🍑1🍑အမှောင်နယ်မြေ
Viewers 205

Chapter (1)

အမှောင်နယ်မြေ 




ဒီလောကကြီးထဲမှာ ကမ္ဘာလောက စတည်ကတည်းက အမှောင်နယ်မြေနှင့် အလင်းနယ်မြေ ဟူ၍ ပိုင်းခြားထားခဲ့သည်။


မူလ၌ အမှောင်နယ်မြေရဲ့ ဧရိယာဟာ သေးငယ်ခဲ့ပြီး အလင်းနယ်မြေဘက်က လောကနတ်ဘုရားသည် အလင်းနယ်မြေကို အုပ်စိုး၍ အမှောင်နယ်မြေကို ဖိနှိပ်ခဲ့သည်။ သို့သော် မထင်မှတ်ထားသော အကြောင်းကြောင့် လောကအရှင်ဟာ နှစ်ပေါင်းတစ်သောင်းကျော် ပျောက်ကွယ်သွားခဲ့ရာ အမှောင်နယ်မြေကလည်း ပိုမို ချဲ့ထွင်လာခဲ့သည်။


နှစ်ပေါင်းတစ်သောင်းကြာ ပြီးနောက် လောကအရှင် ပြန်လည် ပေါ်ထွက်လာခဲ့ကာ သူနဲ့အတူ ကြယ်ကမ္ဘာက ခုနှစ်စင်ကြယ်လည်း ပေါ်ထွက်လာခဲ့၏။


ခုနှစ်စင်ကြယ်သည် ကြယ်ကမ္ဘာအား ပြန်ဖွင့်ခဲ့ပြီးနောက် အမှောင်နယ်မြေရဲ့ နယ်မြေ ချဲ့ထွင်မှုကို ဟန့်တားထားခဲ့သည်။ လောကအရှင်ကလည်း နတ်လက်နက်များဖြင့် အမှောင်နယ်မြေ ဧရိယာတစ်ဝိုက် ချထားခဲ့လို့ နယ်မြေချဲ့ထွင်မှုက လုံးဝ ရပ်တန့်သွားခဲ့သည်။


သို့သော် ဒါက ယာယီ ရပ်တန့်မှုပဲဆိုတာ လူတိုင်း သိပါသည်။ အလင်းနယ်မြေဘက်က နားလည်သလို အမှောင်နယ်မြေဘက်ကလည်း အလင်းနယ်မြေကို သိမ်းပိုက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူကာ စီစဥ်ဦးမှာပင်။


လောကအရှင်ရဲ့ စွမ်းအင်တွေ ပေါ်ထွက်လာပြီးနောက် အမှောင်နယ်မြေဘက်က ကျင့်ကြံသူတွေဟာ အလင်းနယ်မြေဆီ ကူးခတ်မယ့် လမ်းကြောင်းအား ရှာမတွေ့ကြတော့ချေ။ 


ဤသို့ဖြင့် အလင်းနယ်မြေဘက်က ရောက်လာသော ကျင့်ကြံသူများဟာ အမှောင်နယ်မြေထဲရှိ အင်အားစုတချို့၏ ပစ်မှတ် ဖြစ်လာခဲ့ကြသည်။


အမှောင်နယ်မြေရဲ့ ကောင်းကင်အထက်တွင် မှောင်မိုက်သော တိမ်မည်းများက အုံ့စိုင်းလျက်ရှိကာ မိုးတွေက သည်းကြီးမည်းကြီး ရွာချလျက်ရှိသည်။


လရောင် မထွန်းလင်းဘဲ တစ်ခါတရံ လျှပ်စီးကြောင်းရဲ့ အလင်းရောင်သာရှိသော တောအုပ်ထဲတွင် လူတစ်ယောက်သည် ခေါင်းတလားတစ်လုံးကို ဆွဲရင်း တောလမ်းအတိုင်း လျှောက်နေခဲ့သည်။


လေးလံသော ခေါင်းတလားအပြင် ရင်ခွင်ထဲတွင် ၃နှစ်အရွယ် သားတစ်ယောက်ကိုလည်း ပိုက်ထားသေးသည်။ ကလေးငယ်သည် ဘေးအန္တရာယ်ကင်းကင်း အိပ်ပျော်နေခဲ့ကာ မိခင်ဖြစ်သူရဲ့ မျက်ရည်တွေ မိုးရေတွေနဲ့ ရောနေခဲ့တာကိုတော့ မသိရှာချေ။


အမျိုးသမီးတစ်ဦးသည် ခေါင်းတလားကို ကြိုးချည်ပြီး ဆွဲယူလာရင်း ကလေးငယ်ကိုလည်း လွယ်ကာ တောအုပ်ကို ဖြတ်နေခဲ့သည်။ တောအုပ်ထဲတွင် သူမတစ်ယောက်တည်းသာ ရှိသည်။


လျှပ်စီးတစ်ချက် လတ်သွားတိုင်း ချောက်ကမ်းပါးထိပ်မှာ အရပ်ရပ်ကနေ သံကြိုးများဖြင့် ချိတ်ဆွဲခံထားရသော လူတစ်ယောက်ရဲ့ ပုံရိပ်က သူမမျက်လုံးတွေထဲ ပေါ်ထွက်လာခဲ့သည်။ လျှပ်စီးတစ်ချက်ကြောင့် ပြန်မြင်ယောင်မိတဲ့ ပုံရိပ်က သူမကို အရှေ့ဆက်သွားနေဖို့ ခွန်အားတွေ ပေးနေခဲ့သည်။


လက်တစ်ဖက်ကလည်း ခေါင်းတလားကြိုးကို ကျစ်နေအောင် ဆွဲထားသေးသည်။


ဝုန်း!


မိုးကြိုးကြီးတစ်ချက် ပြင်းထန်စွာ ပစ်ခတ်လိုက်စဥ် လျှပ်စီးကြောင်း အရှည်ကြီးက သူမအရှေ့ရှိ သစ်ပင်ကြီး တစ်ပင်ကို ရိုက်ခတ်သွားသည်။


ဗုန်း!


သစ်ပင်ကြီး ထက်ပိုင်းပြတ်ကာ လဲကျသွားသည်။ အနှီသစ်ပင်ကြီး လဲကျသွားသောအခါ သူမမျက်စိရှေ့တွင် ခြံငယ်လေးတစ်ခြံ ပေါ်လာခဲ့သည်။ ခြံထဲတွင် ဆံပင်ဖြူဖွေးနေသော အဘိုးကြီးတစ်ယောက် ရပ်နေကာ လက်တစ်ဖက်တွင် သစ်သားတုတ်တစ်ချောင်းကို ကိုင်ထား၏။


အဘိုးကြီးသည် လက်တစ်ဖက်၌ အသားတုံးကြီး တစ်တုံးကို ကိုင်ပြီး သစ်ပင်တွေကြောင့် မည်းမှောင်နေသော နေရာဆီသို့ အသားတုံးကို ပစ်ပေါက်လိုက်ရာ အမှောင်ထဲကနေ သားရဲပါးစပ်ကြီးတစ်ခု ထွက်လာကာ ထိုအသားတုံးကို တိတိကျကျ ကိုက်ဖမ်းထားလိုက်သည်။


ထိုအချိန်တွင် မိုးကြိုးကြီး ပစ်ချလိုက်သံနှင့်အတူ သစ်ပင်ကြီး လဲကျသွားခဲ့သည်။ အဘိုးကြီး လှည့်ကြည့်လိုက်သောအခါ ခေါင်းတလား ဆွဲလာသူ အမျိုးသမီးကို မြင်လိုက်ရသည်။


အဘိုးကြီးက လေအလျှင်နဲ့ ဖျတ်ကနဲ ပြေးထွက်သွားသည်။


"လန်အာ.... ဒါ....."


အဘိုးကြီးသည် အင်မတန် ပင်ပန်းနေသော်လည်း သူမကိုယ်သူမ အားတင်း တောင့်ခံနေတဲ့ အမျိုးသမီးကိုတွေ့တော့ အံ့သြ ထိတ်လန့်သွားခဲ့သည်။


"ဘိုးဘိုး....."


သူမ အားကိုးတကြီး ခေါ်လိုက်ပြီးနောက် အဘိုးကြီးရင်ခွင်ထဲ ပြိုလဲကျသွားခဲ့​လေသည်။


၁၁ နှစ်ခန့် ကြာပြီးနောက်


အသက် ၁၄နှစ်အရွယ် ကောင်လေးသည် ဆေးပင်တွေ အစုံအလင် ထည့်ထားသော သေတ္တာကို သယ်ကာ ကျားဖြူကြီးရဲ့ ကျောပေါ် ပစ်တင်လိုက်သည်။


ဝေါင်း!


"ဒါ နောက်ဆုံး သေတ္တာပါကွာ.... "


ကျားဖြူ၏ ကျောပေါ်တွင် သေတ္တာ၆လုံး ရှိနေပြီ။ နောက်တစ်လုံးသာ ထပ်တင်ရင် ကျားဖြူသည် သူ့ကျောပေါ်ကနေ အားလုံးကို ခါထုတ်ပစ်မလို့ စဥ်းစားထားပြီးသား။


ဒါကို သိတဲ့ ကောင်လေးကလည်း ကျားဖြူရဲ့ လည်ပင်းကို သွားပွတ်သပ်ပေးလိုက်သည်။


"ဘိုးဘိုး.... ကျနော် အဆင်သင့် ပြင်ပြီးပြီ...."


ကောင်လေးက ဝါးအိမ်လေးဘက် လှည့်အော်လိုက်တဲ့အခါ ဝါးအိမ်ထဲကနေ အဘိုးကြီးတစ်ယောက် ထွက်လာသည်။ လက်တစ်ဖက်က သစ်သားတုတ်ကို ကိုင်ထား၏။ ခေါင်းပေါ်တွင် သက်ကယ်ဦးထုပ် ဆောင်းထားပြီး မီးခိုးရောင်အင်္ကျီကို ဝတ်ထားသည်။


ဆံပင်နဲ့ မျက်ခုံးတွေက ဖြူဖွေးနေပေမယ့် လူငယ်တစ်ယောက်လို သွတ်သွတ်လပ်လပ် သွားလာနိုင်ဆဲ ဖြစ်သည်။ သူက အိမ်ထဲက ထွက်လာပြီးနောက် ကောင်လေးအနား ရောက်လာသည်။


"ပိုင်မူ..... အိမ်ကို စောင့်ရှောက်ထား!"


အဘိုးကြီးရဲ့ အသံအိုက တစ်ခြုံလုံးအပေါ် ပဲ့တင် ထပ်သွားခဲ့သည်။


လူနှစ်ယောက်နဲ့ ကျားတစ်ကောင် ထွက်သွားပြီးနောက် အဖြူရောင် အလင်းတန်းက ခြုံတစ်ခုလုံးကို ဖုံးအုပ်ထားလိုက်သည်။ 


ကျန်းလိန်ရှားသည် အနောက်မှာ ကျန်ခဲ့သော ခြံကို တစ်ချက်ပြန်ကြည့်ပြီးတဲ့အခါ ပြုံးပြီး ရှေ့ဆက် လျှောက်သွားလိုက်သည်။ 


ဘိုးဘိုးပိုင်က သူ့အဘိုးအရင်း မဟုတ်သော်လည်း သူ့ကို မြေးအရင်းလို ဂရုစိုက် စောင့်ရှောက်ပေးသည်။ သူ့ကို ဆေးပင် စိုက်ပျိုးနည်းအကြောင်း သင်ပေးသော်လည်း ဆေးသန့်စင်နည်းကို ဘိုးဘိုးပိုင် ကိုယ်တိုင်လည်း မတတ်တာကြောင့် မသင်ပေးနိုင်။


ဘိုးဘိုးပိုင်ရဲ့ ကျင့်စဥ်နည်းစနစ်က ထူးဆန်းသည်။ အမှောင်နယ်မြေက ကျင့်ကြံသူတွေ ကျင့်ကြံပုံနဲ့ မတူပေ။ နောက်ပြီး ဘိုးဘိုးက သူ့ကို မိဘတွေ ချန်ထားပေးခဲ့သော ကျင့်စဥ်တွေကိုလည်း သင်ပေးသေးသည်။


သူ ငယ်ငယ်လေးကတည်းက ဘိုးဘိုးနဲ့အတူ ကုန်းမြေနက်မြို့ကို သွားကာ ဆေးပင် ရောင်းသည်။ ဘိုးဘိုး စိုက်တဲ့ ဆေး​ပင်တွေက ဝိညာဥ်စွမ်းအင် အားကောင်းသဖြင့် မြို့မှာ ရောင်းကောင်းသည်။


"ရှားအာ... မင်းအခု အမတမိုးကြိုးကျင့်စဥ်ကို အဆင့်၅ အထိ ကျင့်ထားပြီးပြီ... ကုန်းမြေနက်မြို့ ရောက်ရင် လုမိသားစု လက်အောက်က လုရောင်းဆေးဆိုင်မှာ ဆေးပင်တွေ သွားရောင်းကြည့်...."


ကျန်းလိန်ရှား ချက်ချင်း ခေါင်းညိတ်လိုက်သည်။


"မမကို သတ်သွားတဲ့လူက လုမိသားစုကလား?"


"လုမိသားစုက ကုန်းမြေနက်မြို့မှာ အုပ်ချုပ်ရေးအာဏာ အရမ်းကောင်းတယ်... မိသားစုကြီးခုနှစ်ခုထဲက တစ်ခု... သူတို့ဆီမှာ လက်ဆင့်ကမ်းလာတဲ့ ကျင့်စဥ်တွေ အများကြီး ရှိတယ်... မင်းအစ်မကို သတ်သွားတဲ့လူက ရွှေပိုးချည်ကျင့်စဥ်ကို သုံးသွားတာ..."


ကျန်းလိန်ရှား: "လုမိသားစုက မိသားစုကြီး ဆိုရင် သူတို့သုံးတဲ့ စွမ်းအင်တွေကလည်း ကျင့်စဥ် တစ်ခုတည်းတော့ မဖြစ်နိုင်ဘူး..."


စကားပြောရင်း ကျန်းလိန်ရှား ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်မှာ အနက်ရောင်တိမ်တွေက ထူထပ်နေသဖြင့် အချိန်ပြည့် မိုးအုံ့နေသလိုပင်။


"ဘိုးဘိုး.... တကယ်ပဲ နေကို မမြင်ရဘူးလား?"


"ငါဒီကို ရောက်ပြီးကတည်းက နေကို ​မမြင်ရတော့တာ...."


အဘိုးက အရှေ့ကနေ လမ်းလျှောက်နေသည်။ 


အမှောင်နယ်မြေဟာ နေ့ဘက်မှာ အမြဲတမ်း မိုးအုံ့နေကာ ညဘက်မှာတော့ အင်မတန် မှောင်မည်းနေတတ်သည်။ လရောင်မရှိ၊ ကြယ်ရောင် မရှိပါ။ 


ညဘက် ရောက်ရင် ဆင်းရဲသား အိမ်တွေမှာ ဖယောင်းတိုင်သာ ထွန်းရကာ မိသားစုကြီးများကသာ အလင်းပုလဲ သို့မဟုတ် အလင်းထုတ်လွှတ်နိုင်သော အပင်များကို သုံးနိုင်ကြလေသည်။


အိမ်က ထွက်လာပြီး လမ်းတစ်ဝက်လောက် ရောက်တော့ လူနှစ်ယောက်နဲ့ ကျားတစ်ကောင်သည် လေထုကို ဖြတ်ကာ ပျောက်ကွယ်သွားပြီးနောက် ကုန်းမြေနက်မြို့ရဲ့ မြို့ရိုး အပြင်ဘက်၌ ပေါ်လာခဲ့သည်။


မြို့တံခါးဝမှာတော့ လုမိသားစုက အစောင့်တွေဟာ မြို့ထဲ ဝင်ချင်သူတွေဆီက အခွန်ကောက်ခံနေသည်။ မြို့ရိုးပေါ်မှာ နန်းဆောင်တစ်ခု ဆောက်ထားကာ နန်းဆောင်ရှေ့မှာတော့ အလံတစ်ခု စိုက်ထူထား၏။ 


"ဘိုးဘိုး.... အလံက ခါတိုင်းနဲ့ မတူသလိုပဲ...."


ကျန်းလိန်ရှား အသံတိုးတိုးနဲ့ ပြောလိုက်တော့ အဘိုးပိုင်က ခေါင်းညိတ်ပြသည်။ 


ကျန်းလိန်ရှား: "ကျနော် အလံဆီကနေ အငြိုးအတေးဝိညာဥ်တွေရဲ့ အငွေ့အသက် ခံစားရတယ်... ဒီအလံက မကြာသေးခင်ကမှ လူတွေအများကြီး ထပ်စားထားတာ ဖြစ်မယ်...."


အဘိုးပိုင်က ခေါင်းထပ်ညိတ်ပြသည်။


ကျန်းလိန်ရှား မြို့တံခါးဝရဲ့ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်သောအခါ လူဆယ်ယောက်လောက်ဟာ လက်နှစ်ဖက် ကြိုးချည်ခံထားရပြီး မြို့တိုင်းပေါ် တွဲလျောင်း အချိတ်ခံထားရတာ တွေ့လိုက်ရသည်။


ကုန်းမြေနက်မြို့က အပြစ်သားတွေကို အဲဒီလိုပဲ အပြစ်ပေးတတ်ကာ တခြားလူတွေ အပြစ်မလုပ်ရဲအောင် ပြသထားတတ်သည်။ သို့သော် ကျန်းလိန်ရှား ထူးခြားချက်ကို သတိပြုမိလိုက်၏။ ယင်းမှာ ထိုလူသေတွေဟာ အသက်၅၀ ကျော်အရွယ် ယောက်ျားမိန်းမတွေ ဖြစ်ပြီး အသက်ကြီးနေကြပြီ။


ထိုစဥ် အဘိုးပိုင်က မြို့ဝင်ကြေး ပေးကာ မြို့စောင့်က သူတို့ကို ဝင်ခွင့်ပေးလိုက်သဖြင့် ကျန်းလိန်ရှား ထိုအလောင်းများဆီက သူ့အကြည့်တွေကို ရုတ်သိမ်းလိုက်သည်။


အဘိုးပိုင်သည် ဆေးပင်ဆရာကြီး အဖြစ် လူသိများသလို ကုန်းမြေနက်မြို့ကို တစ်ပတ်တစ်ခါလောက် ဆေးပင် လာရောင်းတတ်သဖြင့် မြို့စောင့်အဖွဲ့က သူ့ကို မှတ်မိနေပါပြီ။ အဘိုးပိုင်ဆီမှာ မိသားစုကြီးတွေကတောင် ရှာမတွေ့နိုင်တဲ့ ဝိညာဥ်ဆေးပင်တွေ ရှိတာကြောင့် မိသားစုကြီးများက အဘိုးပိုင်နဲ့ အဆက်အသွယ် လုပ်ချင်ကြသည်။


မြို့ထဲ ဝင်လာချိန်၌ မြို့ရိုးနန်း​ဆောင်ပေါ်ကနေ တစ်ယောက်ယောက် သူ့ကို ကြည့်နေသလို ကျန်းလိန်ရှား ခံစားမိပေမယ့် ပြန်လှည့်မကြည့်လိုက်ချေ။


'ထူးဆန်းတယ်....'


သူ အဘိုးနဲ့အတူ ကုန်းမြေနက်မြို့ကို ဆေးပင်လာရောင်းတာ တစ်ကြိမ်နှစ်ကြိမ်တည်း မဟုတ်ပေ။ ခါတိုင်း ဝင်ထွက်ရင် လူတွေက အာရုံမစိုက်ပေမယ့် အခု တစ်ယောက်ယောက်က သူ့ကို သတိထားပြီး စိုက်ကြည့်နေသလိုပင်။


ထိုစဥ် အဘိုးပိုင်က သူ့ပုခုံးကို လာဖက်လေ၏။


"ရှားအာ... ကြည့်ရတာ မင်း လှုပ်ရှားရမယ့် အချိန်ကောင်း ရောက်လာပြီထင်တယ်..."


အဘိုး သူ့ကိုဖက်လိုက်တဲ့အခါ တစ်စုံတစ်ယောက် ကြည့်နေကြောင်း ခံစားချက်က ရုတ်ချည်း ပျောက်ကွယ်သွားသည်။


ခဏကြာတော့ မြေးအဘိုးနှစ်ယောက် ငှားထားသော ဆိုင်ခန်းလေးဆီ ရောက်လာခဲ့သည်။ အဘိုး တံခါးဖွင့်ပြီးတာနဲ့ ကျားဖြူက ဆိုင်ခန်းထဲ လိုက်ဝင်သွားပြီး ကျန်းလိန်ရှား တစ်ယောက်တည်းသာ အပြင်မှာ ကျန်နေခဲ့သည်။


ကောင်လေးသည် အထဲမဝင်သေးဘဲ မိုးလင်းနေပြီ ဖြစ်တာကြောင့် လူအသွားအလာ နည်းနေတဲ့ ဈေးလမ်းကို ကြည့်ကာ ထူးဆန်းသလို ခံစားနေရသည်။ အဘိုးရဲ့ စကားကို ပြန်တွေးကြည့်လိုက်တော့ တကယ်ပဲ မြို့ထဲမှာ တစ်ခုခု ဖြစ်သွားပြီဆိုတာ သဘောပေါက်လိုက်တော့သည်။


မျက်နှာချင်းဆိုင်က ထမင်းဆိုင်ကို ကြည့်လိုက်တော့လည်း ဆိုင် ပိတ်ထားသည်။ အထဲမှာတော့ အမေအိုတစ်ယောက်က အဝတ်ခြင်းတောင်းကို ပေါင်ပေါ်တင်လျက် အဝတ်ချုပ်နေသည်။


သူမ ငိုနေ၏။


ကျန်းလိန်ရှား မျက်မှောင်ကြုတ်ကာ ပြေးသွားလိုက်သည်။


"အဒေါ်.... တစ်ခုခု ဖြစ်လို့လား?"


ကျန်းလိန်ရှား အသံကြားတော့မှ အမေအိုက သတိဝင်လာပုံရပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။


"လိန်ရှား ရောက်လာတာလား.... "


ကျန်းလိန်ရှား ပြတင်းပေါက်ပေါ် လက်တင်ကာ ဆိုင်ထဲ ဝေ့ကြည့်လိုက်သည်။


"အားယွမ်ရော??"


အမေအိုက သူမမျက်ရည်တွေကို သုတ်လိုက်ပြီး။


"အားယွမ်ကို လုမိသားစုက ခေါ်သွားကြတယ်..."


"ဘာဖြစ်လို့လဲ?"


"မသိဘူး.... အခုတလော လုမိသားစုက ကလေးတွေကို စုဆောင်းနေတာ... အလုပ်ပေးမယ်တဲ့... ပြောတာတော့ ဆင်းရဲသားတွေကို လုမိသားစုက အလုပ်ပေးဖို့ စီစဥ်နေတာလို့ ပြောနေကြတာပဲ... အဒေါ့်ကိုလည်း အဝါရောင်သလင်းကျောက် ၁၀၀ ပေးသွားတယ်..."


"အလုပ်ပေးမယ်??"


"ဒါပေမဲ့ ဘာလို့လဲမသိဘူး အားယွမ် အဒေါ့်ကို ခွဲသွားသလို ခံစားနေရတယ်..."


"ရှားအာ!"


ရုတ်တရတ် အဘိုး ခေါ်သံကြောင့် ကျန်းလိန်ရှား ဆေးဆိုင်ဆီ ပြန်ပြေးသွားရသည်။ သူကြားလာတဲ့ လုမိသားစု သတင်းကို ပြောပြပေမယ့် အဘိုးက ကြိုသိနေသလိုမျိုး အံ့သြသွားတဲ့ အမူအရာမျိုး မပြလာပေ။ 


ထိုအစား သေတ္တာနှစ်လုံးကို ထုတ်ပေးလာသည်။


"လုရောင်းဆေးဆိုင်ကို သွား.... "


ကျန်းလိန်ရှား: "အကုန် ရောင်းရမှာလား?"


"အခုတလော လုမိသားစုက ဆေးလုံးသန့်စင်နေတယ်... မင်း အဲ့ကိုရောက်ရင် သေတ္တာအသေးထဲက ဆေးပင်ကို မရောင်းနဲ့... လုမင်ကျုံကို တွေ့အောင်လုပ်... သူ့ရှေ့ရောက်မှ ဖွင့်... ပြီးတော့ မင်း ယဲ့ရှန်းတူကို ရှာရမယ်..."


"သူက ဘယ်သူလဲ?"


"ယဲ့လုံနဲ့ ရှန်းချွမ်ယီးရဲ့ ကလေး...."


လူနှစ်ယောက်ရဲ့ နာမည်ကို ကြားတော့ ကျန်းလိန်ရှား လန့်သွားခဲ့သည်။ သူ စာရေး စာဖတ်တတ်တဲ့ အရွယ်ကတည်းက အဘိုးကသူ့ကို အမှောင်နယ်မြေရဲ့ ကြောက်စရာ အကောင်းဆုံး ကျင့်ကြံသူတွေအကြောင်း ပြောပြဖူးသည်။


အဲဒီထဲမှာ ယဲ့လုံနဲ့ ရှန်းချွမ်ယီးတို့အကြောင်းလည်း ပါသည်။ ယဲ့လုံသည် အလင်းနယ်မြေက ရောက်လာသူ ဖြစ်ကာ ရှန်းချွမ်ယီးကတော့ အမှောင်နယ်မြေက အဆင့်မြင့် ပါရမီရှင် ဖြစ်လေ၏။


ရှန်းချွမ်ယီးသည် အဆိပ်နဲ့ ဆေးပညာကို အင်မတန် ကျွမ်းကျင်ပြီး အမှောင်နယ်မြေထဲမှာ ထိပ်တန်းအဆင့် ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ်ကြောင့် နှစ်ယောက်စလုံး သေသွားကာ သူတို့ကလေး ယဲ့ရှန်းတူသာ ကျန်ရစ်ခဲ့သည်။


ကျန်းလိန်ရှား နာမည်ကို ကြားဖူးပေမယ့် လူကို တစ်ခါမှ မတွေ့ဖူးပေ။ အသက်၁၄ နှစ်အရွယ် ထိပ်တန်း အဂ္ဂိရတ်ပညာရှင် ဖြစ်လို့ ရှာရမခက်လောက်ချေ။ သို့သော် အဘိုးက သူ့ကို ရှာပြီးရင် ဘာဆက်လုပ်ရမလဲ ဆိုတာ မပြောပြဘဲ လွှတ်လိုက်သည်။


ကျန်းလိန်ရှား အတွေးတစ်ခုနဲ့အတူ လုရောင်းဆေးဆိုင်သို့ ရောက်လာခဲ့သည်။


"အိုး.... သခင်လေးကျန်းပါလား?"


ဆေးဆိုင်ထဲက အလုပ်သမားလေး ပြေးထွက်လာသည်။ ကျန်းလိန်ရှား အဘိုးနဲ့အတူ လာဖူးတာကြောင့် အလုပ်သမားလေးက သူ့ကို မှတ်မိနေပုံရသည်။