Ch 52
Viewers 3k

အပိုင်း ( ၅၂ ) မြှုပ်လိုက်ပေါ်လိုက် 


‘ဘာကြောင့်များ ထာဝရရှင်သန်ခြင်းကို ကျင့်ကြံတာလဲ’


‘ဒီကောင်းကင်ဘုံကို သွားတဲ့လမ်းက ဘယ်မှာဆုံးမှာလဲ’


ကောင်းကင်ဘုံသို့ ကြွလှမ်းခြင်းသည် ကျင့်ကြံသူတိုင်း ရှာဖွေကျင့်ကြံနေသော အရာဖြစ်ပြီး ထာဝရရှင်သန်ခြင်းသည် ကမ္ဘာပေါ်မှလူတိုင်း အလိုရှိသော အရာဖြစ်သည်။ 


ထာဝရရှင်သန်သူ တစ်ပါးဖြစ်လာရန်မှာလည်း ကမ္ဘာကြီး၏ ဆန္ဒဖြစ်နေပြန်သည်။


အကယ်၍ ထာဝရရှင်သန်သူများသာ သေမျိုးလောကသို့ ဝင်ရောက်ပါလျှင် အားလုံးသည် အာဏာ၊ ဂုဏ်သရေ၊ ကျောစောမှုနှင့် ကြွယ်ဝမှုအားလုံးကို လက်ဖျစ်တစ်ချက်တီးရုံနှင့် ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ 


လင်ရှု တွေးပြီးရင်း တွေးနေသည်။ 


ထာဝရရှင်သန်သည့် ကမ္ဘာက မည်သို့မည်ပုံရှိသည်ကို သူမသိသလို သူ့အတွက် ကောင်းကင်ဘုံသို့ ကြွမြန်းခြင်းမှာ မဖြစ်မနေ လိုအပ်သည့် ကောင်းသည့်ကိစ္စတစ်ခုလည်း မဟုတ်ခဲ့ပေ။ ထာဝရရှင်သန်ခြင်းကို လက်ဝယ်ပိုင်ဆိုင်ပြီးနောက်တွင် ဘဝသည် တစ်နေ့ပြီးတစ်နေ့ ဖြစ်စဉ်တိုင်းကို ထပ်တလဲလဲ ကုန်ဆုံးနေရဦးမည်။ ထို့အပြင် သူ့အတွက် “ရှင်သန်ခြင်း” ဆိုသည်ကို တကယ့်ကို စိတ်မဝင်စားပေ။ 


လူတစ်ယောက်သည် သေမျိုးလောကသို့ ဝင်ရောက်လာသည်နှင့် သူသည် လူအမျိုးမျိုးအထွေထွေကို ရင်ဆိုင်ရမည်။ တွေးကြည့်လိုက်ရုံနှင့်ပင် သူလုံးဝ မလုပ်နိုင်သော ကိစ္စဖြစ်သည်။ 


ဤကမ္ဘာကြီးနှင့် စပ်လျဉ်း၍ သူသည် ပထမဘဝတွင် သင်ယူခဲ့ဖူးသော ကျင့်ကြံခြင်း နည်းလမ်းများကို မှတ်မိပြီးဖြစ်ကာ သူ ပြန်လည်ဝင်စားလာကတည်းက ဓားပညာကိုလည်း ပြန်လည်မှတ်မိပြီးဖြစ်ရာ သူ့အတွက် ထာဝရရှင်သန်ခြင်း ကျင့်ကြံခြင်းကသာ သင့်တော်ပြီး အဆင်ပြေသောကြောင့် ဤလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ ဆိုးဝါးသော စိတ်နေစိတ်ထားနှင့် သူသာ ထာဝရရှင်သန်သူတစ်ပါး ဖြစ်မလာလျှင် လူအများ၏ အမှုန့်ခြေ အနိုင်ကျင့်ခြင်းကို ခံရမည်မှာ မလွဲနိုင်ပေ။ ထိုသို့သာ ဖြစ်လာလျှင် သူသည် မှောင်မိုက်နေသော ထောင့်တစ်နေရာတွင် ကိုယ်ကိုကွေး၍ စိတ်ဓာတ်ကျမှုတို့ဖြင့် လူမသိသူမသိ သေဆုံးသွားပြီး ဘဝအဆုံးသတ်သွားမည်မှာ ရာနှုန်းပြည့် သေချာသည်။ 


ဒီနေရာသို့ ရောက်လာချိန်တွင် သူသည် ဘာကိုမှ သိမနေခဲ့ပေ။ သူသိသည်မှာ သေမျိုးလောကတွင် မရှင်သန်နိုင်သောကြောင့် ကျောင်းတော်ကို သွားခဲ့ရသည်။ သို့သော် ဤမတည်ငြိမ်သော အချိန်များတွင် သူသည် ကျင့်ကြံခြင်း မရှိသောကြောင့် သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့ရာ ထာဝရရှင်သန်ခြင်းကို ကျင့်ကြံရန်မှာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာခဲ့သည်။ 


တကယ်တမ်းတွင် သေဆုံးရန် နေရာတစ်ခုသာ ရှာတွေ့နိုင်လျှင် ဤကိစ္စများသည် သူ့အတွက် ဘာမှ အရေးပါသည့် ကိစ္စများ မဟုတ်တော့ပေ။ သို့သော် ရှင်သန်ခြင်းက နာကျင်နေရသည်လည်း မဟုတ်လေရာ တကယ် သေချင်နေတာလားဆိုတော့လည်း လင်ရှု မသေချင်ပေ။ 


သူ့ခြေထောက်အောက်မှ လမ်းမှာ အဆုံးမရှိသလို ထင်ရသည်။ တစ်လှမ်းပြီး တစ်လှမ်းလှမ်းနေရင်း လင်ရှု မူးဝေငေးငိုင်လာသည်။ 


ဤကောင်းကင်ဘုံလှေကားထစ်များ၏ ရည်ရွယ်ချက်သည် တပည့်များကို တာအိုနှလုံးသားကို နားလည်လာစေရန်နှင့် သူတို့၏ ဆန္ဒများကို ခိုင်မာစွာ တည်ဆောက်ရန်နှင့် ထာဝရရှင်သန်ခြင်း ကျင့်ကြံလျှင် အနာဂတ်တွင် ကြုံလာရမည့် အခက်အခဲများကို ရင်ဆိုင်နိုင်ရန် သတ္တိနှင့် လုံ့လဝီရိယတို့ ရှိလာရန်ဖြစ်သည်။ ဤကား လင်ရှုကို စိတ်ရှုပ်သွားစေသည်။ ထောင်ချောက် မိသွားသလို မလွတ်မြောက်နိုင်တော့သလို ခံစားရသည်။ 


သူ့တွင် ကျင့်ကြံရန် မည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့သလို ခံစားရသည်။ 


သူသည် ဘာအတွက်မှ ကျင့်ကြံခြင်း မဟုတ်ကတည်းက သူ့တွင် တာအိုနှလုံးသားဟူသည် မရှိပေ။ ထို့ကြောင့် သူ ဤနေရာမှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။ အကယ်၍ သခင်မလေးသာ ဤနေရာတွင် ရှိနေခဲ့လျှင် သူမ သေချာပေါက် မကျေမနပ်ဖြစ်ပြီး 


“နင့်ကို စိတ်ပျက်လိုက်တာ” ဟု ပြောပေလိမ့်မည်။ 


သို့သော် သူမ၏ ဝမ်းကွဲက အဆတစ်သောင်းလောက် ပိုကောင်းကြောင်း ဤအခိုက်အတန့်တွင် သက်သေပြလာသည်။ လင်ရှုနှင့် အချိန်အလွန်ကြာအောင် လမ်းလျှောက်နေခဲ့ပြီးနောက် နွေးထွေးစွာ ပြောလာသည်။ 


“ပင်ပန်းနေပြီလား။ ခဏလောက် နားရအောင်” 


ဤနေရာတွင် ဆရာမုန့်ရှိနေလျှင်တောင် စိတ်အခြေအနေ ကောင်းနေလိမ့်မည် မဟုတ်ပေ။ 


စိတ်ရှည်သည်းခံတတ်သူ မည်သူမဆို သူ၏ ရှင်သန်ရန် ရည်ရွယ်ချက်မရှိခြင်းနှင့် အကြည့်တစ်ချက် စွန့်ကြဲရန်ပင် တန်ဖိုးမရှိမှုတို့ကြောင့် သူ့နားတွင် ရှိနေရသည်ကို ရှက်ရွံ့နေလိမ့်မည်။ ဝမ်းကွဲကို မြင်လိုက်သည်နှင့် လူတိုင်းသည် ဤကောင်လေး အလွန်ကို အရည်အချင်းရှိပြီး တော်သည်ဟု ပြောလိမ့်မည်။ လင်ရှုလိုမျိုး စိတ်ပျက်စရာ ဘာမှ ရှိမှာလည်း မဟုတ်ပေ။ လင်ရှုသည် လင်းရှောင်မှာ သူ့ကိုစောင့်ရင်း လိုက်၍ လမ်းလျှောက်ပေးနေသည်ဟု ခံစားလိုက်ရသည်။ လင်းရှောင်သာ ထွက်သွားလိုလျှင် စွမ်းအားများကို စုစည်း၍ တာအိုနှလုံးသားကို သက်သေပြလိုက်ရုံသာ လိုသည်။ ထို့နောက်တွင် သူ့ကိုလည်း ခေါ်သွားနိုင်ပြီး နှစ်ယောက်လုံး ထွက်သွားနိုင်လိမ့်မည်။ 

 

ထို့နောက် ဝမ်းကွဲသည် လင်ရှု၏ အာရုံလွင့်နေသော စိတ်အခြေအနေကို ရုတ်တရက် မြင်လိုက်ရသည်။ 


လင်းရှောင်က ပြောသည်။ 


“မင်းဘာတွေတွေးနေတာလဲ” 


လင်ရှုက မျက်လွှာချလိုက်ပြီး 


“ငါ့မှာ တာအို မရှိဘူး” 


လင်းရှောင် “ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတိုင်းမှာ တာအိုရှိတယ် ဆိုတော့ကာ မင်းမှာလည်း တာအိုရှိမှာ  သေချာတယ်” 


လင်ရှုက ပြောသည်။ 


“နောက်ဆုံးတော့ ငါ့မှာ ပြစရာ ကိုယ်ပိုင်အစွမ်းအစ မရှိဘူး” 


လင်းရှောင်က ရယ်လိုက်သည်။ 


ရယ်သံခပ်ဖျော့ဖျော့က သိမ်မွေ့သော ချီစွမ်းအားတို့ သူ့နားထဲသို့ အသာအယာ ရိုက်ခတ်သွားသလို ဖြစ်ကာ ဓာတ်လိုက်သလို ခံစားလိုက်ရသည်။


ရယ်ပြီးနောက် လင်းရှောင်က ပြောသည်။ 


“ကောင်းကင်တာအိုဆီမှာ မင်းရဲ့ အမှားတွေကို ဝန်ခံရင်လည်း ဖြစ်တယ်လေ၊ အဲလိုဆို ကျွန်တော် မင်း ဘယ်လောက်တောင် ချစ်စရာကောင်းတယ်ဆိုတာ မြင်ပြီး ဒီကနေ ခေါ်ထုတ်ရင် ထုတ်သွားပေးမှာပေါ့” 


လင်းရှု “......” 


ဤဝမ်းကွဲသည် သဘောကောင်းသည် မှန်သော်လည်း အဘယ့်ကြောင့် မျက်နှာတည်ကြီးနှင့် လူကို လာလာစနေရသည်ကို လင်ရှု လုံးဝ နားမလည်တော့ပေ။ 


လင်ရှုသည် ရှေ့သို့ ဆက်သွားလိုက်ပြီး ကြေကွဲနေသော ခံစားချက်တို့ကို မေ့သွားတော့သည်။ 


လင်းရှောင်က မေးသည်။ 


“တာအိုဆိုတာ လူတစ်ယောက်ရဲ့ နဂိုမူလ ရည်ရွယ်ချက်ပဲ၊ နောင် ကျောင်းတော်က ထွက်သွားပြီးရင် မင်း ဘာလုပ်ချင်လဲ” 


‘ငြိမ်းချမ်းတဲ့နေရာတစ်ခုရှာပြီး ငြိမ်ငြိမ်လေး စားသောက်မယ်၊ ပြီးရင် တိတ်တိတ်လေး သေဖို့စောင့်မယ်’ 


ဤကား ကောင်းသည့်ပုံပေါ်သော်လည်း ဖြစ်နိုင်ပါ့မလားတော့ သူ မသိပေ။ 


သို့သော် သူ့အတွေးတို့ကို ထုတ်ပြော၍ မဖြစ်သောကြောင့် ဂရုတစိုက် စကားလုံးရွေးချယ်ပြီး ပြန်၍သာ မေးလိုက်သည်။ 


“မင်းကရော”


“တကယ်လို့ ငြိမ်းချမ်းပြီး စည်ကားတဲ့ ကာလဖြစ်နေရင် ကိုယ့်ရဲ့ တာအိုလက်တွဲဖော်နဲ့ လောကတစ်ခွင် လျှောက်သွားရင်သွားမယ်၊ ဒါမှမဟုတ် တောထဲတောင်ထဲမှာ အေးအေးဆေးဆေးလေး သွားနေချင်တယ်၊ တိမ်တွေကို ကြည့်လိုက် ကြိုးကြာတွေ သွားကြည့်လိုက် စိတ်အေးလက်အေး နေချင်တယ်” 


လင်းရှောင်က တိုးလျစွာ ပြောသည်။ 


“ဒါပေမဲ့ ဒီလို ဒုက္ခသုက္ခ ပြဿနာပေါင်းစုံတဲ့ ခေတ်မှာ မွေးလာတာဆိုတော့ ပြည်နယ်နဲ့ တော်ဝင်မိသားစုက ရန်သူတစ်ယောက်တည်းကို ရင်ဆိုင်နေရတာ။ ဒါကြောင့် ကျွန်တော့်မှာ ဘာလုပ်ချင်တယ် ဆိုတာ ရွေးချယ်ခွင့် မရှိဘူး” 


ပြောပြီးနောက် ခဏလောက်ရပ်သွားကာ လွပ်လပ်စွာ ပြုံးလိုက်ပြီး 


“ဒါပေမဲ့ ကျွန်တော်က ဘာလိုချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိတယ်” 


ကူကယ်ရာမဲ့နေသော အပြုံးတစ်ပွင့် ဖြစ်နေသော်လည်း စိတ်ဖိစီးနေပြီး ကန့်သတ်ချက်တို့မရှိသော အဓိပ္ပာယ်တစ်မျိုး ဆောင်နေခဲ့သည်။ ဤသည်ကား ငယ်ရွယ်မှု၏ တက်ကြွသော လူငယ်ဘဝ ဖြစ်နိုင်သည်. 


လင်ရှု နည်းနည်းလေး မနာလိုဖြစ်သွားသည်။ 

 

‘ငါကျတော့ကော။ ငါလည်း လုပ်ချင်တာ တစ်ခုခု ရှိချင်တယ်လေ’ 


သူ နည်းနည်းတွေးလိုက်ပြီး အစက ရှုပ်ထွေးနေခဲ့သော စိတ်တို့က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ရုတ်တရက် “သူ ဘာလုပ်ချင်တာလဲ” ဟူသည့် စကားကို တွေးမိပြီး အလင်းပွင့်သွားသည်။ ထိုအချိန်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းတစ်ခုကို ပြန်မြင်ယောင်လာသည်။ 


သူ ဂျူနီယာအထက်တန်းကျောင်းတုန်းက ဖြစ်လောက်သည်။ အတိုချုပ် ပြောရလျှင် သူသည် အလွန်ရင့်ကျက်ခြင်း မရှိသေးသော အသက်အရွယ်က ဖြစ်သည်။ 


ကျောင်းဆင်းချိန် ညနေခင်းတွင် သူသည် အိမ်ပြန်နေသည့် လမ်းတစ်ဝက်တွင် စာသင်ခန်းထဲ၌ လေ့ကျင့်ခန်းစာအုပ်များ ကျန်ခဲ့သည်ကို သတိရသွားသည်။ ထို့ကြောင့် ကျောင်းသို့ ပြန်သွားယူခဲ့သည်။ ကျောင်းအပြန်လမ်းတွင် လူတစ်ယောက်မှ မရှိခဲ့ပေ။ လမ်းတွင် ဖြတ်သွားဖြတ်လာ အချို့ကို တွေ့သည်ဆိုသော်လည်း တွေ့နေကျ လူပင်လယ်ကြီးတော့ မရှိခဲ့ပေ။ သူ၏ အတန်းဖော်များကို မတွေ့ခဲ့ပေ။ သူတို့အားလုံးသည် သူ့အတွက် သူစိမ်းများသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို မမြင်ချင်ယောင်သာ ဆောင်နေလိုက်သည်။ 


ငါးလွှာအထိ တက်သွားပြီး စင်္ကြန်တွင် ရုတ်တရက် သတိလက်လွတ်ဖြစ်သွားသည်။ 


အမြဲတမ်း လူအပြည့်ဖြစ်နေတတ်သော စင်္ကြန်လမ်းအရှည်ကြီးက ယခုတွင် ရှင်းလင်းနေပြီး နေဝင်ချိန် ဖြစ်သောကြောင့် ဆည်းဆာရောင်ခြည်တို့က ပြတင်းပေါက်မှန်တို့မှ တစ်ဆင့် စင်္ကြန်တလျှောက် ဖြာကျနေသည်။ တလက်လက်တောက်ပနေပြီး လင်းလက်နေခဲ့သည်။ 


အလွန်ကို တိတ်ဆိတ်နေခဲ့ရာ တစ်ကမ္ဘာလုံးတွင် မြင့်မားလှသော ကောင်းကင်ကြီးနှင့် ဆည်းဆာရောင်ခြည်တို့အပြင် သက်ရှိလူသားဟူ၍ သူတစ်ယောက်သာ ရှိသလို ခံစားရသည်။ 


ထိုမြင်ကွင်းသည် အလွန်ကို ထူးခြားသည်ဟု မဆိုနိုင်သော်လည်း ဤအခိုက်အတန့်သည် သူ့နှလုံးသားကို အမှန်တကယ် ခုန်လှုပ်စေခဲ့ပြီး စိတ်လှုပ်ရှားလာခဲ့သည်။ ထိုအချိန်က သူသည် ကမ္ဘာကြီး၏ အဆုံးသတ်ကိုပင် မြင်ခဲ့ရသည်ဟု ခံစားရသည်။ 


အခြားသော လူသားများမရှိ။ သူမသိသော သူများ မရှိ၊ ဤအချိန်လေးတွင် သူသည် ဤကမ္ဘာလောကကြီးနှင့် အဆက်အသွယ်နည်းနည်းမှ မရှိတော့ပေ။ ဤမြင်ကွင်း ခံစားချက်တို့က အလွန်ကို လှပလွန်းသည်ဟု ခံစားရသည်။ 


နောက်ပိုင်းတွင် တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုတွင် ငြိမ်းအေးစွာ ထိုင်၍ နေဝင်ချိန်သို့ နေထွက်ချိန်တို့ကို ကြည့်တတ်သည့် အကျင့်တစ်ခု ရလာသည်။ ကြယ်များက တောက်ပစွာ လင်းလက်လာပြီး မှိန်သွားကြပြန်သည်။ တစ်ဖန်တလဲလဲ ဖြစ်နေသော နေဝင်နေထွက်ချိန်တို့နှင့် လင်းလိုက်မှိန်လိုက် ကြယ်များကို ကြည့်နေရလျှင် သူသည် ဤကမ္ဘာကြီးတွင် ရှိနေဆဲဖြစ်သည်ကို မေ့လျော့သွားတတ်ခဲ့သည်။ 


အကယ်၍ ထာဝရရှင်သန်ခြင်းကို ကျင့်ကြံရန် ရည်ရွယ်ချက်တစ်ခု ရှိကို ရှိရမည်ဆိုလျှင် အမြဲတမ်း ထိုသို့သာ ငြိမ်းအေးစွာ နေထိုင်လိုသည်။ သေမျိုးလောက၏ အရှုပ်အထွေးများမှ လွတ်မြောက်ချင်သည်။ ကန့်သတ်မှုများ မရှိသော အပြင်ဘက်တွင် ရှင်သန်နေထိုင်ချင်သည်။ 


အိပ်မွေ့ချခံလိုက်ရသလို ငေးငိုင်နေမိရင်း တဖြည်းဖြည်းနှင့် နားလည်လာသည်။ 


သူ ဆက်၍ လမ်းမလျှောက်တော့.... 


လင်းရှောင်က သူ့ကို ကြည့်လိုက်သည်။ 


လူများသည် မြစ်တစ်စင်းအတွင်း ကဲ့သို့သော ကောင်းကင်နှင့်မြေပြင်ကြားတွင် နေထိုင်ကြသည်။ 


ထာဝရရှင်သန်ခြင်းကို ကျင့်ကြံသူများသည် ဖြစ်ရိုးဖြစ်စဉ်များကို ဖောက်ထွက်ခြင်းသာဖြစ်ပြီး သေမျိုးလောကကို စွန့်ခွာရန် ကြိုးပမ်းနေကြသူများသာ ဖြစ်သည်။  


သို့သော် သူ့တွင် ရှေ့သို့ဆက်သွားရန် တွန်းအား (သို့) ရည်ရွယ်ချက်တို့ကို ချမပြနိုင်ခဲ့ပေ။ သူသည် လက်ရှိ ကျဆင်းနေမှုနှင့် လိုက်ပါသွားလိုခြင်းသာဖြစ်သည်။ တစ်ခါတစ်ရံတွင် နစ်မြှုပ်သွားပြီး တစ်ခါတစ်ရံတွင် ပြန်ပေါ်လာမည်။ 


နောက်ဆုံးတွင် ငါးဆားနူတစ်ကောင်ကို “ငါးကြင်းတစ်ကောင် ကောင်းကင်ကို ဆန်တက်ပြီး နဂါးဂိတ်ကို ကျော်ဖြတ်”သည့် ပြဇာတ်ကပြနိုင်ရန် မမျှော်လင့်ထားသင့်ပေ။ 


လင်းရှုသည် တိတ်တဆိတ် တွေးနေရင်း လှည့်၍ လျှောက်သွားလိုက်နော့သည်။ 


ဤရှေ့ဆက်လှမ်းလိုက်သော ခြေတစ်လှမ်းတည်းဖြင့် သူ၏ ပတ်ပတ်လည်မှ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားသည်။ လင်ရှုသည် ထိုအချိန်တွင် ကမ္ဘာသုံးထောင်လုံးက သူ့ဘေးနားတွင် လှည့်ပတ်ကျော်ဖြတ်သွားသလို ခံစားလိုက်ရသည်။


သူနောက်လှည့်ကြည့်လိုက်ချိန်တွင် လင်းရှောင်၏ အနည်းငယ် အံ့အားသင့်နေသည့် မျက်နှာကို တွေ့လိုက်ရသည်။ 


ဤဝမ်းကွဲလေးမှာ သူ့ကို ကြည့်၍ ဤသို့ တွေးကောင်း တွေးနေလိမ့်မည်။ 


‘ကမ္ဘာပေါ်မှာ ဒီလိုငါးဆာနူမျိုး တကယ်ကို ရှိသေးတာပဲ အသေသတ်ပစ်လိုက်သင့်တာ’ 


******