Ch 10
Viewers 2k

🥝 Chapter 10


ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားတွင် သူမသည် စုရှင်းချန်ကို မတွေ့ရသေးပေ။


ရှေ့သို့ မျှော်ကြည့်လိုက်သောအခါမှ လူအုပ်နှင့် ယာဉ်ရထားများကြားတွင် လမ်းအစ၌ ရှိနေသည့် အရောင်းဆိုင်တန်းများကို သူမ မြင်လိုက်ရသည်။


[ အဆင့် ၁ ကြေးနီနွားလှည်း - ပျံသန်းနိုင်သည်၊ တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး ၅၀၀ ]


[ အဆင့် ၅ သစ်သားနွားလှည်း - တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ]


[ သာမန်လက်တွန်းလှည်း - တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ]


ပထမဆုံး ‘ပျံသန်းနိုင်သော ယာဉ်/အားကစား ကား’ ဆိုင်နှစ်ဆိုင်၏ စင်ပေါ်တွင် လက်မခန့်ရှိသော ‘ယာဉ်သိုလှောင်’ ပုလဲလုံးလေးများ ပုလဲရောင်တောက်ပလျက် ပြည့်နှက်နေသည်။ ပိုးထည်ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူအများအပြားသည် ဝိညာဉ်ကျောက်တုံးများ ပေးဆောင်ရန် တန်းစီနေကြပြီး ၎င်းတို့အနက် အများစုမှာ နဖူးပေါ်ရှိ ဂဏန်းများအရ အဆင့်တစ်ထောင်အတွင်း ရှိသူများ ဖြစ်ကြသည်။


တတိယမြောက် လက်တွန်းလှည်းဆိုင်မှာမူ လူမသိ သူမသိ ထောင့်ချိုးလေးတစ်ခုတွင် အကျဉ်းဆုံးနေရာကို ယူထားရသည်။ ကျင့်ကြံသူများသည် အလွှာလိုက် ထပ်နေအောင် တန်းစီနေကြပြီး အားလုံးမှာ အရောင်မှိန်မှိန် အဝတ်အစားများကို ဝတ်ဆင်ထားကာ မျက်နှာများတွင် ခါးသီးမှုများ အရိပ်ထင်နေကြသည်။ ၎င်းတို့၏အဆင့်ဂဏန်းများမှာလည်း လေးလုံးတွဲများ ဖြစ်ကြသည်။


စုကျိုသည် တန်းစီနေသူများထဲမှ သတ္တမမြောက်နေရာတွင် ရှိနေသော စုရှင်းချန်ကိုလှမ်းမြင်လိုက်သည်။


အရွယ်ရောက်ပြီးသူများနှင့် သက်လတ်ပိုင်း ကျင့်ကြံသူများကြားတွင် သူ့ ပိန်ပါးသော ကောင်လေးကိုယ်ထည်မှာ ထင်ရှားနေသည်။


သူ့ပတ်ဝန်းကျင်ရှိလူများ စကားပြောနေကြသော်လည်း သူကမူ နှုတ်ဆိတ်နေပြီး အေးစက်သောမျက်နှာထားဖြင့် တန်းစီရင်း ပိုးစာတောင်းနှစ်တောင်းကိုတစ်ပြိုင်နက်တည်း ရက်လုပ်နေလေသည်။


မကြာမီ စုကျီကျီသည် စုကျို၏ ဝှီးချဲကို တွန်းရင်း စုရှင်းချန်အနားသို့ တိုးဝှေ့ရောက်ရှိသွားသည်။ 


“ကော! ဒီနေ့ အရှေ့နားအထိ ရောက်နေတာပဲ!”


စုရှင်းချန်သည် သူ့ ညီမငယ်လေးကို မြင်လိုက်ရသောအခါ မျက်နှာမှာ သိသိသာသာနွေးထွေးသွားပြီး ခေါင်းညိတ်ပြလိုက်သည်။


မကြာမီပင် သူ့ အလှည့်သို့ ရောက်လာသည်။


အနိမ့်ဆုံးအဆင့်ရှိသော ဤသစ်သားလှည်းဆိုင်၏ ပြသစင်မှာပင် ယိုင်နဲ့ကာ ဆေးများ ကွာကျနေသည်ကို စုကျို သတိပြုမိလိုက်ရာ စိတ်ထဲတွင် နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။


မျှော်လင့်ထားသည့်အတိုင်းပင် ဆိုင်ရှင် ပစ်ချထားသော ‘လှည်းသိုလှောင်’ မန္တန်စေ့များမှာ အရောင်မှိန်နေပြီး ဝိညာဉ်စွမ်းအင် လုံးဝကင်းမဲ့နေသည့်အပြင် ထောင့်များကျိုးကာ အက်ရာများပင် ထင်နေကြသည်။


“ဘာလို့ ပျက်စီးနေတဲ့ လှည်းတွေ ဒီလောက်တောင် များနေရတာလဲ? ပြီးခဲ့တဲ့လကထက်တောင် ပိုဆိုးနေသေးတယ်!”


“ခင်ဗျား ကျုပ်တို့ကို လိမ်နေတာလား? ဒီအမှိုက်တွေကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးရမယ် ဟုတ်လား?”


ဆိုင်ရှင်က နှာခေါင်းရှုံ့ရင်း - “ဒီလောက်ပဲ ရှိတယ်၊ မကြိုက်ရင် ဟိုဘက်က ဈေးကြီးတာတွေ သွားငှားလေ!”


စုရှင်းချန်သည် အကောင်းဆုံးကို ဦးဦးဖျားဖျား ရွေးချယ်နိုင်ရန် မနက်အစောကြီးကတည်းက လာရောက်တန်းစီခဲ့ခြင်း ဖြစ်သည်။ သူ မျက်မှောင်ကြုတ်လျက် အမှိုက်ပုံသဖွယ် ဖြစ်နေသော မန္တန်စေ့များထဲမှ ရွေးချယ်နေလေသည်။


စုကျိုက စုကျီကျီကို ဝှီးချဲအား အနီးသို့တိုးတွန်းရန် အချက်ပြလိုက်သည်။ သူမသည် အနားသို့ တိုးကြည့်ကာ စားပွဲပေါ်ရှိ မန္တန်စေ့များကို စစ်ဆေးလိုက်သည်။


[ သာမန်သစ်သားလက်တွန်းလှည်း (ဘယ်ဘက်ဘီး ကျိုးနေသည်)၊ အရှိန်မှာ နွားနှင့်တူသည်၊ အမှတ်အသားပြုရန် သွေးစွမ်းအင် ၁၀၀ လိုအပ်သည်၊ သွေးစွမ်းအင် မလုံ လောက်ပါ! ]


[ ... သာမန်သစ်သားလက်တွန်းလှည်း (လက်ကိုင်တန်း ကျိုးနေသည်)၊ ဝန်တင်နိုင်စွမ်း ညံ့ဖျင်းသည် ... ]


[ ... သာမန်သစ်သားလက်တွန်းလှည်း (အစိတ်အပိုင်းများ ကျိုးပဲ့နေသည်)၊ မိုင် ၁၀၀ ထက် ပိုမိုမသွားနိုင်ပါ ... ]


စုကျို နှုတ်ခမ်းများ တွန့်သွားပြီး သူ့သည်းခံနိုင်စွမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်။


နောက်ဆုံးတွင်တော့ အမှိုက်ပုံကြားထဲမှ လုံးဝအနက်ရောင်ရှိသော မန္တန်စေ့တစ်စေ့ကို သူမ တွေ့ရှိသွားသည်။


[ တစ်ဝက်တစ်ပျက် မြည်းလှည်း (၇၀ ရာခိုင်နှုန်း သစ်လွင်သည်)၊ ပေါင် ၅၀၀ ဝန်တင်နိုင်စွမ်း ရှိသည်။ ]


သူ့ မျက်လုံးများ တောက်ပသွားပြီးနောက် စုရှင်းချန် ဂရုတစိုက် ရွေးထားသော အစေ့ကိုထိကြည့်လိုက်ရာ - 


[ သာမန်သစ်သားလှည်း (အနည်းငယ် ပျက်စီးနေသည်)၊ ရှေ့နှင့်နောက် မညီမျှပါ ]


“...”


စုကျိုသည် သူ ကိုင်ထားသော မန္တန်စေ့ကို စုရှင်းချန်ထံ ချက်ချင်း ပစ်ပေးလိုက်ပြီး “ဒါကို ယူလိုက်” ဟု ဆိုသည်။


အမှိုက်လှည်းတစ်စီးအတွက် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးရမည်လား ? သူမ၏ အသားကို လှီးစားလိုက်ခြင်းကမှ ပိုကောင်းဦးမည်။


“နင့်လက်ထဲက အကောင်ကို အခုချက်ချင်းလွှင့်ပစ်လိုက်စမ်း”


စုရှင်းချန်မှာ မှင်သက်သွားသည်။


သူမသည် ယခင်က တစ်ခါမျှ ဝင်ရောက်စွက်ဖက်ဖူးခြင်း မရှိပေ။ သူသည် အမြဲတမ်း နှစ်နာရီစော၍ ထကာလှည်း ဦးအောင် တန်းစီရပြီး သူကိုယ်တိုင်ပင် အမြဲရွေးချယ်ခဲ့ခြင်းဖြစ်သည်။


အကယ်၍ သူသည် အကောင်းစားကိုမရွေးနိုင်ခဲ့ပါက သူမက သူ့အား အသုံးမကျဟု ဆဲဆိုတတ်ပြီး၊ အကယ်၍ အကောင်းစားရခဲ့ပါကလည်း ချန်ကျိုးကိုထောက်ပံ့ရန်အတွက် ထိုလှည်းကိုအမြတ်တင်၍ တဆင့်ပြန်ငှားလေ့ရှိသည်။


“ဟေ့ ကောင်လေး... ယူမှာလား? မယူရင် တခြားသူကို ပေးလိုက်! ဘာတွေ ငေးနေတာလဲ? မြန်မြန်လုပ်!” ဟု ဆိုင်ရှင်က တိုက်တွန်းသည်။


စုရှင်းချန်သည် မျက်နှာနီမြန်းသွားပြီး အတွေးထဲမှ ရုန်းထွက်လိုက်သည်။ သူသည် စုကျိုပေးသော မန္တန်စေ့ကို အလျင်အမြန် ယူလိုက်ပြီး သူမူလက ရွေးထားသည့် အစေ့ကို စားပွဲပေါ်သို့ပြန်တင်လိုက်သည်။


သို့သော် ၎င်းကို ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ နောင် တရသွားသည်။ စုကျို ပေးလိုက်သော မန္တန်စေ့ပေါ်တွင် သိသာထင်ရှားသော အက်ရာတစ်ခုရှိနေသောကြောင့် ဖြစ်သည်!


စုရှင်းချန် မျက်နှာမှာပျက်ယွင်းသွားသည်။ သူနောက်ဆုတ် ချင်သော်လည်း သူသေသေချာချာ ရွေးချယ်ထားသည့် အကောင်းဆုံး မန္တန်စေ့ကို သူ့နောက်မှလူက လုယူသွားခဲ့ပြီဖြစ်သည်။


“ဒါကို ငါယူမယ်!” 


ပါးစပ်ဘေးတွင် နံပါတ် ၄၇၁၉ ဟု ရေးထိုးထားသော ဦးလေးကြီးမှာ မန္တန်စေ့ကိုအလျင်အမြန် ဆွဲယူကာ ဝိညာဉ်ကျောက်တုံးချပေးပြီး ထွက်ပြေးသွားတော့သည်။


စုရှင်းချန် ခဏတာ မှင်သက်သွားရသည်။ စုကျီကျီသည်လည်း ကော လက်ထဲမှ အက်ကွဲနေသော မန္တန်စေ့ကိုမြင်လိုက်ရသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။


“ကော... ဒီမှာရှိတဲ့ လှည်းအများစုက ပျက်စီးနေတာတွေချည်းပဲ၊ ပိုကောင်းတာကို ရွေးဖို့မလွယ်ဘူး၊ ညီမတို့ အေးအေးဆေးဆေးပဲ တွန်းသွားကြတာပေါ့” ဟု စုကျီကျီက သူ့ကော အနေဖြင့် ကျဲ အပေါ် စိတ်ဆိုးမည်ကို စိုးရိမ်သဖြင့် တိုးတိုးလေးချော့မော့လိုက်သည်။


စုရှင်းချန် ဘာမှပြန်မပြောသလို စိတ်လည်းမဆိုးပေ။ သူသည် မြေကွက်လပ်တစ်ခုသို့ လျှောက်သွားပြီး လက်ထဲမှ မန္တန်စေ့ကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။


ဤကဲ့သို့သော အစ်မမျိုးရှိနေခြင်းကို သူ လက်ခံထား သည်မှာ ကြာပြီဖြစ်သည်။


သူ့ထံမှ အကူအညီရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော် လင့်မထားခဲ့ပေ။ သူမအနေဖြင့် သူနှင့် သူ့ညီမ ပစ္စည်းများကိုတခြားသူများအား ပေးကမ်းနေခြင်းကို ရပ်တန့်ပေးရုံဖြင့်တင် သူ ကျေနပ်လှပါပြီ။


ပါရမီမနိုးထသေးသော သာမန်အစ်မတစ်ယောက် ဖြစ်နေလျှင်လည်း ကိစ္စမရှိချေ။


အားနည်းပြီး မကျင့်ကြံနိုင်ဘဲ သူတို့ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေလျှင်လည်းလက်ခံနိုင်သည်။


စုရှင်းချန်သည် အရာအားလုံးကို လက်ခံထားပြီးသားဖြစ် သည်။ နုပျိုတက်ကြွရမည့် သူ့မျက်နှာမှာ ယခုအခါတည် ငြိမ်အေးစက်နေသော်လည်း မြေပြင်ပေါ်သို့ ကျသွားသော မန္တန်စေ့မှာမူ လည်ပတ်သွားပြီးနောက် အပြာရောင်အလင်း တန်းများ ထွက်ပေါ်လာသည်။ ဝိညာဉ်မြူခိုးများကြားမှ ဘေးနားရှိ သစ်သားလှည်းထက် နှစ်ဆပိုကြီးသောလှည်းဘောင်တစ်ခု ပေါ်ထွက်လာတော့သည်။


ထို့အပြင် လှည်းဘောင်ရှေ့တွင် သက်ရှိထင်ရှား မြည်းတစ်ကောင်က ရပ်နေသည်မဟုတ်ပါလား!


စုရှင်းချန် မှင်သက်သွားရသည်။


မြည်းတစ်ကောင်လား ?


သူ မျက်လုံးကို ပွတ်ကြည့်မိသည်။


လှည်းဆွဲနေသော မြည်းမှာ အနည်းငယ် ပိန်လှီနေသော် လည်း သိသိသာသာ အရပ်ရှည်ကာ ခြေလက်သန်မာပြီး ကျောကုန်းမှာလည်း ကြံ့ခိုင်လှသည်။ ၎င်းဆွဲနေသောသစ် သားလှည်းမှာလည်း ကျယ်ပြန့်ထူထဲကာ ဘီးများမှာ ခိုင်ခံ့ညီညာလှသဖြင့် အစောပိုင်းက လူသန်ကြီးလုယူသွားသော လက်တွန်းလှည်းထက် နှစ်ဆမက ပိုကောင်းနေသည်မှာ သိသာလှပေသည်။


“ဝါး!” 


စုကျီကျီလည်း မျက်လုံးများ တောက်ပလျက် မှင်သက်သွားရသည်။


သူတို့ လှည်းငှားလာသည့် ငါးနှစ်၊ ခြောက်နှစ်အတွင်း ပထမထပ်တွင် ဤမျှကောင်းသော မြည်းလှည်းမျိုးတစ် ခါမျှ မမြင်ဖူးခဲ့ပေ။


၎င်းသည် စုရှင်းချန် အမြဲတမ်း ရွေးချယ်လေ့ရှိသောသစ် သားလှည်းထက် အဆပေါင်းများစွာ သာလွန်လှသည်။


“တောက်!” 


ဆိုင်ရှင်ကလည်း သတိထားမိသွားပြီး “ဆယ်ထပ်မြောက်ကမြည်းလှည်းက ဘယ်လိုလုပ်ပြီး ပထမထပ်ကိုရောက် လာတာလဲ?!”


“!”


“!!”


တန်းစီနေသော လူအုပ်ကြီးမှာ ချက်ချင်းဆူညံပွက်လောရိုက်သွားတော့သည်။


“ဘာ... ဆယ်ထပ်မြောက်က လှည်းလား?! နောက်ထပ် ရှိသေးလား ? အဲဒီလို မြည်းလှည်းမျိုးတွေ ရှိသေးလား?!”


“ဝိညာဉ်ကျောက်တုံး ဆယ်တုံး၊ ကျွန်တော်လည်း မြည်းလှည်း လိုချင်တယ်၊ ပျက်နေတာဆိုရင်တောင် ရတယ်!”


“ဆယ်ထပ်မြောက်က မြည်းလှည်းဆိုရင် ဘယ်လောက်တောင်တန်ဖိုးရှိမလဲ? အဲဒီကောင်လေးကတော့ ကံကောင်းလွန်းတာပဲ။ ဆိုင်ရှင်... နောက်ထပ် ရှိသေးလား? ကျွန်တော်လည်း တစ်စီး လိုချင်တယ်!”


ဆိုင်ရှင့် လက်တွန်းလှည်းဆိုင်မှာ ချက်ချင်းပင် ဝိုင်းအုံခြင်း ခံလိုက်ရသည်။


စုရှင်းချန်ထံမှ မန္တန်စေ့ကို လုယူသွားသော လူသန်ကြီးမှာမူ ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး၊ သူ့သစ်သားလှည်းမှာ ဘေးသို့ စောင်းငဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့ သည်။ ၎င်းမှာ အပေါ်ယံသာကောင်းပြီး အတွင်းတွင် ပျက်စီးနေခြင်း ဖြစ်ပေသည်။


စုကျီကျီ: “ကော! ကျဲ ရဲ့အမြင်က ကောထက် ပိုစူးရှတာပဲ!”


စုရှင်းချန်: “...”


သူ စုကျိုကို လှည့်ကြည့်လိုက်ရာ သူမသည် ဝှီးချဲပေါ်မှ ဆင်းပြီး မြည်းလှည်းပေါ်တွင် မည်သို့မည်ပုံ လှဲလျောင်းနေမှန်း မသိတော့ပေ။


သူတို့လှည့်ကြည့်နေသည်ကို မြင်သောအခါ စုကျိုက လက်လှမ်းပြလိုက်သည်။


“မြန်မြန်လာကြ၊ ဒီမှာ နေပူလွန်းတယ်၊ မြည်းတောင် နင်တို့ထက် ပိုသိတတ်သေးတယ်။ နင်တို့ ကျဲတော့ နေပူလို့ သေတော့မယ်!”


“!”

“...”


စုရှင်းချန်သည် သူ့ညီမငယ်ကို ဆွဲခေါ်ကာ မြည်းလှည်းပေါ်သို့ ခုန်တက်လိုက်သည်။


လှည်းလေး ရွေ့လျားသွားသည်နှင့်အမျှဆောင်းဦးလေပြေ မှာ မြေနံ့၊ မြက်နံ့များကို သယ်ဆောင်လာပြီး သူ့မျက်နှာကို လာရောက်ထိတွေ့ရာ စိတ်ဓာတ်ကို လန်းဆန်းသွားစေ သည်။


သို့သော် စုရှင်းချန် အကြည့်မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။


သူ မြည်းလှည်းပေါ်တွင် ပထမဆုံးအကြိမ် ထိုင်ဖူးခြင်း ဖြစ်သည်။ အဝတ်ဖျာခင်းထားသော မောင်းနှင်သူ နေရာတွင်ဖြစ်သည်။


မြည်း၏ ဦးတည်ရာကို ထိန်းချုပ်သည့်သားရေကြိုးကိုလည်း ပထမဆုံးအကြိမ် ဆွဲကိုင်ဖူးခြင်း ဖြစ်သည်။


မြည်းလှည်း အရှိန်မှာ ဤမျှ မြန်ဆန်လှပါလား။


ဤခံစားချက်မှာ အလွန်ကောင်းမွန်လှပေသည်။


သူ့စိတ်ကို လှုပ်ရှားစေပြီး လက်များကိုပင် မထိန်းချုပ်နိုင်အောင် ဖြစ်စေသည့်အရာမှာ... အားကိုးထိုက်သော အစ်မတစ်ယောက် ရှိခြင်းသည် လေကို စီးနှင်းနေရသကဲ့သို့ ခံစားရခြင်းပင်။


ခဏတာမျှပင် ဖြစ်လင့်ကစား ပျံသန်းနေရသကဲ့သို့ ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့လေပြီ…