🍑4🍑ညီလေး
Viewers 204

Chapter (4)

ညီလေး



ယဲ့ရှန်းတူ တောင်းဆိုထားတဲ့ ဆေးအိုးက အတန်ငယ် အဆင့်မြင့်တာကြောင့် လုမင်ကျုံအနေနဲ့ တခြားမြို့ကနေ မှာယူရသည်။ တခြားမြို့ဆိုသည်မှာ ကုန်းမြေနက်မြို့ထက် ဧရိယာပိုကျယ်ဝန်းသလို အဆင့်မြင့် ကျင့်ကြံသူတွေ ပိုများပြားသော နွားရိုင်းမြို့ ဖြစ်လေသည်။


နွားရိုင်းမြို့မှာလည်း လုမိသားစု ရှိသည်။ ထို့ကြောင့် လုမင်ကျုံသည် အနှီမြို့က လုမိသားစုကို ဆက်သွယ်ကာ ဆေးအိုး ပြင်ဆင်ခိုင်းရ၏။


၎င်းက ရက်အနည်းငယ်တော့ ကြာလိမ့်မည်။ သို့နှင့် ကျန်းလိန်ရှားသည် ယဲ့ရှန်းတူကို ခေါ်ကာ လုအိမ်တော်ထဲက ခြံဝန်းတချို့ထဲ လျှောက်သွားနေခဲ့သည်။ သူတို့နောက်မှာ အစေခံတချို့ ပါလာသေးကာ ၎င်းတို့က သူတို့ မဝင်သင့်၊ မသွားသင့်သော နေရာများကို ဝင်သွားမိမှာ စိုးသောကြောင့် အနီးကပ် လိုက်လံ​စောင့်ကြည့်နေခြင်းပင်။


"အမဲလိုက်ပွဲက စတော့မယ်...."


ခြံဝန်းတစ်ခုနားက ဖြတ်သွားစဥ် အတွင်းထဲရှိ အခန်းတစ်ခန်းထဲမှာ အသံတစ်သံ ကြားလိုက်ရသည်။


ကျန်းလိန်ရှားနဲ့ ယဲ့ရှန်းတူတို့ အချင်းချင်း ကြည့်လိုက်ကာ နှစ်ယောက်စလုံး ထိုအသံကို ကြားလိုက်ကြောင်း တိတ်တဆိတ် သဘောပေါက်လိုက်သည်။


"လုအိမ်တော်ရဲ့ ပန်းခြံက အရမ်းလှတာပဲ...."


ကျန်းလိန်ရှား ဆိုရင်း ပန်းတွေကို လျှောက်ကြည့်ချင်ယောင် ဆောင်လိုက်ကာ ယဲ့ရှန်းတူကလည်း သူနဲ့အတူ လိုက်လံပူးပေါင်းပေးသည်။


"အားလုံး အဆင်သင့်ဖြစ်ပါပြီ ဒီည စထွက်လို့ရပါပြီ...."


အခန်းထဲကနေ အစောတုန်းက အသံကပဲ စကားထပ်ပြောလာသည်။ ထိုလူ စကားပြောနေတဲ့ အသံကိုတော့ မကြားရပေ။ ဒါကြောင့် ဘယ်သူနဲ့ ဘာအကြောင်းကို ဆွေးနွေးနေသလဲ တိတိကျကျ မသိရချေ။


အစေခံတွေအနေနဲ့ ထိုလူရဲ့ စကားသံတိုးတိုးကိုတော့ သေချာပေါက် မကြားနိုင်လောက်ပေမယ့် ကြားရတဲ့ လူငယ်နှစ်ဦးမှာ တစ်ခုခု မှားနေမှန်း သဘောပေါက်သွားကြသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မိမိတို့အခန်းထဲ ပြန်ဝင်သွားခဲ့သည်။


အခန်းထဲ ရောက်သည်နှင့် ယဲ့ရှန်းတူက ခပ်တိုးတိုး ပြောလေသည်။


"မင်း ဘယ်လိုထင်လဲ?"


​ကျန်းလိန်ရှားက ပြန်မဖြေဘဲ ပုလဲလုံးအရွယ်ရှိ ဝိညာဥ်သလင်းကျောက် တစ်လုံး ထုတ်ပေးလာသည်။


ယဲ့ရှန်းတူ မျက်လုံးပြူးသွားပြီး။


"အခင်းအကျင်း သလင်းကျောက်??"


ကျန်းလိန်ရှား လက်ထဲက သေးငယ်သော သလင်းကျောက်၏ မျက်နှာပြင်ပေါ်တွင် ပါးလွှာသော အခင်းအကျင်း လိုင်းများကို ရေးဆွဲထားလေသည်။ ယဲ့ရှန်းတူ လှမ်းယူရင်း သေသေချာချာ အကဲခတ်ကြည့်နေသည်။


အခင်းအကျင်း ဟူသည်မှာ အခင်းအကျင်းပညာရှင်တွေကသာ ဖန်တီးနိုင်သော အစွမ်းထက် လက်နက်တစ်မျိုး ဖြစ်ကာ အဆင့်မြင့်လေ အဖိုးတန်လေပဲ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီသလင်းကျောက်ထဲက အခင်းအကျင်း ပညာက အစွမ်းထက်ကြောင်း သိနိုင်၏။


ကျန်းလိန်ရှား: "လုအိမ်တော်က တစ်ခုခုလုပ်ဖို့ စီစဥ်နေပြီ... အဲဒါက လက်ရှိ မြို့ထဲမှာ လူငယ်တွေ ပျောက်နေတာနဲ့ ပတ်သက်နေနိုင်တယ်..."


ယဲ့ရှန်းတူ တစ်ဖက်လူကို ကြည့်လိုက်သည်။


"မင်းက နောက်ယောင်ခံ လိုက်မလို့လား?"


"မဟုတ်ရင် ဘာလုပ်ရမှာလဲ... လုအိမ်တော်မှာ အကြီးပိုင်းထဲက တစ်ယောက် အပြင်းအထန် ဒဏ်ရာရထားလို့ လုမိသားစုတစ်ခုလုံး ပျာယာခတ်ပြီး မင်းကို မြေလှန်ရှာထားကြတာမလား.... အဲဒါက အဲဒီဒဏ်ရာကို မင်းကလွဲလို့ ဘယ်သူမှ မကုသနိုင်ဘူးလို့ ပြောနေတာ... "


ယဲ့ရှန်းတူက ထိုစကားကြားတော့ မေးငေါ့ကာ ဂုဏ်ယူလိုက်သည်။


"ဒါပေါ့ ငါက ဆေးနတ်ဘုရားရဲ့ မျိုးဆက်ပဲလေ..."


ကျန်းလိန်ရှားမှာ ရန်သူ့လက်ထဲ ရောက်နေတာတောင် ကိုယ့်ကိုကိုယ် ဂုဏ်ယူနေသေးတဲ့ ယဲ့ရှန်းတူကို စိတ်ပျက်လက်ပျက် လှည့်ကြည့်လိုက်သည်။


"မင်း ဆေးအိုးကို ဖောက်ခွဲလို့ ဆေးအိုးအသစ်ကို တခြားမြို့က မှာရတယ်... မင်းဖောက်ခွဲပစ်တာ အဆင့်မြင့် ဆေးအိုးနော်!"


"ငါသိတယ်လေ... အဲဒါအချိန်ဆွဲတာ... "


ယဲ့ရှန်းတူက ကျန်းလိန်ရှားကို မျက်ခုံးပင့်ပြပြီး သလင်းကျောက်ကို သူ့လက်ကောက်က နေရာလွတ်မှာ တပ်ထားလိုက်သည်။ 


ထို့နောက် လူငယ်နှစ်ယောက် ပြတင်းပေါက်ကနေ ခုန်ချလိုက်သည်။


ယဲ့ရှန်းတူ: "ငါက ဘာသိုင်းမှ သိပ်မတတ်ဘူးနော် မင်းငါ့ကို ကာကွယ်ရမယ်...."


"ကိုယ်ဖော့သိုင်းလေးတော့ ရတယ်မလား..."


ယဲ့ရှန်းတူ ရယ်လိုက်သည်။


"အဲဒါတော့ ရပါတယ်...."


ကျန်းလိန်ရှား ခေါင်းညိတ်ကာ :"အခြေအနေမကောင်းရင် မင်းဘာသာ လွတ်အောင် အရင်ထွက်ပြေး!"


"......."


နှစ်ယောက်သား နောက်ဖေးလမ်းကြားတွေအတိုင်း ခိုးကြောင်ခိုးဝှက် လျှောက်လာနေစဥ် အရွယ်ရောက်ပြီးသား လူနှစ်ယောက်က သူတို့အရွယ် ကလေးတစ်ယောက်ကို ဖမ်းချုပ်ခေါ်သွားတာ တွေ့လိုက်ရလေသည်။


ကလေးက အတင်းရုန်းနေသော်လည်း လူကြီးနှစ်ယောက်ရဲ့အားကို မခုခံနိုင်ပေ။ ကျန်းလိန်ရှားနဲ့ ယဲ့ရှန်းတူ တိတ်တဆိတ် ပြေးလိုက်သွားကြသည်။ ကျန်းလိန်ရှားက ပိုမြန်ကာ လူတစ်ယောက်ရဲ့ လက်မောင်းကို ​ပြေးကိုက်ပစ်လိုက်သည်။


ယဲ့ရှန်းတူ: "......?"


ယဲ့ရှန်းတူ ဆွံ့အသွားသည်။ ကျန်းလိန်ရှား အသည်းအသန် ပြေးသွားတာကြောင့် သူအစက ဒီလူနှစ်ယောက်ကို အပြတ်သုတ်တော့မယ်လို့ ထင်ခဲ့တာပင်။ ဒီလိုကြီး ဘာမှမတတ်တဲ့ ကလေးလို ပြေးကိုက်မယ်လို့ မထင်ထား။


"အား!"


ထိုလူက ရုတ်တရတ် ပြေးကိုက်လာတဲ့ ကလေးကြောင့် အံ့သြထိတ်လန့်သွားသည်။


ထိုအခိုက် ယဲ့ရှန်းတူလည်း သတိဝင်လာကာ ကျန်းလိန်ရှားအတိုင်း ဘယ်ဘက်ကလူရဲ့ လက်မောင်းကို ပြေးကိုက်ပစ်လေ၏။


"အား!"


လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် အော်လိုက်ပြီးနောက် ညာဘက်ကလူက လက်ပြန်ရိုက်လိုက်တာကြောင့် ကျန်းလိန်ရှား လဲကျသွားသည်။ ထို့နောက် ယဲ့ရှန်းတူလည်း လဲသွားတော့သည်။


သူ ချောင်းကြည့်လိုက်တော့ ကျန်းလိန်ရှားက သတိလစ်ချင်ယောင် ဆောင်နေသဖြင့် သူပါ ပါဝင်သရုပ်ဆောင်ပေးလိုက်လေသည်။ လူကြီးနှစ်ယောက် အသက်၁၃ဝန်းကျင် ကလေးသုံးယောက်ကို ဆွဲကာ အခန်းတစ်ခန်းထဲ ပစ်ထည့်ပေးလိုက်သည်။


"ဘယ်က ရောက်လာတဲ့ ကလေးနှစ်ယောက်လဲ?"


"ဘယ်သိမလဲ? ဖမ်းထားတုန်း ထွက်ပြေးသွားတဲ့ကလေးတွေ ဖြစ်မယ်...."


"ဟုတ်မယ်... ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က ပြန်ဖမ်းထည့်လိုက်ပြီဆိုတော့ လူကြီးမင်းက ငါတို့ကို ဆုချမှာပဲ...."


နှစ်ယောက်သား စကားပြောရင်း တဖြည်းဖြည်း ဝေးသွားကြသည်။ ကျန်းလိန်ရှားနဲ့ ယဲ့ရှန်းတူ တစ်ယောက်ပြီး တစ်ယောက် မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ နှစ်ယောက်သား အမှောင်ထဲက အချုပ်ခန်းထဲ ရောက်နေကြတာ တွေ့လိုက်ရ၏။


အချုပ်ခန်းက သံတိုင်တွေနဲ့ ကာရံထားကာ မြင်းလှည်းနဲ့ ချိတ်ဆက်ထားတာကြောင့် အနည်းငယ် ရှည်လျားသည်။ နောက်ပြီး အထဲမှာ သူတို့လို ကလေးတွေအများကြီး သတိလစ်နေကြသည်။


ယဲ့ရှန်းတူ တစ်ဖက်က ကျန်းလိန်ရှားကို အရင်ချောင်းကြည့်ကာ ခပ်တိုးတိုး ဆိုသည်။


"ဘာဆက်လုပ်မှာလဲ? ငါတို့ ဆက်ပြီး သရုပ်ဆောင်မှာလား?"


ကျန်းလိန်ရှားက အသာ ခေါင်းခါပြီး မသိမသာ ခေါင်းထောင်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က မည်းမှောင်နေသော်လည်း ကျင့်ကြံသူတွေအဖို့ အမှောင်ထုက အရာမဝင်ချေ။


အမှောင်ထဲမှာ လဲလျောင်းနေကြတဲ့ သူတို့နဲ့ မတိမ်းမယိမ်း အရွယ် ကလေးတွေကို မြင်နေရသည်။ ကျန်းလိန်ရှား ချက်ချင်း မျက်မှောင်ကြုတ်ကာ ယဲ့ရှန်းတူ ဒူးကို ခြေထောက်နဲ့ လှမ်းထိလိုက်သည်။


"ထကြည့်!"


ယဲ့ရှန်းတူက ခေါင်းထောင်ကြည့်ကာ ဟိုကြည့်ဒီကြည့်နဲ့ စူးစမ်းသည်။


"ကလေးတွေလား.... လုအိမ်တော်က တကယ်ကြီး ကလေးတွေကို ဖမ်းထားတာပဲ... ဒါပေမဲ့ စိတ်မပူနဲ့ သူတို့တွေ သတိလစ်နေကြတာ..."


ကလေးတွေရဲ့ အသက်ရှူသံကို သတိပြုမိတဲ့ ယဲ့ရှန်းတူက ချက်ချင်း သုံးသပ်ပေးသည်။


ကျန်းလိန်ရှား: "လှည်းထွက်ပြီး လွတ်နိုင်မယ့်နေရာ ရောက်ရင် ဒီသံတိုင်တွေကို ဖောက်ခွဲပစ်မယ်.... "


"မင်း လုပ်နိုင်လို့လား?"


"စမ်းကြည့်ရမှာပေါ့...."


ထိုစဥ် ရုတ်တရတ် လှည်းက လှုပ်သွားသဖြင့် နှစ်ယောက်သား အမြန် ခေါင်းငုံ့ချလိုက်သည်။ လှည်းက အရှေ့နောက်တောင်မြောက် ဘယ်ဘက်ကို ထွက်သွားသလဲ မသိသော်ငြား မကြာခင်မှာပဲ လုအိမ်တော်ထဲကနေ ထွက်ခွာလာပြီ ဆိုတာတော့ သိနိုင်၏။


လုအိမ်တော်ကို ဖုံးအုပ်ထားသော အခင်းအကျင်းရဲ့ အငွေ့အသက်ကို မခံစားမိတော့ချေ။ ကျန်းလိန်ရှား အသာခေါင်းထောင် ကြည့်လိုက်တဲ့အခါ မြို့ထဲကတောင် ထွက်လာနေပြီ ဆိုတာ တွေ့လိုက်ရသည်။


ကျန်းလိန်ရှား ချက်ချင်း လှုပ်ရှားကာ နံဘေးက သံတိုင်ကို လှမ်းကိုင်လိုက်ပေမယ့် သံတိုင်က ရုတ်တရတ် မီးခဲကြီးအလား ပူလောင်နေတာကြောင့် ချက်ချင်း ပြန်လွှတ်လိုက်ရ၏။ ယဲ့ရှန်းတူလည်း ကျန်းလိန်ရှားရဲ့ လှုပ်ရှားမှုကို သတိပြုမိသည်။


"ဘာဖြစ်တာလဲ?"


သူ အသံတိုးတိုးနဲ့ လှမ်းမေးလိုက်သည်။


"ပူတယ်...."


ကျန်းလိန်ရှား သူ့လက်ဖဝါး ဖွေးဖွေးလေးကို ပြလိုက်၏။ လက်ဖဝါးက မီးခဲလိုပဲ နီရဲနေသည်။


ယဲ့ရှန်းတူ: "သံတိုင်တွေမှာ အစွမ်းထက် အခင်းအကျင်းတွေ ထည့်ထားတာ ဖြစ်မယ်..."


ယဲ့ရှန်းတူ ပြောရင်း ကျန်းလိန်ရှားပါးစပ်ထဲ ဆေးလုံးတစ်လုံး ပစ်ထည့်လိုက်ရာ ကျန်းလိန်ရှား တအံ့တသြ ဖြစ်နေစဥ်မှာပဲ ဆေးလုံးက ဗိုက်ထဲရောက်သွား၏။


"မင်း!"


"ဘာလဲ?"


ယဲ့ရှန်းတူက သူ့ကို ပြန်ကြည့်သည်။


"ငါ အဆိပ်ခတ်ထားမှာ ကြောက်နေတာလား? စိတ်ချစမ်းပါ.... အဆိပ်ပါရင်တောင် မင်းရဲ့ မိုးကြိုးက ချေဖျက်နိုင်ပါတယ်..."


ကျန်းလိန်ရှား ဆက်မပြောတော့ပေ။ ထိုစဥ် သူ့နံဘေးက လူငယ်တစ်ယောက်ဆီမှ အသက်ရှူသံကို ခံစားလိုက်ရသည်။ ဒီကောင်လေးက စောစောက ဖမ်းချုပ်ခံခဲ့ရသူမှန်း ချက်ချင်း သဘောဘောလိုက်၏။ 


သူ့ကို အံ့သြသွားစေတာကတော့ မတိုင်ခင်က လူနှစ်ယောက်လက်ထဲကနေ အသက်လုရုန်းကန်နေသော ကောင်လေးဆီမှ အငွေ့အသက် တစ်မျိုးကို ခံစားနေရတာပင်။ ဒီကောင်လေးက ကျင့်ကြံသူ ဖြစ်သည်။


ကျန်းလိန်ရှား ထိုကောင်လေးရဲ့ လက်မောင်းကို လက်တို့လိုက်သည်။


"ဟေ့!"


ကောင်လေးက လှည့်မကြည့်ပေ။


"ဟေ့... မင်း သတိရှိနေသေးတာ ငါ သိတယ်... ဒီဘက်လှည့်...."


သို့သော် ကောင်လေးက မလှည့်လာသဖြင့် ကျန်းလိန်ရှား ထိုကောင်လေးကို ဆွဲလှည့်လိုက်​တော့သည်။ ထိုအခိုက် ကောင်လေးက သူ့မျက်နှာကို အတင်း ဖုံးအုပ်ထားကာ ကျန်းလိန်ရှားကို အမြင်မခံချေ။


ဒီမြင်ကွင်းက ကျန်းလိန်ရှားကို ပိုလို့တောင် သိချင်စိတ် ပေါ်လာစေ၏။ သူ ချက်ချင်း ငုတ်တုတ်ထထိုင်ရင်း ထိုကောင်လေး လက်ကို ဆွဲဖယ်လိုက်ရာ ကောင်လေး ကြောက်အားလန့်အားဖြင့် မျက်နှာလွှဲသွားတော့သည်။


"မင်း.....?"


ယဲ့ရှန်းတူကလည်း သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ကြည့်နေသည်။


"မင်းတို့နှစ်ယောက်က သိနေကြတာလား?"


ကျန်းလိန်ရှားမှာ ထိုမေးခွန်းကို ပြန်မဖြေနိုင်သေးဘဲ သူ့ရှေ့က ကောင်လေးကိုသာ အံ့သြစွာ ကြည့်နေမိ၏။ ထိုအခါ ယဲ့ရှန်းတူက ကောင်လေးလက်မောင်းကို လှမ်းတို့လိုက်သည်။


"ဟေ့.... မင်း ကျန်းလိန်ရှားကို သိနေတာလား?"


လှည်းရဲ့ သံတိုင်မှာ အလင်းစတချို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသဖြင့် မျက်နှာကိုတော့ မြင်နေရသည်။ လှည်းပေါ်က ကလေးငယ်တွေထဲမှာ သူတို့သုံးယောက်သာ သတိရှိနေကြ၏။


တစ်ဖက်က ကောင်လေး ဘာမှမတုံ့ပြန်တာမြင်တော့ ကျန်းလိန်ရှားလည်း တစ်ဖက်လူကို ကော်လံကဆွဲထူလိုက်တော့သည်။ ဤတော့မှ ကောင်လေးကသူ့ကို မဝံ့မရဲလေး ကြည့်လာသည်။


"မင်း ချင်းကျန့်မလား?"


ထိုအခါ ကောင်လေးက ခပ်သာသာ ခေါင်းညိတ်လေ၏။


"ကျနော်ပါ အစ်ကိုရှား... "


"မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ပြီးတော့ ဘယ်လိုလုပ်...."


ကျန်းလိန်ရှား စကားမဆုံးခင်မှာပဲ ရပ်သွားပြီး သူကိုင်ထားမိတဲ့ လက်မောင်းနှစ်ဖက်အနက် ဘယ်လက်ကို ကြည့်လိုက်မိသည်။ အင်္ကျီခံနေရင်တောင် ထိုလက်မောင်းက ပိန်သေးကာ ပုံမှန်မဟုတ်တာကို ခံစားမိနေပါသေး၏။


ကျန်းလိန်ရှား ထိုဘယ်ဘက်လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်ကာ။ 


"အားကျန့် မင်း!"


ထိုစဥ် ချင်းကျန့်က သူ့လက်တွေကို အမြန်ပုတ်ထုတ်ပြီး အနောက်ဆုတ်သွားသည်။ သူ လုပ်နေတဲ့ ပုံစံက ကျန်းလိန်ရှား သူ့ရဲ့ချို့ယွင်းနေတဲ့ လက်မောင်းအကြောင်း သိသွားမည်ကို စိုးရိမ်နေသလိုပင်။


သူတို့နှစ်ယောက်ကို ကြည့်ရင်း စိတ်ဝင်စားသွားတဲ့ ယဲ့ရှန်းတူကလည်း အနားကပ်လာသည်။


"ငါက သမားတော်... မင်းငါ့ကို ပြကြည့်ချင်လား?"


ကျန်းလိန်ရှားရဲ့ တအံ့တသြနဲ့ စိုးရိမ်သွားတဲ့ မျက်နှာထားကို ကြည့်လိုက်တာနဲ့ကို ဒီကောင်လေးရဲ့ နောက်ခံက မရိုးရှင်းကြောင်း ယဲ့ရှန်းတူကို နားလည်သွားစေသည်။ နောက်ပြီး ချင်းကျန့်ဆိုတဲ့ ကောင်လေးရဲ့ လက်မောင်းဆီက အငွေ့အသက် တစ်ခုကို ရိပ်မိသည်။


သို့သော် ချင်းကျန့်ဆိုတဲ့ ကောင်လေးက ခေါင်းခါပြ၏။


"မလိုပါဘူး.... မင်းလည်း ကုနိုင်မှာ မဟုတ်ဘူး..."


ယဲ့ရှန်းတူလည်း အံ့သြသွားကာ ကျန်းလိန်ရှားဘက်သာ လှည့်လိုက်သည်။


"မင်း ညီလေးလား?"


ကျန်းလိန်ရှား ခေါင်းညိတ်ရင်း: "အဘိုးနဲ့ သူ့အဖေက အရမ်းရင်းနှီးကြတယ်... ညီအရင်း မဟုတ်ပေမယ့် ငါ့ညီလေးပဲ... အားကျန့် မင်းဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ? လက်က ဘာဖြစ်တာလဲ?"


ချင်းကျန့်က ကျန်းလိန်ရှားကို မဝံ့မရဲ ထပ်ကြည့်ပြန်သည်။ ပြီးနောက် ခေါင်းခါပြ၏။


"မသိဘူး... ကျနော် မမှတ်မိဘူး... "


ယဲ့ရှန်းတူ: "ဘာကြီးလဲ? မင်းလက်က ဘာဖြစ်သွားတာလဲ မမှတ်မိဘူးပေါ့?"


ချင်းကျန့် ခေါင်းညိတ်ပြသည်။


ယဲ့ရှန်းတူလည်း ကျန်းလိန်ရှားကို ကြည့်လိုက်သည်။ ကျန်းလိန်ရှား ဘာမှမပြောနေဘဲ ချင်းကျန့်ရဲ့ ကောင်းနေတဲ့ လက်တစ်ဖက်ကို လှမ်းဆုပ်ကိုင်လိုက်ရာ ချင်းကျန့် အတင်းရုန်းတော့သည်။


သူ ရုန်းနေပုံလေးက ကလေးမလေးတစ်ယောက် သူမခန္ဓာကိုယ်ကို အထိမခံချင်လို့ ရုန်းနေသလိုလို။ ကျန်းလိန်ရှား ဝိညာဥ်စွမ်းအင်မသုံးဘဲ ရန်ဖြစ်နေသလိုမျိုး ဆွဲယူနေစဥ် ချင်းကျန့်ကလည်း အတင်းပြန်ဆွဲနေတာကြောင့် မသဲမကွဲ အမှောင်ထဲမှာ ခဏလောက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။


ယဲ့ရှန်းတူ ဘာမှဝင်မပြောဘဲ စိတ်ဝင်တစား လက်ပိုက် ကြည့်နေလိုက်၏။


"ငြိမ်ငြိမ်နေစမ်း!"


ကျန်းလိန်ရှား ဒေါသတကြီး အော်လိုက်မှ တစ်ဖက်က ချင်းကျန့် ငြိမ်သွားကာ ခပ်တိုးတိုးလေး ပြောလာသည်။


"အစ်ကိုရှား.... ကျနော့်ကို မကြည့်​ပါနဲ့.... ကျနော့်ရဲ့ အခုလိုပုံစံကို အစ်ကို့ကို မမြင်စေချင်ဘူး..."


"ပါးစပ်ပိတ်ထား!"


အငေါက်ခံလိုက်ရတော့ ကောင်လေးက ခေါင်းငုံ့သွားခဲ့သည်။