Ch 55
Viewers 3k

အပိုင်း ( ၅၅ ) ခမ်းနားသော ကျားကွက် 


လင်ရှု ဝမ်းကွဲမှ သူ့နာခေါင်းထိပ်ကို လာထိနေသည်ကို ဘေးသို့ယိမ်း၍ ရှောင်လိုက်သည်။ 


‘ငါ့နှာခေါင်းကို မပွတ်နဲ့’ 


ဝမ်းကွဲသည် ရယ်သွမ်းသွေးလိုက်ပြီး သူ့အမူအယာကို လစ်လျူရှုထားသည်။ 


နှစ်ယောက်သား ရှေ့သို့ ဆက်သွားလိုက်သည်။ ကျောက်စိမ်းစင်္ကြန်မှ လှေကားထစ်ပုံလေးများ အထစ်တစ်ရာကို ကျော်လွန်လာပြီးနောက် သူတို့ရှေ့တွင် အဆုံးမရှိ မိုင်ထောင်ချီသော မက်မွန်တောအုပ်ကို တွေ့လိုက်ရသည်။ 


တောင်ပေါ်တွင် ရာသီလေးခု မရှိပေ။ ထို့ကြောင့် ဝေဝေဆာဆာပွင့်နေသော မက်မွန်ပင်များကား တကယ့်ကို သဘာဝလွန် ဖြစ်နေလေသည်။ ယခုအချိန်တွင် မက်မွန်ပွင့်များသည် အလွန်ကို ဝေဝေဆာဆာပွင့်လန်းနေကြပြီး တောက်ပနေကာ တောင်ကြောတစ်ခုလုံးကို မက်မွန်ပန်းရောင် တိမ်တိုက်များ လွှမ်းခြုံနေသလို ခမ်းနားသော မြင်ကွင်းကို ဖော်ဆောင်ပေးနေသည်။ 


မှတ်တမ်းများအရ ဤနေရာကို ကြီးကျယ်ခမ်းနားသော နတ်နယ်မြေဟု ခေါ်ဆိုလေသည်။ 


အစတုန်းက ဟွမ်သန်းတောင် စစ်ဆေးမှုသည် ပြီးပြည့်စုံလေသည်။  ၎င်းသည် ကျင့်ကြံခြင်းကိုသာ စစ်ဆေးခြင်းမဟုတ်ဘဲ စိတ်နှလုံးသား အခြေအနေကိုပါ စစ်ဆေးခြင်းဖြစ်သည်။ ဤစစ်ဆေးမှုများက တပည့်များ၏ ကျွမ်းကျင်မှုများကို တိုးတက်လာစေသည်။ သို့သော် ထာဝရရှင်သန်သူ နန်းဆောင်သို့ မရောက်မှီ ဤသို့သော စစ်ဆေးမှုများကို ကျော်ဖြတ်မှရပေမည်။ 


ဒဏ္ဍာရီများအရဆိုလျှင် ဤခမ်းနားသော နတ်နယ်မြေသည် ဟွမ်သန်းတောင်ပေါ်မှ မဟုတ်ခဲ့ပေ။လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တောင်ပေါ်တွင် နေထိုင်ခဲ့ဖူးသော ပညာရှင်ကြီးတစ်ပါးက အလွန်ကို ပျင်းနေပြီး လုပ်စရာမရှိတော့သည့်အတွက် နောက်မျိုးဆက်သစ်များ ခက်ခဲမှုတို့ ကြုံတွေ့စေရန် အထူးတလှယ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 


ခမ်းနားသော နတ်နယ်မြေမှ မက်မွန်တောကို ဖြတ်လာလျှင် မက်မွန်တောအုပ်၏ ခမ်းနားသော ကျားကွက် ကစားပွဲရှိလေသည်။ 


ဤကစားပွဲကို “မက်မွန်တောကစားပွဲ” ဟုလည်းခေါ်ပြီး တစ်ချို့သော လူများကတော့ “ကြီးကျယ်သော ကစားပွဲ”ဟုလည်း ခေါ်သေးကာ စစ်တုရင် ကစားပွဲများ၏ လူသိများသော အခြေခံဖြစ်သလို ကျားကစားခြင်း အနုပညာဟု သတ်မှတ်နိုင်သည့် “ကျန်းလုံ” ဟုလည်း ခေါ်သေးသည်။ နောက်ပိုင်းတွင် လူအများစုသည် ၎င်းကို “ကျန်းလုံကျားကွက်” ဟုသာ ခေါ်တော့သည်။ 


ကျောင်းတော်၏ ရတနာခန်းဆောင်မှ ကြေးရတတ်မစ်ရှင် စာရင်းတွင် “ကျန်းလုံကျားကွက်ကို အနိုင်ယူရန်” ဟူသည့် မစ်ရှင်ရှိနေသည်။ အခကြေးငွေကလည်း အလွန်ကို မြင့်မားသည်။ ထိုမစ်ရှင်ကို နေ့တိုင်း နံရံပေါ်တွင် တွေ့နေရရာ ဤ “ကျန်းလုံကျားကွက်” ကို မည်သူမှ အနိုင်မရသေးသည်ကို သိနိုင်သည်။ 


ရှေးဟောင်းစာအုပ်အများစုတွင်လည်း ကျန်းလုံကျားကွက်ကို ဖြေရှင်းနိုင်သည့် နည်းလမ်းများကို အထူးတလှယ် ဆွေးနွေးထားသည်ကို မြင်နိုင်သည်။ ဤကျားကွက်မှာ လွယ်လွယ်နှင့် ကျော်ဖြတ်နိုင်မည့် အဆင့်မျိုးတော့ မဟုတ်ပေ။ လင်ရှုသည် ထိုကျားကွက်ဆွေးနွေးခန်းများကို ပြန်စဉ်းစားကြည့်လိုက်သည်။ လူသားဘာသာစကားဖြင့် ပြောလျှင် ဤကား သင်္ချာပုစ္ဆာ တစ်မျိုးပင်။ 


သင်္ချာပုစ္ဆာတစ်ခုတွင် ဖြေရှင်းနည်း အများကြီးရှိနိုင်သည်။ လူအများစု တွက်ချက်နိုင်သော နည်းလမ်းကို လူအများက ဖြေရှင်းနည်း အစစ်အမှန်ဟု သတ်မှတ်ကြသည်။ 


ကျန်းလုံကျားကွက်၏ စည်းမျဉ်းများမှာ ရှင်းလင်းပေသည်။ ဖြေရှင်းနည်းကို ရှာတွေ့သ၍ နည်းလမ်းက ကောင်းကောင်းဆိုးဆိုး အောင်မြင်ပေလိမ့်မည်။ 


တပည့်များမှာ စည်းမျဉ်းကို မြင်ပြီးသည်နှင့် ဝင်လာသော ပထမဆုံးအတွေးမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံး အတော်ဆုံးဟု တွေးပြီး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားရန်သာ ဖြစ်သည်။ 


သို့သော် အမှန်တရားက ရက်စက်လွန်းပါသည်။ သူတို့ ကျန်းလုံကျားကွက်ရှေ့ တကယ်ရောက်လာပြီဆိုလျှင် သူတို့ မည်မျှ ကောင်းကောင်းလုပ်ပါစေ ၎င်းကို ဖြေရှင်းရန်မှာ ကန့်သတ်ချက်များ ရှိနေသည်ကို မတတ်သာဘဲ လက်ခံကြရသည်။ 


သူတို့နှစ်ယောက်သည် မက်မွန်တောအုပ်ကို ဖြတ်၍ သွားလိုက်ကြသည်။ 


မက်မွန်တောအုပ် အနက်ပိုင်းရှိ အလွန်ကို ကြီးမားလှသည့် ကျောက်နံရံကြီးရှေ့တွင် လူသုံးယောက်က မတ်တပ်ရပ်နေကြပြီဖြစ်သည်။ 


ဝင်္ကပါမှ ထွက်ထွက်ချင်း လင်းရှောင်ပြောသည်နှင့် ကွက်တိပင် လင်ရှု ဝင်္ကပါမှ မထွက်လာခင်က သူတို့ရှေ့မှ ဖြတ်သွားသည့် လူသုံးယောက်ပင် ဖြစ်သည်။ သူတို့အားလုံးသည် ကျောက်နံရံကို စိုက်ကြည့်နေကြပြီး ရုပ်ထုများကဲ့သို့ မျက်လုံးများက မျက်တောင်လုံးဝ မခတ်သလို ခန္ဓာကိုယ်မှလည်း လှုပ်ရှားမှုတို့ မရှိကြပေ။ 

 

လင်းရှောင်ကပြောသည်။ 


“တူတူ ဝင်လိုက်ကြရအောင်” 


လင်ရှု ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အကြည့်တို့က ပြောင်ချောနေသော ကျောက်နံရံတွင်သာရှိနေပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။ 


သူ၏အကြည့်တို့ ကျောက်နံရံပေါ်သို့ ရောက်သွားသည်နှင့် ကောင်းကင်ကြီးက စတင်လည်ပတ်လာပြီး လင်ရှုသည်လည်း ဘာမှမရှိသော လေဟာနယ်တစ်ခုအတွင်း ရောက်သွားသည်။ 


ရုတ်တရက် လင်းရှောင်လည်း သူ့ဘေးတွင်ပေါ်လာသလို ထိုလူသုံးယောက်မှာလည်း သူတို့နှင့် တစ်နေရာထဲတွင် ရှိနေသည်။ 


လူတိုင်း၏ ရှေ့တွင် ကျောက်တုံးပြားကြီး တစ်ပြားစီရှိနေကြသည်။ ကျောက်ပြားပေါ်တွင် မရေမတွက်နိုင်သော အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ ရွှေရောင်၊ အနီရောင်နှင့် အပြာရောင် အလင်းပျောက်များက မြောလွင့်နေသည်။ အချို့သော အလင်းစက်များကို ပါးလျသော ငွေရောင်ကြိုးလေးများဖြင့် ချိတ်ဆက်ထားပြီး အခြားသော အလင်းစက်များကတော့ ဘာနှင့်မှ မချိတ်ဆက်ထားပေ။ 


လင်ရှုနှင့် လင်းရှောင်ဝင်လာသည်နှင့် သူတို့ရှေ့တွင် တူညီသော ကျောက်ပြားကြီး တစ်ချပ်စီ ပေါ်လာသည်။ 


ဤကျောက်ပြားကို ကျန်းလုံကျားကွက်ဟု ခေါ်လေသည်။ 


နတ်နယ်မြေသခင်မိသားစု၏ ကျားကစားပွဲသည် သာမန်သေမျိုးများနှင့် ကျိန်းသေပေါက် ကွာခြားလေသည်။ ဤစာကြောင်းမှာ လူများကို နိမ့်ကျသည် မြင့်မားသည် ခွဲခြားခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ကစားပွဲစည်းမျဉ်းများ ကွဲပြားမှုကို ဆိုလိုခြင်းသာဖြစ်သည်။ 


သေမျိုးလောကတွင် အဖြူရောင်နှင့် အနက်ရောင် ကျားစေ့များကို သုံးသော ကျားကွက် ကစားနည်း တစ်ဆယ့်ကိုးမျိုးရှိသည်။ ကျားကွက်ကစားနည်းတစ်မျိုးဖြစ်သော သုံးချောင်းထောက် ကစားနည်းသည် စစ်မြေပြင်ကဲ့သို့ ဖြစ်သည်။ ထိုကစားနည်းတွင် ကျားစေ့များ ရွှေ့ရန် နည်းလမ်းများ သောင်းချီရှိသလို ဗျူဟာများလည်း ရှိသေးသည်။ ဤသည်ကို ကြည့်လိုက်သည်နှင့် ကျားကွက်တီထွင်သူ ဆရာသခင်၏ စိတ်ကူးစိတ်သန်းကို မြင်နိုင်လေသည်။ ကျောင်းတော်မှ တာအိုကျောင်းဆောင်နှင့် ကွန်ဖြူရှပ်စာသင်ဆောင်တို့မှ စာသင်သားများကြားတွင် အကျော်ကြားဆုံးသော ကစားနည်းနှင့် ကစားပွဲလည်း ဖြစ်သည်။ ရှန်းလင်ကျောင်းတော်တွင် စကားရည်လုပွဲနှင့် စကားစစ်ထိုးပွဲတို့တွင် ပြိုင်ပွဲအပြီး ရှုံးနိမ့်သူတို့သည် ပြိုင်ပွဲဆက်၍ ကျင်းပတတ်သည်။ ၎င်းသည် လက်ဖြင့် စကားပြောခြင်းဟူသည့် ကျားစေ့များသုံး၍ ကျားကွက်ကစားခြင်းသာ ဖြစ်သည်။ ကျောင်းတော်မှ သိုင်းပညာကျောင်းဆောင်၏ အကြီးဆုံး စီနီယာအစ်မ ရှဲ့ကျီရှီသည် လောကတစ်ခွင် လူသိများသော ကျားကစားသည့် ဆရာသခင်တစ်ဦးဖြစ်လေသည်။ 


မည်သို့ပင် ဖြစ်စေ ကျန်းလုံကျားကွက်သည် သုံးဖက်မြင် ကျားကွက်သာ ဖြစ်သည်။ 


ကျားကစားပွဲတွင် ထိုအရောင်အမျိုးမျိုးနှင့် အလင်းစက်လေးများကို “ခမ်းနားသော ကျားစေ့များ” ဟု ခေါ်သည်။ ကျားခုံထက်တွင် အားလုံးပေါင်း ကျားစေ့တစ်ထောင့်ရှစ်ရာခန့် ရှိသည်။ 


ကျားစေ့တစ်ခုချင်းစီတိုင်းသည် တိကျပြီး အလွန်ကို ရှုပ်ထွေးသည့် စိတ်ဝိဉာဉ်စွမ်းအား လားရာရှိသည်။ ထိုစိတ်ဝိဉာဉ်စွမ်းအာားတို့ စီးဆင်းသည့် လားရာသည် ကျားစေ့အတွင်းတွင်ရှိနေပြီး နောက်မှသာ အပြင်သို့ ထွက်လာမည်ဖြစ်သည်။ ကျားစေ့တစ်စေ့အတွင်းမှ စိတ်ဝိဉာဉ်စွမ်းအား စီးဆင်းမှုနှင့် အခြားသော ကျားစေ့မှ စိတ်ဝိဉာဉ်စွမ်းအားတို့ ဆက်သွယ်နိုင်ခဲ့လျှင် ဖြစ်ပြီး ကျားစေ့နှစ်စေ့ ချိတ်ဆက်သွားစေမည့်ငွေရောင်ကြိုးလေးတစ်ခု ပေါ်လာမည်ဖြစ်သည်။ 


ကျန်းလုံကျားကွက်ကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျားခုံပေါ်မှ ကျားစေ့ တစ်ထောင့်ရှစ်ရာလုံးကို ဆက်သွယ်ရန်ဖြစ်ပြီး ထိုကျားစေ့များအားလုံး ချိတ်ဆက်သွားမှသာ စိတ်ဝိဉာဉ်စွမ်းအားတို့က အဆုံးအစမဲ့စွာ စီးဆင်းနေမှာ ဖြစ်သည်။ 


ဤတစ်ကြိမ်စစ်ဆေးမှုမှာ စိတ်ဝိဉာဉ်စွမ်းအားတို့၏ စီးဆင်းမှု ဖိအားအတိုင်းအတာကို စစ်ဆေးခြင်းဖြစ်သည့်အပြင် ဉာဏကို စစ်ဆေးခြင်းလည်း ဖြစ်သည်။ 


ရှန်းသောက်၏ စကားအရဆိုလျှင် ဤအတားအဆီးသည် သင်၏ သဘောပေါက်နားလည်နိုင်စွမ်းကို စစ်ဆေးခြင်း ဖြစ်သည်။ 


စိတ်ဝိဉာဉ်စွမ်းအားများ၏ စီးဆင်းမှုပုံစံနှင့် ဖိအားလားရာတို့ကို နားလည်မှသာ စိတ်ဝိဉာဉ်စွမ်းအားများကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအား၏ ဖိအားတစ်ခုလုံး၏ လားရာအလုံးစုံကို စီမံနိုင်ပြီး မျိုးမတူသော စိတ်ဝိဉာဉ်စွမ်းအားများကို ပေါင်းစည်းကာ ကိုယ်ပိုင်လမ်းကြောင်းတစ်ခု တည်ဆောက်နိုင်လိမ့်မည်။ 


အကယ်၍ ၎င်းကို လူတစ်ဦးတည်းက တီထွင်ဖန်တီးခဲ့သည်ဆိုလျှင် ထိုလူသည် အလွန်ကို လေးစားဖွယ် ကောင်းလွန်းပြီး အတော်လေး ပြဿနာရှာရသည်ကို ကြိုက်သည့်သူ ဖြစ်ပေလိမ့်မည်။ 

 

လင်ရှု နည်းနည်း လန့်သွားသည်။ 


ဤသို့သော ကိစ္စမျိုးတွင် သူ တကယ်ကို မတော်ပေ။ 


ငါ့ရဲ့ဆရာသခင် သင်ပေးထားတဲ့ အရေးအကြီးဆုံးက ဓားအရှိန်အဝါနဲ့ ဓားနှလုံးသားကို နားလည်ဖို့ဆိုတာပဲ။ ဓားက ဥပဒေသတွေအားလုံးကို ချိုးဖြတ်နိုင်တယ်။ စိတ်ဝိဉာဉ်စွမ်းအားတွေနဲ့ပတ်သတ်ပြီး ကြီးကြီးမားမား ဘာမှမသင်ပေးဖူးဘူး။ ဒါပေမဲ့ ခေတ်သစ်ကမ္ဘာမှာဆို စိတ်ဝိဉာဉ်စွမ်းအားဆိုတာက ကြောက်စရာကောင်းတယ်လေ။ ဒါကြောင့် စိတ်ဝိဉာဉ်စွမ်းအားအကြောင်းကို အများကြီး မရှင်းပြပေးခဲ့တာနေမှာ။ 


သူ၏ သခင်(ပိုင်ရှင်)သာ ရှိနေဲ့လျှင် ဒီတိုင်း ဒီပြဿနာကို မည်သို့ဖြေရှင်းရမည်ကို သူမကို တန်းမေးလိုက်၍ ရသည်။ သို့သော် ဤယာယီသခင်သည်လည်း မေးလို့မြန်းလို့ အဆင်ပြေသောလူ ဖြစ်သည်လေ။ 


လင်ရှု လင်းရှောင်ကို ကြည့်လိုက်သည်။ 


လင်းရှောင် “ဒါကို ဖြေရှင်းနိုင်လား” 


လင်ရှုသည် “ငါက ဒီလိုမျိုးတွေမှာ မတော်ဘူး” ဟု ပြောထွက်တော့မည့် အခိုက်အတန့်တွင် ရုတ်တရက် သူတို့ဘေးတွင်ပေါ်လာသည့် အဖြူရောင်အရိပ်တစ်ခုကို မြင်လိုက်လေသည်။ 


ဓားနန်းဆောင်မှ တပည့်တစ်ယောက်သည် သူတို့ပင် မသိလိုက်အောင် အသံတစ်ချက်မထွက်ဘဲ သူတို့ဘေးတွင် ရောက်နေခဲ့သည်။ 


ထိုဓားနန်းဆောင်တပည့်သည် ကျားစေ့များကို ဆက်သွယ်ခြင်းတွင်သာ အာရုံစိုက်နေခဲ့သည်။ သူ့ရှေ့မှ ကျားခုံတွင် ကျားစေ့တစ်ဝက်လောက်သည် ငွေရောင်ကြိုးမျှင်များဖြင့် ဆက်နွယ်နေကြပြီးဖြစ်ကာ အလွန်ကို ဆန်းကြယ်ပြီး ရှုပ်ထွေးသော ဝင်္ကပါတစ်ခုလို စီးဆင်းမှုပုံစံ ဖြစ်ပေါ်နေခဲ့သည်။ 


‘မဖြစ်နိုင်တာ’ 


သူသည်လည်းပဲ ဓားကို ကျင့်ကြံသည့် ဓားနန်းဆောင်တပည့်တစ်ယောက် ဖြစ်သည်လေ။ ဤသို့ဖြင့် လင်ရှုသည် ယာယီသခင်ဆီမှ အကြံဉာဏ်တောင်းမည့် ကိစ္စကို မေ့ထားရန် ဆုံးဖြတ်လိုက်တော့သည်။ 


လင်ရှု “အင်း” 


“ကျန်းလုံကျားကွက်က အဆုံးမရှိအောင် ပြောင်းလဲနေတတ်တယ်။ ဒီနေ့ပြီးသွားရင် ကျွန်တော်နဲ့ ခင်များရဲ့ စိတ်အခြေအနေက ပိုပြီး တိုးတက်လာမှာ” 


လင်းရှောင်က ပြောလိုက်သည်။ ထို့နောက် သူ့ရှေ့မှ အလင်းစက်လေးများကို ကြည့်၍ 


“ခင်များက ရှန်းလင်ကျောင်းတော်ကပဲဆိုတော့ ရှန်းလင်ပုံရိပ်ယောင်ကမ္ဘာနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပေါ့” 


လင်ရှု “အွန်း” 


“အဲဒီ ရှန်းလင်ပုံရိပ်ယောင်ကမ္ဘာရဲ့ စိတ်ဝိဉာဉ်စွမ်းအားက မန္တာန်ပေါ်မှာ မူတည်နေတယ်ဆိုပေမဲ့ အဲဒီဟာရဲ့ ထူးခြားတဲ့ ပုံရိပ်ယောင်အမျိုးမျိုးကို မန္တာန်ကရော ဝင်္ကပါကရော ဖန်တီးနိုင်တာ မဟုတ်ဘူး” 


လင်ရှု “ဟုတ်တယ်လေ ” 


ရှန်းလင်ပုံရိပ်ယောင်ကမ္ဘာ၏  တည်ရှိမှုက စိတ်ကူးကြည့်၍ပင် မရနိုင်သည့် တည်ရှိမှု ဖြစ်လုနီးနီး အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ၎င်းက သာမန်မန္တာန်တစ်ခုက လုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။


“လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက လင်းယွီမြို့က မုန့်မိသားစုမှာ သားတစ်ယောက်ရှိခဲ့တယ်တဲ့။ ပြီးတော့ သူ့ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက အလွန်ကို မြင့်တယ်တဲ့” 


လင်းရှောင်က တိုးတိတ်စွာ ပြောပြသည်။ 


“တစ်ခါတုန်းက သူက ဟွမ်သန်းတောင်ကို လာပြီး ကျန်းလုံကျားကွက်ကို နတ်နယ်မြေမှာ ငါးနှစ်ကြာအောင်နေပြီး ဖြေရှင်းခဲ့တာတဲ့လေ၊ သူက ငါးနှစ်အတွင်းမှာ သူက ဖြေရှင်းနည်း တစ်ရာ့ရှစ်နည်းကို ဖန်တီးနိုင်ခဲ့တဲ့အပြင် ကျန်းလုံကျားကွက်ရဲ့ ကျားရွှေ့တဲ့ စည်းမျဉ်းက ကောင်းကင်နဲ့ မြေပြင်ကြားက စည်းမျဉ်းတွေပဲဆိုတာ ရှင်းပြခဲ့တယ်၊ ရှန်းလင်ပုံရိပ်ယောင်ကမ္ဘာရဲ့ မူကြမ်းက သူ ဟွမ်သန်းတောင်က ဆင်းလာလာချင်း ရေးခဲ့တဲ့ လက်ရေးမူပဲ” 


လင်ရှု “ဝိုး” 


အကယ်၍ သူကသာ ကျန်းလုံကြားကွက်သည် အလွန်ကို စွမ်းအားကြီးမားပါသည်ဟု ပြောလျှင် သိပ်ပြီး အလေးအနက်ထားမိမည် မဟုတ်သော်လည်း လူတစ်ယောက်က ကျန်းလုံကျားကွက်ကို အခြေခံ၍ တကယ်ကြီး ရှန်းလင်ပုံရိပ်ယောင်ကမ္ဘာကို တီထွင်ခဲ့သည်ဆိုလျှင်တော့ တကယ်ကို လေးစားသွားမိပြီဖြစ်သည်။ ဤကျန်းလုံကျားကွက်၏ ဆန်းကြယ်မှုသည် အလွန်ကို အလိုလို အသိစိတ် ဖြစ်တည်နေသည်ဟုပင် ယုံကြည်မိတော့မည်။ 

 

လင်ရှုက ပြောသည်။ 


“သူက ကြွမြန်းသွားပြီလား” (ကောင်းကင်ဘုံသို့ ကြွမြန်း) 


‘ဒီလို ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးက တကယ်ကြီး ကြွမြန်းသွားမှာ ကြောက်မိတယ်’ 


လင်းရှောင်က ပြောသည်။ 


“ဟင့်အင်း” 


လင်ရှု နည်းနည်းလေး အံ့ဩသွားသည်။ 


“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ချန်းယန်းတိုက်ပွဲမှာ မြောက်ပိုင်းရှက နတ်ဆရာတစ်ယောက် လူကိုယ်တိုင် ရောက်လာခဲ့တယ်။ ပြီးတော့ စစ်တပ်ကလည်း အရောက် နောက်ကျသွားတာ။ သူ......သူက ဘယ်သူမှ မရှိတော့တဲ့ အထီးကျန်မြို့ကို တစ်ကိုယ်ထဲ စောင့်ကြပ်ပြီး နှလုံးသားကို မြှားသောင်းချီစိုက်ပြီး သေဆုံးသွားရတယ်” 


နှစ်ယောက်စလုံး ပြောစရာမရှိအောင် ခနလောက် တိတ်ဆိတ်သွားသည်။ 


လင်ရှု ရုတ်တရက် အမြဲတမ်းလိုလို သိမ်မွေ့စွာ ပြုံးနေတတ်သော ဆရာသခင်မုန့်ကို မြင်ယောင်မိသွာားသည်။ 


******