🍑2🍑လုအိမ်တော်ထဲ ဝင်ရောက်ခြင်း
Viewers 203

Chapter (2)

လုအိမ်တော်ထဲ ဝင်ရောက်ခြင်း 



ကျန်းလိန်ရှားသည် သေတ္တာအကြီးကို အနီရောင်သလင်းကျောက် ၅၀ ဖြင့် ရောင်းချလိုက်သည်။ လုရောင်းဆေးဆိုင်ကလည်း အဘိုးပိုင်ရဲ့ ဆေးပင်တွေက တခြားဆေးပင်တွေထက် အာနိသင်ပိုကောင်းနေတာ သိတာမို့ ကျန်းလိန်ရှား တောင်းတဲ့ ဈေးအတိုင်း ပေးလေသည်။


သေတ္တာအသေးကိုတော့ လုရောင်းဆေးဆိုင်ရဲ့ တာဝန်ခံ လုမင်ကျုံကိုတွေ့မှ ရောင်းပေးမည်ဟု ဆိုလာသဖြင့် အလုပ်သမားလေးလည်း အခက်တွေ့သွားသည်။


ကျန်းလိန်ရှား: "လူကြီးမင်းလုက ဆိုင်မှာ မရှိဘူးလား...."


"ဟုတ်တယ်.... လူကြီးမင်းလုက လုမိသားစုကို ပြန်သွားပါတယ်!"


"ဟူး.... ဒါဆိုရင်တော့ နှမြောစရာပဲ... အဘိုးက ပြောတယ် လူကြီးမင်းက အဆင့်၈ ထိပ်တန်းဆေးပင် တွေ့ရင် လာရောင်းပါလို့ မှာထားလို့တဲ့... ဒါပေမဲ့ ကျနော်တို့ ဆေးပင်ကို ခူးထားတာ တစ်ပတ်လောက် ရှိနေပြီ ထပ်ကြာသွားရင် ဝိညာဥ်စွမ်းအင် အာနိသင် လျော့သွားမှာ ကြောက်ရတယ်... ဒါဆိုလည်း နောက်ထပ် ထိပ်တန်း ဆေးပင်တွေရမှပဲ ထပ်လာတော့မယ်လေ...."


ကျန်းလိန်ရှားလည်း သေတ္တာအသေးလေးကို ကိုင်ကာ ထွက်သွားဖို့ ပြင်လိုက်သည်။


"သခင်လေး ခဏနေပါဦး...."


အလုပ်သမားလေးက ကျန်းလိန်ရှားရှေ့ကို ပြေးကာရင်း ပျာပျာသလဲ တားလေသည်။


"ဒီလိုလုပ်ပါလား.... ကျနော် သခင်လေးကို လုအိမ်တော်ကို လိုက်ပို့ပါ့မယ်...."


ကျန်းလိန်ရှား စိတ်ထဲကနေ ကြိတ်ပြုံးလိုက်သည်။ လုမိသားစုမှာ ပြဿနာ တက်နေမှန်း သိတာကြောင့် အဘိုးပိုင်က ထိပ်တန်းဆေးပင်ကို ထုတ်ပေးလာတာပဲ ဖြစ်သည်။


လုမိသားစုက ထိပ်တန်းဆေးပင်ကို အသည်းအသန် လိုအပ်နေတဲ့အထိ ဘာတွေဖြစ်နေလဲ မသိပေမယ့် သူ ထုတ်ပြလိုက်တာနဲ့ အလုပ်သမားလေးရဲ့ မျက်နှာက တောက်ပသွားတာ သတိထားမိလိုက်သည်။ 


ထိုကောင်လေးတင်မက လုမိသားစုက မိသားစုဝင်တချို့တောင် အချင်းချင်း ကြည့်ကုန်ကြသည်။ အလုပ်သမားလေးက ရထားလုံး ပြင်ဆင်ဖို့ အပြေးကလေး ထွက်သွားစဥ် လုမိသားစုရဲ့ သခင်လေးဖြစ်ဟန်ရှိသော လူတစ်ယောက် ကျန်းလိန်ရှား အနား ချဥ်းကပ်လာသည်။


"ကောင်လေး.... မင်းလက်ထဲက တကယ်ပဲ ထိပ်တန်းဆေးပင်လား?"


ကျန်းလိန်ရှား ထိုလူကို ပြန်ကြည့်လိုက်သည်။ အသက်၁၉ နှစ်အရွယ်လောက် ရှိပြီး စပ်စုချင်နေတဲ့ မျက်လုံးတွေက ကျန်းလိန်ရှားလက်ထဲက သေတ္တာငယ်လေးကို ကြည့်နေ၏။


ကျန်းလိန်ရှား: "ဟုတ်တယ်လေ...."


သူ ဖြေပြီးတာနဲ့ တစ်ဖက်လူက လက်လှမ်းကာ သူ့ရဲ့ သေတ္တာရှည်ကို ဆွဲယူလိုက်သည်။ တစ်ဖက်လူရဲ့ အမြန်နှုန်းက သေချာပေါက် မျက်စိတစ်မှိတ်အတွင်း သေတ္တာကို အရယူနိုင်လောက်တဲ့ အရှိန်ပင်။ 


သို့သော် ကျန်းလိန်ရှားက ဇတ်ကနဲ ရှောင်လိုက်တဲ့အခါ ထင်ထားသလိုမဟုတ်ဘဲ သေတ္တာကို မဖမ်းမိလိုက်ပေ။ ကျန်းလိန်ရှား၏ သေတ္တာကိုင်ထားသော လက်က လက်ညှိုးလေး ထွက်လာကာ ထိုလူရဲ့ လက်ကောက်ဝတ်ကို ထိုးလိုက်သည်။


"အား!"


အော်သံကြီးက လုရောင်းဆေးဆိုင် တစ်ခုလုံးကို တုန်ခါသွားစေမလောက် ပြင်းထန်ရာ အလုပ်သမားတွေရော ဈေးဝယ်သူတွေကပါ သူတို့ဘက်ကို လှည့်ကြည့်လာသည်။


ကျန်းလိန်ရှားသည် သေတ္တာလေးကို လက်နှစ်ဖက်ဖြင့် ပိုက်ရင်း ကြောက်လန့်တကြားဖြင့် အနောက်ပြန် ဆုတ်သွားသည်။


"ခင်ဗျား ဘာလုပ်တာလဲ? ဒီသေတ္တာက ကျနော့်အဘိုးက လူကြီးမင်းလုကို ရောင်းဖို့ ပြင်ဆင်ထားတဲ့ဟာ...."


တစ်ဖက်ကသခင်လေးသည် လက်ကောက်ဝတ်ကနေ လက်မောင်းအထိ အကြောတွေ တောင့်တင်းသွားသဖြင့် မခံမရပ်နိုင် ဖြစ်နေချိန် ကျန်းလိန်ရှားစကားကြောင့် ဒေါသပိုထွက်သွားသည်။


"သူ့ကို ချစမ်း!"


ထိုသခင်လေးသည် သူ့လက်ကောက်ဝတ် တစ်ဖက်ကို ကိုင်ရင်း အနောက်က လူတွေကို အမိန့်ပေးလိုက်သည်။ အနှီ လက်အောက်ငယ်သားတွေမှာ သခင်လေးကို အားနည်းတဲ့ ၁၄နှစ်အရွယ် ကောင်လေးက ဘာလုပ်လိုက်သလဲ မသိသော်ငြား သခင်လေးက အမိန့်ပေးသည်နှင့် ချက်ချင်း ပြေးထွက်လာသည်။


ကျန်းလိန်ရှား ကြောက်လန့်တကြားဖြင့် အနောက်ကို ဆက်တိုက် ဆုတ်သွားသည်။


"ရပ်စမ်း!"


အသံတစ်သံနဲ့အတူ အမျိုးသမီးတစ်ဦး ကျန်းလိန်ရှားရှေ့မှာ ပေါ်လာကာ လက်ကို ဝေ့ယမ်းရင်း လူငါးယောက်ကို ရိုက်ချပစ်လိုက်သည်။ လူငါးယောက် လွင့်သွားကြကာ သခင်လေးလည်း လန့်သွားသည်။


ထိုအမျိုးသမီးက လုမင်ကျုံရဲ့ ဇနီး ဖေးယွမ်ပင်။ သူမသည် ဖေးမိသားစုက ဖြစ်ကာ လက်ရှိတွင်တော့ လုရောင်းဆေးဆိုင်ကို လုမင်ကျုံနဲ့အတူ ဦးစီးလုပ်ကိုင်နေတာ ဖြစ်သည်။


အဘိုးပိုင် မြို့ထဲ ဝင်လာပြီလို့ သတင်းကြားကြားချင်း အပြေးလာခဲ့ရာ လုမိသားစုက သခင်လေးက ကျန်းလိန်ရှားကို တိုက်ခိုက်နေတာကြောင့် သူမ လက်ဝင်ပါလိုက်ရလေသည်။ ဖေးယွမ် သူမအနောက်က ကောင်လေးဘက် လှည့်ကြည့်လိုက်၏။


"လိန်ရှား ဘာဖြစ်သွားသေးလဲ?"


ကျန်းလိန်ရှား ခေါင်းလေး ယမ်းပြလိုက်သည်။


"ဒီသခင်လေးက ကျနော့်သေတ္တာကို လုတဲ့အပြင် ကျနော့်ကိုပါ တိုက်ခိုက်တယ်.... အဒေါ်ဖေး ရောက်လာလို့ မဟုတ်ရင်... ကျနော်...."


ဖေးယွမ်က ခပ်မြန်မြန် ပြုံးပြကာ။


"မဟုတ်တာ.. မဟုတ်တာ... လုသခင်လေး၁၂က စနောက်ရတာ ကြိုက်တယ်လေ... သူကမင်းကို ခြောက်နေတာပါ... တကယ် မဟုတ်ပါဘူး... လာ.... အဒေါ်မင်းကို လုမိသားစုဆီ ခေါ်သွားပေးမယ်..."


"ဟုတ်...."


ကျန်းလိန်ရှားလည်း လိမ်လိမ်မာမာနဲ့ ဖေးယွမ် ခေါ်ရာနောက် လိုက်သွားလိုက်သည်။ သခင်လေး ၁၂သည် ကျန်းလိန်ရှားရဲ့ ကျောပြင်ကို သတ်ဖြတ်ချင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပေမယ့် ဖေးယွမ်က ဘေးကိုစောင်းကာ သူ့ကို သတိပေးတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကြောင့် ရပ်တန့်လိုက်ရသည်။


နောက်ပြီး သူ့ရဲ့နောက်လိုက် အစောင့်တွေက ပြန်မထနိုင်ကြသေးချေ။ သူ့လက်တစ်ဖက်ကလည်း တောင့်တင်းနေတာကြောင့် ဖေးယွမ်ကို ဆက်ပြီး ရန်စမိပါက လုမင်ကျုံကိုပါ ရန်စမိသွားနိုင်သည်။


လုမင်ကျုံသည် ကုန်းမြေနက်မြို့က လုမိသားစုတွင် စီးပွားရေးကို ဦးဆောင်ကာ မိသားစုအတွက် ထောက်ပံ့နိုင်သဖြင့် မိသားစု အကြီးအကဲတွေကတောင် မျက်နှာသာပေးထားသူ ဖြစ်သည်။ လုမင်ကျုံက လုမိသားစုမှာ အနည်းငယ် အာဏာရှိပြီး လုမိသားစုဝင်များပင် သူ့ကို ရန်မစဝံ့။


လုမိသားစုရဲ့ ရထားလုံးကလည်း ခမ်းနားသည်။ ကျန်းလိန်ရှား ရထားလုံးပေါ် ရောက်တာနဲ့ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ကြည့်ရင်း စပ်စုနေ၏။ သို့သော် ဖေးယွမ်ကို မနှောင့်ယှက်မိအောင် ငြိမ်ငြိမ်ကလေး ထိုင်ရင်းသာ စပ်စုနေသည်။


လက်ထဲက သေတ္တာကိုလည်း တင်းနေအောင် ပိုက်ထားသေးသည်။


"လူကြီးမင်းပိုင်က အရမ်းတော်တာပဲ... ထိပ်တန်းဆေးပင်တောင် ရှာနိုင်တယ်.... လိန်ရှားလေး မုန့်စားပါဦး...."


ဖေးယွမ်က ဆိုရင်း သရေစာပန်းကန်လေးကို ကျန်းလိန်ရှားဘက် တွန်းပေးလိုက်သည်။


"ကျေးဇူးတင်ပါတယ်...."


ကျန်းလိန်ရှား တက်ကြွစွာ ပြောလိုက်ပြီး မုန့်တစ်ခု ကောက်စားလိုက်သည်။


"အွန်း.... အရမ်းချိုတယ်..."


"ကြိုက်ရင် များများစား...."


ကျန်းလိန်ရှား စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူ့မှာ ဖေးယွမ်အပေါ် ထွေးထွေးထူးထူး ခံစားချက် မရှိပေ။ အဘိုးပိုင်နဲ့ လုမိသားစုက ဆေးပင် အရောင်းအဝယ် ရှိတာကြောင့် လုမိသားစုက သူ့ကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ချေ။


သူတို့ လုအိမ်တော်ရှေ့ ရောက်တော့ မုန့်တွေလည်း စားလို့ ကုန်သွားသည်။ ကျန်းလိန်ရှား ရထားလုံးပေါ်က ဆင်းဆင်းချင်း အစောင့်နှစ်ယောက်က လူတစ်ယောက်ကို သယ်သွားတာ တွေ့လိုက်ရသည်။


ထိုလူသည် ရိုက်နှက်ခံထားရပြီး သေလားရှင်လား မသိရပေ။ ဖေးယွမ် လန့်သွားကာ ကျန်းလိန်ရှားဘက် လှည့်ကြည့်လိုက်တော့ ထိုကလေးသည် ရထားလုံးပေါ်က ဆင်းဖို့သာ အာရုံစိုက်နေပြီး ထိုအဖြစ်ကို မမြင်လိုက်တာ တွေ့တော့မှ စိတ်အေးသွားသည်။


လူကြီးမင်းပိုင်ရဲ့ မြေးအမြင်မှာ လုမိသားစုက လူဆိုး လူယုတ်မာ ဖြစ်သွားလို့မရပေ။ နောက်ပိုင်း လုမိသားစုက ကျန်းလိန်ရှားနဲ့ပဲ အဆက်အသွယ် လုပ်သွားရဖို့ အလားအလာ များလေသည်။


ကျန်းလိန်ရှား ရထားလုံးပေါ်က ဆင်းပြီးနောက် သူတို့အနောက်မှာ နောက်ထပ် ရထားလုံးတစ်စီး ရောက်လာတာ တွေ့လိုက်ရသည်။


"အိုး..... ယောင်းမပါလား?"


ချိုသာတဲ့ အသံတစ်သံနဲ့အတူ အမျိုးသမီးတစ်ဦး ရထားလုံးပေါ်က ဆင်းလာသည်။ ထိုအမျိုးသမီးကို တွေ့သောအခါ ဖေးယွမ်မျက်နှာက ပျက်သွားသော်လည်း သူမက တည်ငြိမ်အောင် အမြန် ပြန်ထိန်းထားလိုက်သည်။


ဖေးယွမ်: "အစ်မ၉.... "


ဆင်းလာသူ အမျိုးသမီးသည် လုမိသားစု၏ ၉ယောက်မြောက် သမီး လုမင်မိန်ပင်။


လုမင်မိန်: "ဒါက လူကြီးမင်းပိုင်အိမ်က ကလေးလေးမလား...."


ကျန်းလိန်ရှား ထိုအမျိုးသမီးကို ရိုးသားစွာ ပြန်နှုတ်ဆက်လိုက်သည်။ လုမင်မိန်က ပြုံးပြပေမယ့် သူမအပြုံးက ရိုးသားမှုမပါ၊ ကြင်နာမှုကင်းမဲ့ကာ အထင်သေးမှုတွေ အပြည့်နှင့်။


"ဖေးယွမ်.... သူ့ရဲ့ ညစ်ပတ်တဲ့ အငွေ့အသက်တွေ လုအိမ်တော်ထဲမှာ မကျန်ခဲ့စေနဲ့..."


ဖေးယွမ် မျက်မှောင်ကြုတ်သွားသည်။ 


လုမင်မိန်က ပြောပြီးနောက် ဂုဏ်ယူစွာ ပြုံးကာ ခြံဝန်းထဲ ဝင်သွားလေသည်။


ကျန်းလိန်ရှား: "အဒေါ်.... ကျနော် ဝင်လို့ရပါ့မလား?"


ဖေးယွမ်က သူ့ကို ပြုံးပြသည်။


"ရတာပေါ့ကွယ်.... အဒေါ် မင်းအတွက် အဝတ်အစား အသစ် ပြင်ပေးမယ်... မင်း ရေချိုးပြီး အဝတ်အစားလဲလိုက်... ပြီးမှ အစ်ကိုမင်ကျုံဆီ သွားကြမယ်..."


"ဟုတ်...."


လုအိမ်တော်ထဲ ရောက်တဲ့အခါ ဖေးယွမ် ပြောသည့်အတိုင်း ရေချိုးကာ အဝတ်အစား လဲရသည်။ ပြီးမှသာ ဖေးယွမ်က လုမင်ကျုံကို တွေ့ဖို့ ခေါ်သွားပေး၏။


ကျန်းလိန်ရှားသည် လမ်းတစ်လျှောက်မှာ ဘယ်သူမှ သတိမထားမိအောင် လုအိမ်တော်အား လေ့လာနေခဲ့သည်။ ခြံထဲမှာ အကွေ့အကောက် လမ်းတွေ တော်တော်များကာ အဆောင်တွေကလည်း အတော်များသည်။ 


ကျန်းလိန်ရှားမှာ ဖေးယွမ်ကသူ့ကို တမင် မျက်စိလည်အောင်များ လုပ်နေသလားလို့ ထင်မိလေသည်။ သို့သော် သူသည် မောင်ရိုးသားလေးလို ဖေးယွမ်နောက်ကနေ လိမ်လိမ်မာမာနဲ့ လိုက်သွားကာ မကြာခင်မှာပဲ ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်နေသူတွေနေရာက ဖြတ်သွားရလေသည်။


ထိုစဥ် လူတစ်ယောက် သူ့ကို စိုက်ကြည့်နေသလို ခံစားရတာကြောင့် ကျန်းလိန်ရှား ထိုအကြည့်စူးစူးဘက် လှည့်ကြည့်လိုက်ရာ သူနဲ့ရွယ်တူ ကောင်လေးတစ်ယောက်က ကြောက်အားလန့်အားဖြင့် ခေါင်းပြန်လှည့်သွားတာ တွေ့လိုက်ရ၏။


"သူ......."


ထိုကောင်လေး သူ့အကြည့်ကို တမင် ရှောင်သွားကြောင်း ကျန်းလိန်ရှား သတိထားမိသည်။


"လိန်ရှား.... "


ဖေးယွမ်က ခေါ်နေပြီ ဖြစ်တာကြောင့် ကျန်းလိန်ရှား ဆက်သွားလိုက်သည်။ သူ နောက်ပြန် တစ်ချက် လှည့်ကြည့်လိုက်တော့ အစောက ကောင်လေးသည် မတော်တဆ ခလုတ်တိုက်သွားတာကြောင့် ရေပုံးထဲက ရေတွေ မှောက်သွားရာ အစောင့်တစ်ယောက်က သူ့ကို ဆူငေါက်နေတာ တွေ့လိုက်ရသည်။


"အလုပ်ကို သေချာလုပ်စမ်းပါ! ညစာ မစားချင်တော့ဘူးလား?"


"တောင်းပန်ပါတယ်... ကျနော် တောင်းပန်ပါတယ်..."


အင်္ကျီအစုတ်နဲ့ ကောင်လေးသည် သူ့ပုခုံးပေါ်က အဝတ်ဖြင့် ရေစိုသွားတဲ့ ကြမ်းခင်းကို သုတ်နေရင်း ခေါင်းလေးငုံ့ကာ တောင်းပန်နေသည်။ သူ့လက်တစ်ဖက်က သုံးစားမရတာကြောင့် လက်တစ်ဖက်တည်းကိုသာ သုံးနေရ၏။


"သုတ်ပြီးရင် ရေအိမ်ကို သွားပြီး သန့်ရှင်း! မပြီးရင် မင်း ဒီည ညစာငတ်ပြီမှတ်!"


"ဟုတ် ဟုတ်ကဲ့!"


ကောင်လေးက ပျာပျာသလဲ ခေါင်းညိတ်ကာ ရေပုံးဆွဲပြီး ထွက်ပြေးသွားတော့သည်။ ရေအိမ်က အညစ်ပတ်ဆုံး နေရာဖြစ်ပေမယ့် ကောင်လေးသည် လက်တစ်ဖက်က ရေပုံးဆွဲရင်း မငြီးငြူဘဲ ဝင်သွားသည်။


အထဲမှာ သူ့လိုပဲ သန့်ရှင်းရေး လုပ်ရသူ သုံးယောက် ရှိပါသည်။ သို့သော် သူဝင်လာသောအခါ ထိုသုံးယောက်က တံမြတ်စည်းနှင့် တခြားပစ္စည်းတွေကို သိမ်းကာ ထွက်သွားကြသည်။


"မသန်စွမ်းလေး လာပြီဟေ့!"


"သူက အလုပ်ကြိုးစားတယ်! ကျန်တာကိုတော့ သူ့လက်ထဲ အပ်ထားလိုက်ရအောင်ကွာ!"


"မသန်စွမ်းလေး... သေချာလုပ်နော်!"


တစ်ယောက်က ကောင်လေးရဲ့ ပုခုံးကို ပုတ်သွားသေးသည်။ ကောင်လေး ဘာမှမပြောပေ။ သူက ဘေးမှာ ထောင်ထားတဲ့ တံမြတ်စည်းကို ကောက်ကာ စတင်လှည်းတော့သည်။ 


'သူ.... ဘယ်လိုလုပ် လုအိမ်တော်ထဲ ရောက်နေတာလဲ?'


အတွေးတစ်ခုနဲ့ အလုပ်လုပ်နေတုန်း ထွက်သွားသူ သုံးယောက်ထဲက တစ်ယောက် ပြန်ဝင်လာသည်။ ကောင်လေးက အနည်းငယ် ခေါင်းစောင်းကြည့်ကာ တစ်ဖက်က သူ့အနောက်ကနေ လက်လှမ်းလာတဲ့အခိုက် ကောင်လေး ချာကနဲ လှည့်ပြီး ထိုလူရဲ့ လက်ကောက်ဝတ်ကို ပုတ်ထုတ်လိုက်သည်။


"မင်း!.... အား...."


အလုပ်သမားလေးသည် အစကတော့ ကောင်လေးတစ်ယောက်တည်း ရှိနေချိန် အနိုင်ကျင့်ဖို့ ဝင်လာခဲ့ပေမယ့် ကောင်လေးရဲ့ ရုတ်တရတ် တုံ့ပြန်မှုကြောင့် အံ့သြသွားကာ သူ့လက်ကောက်ဝတ်ကလည်း အရိုးကျိုးသွားသလို နာကျင်သွားလေသည်။


ကြည့်လိုက်တော့ သူ့လက်ကောက်ဝတ်မှာ အဖြူရောင် မီးတောက်တစ်ခု တောက်လောင်နေပြီး မီးတောက်က ခဏအတွင်း သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။ အလုပ်သမားလေးမှာ အော်ချိန် မရလိုက်သေးခင် အနှီမီးတောက်က သူ့အရိုးတွေကိုပါ ဝါးမြိုသွားတော့သည်။


မသန်စွမ်းလေးသည် တစ်ဖက်လူရဲ့ ပြာပုံကို ကြမ်းပြင်ပေါ်က ရေတွေနဲ့ ရောမွှေရင်း သန့်ရှင်းရေး ဆက်လုပ်လေသည်။