Ch 54
Viewers 3k

အပိုင်း ( ၅၄ ) အလိုလို 


ပုံရိပ်ယောင် အစီအရင်အတွင်းသို့ ဝင်လာစဉ်က ဖြစ်ခဲ့သော ရှုပ်ထွေးမှုများက တဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီး လင်ရှုသည် စိတ်အေးသွားကာ ပုံရိပ်ယောင်အတွင်းမှ သူ၏ အငယ်ဗားရှင်းကို အေးစက်စွာ ကြည့်နေသည်။ 


သူ၏ စိတ်မိစ္ဆာဖြစ်နိုင်ချေအများစုကို တစ်ခုပြီး တစ်ခု တွေးကြည့်ခဲ့ဖူးသော်လည်း ဒီကိစ္စဖြစ်နေမည်ဟုတော့ တစ်ခါမှ မတွေးမိခဲ့ပေ။ 


အချိန်အကြာကြီး အမှောင်ထုထဲတွင် နေခဲ့သော လူတစ်ယောက်လို ခံစားမိလိုက်သည်။ သူသည် အမှောင်ထုကို ကြောက်ရွံ့သော်လည်း တစ်ချိန်တည်းမှာပင် မီးတောက်များက ဝိုင်းရံနေပြီး ပူလောင်နေသလိုလည်း ခံစားရသည်။ သူ့တွင် ရှိကို ရှိရမည်၊ လုပ်ကို လုပ်ရမည်ဟူသည့် တစ်စုံတစ်ခု မဟုတ်ခဲ့ဘဲ သူ တကယ်ကို လုပ်ချင်ခဲ့သော အရာဖြစ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဤဖြတ်ခနဲ ပေါ်လာခဲ့သော စိတ်ဆန္ဒလေးသည် တဖြည်းဖြည်းနှင့် သူပင် မသိလိုက်စွာ ရင့်မှည့်လာခဲ့ပြီး သူ့ကို အနာဂတ်တွင် မဆုံးနိုင်သော အမှောင်ထုအတွင်းသို့ ဝါးမြိုမည့် လက်နက်ဖြစ်လာသည်။ 


ထိုနေ့ကတည်းက သူနှင့် ကျောင်းသူလေးသည် နောက်ထပ် တစ်ခါမှ ပြောဆိုဆက်ဆံမှု မရှိတော့သလို တွေ့လည်း မတွေ့တော့ပေ။ ကျောင်းသည် အလွန်ကို ကျဉ်းပြီး သေးသော မြို့ကျောင်းလေးသာ ဖြစ်သည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် တွေ့သော အချိန်တွင်လည်း လင်ရှုသည် သူမကို ရှောင်ရှားပြီး အခြားသော နေရာများကို ကြည့်နေခဲ့ကာ သူမကို မမြင်ဟန်ဆောင်နေခဲ့သည်။ 


သူအိမ်ပြန်ရောက်ချိန်တွင် ကျောင်းတွင် ကြုံခဲ့ရသည့် ကိစ္စများကို ဆရာသခင်အား ဘယ်သောအခါမှ မပြောခဲ့ပေ။ သူသာ ပြောပြလိုက်လျှင် သူ့ဆရာက သူ့ကို ဆူပြောလာမည်ကို ကြောက်ရွံ့နေခဲ့သည်။ 


“မင်းရဲ့ စိတ်ကို သာမန်သေမျိုးတွေကတောင် နှောက်ယှက်နိုင်နေပြီ။ မင်းရဲ့ စိတ်အခြေက မခိုင်မာဘူးပဲ” 


ဤသို့ အပြောခံရမည်မှာ သေချာသလောက် ဖြစ်နိုင်သည်။ 


အချိန်များ ကုန်ဆုံးသွားသည်။ 


လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် သူသာ လူ့အသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက် ပေါင်းစပ်နိုင်ခဲ့လျှင်.... ဟူသည့် အတွေးတို့ ရှိနေခဲ့သည်။ 


သို့သော် ၎င်းက အရည်မရအဖတ်မရ အတွေးများသာ ဖြစ်လေသည်။ 


ထိုအတွေးတို့ မည်သည့်အချိန်က စခဲ့သည်ကို မသိသလို မည်သည့်အချိန်က တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကိုလည်း သူမသိခဲ့ပေ။ သူ၏ အသက်က တဖြည်းဖြည်း ကြီးလာပြီး အတွေးစိတ်တို့ကလည်း သည်းခံနိုင်မှု စိတ်ရှည်မှုတို့ အားကောင်းလာသောကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် သူသည် ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်တို့ကို အချိန်အကြာကြီး ကျင့်ကြံပြီး သူ၏ စိတ်အခြေအနေကလည်း ဂိုဏ်း၏ ဆောင်ပုဒ်အတိုင်း တကယ်ဖြစ်လာသောကြောင့် ဖြစ်နိုင်သည်။ 


“အပြင်က ကိစ္စတွေကြောင့် စိတ်ကို မပျံ့လွှင့်စေရ” 


သူ့အနားမှ ကျောင်းသားများက တစ်တန်းပြီးတစ်တန်း ပြောင်းလဲနေကြကာ သူတို့၏ အသက်တို့ကလည်း ကြီးလာသည်။ သူတို့သည် အဓိပ္ပာယ်မရှိသော လှောင်ပြောင်မှုများကို လုပ်ရန် စိတ်မပါကြတော့ပေ။ သူကတော့ စကားမပြောဘဲ နေဆဲဖြစ်သလို မည်သူနှင့်မှလည်း မရင်းနှီးသောသူ ဖြစ်နေဆဲ ဖြစ်လေသည်။ 


လင်ရှုသည် အဆောက်အဦးတစ်ခု၏ ခေါင်မိုးထပ်တွင် ရှိနေခဲ့သည်။ သူသည် အမိုးစွန်းတွင် ခြေနှစ်ချောင်းချ၍ ထိုင်နေခဲ့ကာ ကောင်းကင်မှ ကြယ်များကို ကြည့်နေခဲ့သည်။ 


တစ်ခါတစ်လေဆိုလျှင် ကြယ်များကို မော့ငေးရင်း သူ့ကိုယ်သူ ရေထဲတွင် နှစ်မြုပ်လာသလို ခံစားရသည်။ ကြယ်များသည် သူနှင့် အဝေးဆုံးတွင် ရှိနေပြီး လင်းလက်နေကြကာ လက်လှမ်းမမှီနိုင်သလိုခံစားရသည်။ သူသည် လက်တွေ့တွင် မဖြစ်လာနိုင်သည့် ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလိုလည်း ခံစားရသည်။ 


ဆရာသခင်သည်လည်း သေဆုံးသွားပြီး ဖြစ်ဟန်တူသည်။ ယခုအချိန်တွင် သူ ဘာကိုမှ သေချာမသိပေ။ 

 

ပုံရိပ်ယောင်ထဲတွင် အရာရာတိုင်းသည် ကသောင်းကပြောင်းနှင့် ဝိရောဓိဖြစ်နေပြီး မည်သည့်အရာကမှ အစစ်အမှန်မဟုတ်ပေ။ အိပ်မက်မက်နေသကဲ့သို့ သူ၏ စိတ်ကို ထပ်ခါထပ်ခါ ထိခိုက်သက်ရောက်စေသည့် ဖြစ်ရပ်များကသာ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။ သူ့ကို ဤနေရာမှ ထွက်ခွာသွားရန် အသိစိတ်က တိုက်တွန်းနေပြီး သူကိုယ်၌ကလည်း ပုံရိပ်ယောင်ထဲတွင် မပိတ်မိနေချင်ပေ။ 


ထို့အပြင် ပုံရိပ်ယောင်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပိတ်မိနေရသည့် အကြောင်းအရင်းသည်...... 


လင်ရှု အတွေးဖြတ်လိုက်ပြီး စိတ်တည်ငြိမ်စေသည့် မန္တာန်များကို ထပ်တလဲလဲ ရွတ်ဖတ်ကာ အသက်ပြင်းပြင်းရှူ၍ အမိုးထက်မှ ခုန်ချလိုက်သည်။ 


လင်ရှုသည် ရုပ်စုံမှန်ပြောင်းတစ်ခုပေါ်သို့ ခုန်ချလိုက်သည်ဟု ထင်ရလောက်အောင် သူ့ဘေးပတ်ပတ်လည်မှ မြင်ကွင်များက ဆက်တိုက်ပြောင်းလဲနေပြီး နောက်ဆုံးတွင် ငယ်စဉ်ကျောင်းတက်ချိန်က အိမ်ပြန်လမ်းသို့အရောက်တွင် ရပ်တန့်သွားသည်။ 


မိန်းမငယ်လေးသည် ပန်းရောင်ကျောပိုးအိတ်လွယ်၍ တစ်ယောက်တည်း လမ်းလျှောက်နေသည်။ 


အချိန်တွေသာ နောက်ပြန်လှည့်၍ ရလျှင် သူမကို ကျေးဇူးတင်စကားပြောချင်သည်....။


အခုကစပြီး ဖြစ်နိုင်လျှင်ပေါ့။ သူ့ကို လူထူးလူဆန်းတစ်ယောက်လို့ မမြင်မည့် လူစ်ယောက်ရှိလာလိမ့်မည်။ 


တစ်ယောက်ထဲဆိုရင်လည်း အဆင်ပြေပါတယ်။


သူ ရှေ့သို့ ဆက်လျှောက်သွားသည်။ 


ကောင်မလေးသည် သူ့ကို လှည့်ကြည့်လိုက်ပြီး လက်ကမ်းပေးလိုက်ကာ ရင်းနှီးစွာ နှုတ်ဆက်လာသည်။ သူမက ပြုံး၍ 


“အိုး နင်ပါလား” 


လင်ရှုက ပြောသည်။ 


“ကျေးဇူးတင်ပါတယ်” 


သူမက အပြုံးလေးဖြင့် 


“ရပါတယ်” 


ထို့နောက် သူမကပဲ မေးလာသည်။ 


“နင်တို့ အိမ်က ဘယ်နားမှာလဲ” 


လင်ရှု “အနောက်လမ်းဘက်” 


“ငါတို့ အိမ်ပြန်ရင်လည်း အဲဘက်က ဖြတ်ရတယ်” 


သူမက ဆက်ပြောသည်။ 


“တူတူပြန်ရအောင်လေ” 


လင်ရှု ငြိမ်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ 


သူမက ရှေ့မှလျှောက်ပြီး လင်ရှုကတော့ နောက်မှသာ လိုက်သွားသည်။ 


လမ်းလျှောက်နေရင်း သူ့ဘေးမှ ကမ္ဘာကြီးက စတင်၍ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ပြီး ပြိုကျသွားသည်။ 


ကောင်မလေး၏ ပုံရိပ်သည်လည်း အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားပြီး ပျောက်ကွယ်သွားကာ အခြားသော မိန်းကလေးတစ်ယောက် လင်ရှုရှေ့တွင် ပေါ်လာသည်။ 


ဘေးဘီကို ကြည့်လိုက်ချိန်တွင် ရှန်းလင်ကျောင်းတော်ရှိရာ တောင်ကုန်းနောက်မှ တောင်တက်လမ်းလေးကဲ့သို့ နေရာသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ 


ပုံရိပ်ယောင်တစ်ခု အဆုံးသတ်သွားသော်လည်း သူ့ကို နောက်ထပ် ပုံရိပ်ယောင်က စီးကြိုနေသည်။ 


သခင်မလေးသည် လေထဲတွင် တဖျတ်ဖျတ်လွှင့်မြောနေသည့် အနီရောင်တောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် တောင်တက်လမ်း အဆုံးနားတွင် သူ့ကို ကျောပေးပြီး ရပ်နေသည်။ အလွန်ကို လှပလှသည့် နောက်ကျောပါလေ။


သူရှေ့တိုးသွားပြီး သခင်မလေး၏ ဘေးတွင်ရပ်လိုက်သည်။ ဒီတစ်ကြိမ်တွင် ပုံရိပ်ယောင်က သူ့ကို ဘာလုပ်ခိုင်းချင်သည်ကို မြင်ရအောင် ကြည့်ရမည်။ 

 

ယခု သူရောက်နေသော ကမ္ဘာတွင် မည်သည့် မနှစ်မြို့စရာကိုမှ မတွေ့နိုင်ဟု ထင်ထားခဲ့သည်။ စိတ်မိစ္ဆာရှိနေလျှင်ပင် ၎င်း၏ အစွမ်းက သူ့ကို လွှမ်းမိုးနိုင်လောက်အောင် အားမကောင်းနိုင်ပေ။ 


သခင်မလေးက ရှေ့တူရူကို ကြည့်နေပြီး  တည်ကြည်စွာ မေးသည်။ 


“ရှင် ဘယ်ကို သွားချင်လဲ” 


လင်ရှု “ဘယ်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်” 


သခင်မလေး “မပြေဘူး” 


လင်ရှု “မင်း ဘယ်ကို သွားချင်တာလဲ” 


သခင်မလေး “ရှင် ဘယ်ကိုသွားချင်တာလဲ မေးတာ။ ကျွန်မ သွားချင်တဲ့နေရာ မဟုတ်ဘူး” 


လင်ရှု ခဏလောက် တွေးလိုက်ပြီး 


“ငါ့မှာ သွားချင်တဲ့နေရာဆိုပြီး မရှိဘူး” 


သခင်မလေး “ရှိပါတယ်” 


သခင်လေးသည် သူ့ဘက်သို့ လှည့်လိုက်ပြီး သူ့မျက်ဝန်းများသို့ တည့်တည့်ကြည့်၍ ထပ်မေးသည်။ 


“ကမ္ဘာကြီးက ဒီလောက်ကြီးတာ ရှင်သွားချင်တဲ့ တစ်နေရာတော့ ရှိမှာပါ၊ ရှင်ဘယ်နေရာကို သွားချင်လဲ” 


လင်ရှု ရှေ့ကို ကြည့်လိုက်သည်။ မျက်စိရှေ့မှ လမ်းသည် မိုးကုတ်စက်ဝိုင်း ကောင်းကင်အထိ ရှည်လျားနေကာ အဆုံးမရှိပေ။ 


လင်ရှု ခပ်ဖျော့ဖျော့ သက်ပြင်းချ၍ တိုးတိုးလေး ပြောလိုက်သည်။ 


“အဝေးကြီးကို သွားချင်တယ်” 


“ဘယ်လောက် ဝေးဝေးလဲ” 


“ငါသွားနိုင်သလောက် ဝေးဝေး”


“ရှင်သွားနိုင်သလောက် ဝေးဝေး.... အင်း နောက်ရော ဘာရှိသေးလဲ” 


“အဲဒီမှာ ဘယ်သူမှ မရှိဘူး” 


“သိပြီ” 


သူမ၏ မျက်ဝန်းတို့က ပြုံးရိပ်သန်းသွားပြီး သူ့လက်ကို ဆွဲလိုက်ကာ 


“ကျွန်မ လိုက်ပို့မယ်” 


လေထဲတွင် အနီတောက်တောက် ဇာလေးက လွှင့်ပျံနေသည်။ သူတို့သည် လေကို ဆန်၍ ပြေးသွားခဲ့ပြီး ရာသီဥတုသည်လည်း သူတို့ အိပ်မက်ခန်းဆောင်သို့ ဝင်စဉ်ကကဲ့သို့ တစ်ထပ်တည်းကျနေကာ မနက်စောစောအချိန်လိုပင်။ ကောင်းကင်ကြီးက ကျယ်ပြောလှကာ အဆုံးမရှိပေ။ သူတို့နှစ်ယောက်သည် ကမ္ဘာကြီး၏ အဆုံးတစ်နေရာကို ရှာဖွေနသလို ပြေးနေခဲ့သည်။ 


တောတောင်မြစ်ချောင်းများ မြို့များ ရွာများနှင့် တဖြည်းဖြည်း ဝေးလာသည်။ သူတို့ဘေးမှ မြင်ကွင်းတို့ကလည်း မှိန်ဖျော့လာသည်။ နောက်ဆုံးတွင် နှစ်ယောက်သားသည် ဘာမှမရှိသော လေဟာနယ်တစ်ခုတွင်  ရပ်တန့်လိုက်သည်။ 


သခင်မလေးက မေးသည်။ 


“ဘယ်လိုလဲ ဒီနေရာကို သဘောကျရဲ့လား” 


လင်ရှု လှည့်ပတ်ကြည့်၍ အနည်းငယ် စိတ်လှုပ်ရှားနေသော အသံဖြင့် 


“.... မဆိုးပါဘူး” 


သခင်မလေး “ဒါဆို ကျွန်မသွားတော့မယ်” 


လင်ရှု 


“သွားတော့မယ်” 


“ဘယ်သူမှမရှိတဲ့ နေရာမှာ နေချင်တာဆိုရင် ကျွန်မလည်း ရှိနေလို့ မဖြစ်ဘူးလေ” 


သခင်မလေးက ပြောသည်။ 

 

“ကျွန် မသွားတော့မယ်” 


သူမသည် ထိုစကားပြောပြီးသည်နှင့် နောက်လှည့်၍ သူတို့လာခဲ့သော နေရာသို့ ဦးတည်၍ ထွက်သွားတော့သည်။ 


လင်ရှု ထိုနေရာတွင်ပင် ရပ်နေပြီး သခင်မလေး၏ ဝေးကွာသွားသော ပုံရိပ်ကို ငေးကြည့်နေမိသည်။ 


သခင်မလေး ထွက်ခွာသွားပြီးနောက်တွင် တကယ်ကို သူတစ်ယောက်တည်းသာ ကျန်နေခဲ့ပြီး သူသည် ဘာမှကို မရှိသော နေရာတွင် နေနေခဲ့ရသည်။ 


သူ အမြဲတမ်းလိုချင်နေသည့် အခြေအနေဖြစ်ကာ ဤသို့ဖြစ်ရလေအောင် သူသည် နည်းလမ်းမျိုးစုံကို ရှာဖွေခဲ့ဖူးသည်။ 


သို့သော် ယခု ဤအခိုက်အတန့်တွင်တော့ သူသည် ဘာမှမရှိခြင်းဟူသည့် နေရာတွင် အဆင်မပြေတော့သလိုခံစားရကာ မွန်းကြပ်လာသည်။ 


နောက်ဆုံး သူ့အမြင်မှ သခင်မလေး လုံးလုံးလျားလျား ပျောက်ကွယ်သွားခါနီးမှ သူ အော်ခေါ်လိုက်သည်။ 


“သခင်မလေး” 


လင်းဖုန်းရှောင် ရပ်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ 


“ကျွန်မကို သွားစေချင်နေတာ မဟုတ်ဘူးလား” 


“မဟုတ်ပါဘူး” 


လင်းဖုန်းရှောင် “ရှင် ဒါကို မကြိုက်တော့ဘူးလား”


လင်ရှု “အဲလိုလည်း မဟုတ်ဘူး” 


လင်းဖုန်းရှောင်း “ဒီမှာ ဒီနေရာမှာလေ ကြိုက်တာနဲ့ မကြိုက်တာပဲရှိတယ်” 


လင်ရှု “ငါ မကြိုက်ဘူး” 


သခင်မလေးက ပြုံး၍ ပြောလိုက်သည်။ 


“လူလိမ်လေး” 


လင်ရှု ”....” 


‘ငါ ဘာလို့ ထပ်ပြီး လူလိမ်လေး ဖြစ်သွားရပြန်တာတုန်း’ 


“တကယ်လို့ တစ်နေ့မှာ ရှင့်ရဲ့ တွေဝေတတ်တဲ့ အကျင့်ကို ပြောင်းပစ်နိုင်ခဲ့ရင် ကျွန်မ ရှင်နဲ့ လာကစားလှည့်မယ်”


သခင်မလေးက ကတိပေးလိုက်ပြီး လှည့်ထွက်သွားသည်။ ဤတစ်ကြိမ်တွင်တော့ သူမသည် ယခင်ကထက် ပို၍ မြန်မြန်သွားခဲ့သည်။ မဟုတ်သေး သူမ ပြေးထွက်သွားခြင်း ဖြစ်သည်။ 


ဇာပါးလေးက လေထဲတွင် လွှင့်ပျံနေကာ မိုးကုတ်စက်ဝိုင်းဆီမှ အနီရောင် ရောင်နီတို့က ဖြာထွက်နေပြီး သူမထံမှ ငွေချူသံတို့က သာယာလှသည်။ ထိုအရာများနှင့်အတူ သူမသည်လည်း ကောင်းကင်ယံ လေထုထဲတွင် တိမ်ဆိုင်များလို ပျောက်ကွယ်သွားတော့မည်။ 


လင်ရှု နောက်မှ လိုက်သော်လည်း လုံးဝ မမှီနိုင်ပေ။ သူမ အနီးကပ်လာတိုင်း လက်ကိုဆန့်ထုတ်၍ လှမ်းဆွဲပါသော်လည်း အဆုံးတွင် အမြဲတမ်း ငွေရောင် တိမ်တိုက်တို့ကိုသာ ဖမ်းဆုပ်မိသည်။ တိမ်ဆိုင်တို့က သူ့လက်ထဲတွင် မြူမှုန်လေးများလို ပျောက်ကွယ်သွားသည်။ 


မည်မျှ ကြာသွားသည် မသိပေ။ နောက်ဆုံး သူ မခံနိုင်တော့ဘဲ 


“သခင်မလေး” 


သခင်မလေး ရပ်သွားသည်။ 


သူက ပြောသည်။ 


“လင်းဖုန်းရှောင်” 


လင်းဖုန်းရှောင် သူ့ကို လှည့်ကြည့်ကာ “အမ်” 


လင်ရှု “ငါ့ကို စောင့်ဦး” 


လင်းဖုန်းရှောင် က ပြုံး၍ ပြောလာသည်။ 

 

“ကောင်းပြီ” 


လင်းဖုန်းရှောင် လက်ကို ဆန့်ထုတ်၍ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြန်ကာ 


“စောစောကတည်းက ပြောရင် ရှင်ကျွန်မကို မှီတာ ကြာပေါ့”  


လင်ရှု 


“မင်းက ဆက်တိုက်ကို ပြေးနေတာလေ။ ဘယ်လိုကြည့်ကြည့် ငါ့ကို မှီစေချင်တဲ့ပုံ မပေါ်နေဘူး” 


လင်းဖုန်းရှောင် “ရှင် ပြောထုတ်ဖို့ပဲလိုတာပါ၊ ကျွန်မ ရှင့််ကို မပေးချင်တဲ့ အရာဆိုတာ ဒီကမ္ဘာပေါ်မှာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး” 


“ဘာလို့လဲ” 


“ဘာလို့လဲဟုတ်လား ကျွန်မ ရှင့်ကို ချစ်နေလို့လေ။ မသိလို့လား” 


လင်ရှု “ဒီကမ္ဘာပေါ်က တခြားလူတွေက ငါ့ကို ဂရုစိုက်ကြမှာ မဟုတ်ဘူး” 


“သူတို့ဂရုမစိုက်တော့ရော ရှင့်ကိုယ်ရှင်တော့ ဂရုစိုက်တတ်တာပဲ မဟုတ်ဘူးလား” 


အလွန်ကို ဆီလျော်သည်ဟု ထင်သည်။ 


သူတို့ နည်းနည်းလောက် လမ်းထပ်လျှောက်ပြီးနောက် သခင်မလေးက မေးပြန်သည်။ 


“ရှင် ဘယ်နေရာကို သွားချင်လဲ” 


လင်ရှု နောက်ဆုံးတွင် ဤပုံရိပ်ယောင်၏ အလုပ်လုပ်ပုံကို နည်းနည်းလေး ဖမ်းဆုပ်မိလာသည်။ 


သူက ပြောသည်။ 


“ဒီက ထွက်သွားချင်တယ်” 


သခင်မလေး “ကောင်းပြီ” 


သူမ၏ အသံအဆုံးတွင် ပုံရိပ်ယောင်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး လေထဲလွှင့်သွားသည်။ 


လင်ရှု ဟွမ်သန်းတောင်၏ ကန့်သတ်မဲ့ဝင်္ကပါအတွင်းမှ တိမ်ပင်လယ်သို့ ပြန်ရောက်လာသည်။ 


သူရှေ့သို့ဆက်သွားလေလေ အဖြူရောင်မြူတို့ ပါးလာလေလေ ဖြစ်လာသည်။ 


လမ်းလျှောက်နေရင်း လင်ရှုသည် ဤပုံရိပ်ယောင်အစီအရင်၏ ရည်ရွယ်ချက်ကို မှန်းဆနေခဲ့သည်။ 


ပထမပုံရိပ်ယောင်သည် သူ၏ နှလုံးသားထဲတွင် ပုန်းအောင်းနေသော နောင်တတရားကို ဆွဲထုတ်ပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် ကောင်မလေးကို ကျေးဇူးတင်စကား ပြောနိုင်ခဲ့သည်။ ထိုကောင်မလေးနှင့် ကျောင်းမှ အိမ်ကိုပင် အတူပြန်ခဲ့ကာ သူတို့သည် သူငယ်ချင်းများ ဖြစ်လာခဲ့သေးသည်။ စိတ်မိစ္ဆာသည် နှစ်ပေါင်းများစွာက သိုဝှက်ထားသော စိတ်အထုံးတို့ကို ဆွဲထုတ်၍ ဖြည်ပေးခဲ့သည်။ ဟွမ်သန်းတောင်ကို သွားနိုင်သ၍ တစ်ခုခုတော့ ရလာလိမ့်မည်ဟူသည့် အပြောသည် အထူးအဆန်း မဟုတ်တော့ပေ။ ဟွမ်သန်းတောင်သည် တကယ့်ကို နတ်ဘုရားနယ်မြေ ဖြစ်ထိုက်သည်။ 


ဒုတိယမြောက်ပုံရိပ်ယောင်သည်ကတော့ မည်သို့ပင် ဆိုစေကာမူ အနည်းငယ် ရှုပ်ထွေးသည်။ 


ပုံရိပ်ယောင်တစ်ခုလုံဂသည် သခင်မလေးကို ဗဟိုပြု၍ သူ့ကို သတိပေးချင်ခြင်းသာ ဖြစ်မည်။ 


“ချမ်းသာတဲ့ မိန်းမရဲ့ အကူအညီကိုပဲ မျှော်မနေနဲ့၊ ကိုယ့်ဟာကိုယ် လူတွေနဲ့ ဝင်ဆံ့ပြောဆိုနိုင်အောင် သင်ယူထား၊ ကြိုက်ကြိုက်မကြိုက်ကြိုက် ချမ်းသာတဲ့ မိန်းမကို တုန့်ပြန်မှု ကောင်းကောင်းပေးသင့်တယ်” 


ဆိုလိုချင်သည်မှာ ဘာပဲလိုချင်လိုချင် ချမ်းသာလှသော အမျိုးသမီးကို ပါးစပ်မှ ထုတ်တောင်းလိုက်ပါ....


လင်ရှု “..... ”


ဟွမ်သန်းတောင် အနီးကပ်အတန်း “ကောင်းကင်တာအိုမှ သင့်ကို ပိုင်ဖျောင့်လျောင့်ကောင်ချောလေး ဖြစ်လာဖို့ နည်းလမ်းအဖြာဖြာကို ကိုယ်ဖိရင်ဖိ သင်ကြားပေးမည်” 


---‘တကယ်ကို ဆန်းကြယ်လိုက်တာ’ 

 6

သူရှေ့သို့ ဆက်လျှောက်သွားသည်။ မြူများ လုံးဝရှင်းသွားပြီးနောက် တောင်ပေါ်လမ်းကလည်း ဆုံးသွားသည်။ သို့သော် ကျောက်စိမ်းအတိပြီးသော ကျယ်ပြောလှသော စင်္ကြန်က စီးကြိုနေသည်။ အဝေးတစ်နေရာတွင် ထာဝရရှင်သန်သူနန်းဆောင်၏ မြင့်မားသော ပွဲကြည့်စင်ကို မြင်နေရသည်ဟု ထင်ရသည်။ 


ကျောက်စိမ်းစင်္ကြန်တွင် အမျိုးသားတစ်ယောက် ရပ်နေပြီး ထိုသူသည် နောက်မှကြည့်ရုံနှင့် အမျိုးကောင်းသားမှန်း တန်းသိလောက်အောင် ဖြောင့်မတ်နေသည်။ သူ၏ အဝတ်အစားများသာလျှင် လေထဲတွင် ဝဲလွှင့်နေသည်။ 


ထူးဆန်းသည်မှာ အဝတ်အစားများရော အမူအကျင့်များပါ လုံးဝ ကွဲပြားနေပြီး လိင်အမျိုးအစားကလည်း မတူသော်လည်း လင်ရှုသည် ကျောက်စိမ်းစင်္ကြန်အဝတွင် ရပ်နေသော ဝမ်းကွဲသည် ပုံရိပ်ယောင်အတွင်း တောင်တက်လမ်းအဆုံးတွင် သူ့ကို ကျောပေး၍ ရပ်နေခဲ့သော လင်းဖုန်းရှောင်နှင့် အလွန့် အလွန်ကို တူသည်ဟု ခံစားမိနေခြင်းဖြစ်သည်။ 


လင်းရှောင် သူ့ကို လှည့်ကြည့်၍ အနားသို့ တိုးလာသည်။ 


“ထွက်လာပြီပေါ့” 


လင်ရှု “အင်း” 


လင်းရှောင်က မေးသည်။ 


“တစ်ခုခု အကျိုးအမြတ် ရှိလာလား” 


“အင်း” 


“ကောင်းတယ်” 


လင်းရှောင်က သူ့ရှေ့ထိ တိုးသွားပြီး ပြောသည်။ 


“ကျွန်တော်တို့ မတိုင်ခင်ကို တခြားလူသုံးယောက် ခမ်းနားသော နတ်နယ်မြေထဲ ဝင်သွားပြီ” 


ကောင်းကင်ဘုံလှေကားထစ်နှင့် ကန့်သတ်မဲ့ဝင်္ကပါတို့တွင်သာ နေ၍ စိတ်ကို မွမ်းမံရမည့်အစား ဤနတ်နယ်မြေအထိ လာရောက်သော သူများသည် သူတို့ကဲ့သို့ပင် ထာဝရရှင်သန်သူ နန်းဆောင်မှ ရတနာတစ်ခုခု ရလိုသူများသာ ဖြစ်ရမည်။ 


ထာဝရရှင်သန်သူ နန်းဆောင်ကို တောင်သခင်မှ စောင့်ကြပ်နေခြင်းဖြစ်သည်။ စောင့်ရှောက်သူ၏ ဆန္ဒအလိုက် လူတိုင်းက တစ်စုံတစ်ခုသော ရတနာတို့ကို ရရှိနိုင်မည်။ တန်ဖိုးအကြီးအသေးကား တောင်သခင်၏ စိတ်အပေါ်တွင်သာ မူတည်လေသည်။ ထို့ကြောင့် စောစောရောက်သူအတွက် အခွင့်အရေးက ပိုများနိုင်သည်။ 


သူတို့သည် ခြေလှမ်းကို မြန်လိုက်ပြီး ရှေ့သို့သာ စကားမပြောဘဲ ဆက်သွားလိုက်ကြသည်။ 


လမ်းတစ်လျှောက်တွင် လင်ရှုသည် လင်းရှောင်ကို ကြည့်၍ လေ့လာမိနေသည်ကို မရပ်တန့်နိုင်ခဲ့ပေ။ 


သူ့စိတ်ထဲတွင် ဝမ်းကွဲသည် ယခုအချိန်တွင် အနည်းငယ် စိတ်လောနေသလို ဖြစ်နေပြီး သူ(လင်းရှောင်)၏ အမူအယာသည်လည်း တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။ 


အရင်က အတိုင်းဆိုလျှင် သူသည် ဘာကိုမှ မေးမြန်းနေမည် မဟုတ်ပေ။ သို့သော် ပုံရိပ်ယောင်အစီအရင်ကို ဖြတ်ကျော်ပြီးနောက်တွင်တော့ ကျောင်းသူလေးကို ကျေးဇူးတင်စကားပြောခဲ့ရပြီးချိန်တွင် သူ၏ ဘာသာစကားစွမ်းရည်ကို ဟန့်တားထားသည့် အတားအဆီးက အတော်လေး ပြေလျော့သွားပုံရသည်။ သူသည် ဆက်လျှောက်နေရင်း နောက်ဆုံးတွင် ထုတ်မေးလိုက်တော့သည်။ 


“မင်း ဘယ်လိုများ ဖြစ်နေတာလဲ။ တစ်ခုခု ဖြစ်ထားလို့လား” 


လင်းရှောင် “ပုံရိပ်ယောင် အစီအရင်အကြောင်း တွေးနေတာပါ” 


လင်ရှု ဘာပြန်ပြောရမှန်းမသိဖြစ်သွားကာ တိတ်သွားပြန်သည်။ 


သို့သော် တိတ်ဆိတ်မှုတို့တော့ ကြီးစိုးမသွားခဲ့ပါ။ 


လင်းရှောင်က မထူးခြားသလို ပြောလာသည်။ 


“ထုတ်ပြောဖို့ အဆင်မပြေတဲ့ ကိစ္စလေးတွေ တော်တော်များများ ဖြစ်ခဲ့တယ်လေ၊ ပြောရရင် ဘဝမှာ ကြုံဖူးထားတဲ့ အရာရာတိုင်းက ဒီဆိုရိုးအတိုင်း အနှစ်ချုပ်လိုက်ရမလိုပေါ့ဗျာ ‘အမှီအခိုကင်းကင်း နေနိုင်ဖို့ လွပ်လပ်ခြင်းကို ရှောင်ရှားသင့်သည်’ ”


လင်ရှုသည် ဤအခိုက်အတန့်တွင် ဝမ်းကွဲမှာ သူမျှော် လင့်ထားသည်နှင့် ကွာခြားသူ ဖြစ်နေသည်ကို မြင်သွားတော့သည်။ 

 

အစတုန်းက သူသည် ဤကဲ့သို့သော ခြောက်ပစ်ကင်းသဲလဲစင် ထိပ်တန်းပါရမီရှင် တစ်ယောက်အဖြစ် မွေးဖွားလာသော လူမျိုးသည် စိုးရိမ်သောကကင်းဝေးပြီး ထာဝရရှင်သန်ခြင်းကို ရရှိရန် ကျင့်ကြံခြင်းမှာသာ အာရုံစိုက်နိုင်သူဟု ထင်ခဲ့သည်။ 


ဤသူတို့သည် အဘယ့်ကြောင့်များ “အမှီအခိုကင်းကင်း နေနိုင်ဖို့ လွပ်လပ်ခြင်းကို ရှောင်ရှားသင့်သည်” ဤဆောင်ပုဒ်ကို လက်ကိုင်ထား မြွတ်ဟကြပါသနည်း။ 


သူသည် ဘာကိုပြန်ပြောလိုက်ရမည်ကို မသိတော့သောကြောင့် လင်းရှောင်ကိုသာ ကြည့်၍ အတတ်နိုင်ဆုံး သူ၏ မျက်ဝန်းထဲတွင် 


“မင်း ဘာတွေ ပြောမှာလဲ မသိပေမဲ့ နားထောင်ပေးနိုင်ပါတယ် ” 


ဟူသည့် စိတ်ရင်းလေးကို ဖော်ပြနိုင်ရန် ကြိုးစားလိုက်သည်။ 


လင်းရှောင် သူ့ကိုကြည့်၍ ပြုံးလိုက်သည်။ 


သူက ပြောသည်။ 


“ဒီနေ့မှ ဘယ်လိုဖြစ်လို့ သူများတွေ ပြောတဲ့စကားတွေကို နားထောင်ချင်လာရတာလဲ။ ဟမ်....” 


‘ကောင်းကင်တာအိုက သင်ပေးလိုက်တာလေ’ 


‘ပြောရရင် အရင်တုန်းကလည်း လူတွေ ဘာပြောပြော နားမထောင်ဘဲ တစ်ခါမှ မနေခဲ့ဖူးပါဘူး’ 


သူသည် လင်းရှောင်ကိုသာ ဆက်၍ ကြည့်နေပြီး သူ၏ မျက်ဝန်းများကတော့ “ငါက အရမ်းကို အပြစ်ကင်းပါတယ်” ဟူသည့် အဓိပ္ပာယ်ကို သံပြိုင်သီကျူးနေကြသည်။ 


လင်းရှောင်သည်လည်း သူ့ကို ကြည့်နေပြီး လင်းရှောင်၏ မျက်ဝန်းများတွင် အပြုံးရိပ်တို့ ထင်ဟပ်လာသည်။ သူသည် လက်ကို ဆန့်ထုတ်၍ လင်ရှု၏ နှားခေါင်းထိပ်လေးကို သွား၍ ပွတ်လိုက်သည်။ 


လင်ရှု “.....” 


........ 


စာရေးသူမှာ ပြောစရာရှိပါတယ်


.......... 


ယာယီသခင်ကို စကားပြောရန် ကြိုးစားနေသော လင်ရှုလေး “.......ကွိ....” 


(လင်ရှုက ဟမ်းစတားလေးလို့ ရေးထားလို့ အော်သံက ကွိဖြစ်သွားတာပါ).... အဲဒါ အော်နေတာပါ.....


******