အပိုင်း ( ၅၃ ) ကန့်သတ်မဲ့ဝင်္ကပါ
နောက်တစ်စက္ကန့်တွင် သူ့ကို အဖြူရောင် မြူများက လွှမ်းခြုံသွားပြီး ကောင်းကင်နှင့် တောင်ရှုခင်းများကိုပင် မမြင်ရတော့ပေ။
အမှောင်ထုထဲတွင် ဖြစ်နေသော်လည်း သူ့ရှေ့တွင် ဖိအားတစ်ခုခုက သူ့ရှေ့တွင် ရပ်နေပြီး ရှေ့ဆက်မည့် ခြေလှမ်းများကို တားဆီးနေသည်ကို ခံစားမိနေသည်။
အကယ်၍ ဟွမ်သန်းတောင်တွင် အသိစိတ်ရှိပါလျှင် သူ့ကို ဤသို့ မေးပေလိမ့်မည်။
“မင်း ဒီကမ္ဘာပေါ်ကနေ တကယ်ဘဲ ထွက်သွားချင်တာလား”
လင်ရှု ထိုကိစ္စကို ကြိမ်ဖန်များစွာ တွေးဖူးသည်။ သို့သော် “ကမ္ဘာကြီးကို စွန့်ခွာခြင်း”သည် ဖြစ်နိုင်သည့် ကိစ္စဟုတ်မဟုတ်ကိုတော့ မတွေးနိုင်သေးပေ။
သူ၏ ယခင်ဘဝသည် အလွန်ကို ဆိုးရွားလှသည်။ ထို့ကြောင့် ဟိုးအဝေးဆုံးသို့ ထွက်ပြေး ပျောက်ကွယ်သွားချင်ခဲ့သည်။ သူ့ကို မည်သူမှ မမြင်နိုင်သော နေရာ သူတစ်ယောက်တည်း အေးချမ်းစွာနေရမည့် နေရာသို့ ပျောက်ကွယ်သွားလိုက်ချင်သည်။
သို့သော် ယခုဘဝတွင်တော့ ဘာကြောင့်မှန်းမသိစွာ သူကြုံသမျှ လူတိုင်းက သူ့ကို မည်သည့် စိတ်မသက်မသာ ဖြစ်စရာ တစ်စုံတစ်ရာကိုမှ မယူလာပေ။ သူ့တွင် ယွဲ့ရို့ဟယ် ဟူသည့် မိတ်ဆွေ(သူငယ်ချင်း) တစ်ယောက်ပင် ရှိလာသေးပြီး သူနှင့် ရင်းနှီးသည်ဟု ဆိုရမည့် “ချမ်းသာသည့် အမျိုးသမီး” နှင့်လည်း သိခွင့်ရခဲ့သေးသည်။
ဤသည်ကို ကြည့်လျှင်တော့ အသက်ရှင်ရခြင်းက ဆိုးရွားမနေဟု တွေးမိပြန်သည်။
ရှေ့ဆက်လည်း ယခုကဲ့သို့ ရေလိုက်ငါးလိုက် နေသွား၍ ရနိုင်သည်။ သူ့အနားတွင် ရှိသမျှ လူတိုင်းကို ဆိုးရွားသည်ဖြစ်စေ ကြင်နာတတ်သည်ဖြစ်စေ အရှိအတိုင်း လက်ခံလိုက်၍ ရသည်။
လင်ရှု ရှေ့ဆက်ဖို့လုပ်သည်။ သူ့ရှေ့မှ ဖိအားက လုံးဝ ပျောက်မသွားသော်လည်း ၎င်းကို တံတိုင်းတစ်ခုအဖြစ် သတ်မှတ်၍ရနိုင်သည်။ သူသာ အမှန်တကယ် စွန့်ခွာရန် ဆန္ဒရှိပါလျှင် ၎င်းကလည်း သူ့အလိုလို ပျောက်သွားပေလိမ့်မည်။
ရှေ့သို့ တစ်လှမ်းဆက်တိုးလိုက်သည်။ ကောင်းကင်ကြီးကလည်း စတင်ပြီး လည်ပတ်လာကာ လှိုင်ခေါင်း၏ အဆုံးတစ်ဖက်တွင် မျှော်လင့်ချက်လေး တစ်စွန်းတစ်စကို မြင်ရသည်။
လင်ရှု တကယ့် တောင်ပေါ်မှ လမ်းအစစ်ပေါ်သို့ ခြေချခဲ့သည်။ သူ့ဘေးပတ်ပတ်လည်မှ အဖြူရောင်မြူများ အားလုံး ပျောက်ကွယ်သွားသည်။ သို့နှင့် ကောင်းကင်ဘုံလှေကားထစ်များကို ချန်ထားခဲ့ပြီး ဖြစ်သည်။
ယခုအဖြစ်အပျက်ကို ကြည့်လျှင် ကောင်းကင်ဘုံလှေကားထစ်သည် တကယ်ကို မှော်ဆန်လွန်းသည်ဟု တွေးမိသည်။
လူများ၏ ဝိဉာဉ်နှင့် စိတ်ကို ဖြတ်၍ အတွေးနှင့် အတွင်းစိတ်တို့ကို ဖတ်ရန်နှင့် ထိုအတွေးတို့ပေါ် မူတည်၍ ဆုံးဖြတ်ချက်ချရန်မှာ ခေတ်ပေါ်သိပ္ပံနှင့် နည်းပညာများအတွက် မဖြစ်နိုင်ပေ။
ကောင်းကင်ဘုံလှေကားထစ်များ အလွန်ရှိ ကန့်သတ်မဲ့ဝင်္ကပါနှင့် နတ်ဘုရားနယ်မြေသည် ပို၍ပင် မှော်ဆန်သည်ဟု ကြားဖူးသည်။ ထို့အပြင် ကောင်းကင်ဘုံလှေကားထစ်များနှင့် ကန့်သတ်မဲ့ဝင်္ကပါတို့သည် လူသားများ ဖန်တီးထားသည့်အရာများ မဟုတ်ပေ။ အစီအရင်မန္တာန်များနှင့် ဖွဲ့စည်းထားခြင်းမျိုးလည်း မဟုတ်ပေ။ ၎င်းတို့သည် သဘာဝမှ ဖြစ်လာသော မှော်ဆန်မှုများသာ ဖြစ်သည်။ သဘာဝလွန်ကိစ္စများ အားလုံးသည် ကောင်းကင်တာအိုမှ စီစဉ်ထားခြင်းသာ ဖြစ်သည်။
ဤသို့သော မှော်တောင်တန်းတစ်ခုကို ကျောင်းတော်မှ ထာဝရရှင်သန်ခြင်း ကျင့်စဉ်ကျင့်ကြံသော တပည့်ငယ်များကို လေ့ကျင့်ပေးရန် သုံးနိုင်ခြင်းသည် အလွန်ကို ထူးခြားလှသည်။
လင်ရှု နောက်ပြန် လှည့်ကြည့်လိုက်လျှင် သူရှိနေခဲ့သော နေရာသည် အဖြူရောင်မြူများဖြင့် တံတိုင်းခတ်ထားသလို နေရာမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မျက်တောင်တစ်ခတ်စာ အချိန်တွင် တစ်ခြားတစ်ယောက်လည်း ထိုမြူထဲမှ ထွက်လာလေသည်။
6
နောက်ထပ် စက္ကန့်အနည်းငယ် ကြာချိန်တွင် အဖြူရောင်မြူထဲမှ လင်းရှောင် ထွက်လာသည်။ လင်ရှုကို မြင်သောအခါ ဘေးသို့ လျှောက်လာပြီး
“ခင်များကတော့လေ ကျွန်တော်ကို အရမ်းအံ့ဩသွားတာပဲ ”
လင်ရှု ခပ်ရှက်ရှက် ဖြစ်သွားသည်။
ငါးဆားနူလေးက အလွန်ကို ယုံကြည်ချက် ရှိလွန်းနေသောကြောင့် ကောင်းကင်ဘုံလှေကားထစ်များမှ ပစ်ထုတ်လိုက်သည်။ ဤစကားများကိုသာ ထုတ်ပြောလိုက်ပါက ကြားလို့ပင်ကောင်းမည် မဟုတ်ပေ။
လင်းရှောင်က ဆက်၍ ပြောသည်။
“ဒါပေမဲ့ ကြီးမြတ်သော တာအိုမှ လမ်းစဉ်သုံးထောင်တောင် ရှိတာ၊ ကောင်းကင်ဘုံ လှေကားကနေ လျှောက်ထွက်လာနိုင်တဲ့ ဘယ်သူမဆို ကျင့်ကြံဖို့ လမ်းစဉ်အမှန်ကို ရှာတွေ့သွားပြီလို့ ဆိုလိုတယ်၊ ခင်များ ဘာကိုမှ စိုးရိမ်မနေပါနဲ့တော့”
‘ဝမ်းကွဲရေ မင်း ဘာဖြစ်သွားတာလဲ’
‘ဆရာမုန့်များ ဝင်ပူးသွားတာလား’
သူ့အတွေးတို့ လွန်နေရင်း လင်းရှောင်သည် သူတို့ ရှန်းလင်ကျောင်းတော်မှ မဟုတ်ဘဲ ပြင်ပဂိုဏ်းတစ်ခုခုမှ သင်ကြားလာသော သိုင်းပညာကို သုံးနေသည်ကို မြင်သောကြောင့်သာ ၎င်းက ဆရာမုန့် ဝင်ပူးထားခြင်း မဟုတ်သည်ကို သေချာနိုင်သည်။ သူ့ဝသီအတိုင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။ ဤဝမ်းကွဲသည် နဂိုကတည်းက သဘောကောင်းပြီး စကားပြောချိုသူဖြစ်နိုင်သည်။
ဝမ်းကွဲသည် အမြင်အားဖြင့် သခင်မလေးနှင့် အလွန်ကို ဆင်တူသော်လည်း ကိုယ်ရည်ကိုယ်သွေး စိတ်နေစိတ်ထားတို့ကတော့ ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားလွန်းလှသည်။ သခင်မလေး၏ ဒေါသနှင့် စိတ်နေစိတ်ထားမှာ မျိုးရိုးဗီဇအရ ဆင်းသက်လာခြင်းမျိုး ဟုတ်ပုံမရပေ။
လင်းရှောင် “သွားစို့”
လင်ရှု “အမ်…”
သူတို့သည် တောင်တက်လမ်းအတိုင်း တက်လာသည်။ လင်ရှု နောက်ဆုံးတွင် တောင်နံရံပေါ်၌ ရေးထားသော “ပုံရိပ်ယောင်” ဟူသော စာလုံးကို တွေ့လိုက်ရသည်။
သူတို့ရှေ့တွင်တော့ “ကန့်သတ်မဲ့ဝင်္ကပါ” ဟူသည့် အဖြူရောင်တိမ်ပင်လယ်ကြီး ရှိနေသည်။
လင်ရှုသည် သခင်မလေး ပေးသော စာအုပ်ကို ဖတ်ဖူးထားသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ပုံရိပ်ယောင်အစီအရင် နှစ်မျိုးရှိသည်ကို သိလေသည်။ ပထမတစ်မျိုးသည် အင်အားသုံး၍ ဖျက်စီးနိုင်သည်။ ဤအမျိုးအစားသည် မန္တာန် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေသော ဆေးလုံးများသုံးထားခြင်း ဖြစ်သည်။ ထိုသို့သော ပုံရိပ်ယောင်ထဲသို့ ကျသွားလျှင် ထိုသူသည် ပုံရိပ်ယောင်ဗဟိုချက် (သို့) မျက်လုံးကို ရှာ၍ ဖျက်ဆီးရမည်ဖြစ်သည်။ စာအုပ်များအရဆိုလျှင် ဗဟိုချက်ကို ဖျက်ဆီးလိုက်သည်နှင့် အစီအရင်လည်း ပြိုကွဲသွားမည် ဖြစ်သည်။
ဒုတိယအမျိုးအစားမှာ စိတ်မိစ္ဆာအစီအရင်ဖြစ်သည်။ ထိုသို့သော အစီအရင်မျိုးကို ဖျက်ဆီးရန်အတွက် တစ်စုံတစ်ယောက်၏ စိတ်နှလုံးကို ကွဲကြေသွားစေရန် လိုအပ်သည်။ စိတ်မိစ္ဆာအစီအရင်ထဲသို့ ကျသွားသူ တစ်ယောက်သည် ကျင့်ကြံရာတွင် ကြုံရသည့် စိတ်ပိုင်းဆိုင်ရာ အိပ်မက်ဆိုးများကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့မဟုတ် ကိုယ်တွင်းမိစ္ဆာများကို ရင်ဆိုင်ရပြီး စိတ်ထဲတွင်ပင် ပိတ်မိသွားနိုင်ကာ လွတ်မြောက်ဖို့ အလွန်ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်ရမည်။ ထိုသူသည် ကိုယ်ပိုင် စိတ်အခြေအနေကို ပြောင်းလဲပြီး မိစ္ဆာကို ရင်ဆိုင်နိုင်မှ ပုံရိပ်ယောင်ထဲက လွတ်မြောက်နိုင်မည်။
ဟွမ်သန်းတောင်ကြောသည် ကောင်းကင်ဘုံလှေကားထစ်နှင့် ချိတ်ဆက်ထား၍ နတ်တောင်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ ယခုကြုံနေရသည်သာ ပထမပုံရိပ်ယောင် အမျိုးအစားဖြစ်သည်ဆိုလျှင် ယခုအချိန်တွင် သူ လွတ်မြောက်ပြီးဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဤပုံရိပ်ယောင်ကား ဒုတိယအမျိုးအစား ဖြစ်သည်။
ကန့်သတ်မဲ့ဝင်္ကပါထဲသို့ ရောက်သွားချိန်တွင် လူအချို့သည် သူတို့ဘဝတွင် အဆိုးရွားဆုံးသော အခိုက်အတန့်များသို့ ပြန်ရောက်သွားမည် ဖြစ်ပြီး အချို့မှာတော့ မျှော်လင့်ချက်များပြည့်နေသည့် အိပ်မက်ထဲသို့ ကျရောက်သွားမည်ဖြစ်ကာ အချို့သော လူများမှာတော့ နှစ်မျိုးလုံးနှင့်ပင် ကြုံရနိုင်သည်။ အချို့ကံဆိုးသော လူများသည်ကတော့ ပုံရိပ်ယောင်ထဲတွင်ပင် ပုံရိပ်ယောင် တစ်ခုပြီးတစ်ခုနှင့် ကြုံရနိုင်သည်။ အဆုံးမှာတော့ ကန့်သတ်မဲ့ဝင်္ကပါသည် ကျင့်ကြံသူတို့အတွက် စိတ်ကို မွမ်းမံရန် အကောင်းဆုံးဖြစ်သည်။
ဟွမ်သန်းတောင်သို့ လာကြသော တပည့်တိုင်းတွင် ယေဘူယျအားဖြင့် ရည်ရွယ်ချက်နှစ်ခုသာ ရှိကြသည်။ တစ်မျိုးမှာ ကျင့်ကြံရန်အတွက် ဖြစ်သည်။ ထိုတပည့်များသည် ကောင်းကင်ဘုံလှေကားထစ်နှင့် ကန်သတ်မဲ့ဝင်္ကပါတို့တွင် အချိန်တစ်ခု ကြာအောင်နေ၍ စိတ်ကို မွမ်းမံကြရန်ဖြစ်သည်။ ဤနည်းဖြင့် ကျင့်ကြံရေး အခြေခိုင်လာမည်ဖြစ်သည်။ တစ်ခြားသူများကတော့ ကောင်းကင်ဘုံလှေကားထစ်၊ ကန့်သတ်မဲ့ဝင်္ကပါတို့နှင့် ခမ်းနားသော နတ်နယ်မြေတို့ကို ကျော်ဖြတ်၍ မျောလွင့်နေသော ထာဝရရှင်သန်ခြင်းနန်းဆောင်တွင် နေထိုင်သော တောင်သခင်နှင့် တွေ့ဆုံ၍ ရှားပါးသော ရတနာပစ္စည်းများ ရလိုခြင်းဖြစ်သည်။
6
လင်ရှုသည် သံသယဖြစ်စရာမလိုအောင်ကို ဒုတိယတပည့်အမျိုးအစားဖြစ်သည်။
လင်းရှောင်ကလည်း ဤသည်ကို ရှင်းလင်းစွာ သိနေကာ
“ဒီအဆင့်ကို မြန်မြန်ဘဲ ကျော်လိုက်ရအောင်၊ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က အရင်ထွက်ခဲ့ရင် တိမ်ပင်လယ်အပြင်ဘက်မှာ စောင့်နေရမယ်”
လင်ရှု နည်းနည်းလေး တွေဝေနေသည်။
သူ၏ စိတ်မိစ္ဆာကို သူသာ သိသည်။
အလွန်ကို မကောင်းသော အရာဖြစ်သည်။ ကန့်သတ်မဲ့ဝင်္ကပါ၏ တည်ရှိမှုကို သိပြီးကတည်းက သူသည် ဤနေရာကို မည်သို့ မဖြတ်ဘဲ ကျော်သွားရမည်ကို စဉ်းစားဖူးသည်။ သို့သော် ဖြေရှင်းရန် နည်းလမ်း တစ်ခုကိုမှ မရသလို ဖြတ်ကျော်လျှင်လည်း ကျော်ဖြတ်ရန် ကောင်းမွန်ပြည့်စုံသည့် နည်းလမ်းလည်း မရခဲ့ပေ။
သူ၏ ယခင်က ကျောင်းနေသည့် နေ့ရက်များကို ပြန်ရောက်သွားနိုင်ပြီး အပယ်ခံ ပြန်ဖြစ်သွားနိုင်သည်။ သူ မမြင်ချင်သော လူအုပ်ကြီးကို ပြန်မြင်ရနိုင်ပြီး ထိုသူများထံမှ လှောင်ပြောင်ကဲ့ရယ်သော မကြားဝံ့မနာသာများ ပြန်ကြားရမည်။
သူက ပြောသည်။
“ကျွန်တော် အထဲမှာ ကြာနိုင်တယ်”
“ကိစ္စမရှိပါဘူး”
လင်းရှောင်က ပြန်ပြောသည်။
“အခု ကျွန်တော် တစ်ခု ပြောချင်တာရှိတယ်၊ မင်းရဲ့ စိတ်နှလုံးသားက သန့်စင်တယ်။ ဒါကြောင့် ဒီနေရာကနေ ထွက်ဖို့က မင်းအတွက် ပြဿနာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲလိုမဟုတ်ဘူး”
လင်ရှု သူ့ကို ကြည့်လိုက်သည်။
သူတို့ အတူရှိချိန်က အလွန်တိုတောင်းသော်လည်း ဤဝမ်းကွဲ၏ စရိုက်သည် လင်ရှု၏ အမြင်တွင် အလွန်ကို ယုံကြည်ချက် ပြင်းပြပြီး လွပ်လပ်သော လူသား ဖြစ်နေပြီဖြစ်သည်။
‘ဒီလိုလူမျိုးမှာလည်း စိတ်မိစ္ဆာ ရှိတာလား’
လင်းရှောင်က မျက်ခုံးပင့်၍ ပြောသည်။
“ဘာလို့ ကျွန်တော့်ကို ဒီလိုကြီး ကြည့်နေရတာလဲဗျာ”
လင်ရှု နာခံစွာ အကြည့်လွှဲလိုက်ပြီး တိမ်ပင်လယ်အတွင်းဘက်သို့ ဝင်သွားလိုက်သည်။ လင်းရှောင်၏ ရယ်မောသံကိုပင် နားထဲတွင် ကြားလိုက်ရသလို ဖြစ်လာကာ နောက်သို့ လှည့်ကြည့်မိသွားသေးသည်။
ရှေ့သို့ု ဆက်လျှောက်သွားချိန်တွင် ရုတ်တရက် အလွန်ကျယ်လောင်သော ယာဉ်တစ်ခုခု ဖြတ်သွားသံကို ကြားလိုက်ရသည်။
ယခု သူသည် လှိုင်ခေါင်းတစ်ခုထဲတွင် ရှိနေပုံပေါ်ကာ အိပ်မက်မက်နေသည်ဟုလည်း ထင်ရသည်။
လင်ရှု နိုးလာသည်။
မနေ့က သူသည် ညနက်သည်အထိ ဓားသိုင်း ကျင့်နေခဲ့သောကြောင့် ယခု အတန်းထဲတွင် ကိုယ့်ကိုယ်ကို မထိန်းနိုင်အောင် မူးဝေနေခဲ့သည်။ ဤအဖြစ်အပျက်မှာ ဟိုးယခင်က ဖြစ်ခဲ့သော အကြောင်းအရာများသာ ဖြစ်သည်ကို ဝိုးတဝါးသာ မှတ်မိသည်။ လူအုပ်စုတစ်ခုသည် တောင်များပေါ်တွင် ထာဝရရှင်သန်ခြင်းကို ကျင့်ကြံနေကြပြီး ထိုနေရာတွင် လှပသော်လည်း အလွန်ကို ခက်ထန်ကြမ်းတမ်းသော လူတစ်ယောက်လည်း ရှိနေသည်။
လင်ရှု စိတ်ရှင်းသွားစေရန် မျက်နှာကို လက်ဖြင့် ပွတ်ပစ်လိုက်မိသည်။ ရှေ့သို့ ကြည့်လိုက်ပြီး ရှေ့တွင် စာသင်နေသော သင်္ချာဆရာ၏ သင်ကြားမှုကို အာရုံစိုက်လိုက်သည်။
6
သူ၏ နေရာသည် အလွန်ကို နောက်ပိုင်းကျပြီး ကျောက်သင်ပုန်းနှင့် ဝေးကွာကာ ဆရာရှင်းပြသည်ကို နားထောင်ရင်း ပို၍ မူးလာသည်.
ယနေ့တွင် အတန်းထဲသို့ ကျောင်းပြောင်းကျောင်းသူတစ်ယောက် ရောက်လာခဲ့ပြီး ရှေ့ဆုံးတန်းတွင် ထိုင်နေခဲ့သည်။
ရုတ်တရက် သူ၏ နှလုံးသားက တုန်ခနဲဖြစ်သွားသည်။ ဤမြင်ကွင်းက အလွန်ကို ရင်းနှီးလွန်းလှသည်။
‘ဒီနေ့က ကျောင်းပြောင်းကျောင်းသူ ပြောင်းလာတဲ့နေ့မလား။ ဒီနေ့မှာ ငါဘာတွေ ကြုံရမှာလဲ’
လင်ရှု သူ၏ စာရေးစားပွဲ အံဆွဲကို ကြည့်လိုက်သည်၊
ဘာမှရှိမနေ။
လေ့ကျင့်ခန်းစာအုပ်တစ်အုပ်တည်းသာ ရှိနေခြင်း...
ဟုတ်သည်၊ ယနေ့တွင် သူတို့သည် သူ၏ ကျောင်းလွယ်အိတ်ကို ဖွက်ထားခဲ့သည်။
ဤသို့သော ကိစ္စမျိုးသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးပြီးဖြစ်သည်။ သူ့ပစ္စည်းများကို နေရာအမျိုးမျိုးတွင် ဖွက်ထားတတ်ကြသည်။ တံမြတ်စည်းများ အောက်တွင်ဖြစ်စေ တစ်ခါတစ်ရံ ပြတင်းပေါက် အပြင်ဘက်တွင်တောင် ချိတ်ထားတတ်ကြသည်။
လင်ရှုသည် အဘယ့်ကြောင့် ဤလူများက သူကျောင်းလွယ်အိတ်ပျောက်၍ ဟိုပြေးသည်ပြေး လျှောက်ရှာနေသည်ကို ကြည့်ရတာ ပျော်ကြသည် မသိပေ။
အတန်းပြီးချိန်တွင် သူ ထိုင်ရာမှ ထလိုက်သည်။
တံမြတ်စည်းများ ထားသည့်နေရာတွင်လည်းမဟုတ်၊ ပြတင်းပေါက် အပြင်ဘက်တွင်လည်း မဟုတ်၊ မြင်နေရသည့် မည်သည့်နေရာတွင်မှ မရှိ။
သူသည် ဘေးပတ်ပတ်လည်မှ စိတ်လှုပ်ရှားနေသော မလိုတမာအကြည့်များကို ဝိုးတဝါးခံစားမိနေကာ အော်ကလီဆန်လာသည်။
သို့သော် အခန်းအလည်တွင် တောင့်တောင့်ကြီး ရပ်နေမိချိန်တွင် သူ၏ အင်္ကျီလက်ကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်ကို ခံစားမိသွားသည်။ ထို့နောက်တွင် သူ၏ လက်ထဲသို့ စာရွက်လုံးလေးတစ်လုံးကို ထည့်ပေးသွားသည်။
သူနောက်လှည့်ကြည့်လိုက်ချိန်တွင် ကျောင်းသူသစ်သည် သူ့ကို ကြင်နာစွာ ပြုံးပြနေခဲ့သည်။
လင်ရှု ကြောင်သွားသည်။ ထိုသို့သော အပြုံးတစ်ပွင့်သည် လူတစ်ယောက်၏ မျက်နှာတွင် ဖော်ပြနိုင်သည့် အကောင်းဆုံး မျက်နှာထား ဖြစ်သည်ဟုပင် တွေးမိလောက်အောင် နွေးထွေးလွန်းသည်။
သူ့လက်ထဲမှ စာရွက်လုံးကို ဖြည်ပြီး ကြည့်လိုက်ချိန်တွင် အထဲတွင် ရေးထားသော စာများကို မြင်လိုက်ရသည်။
“လွယ်အိတ်က ရှေ့ဆုံးတန်းရဲ့ ရှေ့က ဗီဒိုပေါ်မှာ”
သူ့ကို ယခုကဲ့သို့ မည်သူကမှ ဘယ်တုန်းကမှ ဤသို့ ဆက်ဆံဖူးပေ။
လင်ရှု ခုံတစ်လုံးပေါ်တက်၍ ကြည့်လိုက်ချိန်တွင် လွယ်အိတ်သည် တကယ်ကို ဗီဒိုပေါ်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ဗီဒိုသည် အတော်လေး မြင့်ပြီး ခုံနှင့်သာ တက်မကြည့်လျှင် လုံးဝ မမြင်ရနိုင်ပေ။
လင်ရှု လွယ်အိတ်ကို ယူလိုက်ပြီး ခုံပေါ်မှဆင်းလိုက်ကာ မိန်းကလေးကို ကြည့်လိုက်သည်။
လူသားများ၏ မပြောသော်လည်း နားလည်လိုက်နာရမည့် လူသားဆက်ဆံရေး စည်းကမ်းများအရ သူမကို သူကျေးဇူးတင်သင့်သည်။
သို့သော် သူ ပါးစပ်ဟလိုက်ချိန်တွင် ဘာကိုမှ ပြောမထွက်ပေ။ သူ့လည်ပင်းတွင် တစ်စုံတစ်ခုက တစ်ဆို့ဆို့ ဖြစ်နေသလိုမျိုးကြီး ခံစားမိလာသည်။ သူ ပါးစပ်ဟလိုက်သည်နှင့် ပျို့အန်ချင်သလိုဖြစ်လာပြီး မည်သို့မှ အဆင်မပြေတော့ပေ။
လူစိမ်းများနှင့် စကားမပြောခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူသည် စကားပြောမည်ကို ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။
ကျောင်းသူလေးက သူ့ကို ကြည့်နေသည်။ အစကတော့ သူမသည် သူ့ကို ကြင်နာစွာ ကြည့်နေခဲ့သော်လည်း နောက် သူက စကားတစ်ခွန်းမှ မပြောလာသောအခါ သူမ၏ အကြည့်တို့သည် တဖြည်းဖြည်းနှင့် ရှုပ်ထွေးလာသည်။
လင်ရှုသည် နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး စကားပြောရန် ကြိုးစားပါသော်လည်း ပြောမထွက်နိုင်ခဲ့ပေ။
6
လင်ရှု ရှက်ရွံ့သွားသည်။ သူမရှေ့တွင် နောက်ထပ် နည်းနည်းကြာအောင် ဆက်နေနေလျှင် သူပိုပြီး အရှက်ကွဲတော့မည်ဟု ခံစားလာရသည်။
သူ ဤနေရာမှ ထွက်ပြေးမှဖြစ်တော့မည်။
နောက်ဆုံးတွင်တော့ သူသည် ဤသို့သော လူမျိုးဖြစ်သည်ကို သဘောပေါက်သွားသည်။
သူသည် လူတိုင်းနှင့် တစ်ပုံစံတည်း တူညီပါသော်လည်း ဘယ်သောအခါမှ လူအများကြား ဝင်ဆံ့မှာမဟုတ်ပေ။
၎င်းက သူ၏ အပြစ်သာဖြစ်ကာ အခြားသူများနှင့် ဘာမှမဆိုင်ပေ။ လူများကြားသို့ ရောက်နေလျှင် သူသည် မရုန်းနိုင်သော နွံထဲနစ်နေသလို မွန်းကြပ်လာတတ်သည်၊
သို့သော် သူသည် ထိုကျောင်းသူ မိန်းကလေးကိုတော့ ကျေးဇူးတင်စကား ပြောချင်ခဲ့ပါသည်။
သူသည်လည်း.......... သူငယ်ချင်းများ ရချင်ခဲ့ပါသည်။
သူသည် နေရာသို့ ပြန်သွားလိုက်ပြီး ထိုင်ချလိုက်ချိန်တွင် လည်ပင်းထဲမှ ချဉ်စူးစူး နာကျင်မှုက ပိုဆိုးလာသည်။ ခေါင်းငုံ့ထားပြီး စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေသော်လည်း အာရုံမရပေ။
အနိုင်ကျင့်ခံရချိန်တိုင်းတွင် သူသည် ဤကိစ္စများ မြန်မြန်ပြီးသွားပြီး နဂိုအတိုင်း ပြန်နေရန်သာ လိုချင်ခဲ့သည်။ အရာအားလုံးကို ပစ်ထုတ်လိုက်ချင်စိတ်တို့သာ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ယခုတွင်တော့ သူ ငိုချင်နေခဲ့သည်။
ဤကား သူ၏ တကယ့် အစစ်အမှန် စိတ်မိစ္ဆာပင်.......
******