အပိုင်း ( ၅၁ ) ကောင်းကင်ဘုံလှေကား
ဟမ်းစတားလေး၏ ယာယီသခင်မှာ တော်တော်ကို ဆက်ဆံရခက်မည်ဟု ထင်ရသည်။ သစ်သီးဖျော်ရည်ထက် မပိုသော ဤဝိုင်ကို တစ်ငုံလောက်သောာက်ရုံလေးနှင့် သူ့ကို အပြစ်ပေးမည့်ပုံ ပေါ်နေသည်။ နောင်တွင် သူကတော့ ကျိုးကျိုုးနွံနွံနှင့် နာခံတတ်သော အပြုအမူဖြင့် နေမည်ဟု လင်ရှု တိတ်တိတ်လေး တွေးလိုက်သည်။
လင်ရှု တွေးနေတုန်းမှာပင် လင်းရှောင်သည် စားပွဲပေါ်မှ လက်ဖက်ရည်ကရားကို ယူလိုက်ပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
လင်ရှုသည် ကြက်တစ်ကောင်လို တိတ်ဆိတ်စွာဖြင့် လက်ဖက်ရည်ကို သောက်လိုက်သည်။
လင်းရှောင်က ပြောသည်။
“တကယ်ကို အလျင်းသင့်သွားတာပဲ။ ကျွန်တော်လည်း ဟွမ်သန်းတောင်ကို သွာားချင်နေတာ။ ဒါဆို ကျွန်တော် ခင်များကို ဂရုစိုက်လို့ရသွားပြီ၊ စကားမစပ် ကျွန်တော့်ကို ဝမ်းကွဲလို့ပဲ ခေါ်ပါ”
လင်ရှု “ဝမ်းကွဲ”
ယွဲ့ရို့ဟယ်က ထိုအချိန်တွင် အသက်ရှူကျပ်လာသမျိုး သူ၏ လည်ပင်းကို ကိုင်၍ အဆက်မပြတ် ချောင်းဆိုးနေခဲ့သည်။ ချောင်းဆိုး ရပ်သွားချိန်တွင် လင်းရှောင်ကို စကားလှမ်းပြောလိုက်သည်။
“လင်းရှုံး ကျွန်တော်ကြားတာတော့ အစ်ကိုက ချင်းကျန်းသခင်ရဲ့ “စင်ကြယ်ခြင်းဓား” ကို ဆက်ခံနိုင်ခဲ့တယ်ဆိုပဲ”
လင်းရှောင်က ပြုံး၍ပြောလိုက်သည်။
“အဟုတ်ပဲဗျာ ကျွန်တော် အခုတလော တိမ်တောင်ဓားနန်းတော်မှာ ကျင့်ကြံနေခဲ့တာလေ”
ယွဲ့ရို့ဟယ်က ပြောသည်။
“တိမ်တောင်ဓားနန်းတော်ရဲ့ ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီဗျာ”
လင်းရှောင်က ပြောသည်။
“မခံယူဝံ့ပါဘူး”
လင်ရှုသည် သူ့ရှေ့မှ လူကို ကြည့်ရင်း ဤလူသည် ချောမောသည်ဟု တွေးနေမိသည်။ သူ၏ မျက်ခုံးများက လူငယ်တစ်ယောက်၏ တက်ကြွမှုများကို ဖော်ကျူးနေကပြီး အပြုံးလေးကလည်း လေပြည်အေးလေးလို လရိပ်အေးလေးလို အေးချမ်းနေကာ လူတိုင်းကို အပြုံးလေးနှင့်ပင် နှစ်သိမ့်စေနိုင်သည်။ လင်းဖုန်းရှောင်၏ လှပသော မျက်နှာသွင်ပြင်ကို တွေးလိုက်မိချိန်တွင်တော့ မျိုးရိုးဗီဇ၏ စွမ်းအားဟူသော စကားလုံးက သူ့စိတ်ထဲ ထင်ထင်ရှားရှား ပေါ်လာသည်။
သို့သော် သူသည် မပုံးမကွယ်ဘဲ တိုက်ရိုက်ကြီး ငေးစိုက်ကြည့်နေခဲ့ရာ လင်းရှောင်က သူ့ကို လှည့်ကြည့်လာသည်။ လင်းရှောင်သည် သူ့ကို မျက်ခုံးပင့်၍ တောက်ပစွာ ပြုံးပြလေသည်။
လင်ရှု “----”
သူသည် ယွဲ့ရို့ဟယ်ကို စကားပြောချိန်တွင် အလွန်ကို ယဉ်ကျေးသိမ်မွေ့သော်လည်း လင်ရှုကို ကြည့်လိုက်ချိန်တွင်တော့ အမြဲတမ်း ခက်ခဲအောင်လုပ်ရန် အဆင်သင့်ဖြစ်နေပုံ ဖြစ်သည်။
သူက အလွန်ကို အားနည်းလွန်းနေသောကြောင့် သူ(လင်းရှောင်)၏ ဝမ်းကွဲနှင့် စေ့စပ်ထားခြင်းကို မကျေနပ်နိုင် ဖြစ်နေပုံရသည်။
သူတို့နှစ်ယောက် စကားပြောနေချိန်တွင် လင်ရှုသည်ကတော့ တစ်ယောက်တည်း စိတ်ထဲတွင် အတွေးများနေခဲ့သည်။ ထိုအချိန်တွင် လင်းရှောင်၏ ပုခုံးကို တစ်စုံတစ်ယောက် နောက်မှ ပုတ်လာသည်။
“တွေ့ရတာ ဝမ်းသာသကွ လင်းရှောင်ရေ”
ပေါ်လာသောလူသည် အနည်းငယ်(အနည်းငယ်မဟုတ်သော အနည်းငယ်) ထွားကြိုင်းပြီး သူ့နောက်တွင် လူနှစ်ယောက်သုံးယောက် လိုက်လာသေးသည်။ ထိုသူသည် တောက်ပစွာ ပြုံးလိုက်ပြီး
“မင်းငါတို့ကို လမ်းတစ်ဝက်မှာတင် ထားသွားတာလေ။ ငါကတော့ မင်း မလိုက်ချင်တော့လို့ ထွက်ပြေးသွားတယ်ပေါ့၊ တည်းခိုခန်းမှာ အရင်ကြိုစောင့်နေမယ်လို့ ထင်ကိုမထားဘူး”
လင်းရှောင်က ပြောသည်။
“တကယ်ကို အရေးပေါ် ဖြစ်သွားလို့ပါဗျာ။ စီနီယာအစ်ကိုကြီး ခွင့်လွှတ်ပေးပါဦး”
“အရေးပေါ်လား”
စီနီယာအစ်ကိုကြီးဆိုသူက ပြောသည်။
“ယုံမနေဘူး။ ငါမင်းကို မတွေ့တာ ရက်နည်းနည်းတောင် ရှိသွားပြီ၊ မင်းက ရုတ်တရက်ကြီး အရမ်းကို ပျံတံ့တံ့နှံ့တန့်တန့် ဝတ်ထားတော့ ငါတောင် မမှတ်မိတော့မလို ဖြစ်သွားတယ်၊ မင်း ရည်းစားနဲ့ လာတွေ့တာမလား”
လင်းရှောင်က ရယ်သာ နေလိုက်တော့သည်။
စီနီယာအစ်ကိုကြီးသည် ဆက်၍ မခြောက်ချင်တော့ပေ။ ထို့ကြောင့် လိုရင်းကိုသာ မေးလိုက်သည်။
“မင်း ဘယ်လိုလုပ်မှာလဲ။ ငါတို့နဲ့ လိုက်မှာလား”
လင်းရှောင်က ပြောသည်။
“ကျွန်တော့်ဝမ်းကွဲက တာဝန်တစ်ခု ပေးသွားတယ်ဗျ။ လောလောဆယ်တော့ အစ်ကိုတို့နောက် မလိုက်နိုင်သေးလောက်ပါဘူး”
အစ်ကိုကြီးက သူ့ကို အထက်အောက်ကြည့်လိုက်ပြီး သူ့ခါးမှ ဓားကို မြင်လိုက်ချိန်တွင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
“ဒါ ‘ပြန်လမ်းမဲ့ဓား’ မလား၊ ဘုရားရေ အကြီးဆုံးသခင်မလေးက တကယ်ကို ရက်ရောတာပဲ ”
လင်းရှောင်က ပြောသည်။
“အမြဲတမ်း ဒီလိုပဲလေ”
“ဒါ ကောင်းတဲ့ကိစ္စပဲ ”
အစ်ကိုကြီးက ပြောသည်။
“မင်းကိုယ်မင်း သေချာဂရုစိုက်”
လင်းရှောင်ကပြောသည်။
“စိတ်ချပါ”
သူတို့၏ စကားများကို နားထောင်ပြီး လင်ရှု စိတ်ထဲ ထိသွားသည်။ သခင်မလေးသည် သူ့ကို စောင့်ရှောက်ပေးရန် သူမ၏ ဝမ်းကွဲကို တကူးတက ခေါ်၍ စေခိုင်းခဲ့သည်။ သူမကို အနာဂတ်တွင် ပြန်ပေးဆပ်ရမည်ဟု စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ပျင်းနေခဲ့သောကြောင့် ပိုင်ရှောင်ရှန်း ရေးသားထားသော နာမည်ကျော် လက်နက်များအကြောင်းဖြစ်သည့် လက်နက်လမ်းညွှန်ကို ဖတ်ခဲ့သည်။ ထိုစာအုပ်ထဲတွင် ကမ္ဘာကျော် လက်နက်များအကြောင်း အတော်လေး ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။
သခင်မလေး၏ “သောကသံသရာ” ဓား နှင့် ယခု လင်းရှောင် ကိုင်ထားသော “ပြန်လမ်းမဲ့ဓား” တို့သည်လည်း ထိုမှတ်တမ်းထဲတွင် ပါဝင်သည်။ ထို့အပြင် ရှောင်ရှောက်၏ လက်ထဲတွင် တွေ့ခဲ့သော ဓားမှာလည်း နတ်ဆိုးဓား ဖြစ်သော “နောင်တမဲ့ဓား” ဖြစ်နေသေးသည်။ ဤနည်းဖြင့် သေးသေးငယ်ငယ် ဟမ်းစတားလေးသည် ကမ္ဘာကြီးကို မြင်ဖူးလေပြီဟု ဆိုနိုင်သည်။
လင်းရှောင်၏ ဆရာတူအစ်ကိုကြီးနှင့် အခြားသူများသည် သူတို့နှင့် မနီးမဝေးမှ စားပွဲတစ်ဝိုင်းတွင် သွားထိုင်ခဲ့သည်။ ထိုအချိန်တွင် တည်းခိုခန်းမှ ခန်းမကျယ်ကြီးကား ပြည့်လုနီးနီး ဖြစ်နေပြီဖြစ်သည်။ လင်ရှုမှလွဲ၍ ဤနေရာသို့ ရောက်လာသူတိုင်းသည် ငယ်ရွယ်ပြီး ကျင့်ကြံခြင်းတွင် ပါရမီရှိကြသည့် ပါရမီရှင်များသာ ဖြစ်သည်။ အနီရောင်ဝတ်ထားကြသော ဇာမဏီနန်းမြင့်မှ မိန်းကလေးတစ်စုကိုလည်း ဤခန်းမ တစ်နေရာတွင် တွေ့ရသည်။ လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး မိတ်ဆက်နေကြသည်။ တက်ကြွသော လေထုက ခန်းမထဲတွင် လွှမ်းမိုးနေကာ “မင်းကို တွေ့ချင်နေတာ အရမ်းကို ကြာနေပြီ”၊ “မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး”၊ “ဘလာဘလာဘလာ” တို့ဖြင့် အရည်မရအဖတ်မရများ ပြောနေကြသည်။
လက်ဖက်ရည်သောက်ပြီး တစ်နာရီကျော်ကြာအောင် စကားစမြည် ပြောနေကြပြီးချိန်တွင် ရုတ်တရက် အဝေးတစ်နေရာမှ တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ကောင်းကင်နှင့် မြေပြင်တစ်ခွင်တွင် ရှိနေခဲ့သော တက်ကြွဆူညံမှုများ အားလုံး ဆိတ်ငြိမ်သွားသည်။
ဆရာသခင်ဖုန်းလေ့သည် ကျောင်းတော်၏ တပည့်များကို ကြည့်လိုက်ပြီး
“ကောင်းကင်ဘုံဂိတ်ဝ ဖွင့်ပြီ သွားကြစို့”
တပည့်များသည် ကိုယ်ဖော့သိုင်းကို သုံး၍ တည်းခိုခန်းမှ အလင်းတန်းရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်။
လင်းရှောင်က သိမ်မွေ့စွာ ပြောသည်။
“တစ်ဆိတ်လောက်”
ထို့နောက် သူသည် လင်ရှုကို လက်တစ်ဖက်တည်းဖြင့် ခါးမှ ဆွဲမလိုက်ကာ ပျံသန်းသွားသည်။ တက်လိုက်ကျလိုက် ခဏခဏ ဖြစ်ပြီးနောက် ကြီးမြတ်လှသော ကောင်းကင်ဘုံဂိတ်ဝ သို့ရောက်သွားခဲ့သည်။
သို့သော် ဤတစ်ကြိမ် ကောင်းကင်ဘုံဂိတ်သို့ ဝင်မည့် နောက်ဆုံးဆယ်ယောက်သည် ထာဝရရှင်သန်သူတို့ရွာ တည်းခိုခန်းတွင် တစ်ခါမှ မမြင်ဖူးကြသူများဖြစ်ပြီး သူတို့၏ ကောင်းကင်ဂိတ် သို့ ဝင်ရန် သုံးသည့် နည်းလမ်းသည် အလွန်ကို ထူးချွန်လှသည်။
သူတို့အားလုံးသည် အဖြူရောင်အဝတ်အစားများဝတ်ဆင်ထားပြီး ကိုယ်စီ ဓားရှည်တစ်လက် ကိုင်ဆောင်ထားကြသည်။ ပထမဆုံးတစ်ယောက်သည် ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်ကာ လေထုကို အလျားလိုက် ပိုင်းချလိုက်သည်။ ထိုအချိန်တွင် သုံးချီရှည်သော ဓားဝိဉာဉ် ထွက်ပေါ်လာခဲ့သည်။ ထိုဓားချက်သည် ကောင်းကင်ဘုံဂိတ်ဝကို ပြတ်တောက်သွားစေပြီး လေဟာနယ်တွင် သူတို့အားလုံး ဝင်သွားနိုင်လောက်သော အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
သူတို့ ဝင်သွားပြီးသည်နှင့် ကျန်နေသာ လူများသည် ကောင်းကင်ဘုံဂိတ်ထဲသို့ ဝင်ရန် လက်မှတ်ဖြစ်သော ကျောက်စိမ်းပြားတို့ကို ထုတ်ယူလိုက်ပြီး ကောင်းကင်ဂိတ်အတွင်း လျှောက်သွားလိုက်ကြသည်။
“သူတို့က ဓားခန်းဆောင်က တပည့်တွေလေ”
လင်းရှောင်က သူ့ကို ရှင်းပြသည်။
“ကောင်းကင်ဘုံဂိတ် ဖွင့်တဲ့အချိန်မှပဲ သူတို့ ဓားခန်းဆောင်က တပည့်တွေက တောင်အောက်ဆင်းတာ ပြီးရင် သူတို့က ‘ဝမ်ကျန်းမိကျင်း(အကန့်အသတ်မဲ့ဝင်္ကပါ)’ ထဲမှာ သူတို့ရဲ့ စိတ်နှလုံးကို မွမ်းမံဖို့ သွားကြမှာလေ၊ ဟွမ်သန်းတောင်မှာ အင်ပါယာရီရဲ့ အမှတ်အသားတစ်ခု ရှိတယ်၊ ဒါကြောင့် သူတို့တွေက ကောင်းကင်ဂိတ်ကို ဝင်ဖို့ လက်မှတ်မလိုဘဲ ဓားဝိဉာဉ်ကို ထုတ်ပြလိုက်ရုံနဲ့ ဝင်လို့ရတာ”
လင်ရှုက ခေါင်းညိတ်လိုက်ပြီး အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသော တပည့်များ တဖြည်းဖြည်းနှင့် အဖြူရောင် မြူပင်လယ်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။
ဤခေတ်ကို ရောက်လာပြီးနောက်တွင် သူသည် အိမ်လွမ်းသော ဝေဒနာကို ရံဖန်ရံခါ ခံစားရသည်။ တောင်ပေါ်တွင် ကျင့်ကြံရင်း ကျောင်းဟောင်းနှင့် သူ၏ ကွယ်လွန်သွားပြီဖြစ်သော ဆရာနှင့် ဂိုဏ်းကို လွမ်းသည်။ အတိုချုပ်ပြောရလျှင် သူ၏ အတွေးများ အရာအားလုံးသည် ကျောင်းနှင့် ဆက်စပ်နေခဲ့သည်။ ဓားခန်းဆောင်သည် ဟိုးယခင်ကတည်းက တည်ရှိခဲ့သည်ဟု လင်းဖုန်းရှောင်က ပြောခဲ့ပြီး ယခုတွင် ဓားခန်းဆောင်မှ တပည့်များသည် ကောင်းကင်ဘုံဂိတ်ဝ ပွင့်လာသည့် အချိန်မှသာ တောင်အောက်ဆင်းသည်ဟု ပြောခဲ့သည်။ ဤကမ္ဘာကြီးမှ လွပ်လပ်စွာ ခွဲထွက်ပြီး တာအိုကို ရှာဖွေသော ရည်ရွယ်ချက်သည် သူငယ်စဉ်က ဆရာဖြစ်သူ ပြောခဲ့သော ဂိုဏ်း၏ ရှေးရိုးအစဉ်အလာ ရည်ညွှန်းချက်နှင့် တူနေသည်။ ထိုခန်းဆောင်က သူ၏ ဂိုဏ်း(ကျောင်းတော်) ဖြစ်နေသည်မှာ သံသယမရှိနိုင်ပေ။
သို့သော် ယခုတွင်မူ သူသည် တောင်ခြေ၌ ဓားခန်းဆောင်မှ တပည့်တစ်ယောက်ကို မြင်ဖူးခဲ့ပြီဖြစ်သော်လည်း အနည်းငယ် ရှုပ်ထွေးနေကာ ရှေ့သို့ မတိုးသွားရဲခဲ့ပေ။ သူ့ကိုယ်သူ ရှက်နေသည်လား မဝံ့ရဲသည်လား မသဲကွဲပေ။ ယခုမှ သူ၏ မွေးရပ်မြေကို ပြန်တွေ့၍ ဝမ်းသာမိသလိုကြောင့်လား၊ သူသည် ဘာမှမဟုတ်သည့် သူတစ်ယောက်ဖြစ်နေ၍လား သို့မဟုတ် သူသည် “ဓားခန်းဆောင်တပည့်” ဟူသည့် စကားလုံးနှင့် မဆက်စပ်နိုင်၍လား မသဲကွဲသော ခံစားချက်များက သူ့ကို မြှုပ်နှံပစ်တော့လို လေးလံလာသည်။
‘နောက်တစ်နေ့ကို စောင့်လိုက်ရအောင်ပါ’
လင်းရှောင်က သူ့ကိုကြည့်၍ ပြောသည်။
“သွားစို့”
လင်ရှု “အန်”
ခမ်းနားသော ကောင်းကင်ဘုံဂိတ်ကို ဖြတ်သန်းပြီးနောက်တွင် တောင်ပေါ်သို့တက်ရန် ရှည်လျားသော အဖြူရောင် လှေကားရှည်ကြီးကို တွေ့လိုက်ရသည်။ မည်သည့်နေရာတွင် ဆုံးမည်မှန်း မသိအောင် ရှည်လျားလှကာ ၎င်းလှေကား၏ အဆုံးသတ်က မည်သည့်နေရာဖြစ်မည်မှန်း မခန့်မှန်းနိုင်ပေ။
ဖြည်းညင်းစွာ ရွေ့လျားပြိုကွဲနေသော အဖြူရောင် တိမ်စိုင်များမှအပ ဘေးတစ်ဖက်တစ်ချက်တွင် မည်သည့်မြင်ကွင်းမှ မရှိပေ။
ဤနေရာကား ဆရာမုန့် တစ်ချိန်က ပြောဖူးသည့် ကောင်းကင်ထိအောင် ရှည်လျားသည့် “ကောင်းကင်ဘုံလှေကားထစ်” ဖြစ်ပေလိမ့်မည်။ မဆုံးနိုင်သော လှေကားထစ်များကို မျှော်ကြည့်လိုက်လျှင် “ကိုးဆယ့်ကိုး”ထစ်သည် တကယ့်ကို အစမ်းဝင်ပြိုင်ခြင်းဟူသည့် နာမည်တွင်သာ ရှိပေလိမ့်မည်။
“ကောင်းကင်ဘုံဂိတ်တံခါးရဲ့ ပထမဆုံး ကိုးဆယ့်ကိုးထစ်က ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးတာ၊ နောက်တစ်ဆင့်ကိုကျ သေချာမသိဘူး။ ဒါပေမဲ့ အဲဒါက စိတ်ဆန္ဒကို စစ်ဆေးတာ၊ တပည့်တွေရဲ့ စာရိတ္တကို စစ်ဆေးဖို့အတွက် ကျောင်းတွေက အဲဒီအဆင့်ကို ဘယ်တော့မှ သေချာမရှင်းပြဘူး”
လင်းရှောင်က ပြောပြသည်။
လင်ရှသည် လှေကားထစ်များကို ကြည့်လိုက်ပြီး
“ငါ့မှာ ကျင့်ကြံခြင်းအခြေခံ မရှိဘူး”
“ကျွန်တော် သိတယ်။ ရှောင်းကျဲ ပြောတာ ခင်များ ချီပြိုကွဲသွားတယ်တဲ့”
လင်းရှောင်က ပြောသည်။
“ဟွမ်သန်းတောင်ရဲ့ စစ်ဆေးတာတွေ အတွက်က ကျင့်ကြံခြင်းက သိပ်အရေးမကြီးပါဘူး၊ ရွှေအမြုတေအဆင့်ကျင့်ကြံဆင့်နဲ့ အထက်တွေက ကိုးဆယ့်ကိုးထစ်ကို လုံးဝ ကျော်ဖြတ်နိုင်တယ်။ ကျွန်တော်နဲ့ဆို ခင်များ ဘာမှ စိတ်ပူနေစရာ မလိုဘူး။ အေးဆေးကျော်ဖြတ်နိုင်တယ်”
သူ၏ အသံသည် အလွန်ကို နားဝင်ချိုလှသည်။ ရှင်းလင်းပြတ်သားပြီး အသံတွင် သေချာမှုများနှင့် ပြည့်နှက်နေသည်။
အနီးနားမှ လူတိုင်းသည် လှေကားထစ်များကို ဆက်၍ တက်သွားသည်။ ပထမဆုံးတွင် သာမန်အရှိန်နှင့် သွားနိုင်သော ခြေလှမ်းနှင့် ဘာမှ သိပ်မထူးခြားသွားပေ။
လင်ရှု ပထမလှေကားထစ်သို့ ခြေချလိုက်ချိန်တွင် အရပ်ရှစ်မျက်နှာလုံးမှ ဖိအားတစ်ခုကို ခပ်ပျော့ပျော့ ခံစားလိုက်ရသည်။ ထို့နောက် ခြေတစ်လှမ်း တက်သွားတိုင်းတွင် ဖိအားက တစ်မှတ်စီ တိုးလာသလို နေရာတိုင်းမှ လွတ်လမ်းမရှိအောင် ဖိနှိပ်လာသည်။
လှေကားထစ်ဆယ်ထစ်မြှောက်တွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်က သူ့ကို ဆက်၍ အထောက်အပံ့မပေးနိုင်တော့ကာ သူ၏ အသက်ရှူသံတို့က စတင်ပြီး မတည်မငြိမ်ဖြစ်လာသည်။
လင်းရှောင်က မေးသည်။
“ခင်များ ဆက်လျှောက်နိုင်သေးရဲ့လား”
“ငါ ကြိုးစားနေတယ်”
“ကောင်းတယ်”
အကယ်၍ လူတို့သည် သူတို့ တစ်ခုခု လုပ်ချိန်တွင် အခက်အခဲတို့ ကြုံရချိန်တွင် အများစုသည် “ကောင်းကင်ပေါ်တက်ရသလိုကို ခက်ခဲတယ်” ဟု ပြောကြသည်။ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်မှာ ခက်ခဲလှသည်ဟု ပြောသော စကားစုသည် ယခု ဤလှေကားထစ်များကို ကောင်းကင်ဘုံလှေကားထစ်များဟု ခေါ်ဆိုသည်နှင့် ကိုက်ညီလွန်းသည်ဟု တွေးမိသည်။
လင်ရှု နောက်တစ်လှမ်း အတင်းလှမ်းကြည့်ချိန်တွင် နဖူးမှ ချွေးပြိုက်ပြိုက် ကျလာပြီး သူ၏ ခန္ဓာကိုယ်မှ အဆစ်များက တကျွိကျွိမြည်လာပြီး တစ်ကိုယ်လုံးကို အညှစ်ခံထားရသလို နာကျင်လာသည်။
နောက်တစ်ထစ်တွင် တစ်ကိုယ်လုံး အညှစ်ခံနေရသလို နာကျင်မှုမျိုးသာမဟုတ်ဘဲ အရိုးအသားပါမကျန်အောင် တိုက်ရိုက် အမှုန့်ခြေပစ်တော့မလို နာကျင်မှုမျိုး ခံစားလာရသည်။
သူ အတင်း အသက်ရှူနေရကာ ခန္ဓာကိုယ်ကလဲ အချိန်မရွေး ပစ်လဲသွားမလို ဖြစ်နေသည်။
လင်းရှောင်က သူ၏ ညာဘက်လက်မောင်းကို တွဲကိုင်ထားရင်း
“ကျွန်တော်ပဲ လုပ်လိုက်မယ် ဒီလိုနဲ့ ခင်များ ဒဏ်ရာ ရသွားတော့မယ်”
လင်ရှုက ခဏလောက် တွေးလိုက်ပြီး
“တစ်ထစ်လောက် ထပ်တက်လိုက်ဦးမယ်”
လင်းရှောင်
“တစ်ထစ်ပဲနော်”
လင်ရှု “အမ်”
ကောင်းကင်ဘုံလှေကားထစ်၏ ဖိအားကို သာမန် စိတ်ဝိဉာဉ်စွမ်းအားလောက်နှင့် တွန်းလှန်ဖို့ မဖြစ်နိုင်ပေ။ အလွန်ကို အင်အားကြီးပြီး ကျယ်ပြန့်ခိုင်မာသော စိတ်ဝိဉာဉ်စွမ်းအားကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်မည်။ ဤလှေကားထစ်ကား ဟွမ်သန်းတောင်မှ ကောင်းကင်ဘုံ၏ အစစ်အမှန်အဓိပ္ပာယ် ဖြစ်လေသည်။ လင်ရှုသည်လည်း ထိုကဲ့သို့ပင် ထင်လေသည်။ ကောင်းကင်လှေကားထစ် ဖိအားနှင့် တစ်ခနလောက်ပဲ တွေ့ကြုံနိုင်ခဲ့လျှင်ပင် ကျင့်ကြံခြင်းတွင် ကြီးမားလှသော အကျိုးကို ရနိုင်ပေသည်။
လှေကားထစ် ခြောက်ဆယ်နှင့် ခုနှစ်ဆယ် အထက်တွင် အချို့လူများသည် နေရာတွင်ပင် ထိုင်၍ ကောင်းကင်နှင့် မြေပြင်မှ စွမ်းအားများကို စုပ်ယူကာ လှေကားထစ်မှ ဖိအားကို ဆင်ခြင်၍ ကျင့်ကြံနေကြသည်။
လင်ရှု မျက်လုံးမှိတ်လိုက်ပြီး နောက်တစ်ထစ် ဆက်တက်ပြန်သည်။
သူ့ခန္ဓာကိုယ်အတွင်းမှ မရီဒျန်များ တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကုန်သလို ဖြစ်လာကာ မျက်ဝန်းများက မှောင်မိုက်သွားပြီး နေရာတွင်ပင် လဲကျသွားတော့မလို ဖြူဖျော့သွားသည်။
“ဟုတ်ပြီ”
လင်းရှောင်က သူ့ကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး
“တစ်ထစ် ကျော်သွားပြီ။ သေမျိုးခန္ဓာကိုယ်လေးနဲ့ လှေကားထစ် နှစ်ဆယ်တောင် တက်နိုင်တာက သဘာဝလွန် ဖြစ်နေပြီ”
သူ၏ အသံမှာ မူကြိုကျောင်းမှ ငိုနေသော ကလေးကို စိတ်ရှည်လက်ရှည် ချော့နေသော ဆရာမ၏ အသံနှင့်ပင် တူနေသေးသည်။
လင်ရှုသည် အသက်ဖြည်းဖြည်းရှူ၍ ခေါင်းညိတ်လိုက်ကာ
“.......ဟမ်း”
အကယ်၍ သူသာ ယခင်ဘဝကကဲ့သို့ ကျင့်ကြံဆင့်မျိုးသာ ရှိနေပါလျှင် သူ့ကို ဘာကမှ တားနိုင်မှာ မဟုတ်ပေ။ သို့သော် ယခု သူ၏ ခန္ဓာကိုယ်မှာ သေမျိုးတစ်ယောက်သာ ဖြစ်နေပြီး မည်သည့်အချိန်တွင် ရပ်သင့်သည်ကို သင်ယူမှဖြစ်မည်။ ဒီအတိုင်းသာ အတင်းဆက်တက်သွားလျှင် သူ့အသက်ကလေးမှာ အန္တရာယ်ထဲ ဖုတ်ကနဲ ကျသွားပေလိမ့်မည်။
လင်းရှောင် ရုတ်တရက် စိတ်ဝိဉာဉ်စွမ်းအားများကို လင်ရှုခန္ဓာကိုယ်ပေါ်သို့ ဖြန့်ကျက်လိုက်သည်။ လင်ရှုသည်လည်း ရုတ်တရက် သူ့ကိုယ်ပေါ်မှ ဖိအားများ အတော်ကို လျော့သွားသည်ကို ခံစားမိလိုက်သည်။
လင်းရှောင်သည် လှေကားထစ်မှ ဖိအားများကို တိုက်ရိုက် တိုက်ခိုက်လိုက်မှန်း သိသာသည်။ သူ၏ စိတ်ဝိဉာဉ်စွမ်းအားက အလွန်ကို အားကောင်းလေသည်။ ဤသို့ လုပ်နိုင်သည်ကို ကြည့်လျှင် သူသည်လည်း ယွမ်ယင်းအဆင့် ဆရာသခင် တစ်ယောက်ဖြစ်ကြောင်း သိနိုင်လေသည်။
‘သခင်မလေးက တကယ်ကို စေ့စပ်တာပဲ၊ သူမက သေချာစိတ်ချရအောင် စီစဉ်ခဲ့တာ’
အထစ်ငါးဆယ်ကို ကျော်လွန်လာပြီးနောက် လင်းရှောင်၏ စိတ်ဝိဉာဉ်ခန္ဓာစွမ်းအားကြောင့် ပထမအထစ်လိုပင် လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထိုအဆင့်များနောက်ပိုင်းတွင် လင်ရှုသည် ဖိအားအနည်းငယ်ကို ခံစားလိုက်ရပြန်ကာ ထပ်ပြီး သေမလို ဖြစ်ပြန်သည်။ ဤတစ်ခေါက်တွင်တော့ သူ့ခန္ဓာကိုယ်မှ ဖိအားအားလုံးသည် ဒီရေအလား ကျဆင်းသွားကာ နည်းနည်းမှ မခံစားရပေ။
“ဒီမှာပဲ”
လင်းရှောင်က သူ၏ စိတ်ဝိဉာဉ်စွမ်းအားများကို ရုပ်သိမ်းကာ
“နာနေသေးလား။ ခဏလောက် နားလိုက်ရအောင်”
ကိုးဆယ့်ကိုးထစ်လုံးလုံး လင်းရှောင်သည် သူ့ကို လုံးဝ ထားမသွားခဲ့ပေ။ ထိုသည်က လင်ရှုကို လင်းရှောင်သည် သူ၏ ယာယီသခင်မဟုတ်ဘဲ တကယ့်မိဘ တစ်ဦးလို ခံစားသွားရစေသည်။
‘သူက တကယ့်ကို တာဝန်သိပြီး တာဝန်ယူတတ်တဲ့ ဝမ်းကွဲလေးပဲ’
လင်ရှု အသက်ရှူလေ့ကျင့်ခန်း ခနလောက်လုပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်၍ သက်သာလာသည်။ သူ၏ အခြေအနေက ဆက်သွား၍ ရလောက်အောင် ကောင်းလာပြီဆိုကာမှ ဝမ်းကွဲက သူနှင့်အတူ ရှေ့ဆက်သွားသည်။
တစ်လှမ်းရှေ့တိုးလိုက်ပြီးနောက် မျက်စိရှေ့မှ မြင်ကွင်းအားလုံး ရုတ်တရက် ပြောင်းလဲသွားသည်။
အဖြူရောင်မြူများ ကွဲသွားပြီးနောက်တွင် တောင်ရှုခင်းကို မြင်လိုက်ရသည်။ ထို့အပြင် တစ်တောင်လုံးသည် နီရဲတောက်ပသော ဆောင်းဦးမေပယ်ပင်တို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။
6
တစ်ချိန်တည်းမှာပင် ရှေ့ဘက်မှ လှေကားထစ်များသည် မှိန်ဖျော့ပြီး ကျက်သရေရှိနေကာ နောက်ဘက်မှ လှေကားထစ်များကလည်း ထိုအတိုင်းသာ ရှိနေသေးသာ်လည်း သူတို့ရှေ့မှ လူများကမူ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အတိုင်းပင်။
လင်ရှုသည် ရှေ့သို့ ချီတုံချတုံဖြင့် တစ်လှမ်းတက်လိုက်သည်။ ထိုအချိန်တွင် နောက်ထပ် လှေကားထစ်တစ်ခုသည် ဘာမှမရှိဟု ထင်ထားသည့်ကြားမှ ထွက်ပေါ်လာသည်။ သို့သော် နောက်တစ်ထစ်ဆိုသည်မှာ လုံးဝမရှိပါချေ။
“ဒီလမ်းက အဆုံးမဲ့တယ်”
လင်းရှောင်က ပြောသည်။
“တာအိုကျင့်ကြံသူရဲ့ နှလုံးသားက စင်ကြယ်တယ်”
လင်ရှုက ရှေ့သို့ တစ်လှမ်းဆက်လှမ်းလိုက်သည်။ သို့သော် သူတစ်လှမ်းပြီးတိုင်းတွင် နောက်ထပ် လှေကားထစ်များက ဆက်ဆက်ပေါ်လာသည်။ လေပွေတစ်ချက် ဝေ့သွားပြီး တောင်ပေါ်တွင် မေပယ်ရွက်များ နေရာအနှံ့ ပျံ့ကျဲသွားသည်။ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မြေပြင်ကို ပြန်ကြည့်လိုက်သည်။ သူ့ခြေထောက်အောက်မှ လမ်းသည် အဆုံးမရှိပေ။ ဦးတည်ရာလည်း မရှိလေရာ သူဘယ်ကို သွားရမှန်း မသိတော့ပေ။ လင်ရှုသည် ရှေ့မှ ဘာမှမရှိသော လေဟာနယ်ကို ကြည့်နေလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် သူဘာလုပ်ရမည်ကို နားလည်သွားသည်။
‘ကောင်းကင်ဘုံကို တက်လှမ်းဖို့ တကယ်ပဲ နည်းလမ်းတစ်ခု ရှိတယ်’
‘နည်းလမ်းမရှိရင် လှေကားထစ်ပေါင်း ထောင်သောင်းချီအောင် တက်ခဲ့တာက အလဟဿ ဖြစ်သွားမှာပေါ့’
‘သေမျိုးတစ်ယောက်ရဲ့ လမ်းက လမ်း၊ ထာဝရရှင်သန်သူ(ကျင့်ကြံသူ) တစ်ယောက်ရဲ့ လမ်းကတော့ တောက်(တာအို)ပဲ’
ထာဝရရှင်သန်ခြင်းကို ရှာဖွေကျင့်ကြံသူတစ်ယောက်သည် ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်သည်။ အသက်ရှည်ရန်၊ သက်တောင့်သက်သာ လိုက်လျောညီထွေဖြစ်စွာ နေထိုင်ရန်၊ ကောင်းကင်ဘုံသို့ တက်လှမ်းရန်နှင့် အာဏာစွမ်းအားအတွက်.... အစရှိသဖြင့် ရည်ရွယ်ချက်များ ရှိနိုင်သည်။
‘မင်းကရော’
‘မင်း ဘာအတွက် ထာဝရရှင်သန်ခြင်းကို ကျင့်ကြံတာလဲ?’
******