ပါတယ် ” 

4 05

လီယာမောက်က သက်ပြင်းချလိုက်ပြီး လီကျီမောက်ကို တိုးတိုးလေး ပြောသည်။ 


“အိုင်း ဒီလို တစ်မိုးအောက် ပြိုင်ဘက်ကင်းတဲ့ အလှလေးတောင်မှပဲ ဒီနေ့ပြီးသွားတာနဲ့ အလှဆုံး မုဆိုးမလေး ဖြစ်သွားတော့မှာပဲ၊ သေချာတာက သူက မိုးအောက်မြေပြင် တစ်ခွင်လုံးရဲ့ နံပါတ်တစ်ဖြစ်နေရင်တောင် နောက်ဆုံးကျတော့ “နံပါတ်တစ် မုဆိုးမလေး” ဖြစ်သွားရော ဒါကြီးက နားထောင်မကောင်းလိုက်တာကွာ ” 


လင်းဖုန်ရှောင်းက သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ အကြည့်များက အေးခဲစူးရှနေသည်မှာ သူ့ကို ငုံးတစ်ကောင်လို ကြောက်ပြီး ကြုံ့သွားစေသည်။ 


လင်းဖုန်ရှောင်းသည် တစ်ဖက်သို့ ပြန်လှည့်ပြီး တစ္ဆေမြို့စောင့်နှင့် စကားဆက်ပြောသည်။ 


“ဒီလိုဆိုမှတော့ ကျွန်မကို သွားခွင့်ပြုပါဦး၊ ဒါပေမဲ့ စစ်သေနာပတိ တုကူးကို ဒီစကားလေး ပါးပေးဖို့ တောင်းဆိုချင်ပါတယ် ” 


တစ္ဆေမြို့စောင့်က ပြောသည်။ 


“ ကျေးဇူးပြုပြီး ပြောပါ” 


“ကျွန်မတို့ တိုင်းပြည်က အခု မြောက်ဘက်ရှပြည်နဲ့ စစ်ဖြစ်နေပါတယ်။ တကယ်လို့ စစ်သေနာပတိများ အမှောင်ထုကို ငြီးငွေ့လာလို့ အလင်းရောင်ကို ပြန်လည်ရှာဖွေချင်တယ်ဆိုရင် ကျွန်မတို့ တိုင်းပြည်အတွက် ရန်သူတွေကို ချေမှုန်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ” 


တစ္ဆေမြို့စောင့်က နာကျည်းစွာ ရယ်မောလိုက်သည်။ 


“တိုင်းပြည်ဘက်ကို ကျုပ်တို့ မင်ကျိုးမြို့ကို တစ်ချက်မှ မငဲ့ကွက်ဘဲ အမိန့်ချခဲ့တာ၊ ကျုပ်တို့က မင်းဆက် မပြောင်းမချင်း တောင်ဘက်ရှကို စစ်သားတစ်ယောက်တလေမှတောင် ကူလိမ့်မှာ မဟုတ်ဘူး မိန်းကလေး ဘာမှမလုပ်ဘဲ ဒီတိုင်း လှည့်ပြန်သွားတာက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုဆိုတာ အကြံပေးပါရစေ ”


လင်းဖုန်ရှောင်းက အတင်းအကြပ် မတိုက်တွန်းနေတော့ဘဲ ထပ်မေးသည်။ 


“ အဲဒီ လူနှစ်ယောက် တကယ်ဘဲ မြို့ထဲမှာ မရှိနေတာ သေချာပါတယ်နော် ” 


“လုံးဝ မရှိတာ သေချာပါတယ် ” 


တစ္ဆေမြို့စောင့်၏ အသံက တည်ကြည်ပြီး ရိုးသားသည်။ 


မည်သူ ကြည့်ကြည့် သခင်မလေး အလွန်ကို ဒေါသထွက်နေသည်ကို မြင်နိုင်ပေသည်။ 


ဇာမဏီနန်းမြင့်၏ ဂိုဏ်းသားများကြားတွင် အငယ်ဆုံးဖြစ်သည့် လင်းပေါင်ကျင်းက စပြီး ငိုတော့သည်။ 


‘ဘာမှ လုပ်လို့ မရတော့ဘူး ငြင်းလို့တောင် မရဘူး သခင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်တောင် မထပ်ရသေးဘဲ မုဆိုးမ ဖြစ်သွားပြီ ’ 


သူတို့ ပြန်သွားတော့မည်ကို မြင်သည်နှင့် လီကျီမောက် တုန်ယင်လာပြီး 


“ငါတို့ ရွာလေး...... ” 


တစ်ဂိုဏ်းလုံးတွင် အကြင်နာတတ်ဆုံး လင်းပေါင်ချန်က လင်းဖုန်ရှောင်းကို ပြောပေးသည်။ 


“သခင်လေး ကျွန်မတို့ သူတို့ကို မြို့ထဲက ခေါ်ထုတ်သွားပေးကြရင်ရော ” 


စိတ်အခြေအနေမကောင်းသော လင်းဖုန်ရှောင်း၏ ဒေါသသည် မုန်ယိုနေသည့် သားရဲကြီးလိုပင်၊ သူမသည် လင်ရှုနှင့် အခြားရွာသား နှစ်ယောက်ကို ကြည့်လိုက်ပြီး ဒေါသသံစွက်နေသော အသံဖြင့် ပြောလိုက်သည်။ 


“ သူတို့လား။ သူတို့ကတော့ ငရဲကို ငါကိုယ်တိုင် လမ်းပြပေးလိုက်မယ် ” 


တစ်ခဏကြာပြီးနောက် သူမက ပြန်ပြောသည်။ 


“ ရွာသားတွေကို နင်အန်းကို ပို့လိုက် ပြီးရင် သူတို့ကို နေစရာတစ်ခုခုပါ စီစဉ်ပေးလိုက် ” 


မိန်းကလေးများက တည်ကြည်စွာ ပြန်ဖြေလိုက်ကြပြီး ခရီးထွက်ရန် ပြင်ကြသည်။ သူတို့ လမ်းလျှောက်နေရင်းနှင့်ပင် ခပ်တိုးတိုး ကျိန်ဆဲနေကြသေးသည်။ 


“အဲဒီ သောက်ကျိုးနည်းကောင်က တကယ်ကြီး သေပြီတဲ့!”

******