Ch 9
Viewers 2k


🥝 Chapter 9



ထိုအချိန်တွင် မည်သည့်စကားလုံးနှင့်မျှ ဖော်ပြရန် မစွမ်းသာတော့ပေ။


စုကျိုသည် မြေပြင်ပေါ်၌ ပလုံးပထွေး ပြန့်ကျဲနေသော မြစိမ်းရောင် ခုတင်ငယ် ကိုးခုကို တစ်လှည့်၊ ပေါက်စီတစ်လုံးကို ကိုင်၍ မှင်သက်နေသော ညီမငယ်ကို တစ်လှည့် ကြည့်လိုက်မိသည်။


“...အင်း၊ နင် အချိန်ကိုက် ရောက်လာတာပဲ၊ ငါ နိုးလာတော့...”


စုကျို တည်ငြိမ်စွာပင် စကားကိုအဆုံးသတ်လိုက်သော် လည်း စုကျီကျီ ပါးစပ်ထဲမှ ဝါးလက်စ ပေါက်စီမှာမူပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။


“ကျဲ နိုးလာတော့... ကျဲကိုးခုတောင် မွေးဖွားလိုက်တာလား၊ ခုတင် ကိုးခုတောင်!” ဟု စုကျီကျီက ပေါက်စီကိုအမြန်မျိုးချကာ မျက်လုံးအဝိုင်းသားဖြင့် လွှတ်ခနဲပြောချလိုက်သည်။


စုကျို၏ နှုတ်ခမ်းများ တွန့်သွားပြီး “...အဲဒီလိုပဲ ပြောရမှာပေါ့” 


စုကျီကျီမှာမူ မြေပြင်ကိုသာ ကြောင်ကြည့်နေမိသည်။ မနေ့ညက သူ တစ်ညလုံးမအိပ်ဘဲ အဖိုးတန်လှသည့် ‘ဝိညာဉ်စွမ်းအင် ပြန်ဖြည့်’ ပန်းထိုးပုံစံများကိုအင်္ကျီလက်စ ကိုးခုပေါ်၌ ကူးရေးနေခဲ့ခြင်းဖြစ်သည်။ ထိုအရာကိုပင် ရေရာအောင် မလုပ်နိုင်သေးမီ ယနေ့နံနက်တွင် သူ့ကျဲက အသစ်တစ်ခုကို ထပ်မံဖန်တီးလိုက်ပြန်ပြီဖြစ်သည်။


ယခုတစ်ကြိမ်တွင်လည်း ‘ကိုးခု’ ပင် ဖြစ်သော်လည်း အရွယ်အစားမှာမူ အနည်းငယ် သေးငယ်နေသည်။


အတန်ကြာမှ စုကျီကျီ သတိပြန်ဝင်လာပြီး လက်ကလေးများကို သန့်ရှင်းအောင် သုတ်ကာ မြေပြင်မှ ခုတင်အသေးလေးများကိုကူညီကောက်ပေးသည်။ ၎င်းတို့မှာ လက်ဝါးခန့်သာ ရှိသော်လည်း သူနှင့် သူ့ကော တောင့်တခဲ့ရသည့်၊ တစ်ညလျှင် ဝိညာဉ်ကျောက်တုံး ၁၅၀ ပေးရသော အဆောင်ခုတင်ကြီးများနှင့် ပုံစံတူပင်။


ခုတင်ခြေရင်းမှ ပိုးစာစိုက်ပျိုးသည့် ပုံများအဆုံး အကုန် လုံးထပ်တူကျနေသည်။ ထို့အပြင် ခုတင်ပေါ်၌ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး အားအင်တိုးစေသည့် အဖိုးတန် မန္တန်အစီအရင်နှစ်ခုလည်း ပါရှိသေးသည်။ စုကျီကျီသည် မျက်တောင်ပင် မခတ်ရဲဘဲ ထိုခုတင်လေးများကိုပျိုးပင်နုလေးများကဲ့သို့ ဂရုတစိုက် ကိုင်တွယ်ထားသည်။ သူမ၏ လက်နှစ်ဖက်ဖြင့် ခုတင်နှစ်ခုကိုသာ ကိုင်နိုင်ပေသည်။


မြေပြင်တွင် နောက်ထပ် ခုနစ်ခု ကျန်ရှိနေသေးရာ သူမအတွက်မူ များပြားလွန်းနေသည်။ ၎င်းသည် အလွန်ပင် ဝမ်းသာစရာကောင်းသောဖြစ်ရပ်ပင်။


“နည်းနည်းလေး သေးနေတာပဲ၊ ကျီကျီသာ အခုလေးတင် မွေးဖွားတဲ့ ကလေးဆိုရင် အဲဒီပေါ်မှာလှဲလို့ရမယ် ထင်တယ်နော်” ဟု စုကျီကျီက ဆိုသည်။


စုကျိုသည် ထိုကောင်မလေး သူမထံမှ ‘လူသတ်အင်္ကျီလက်စ’ ကိုပြန်ဝတ်ထားသလားဟုပင် သံသယဝင်မိသည်။ မဟုတ်ပါက ဤမျှ အေးစက်ပြီး ခပ်ရွှဲ့ရွှဲ့စကားမျိုးကို မည်သို့ ပြောထွက်ပါမည်နည်း။


စုကျိုသည် စုကျီကျီနှင့်အတူ ပစ္စည်းများကိုကောက်ယူရင်း ကူးယူထားသည့် ပစ္စည်းများကိုစစ်ဆေးလိုက်သည်။ ထုံးစံအတိုင်း သူ့စိတ်ထဲ၌ အချက်အလက်များပေါ်လာပြန်သည်။


[ အဆင့် ၁ ကျောက်စိမ်းအဆောင်ခုတင် (၅ ယောက်အိပ်)၊ ကျင့်ကြံမှုမလုံလောက်သဖြင့် ကူးယူရာတွင် ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့သည်။ ]


[ အဆင့် ၁ ကျောက်စိမ်း အရုပ်ခုတင် ၉ ခု ရရှိသည်။ ]


စုကျိုက “???” ဟု ရေရွတ်မိသည်။


[ အဆင့် ၁ ကျောက်စိမ်း အရုပ်ခုတင် - မူလခုတင်၏ အပုံ ၅၀ ပုံ ၁ ပုံသာ ရှိသည်။ ‘ပင်ပန်းမှုပြေပျောက်စေခြင်း’ နှင့် ‘အားအင်တိုးစေခြင်း’ ဟူသော ဝေဝါးနေသည့် မန္တန်နှစ်ခု ပါဝင်သည်။ ]


[ မန္တန်များမှာ ဝေဝါးနေသဖြင့် အသုံးပြုပါက ထိရောက်မှုရှိသော်လည်း ဘေးထွက်ဆိုးကျိုးများ သိသာစွာ ရှိနိုင်သည်။ ]


[ အသုံးပြုပုံ - စွမ်းအင်ပြန်ဖြည့်ရန်လိုအပ်သော ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်တွင် ကပ်ထားပါ။ အမွှေးတိုင်တစ်တိုင် စာအတွင်း အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်ပါလိမ့်မည်။ သို့သော် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများရှိ ခွန်အားနှင့် သက်သောင့်သက်သာရှိမှုကိုစတေးရပါလိမ့်မည်။ သတိပြု၍ အသုံးပြုပါ။ ]


စုကျိုက ဤချို့ယွင်းချက် (Bug) မှာ တော်တော်လေး လက်တွေ့ကျသည်ဟု တွေးမိသည်။


[ တစ်ကြိမ်သုံးလျှင် ဝိညာဉ်ကျောက်တုံး ၁ တုံး လိုအပ်သည်။ ]


[ အကြိမ်ကြိမ်အသုံးပြုပြီးနောက် ခန္ဓာကိုယ်အစိတ်အ ပိုင်း (လက်၊ ခြေထောက်) အားကောင်းစေသည့် လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်နိုင်သည့် အခွင့်အရေး ရှိသည်။ ]


[ ခန့်မှန်းဈေးနှုန်း - ဝိညာဉ်ကျောက်တုံး ၁၈၈ တုံး (သေးငယ်သော်လည်း အသုံးဝင်သည်၊ ခန္ဓာကိုယ်ကြံ့ခိုင်ရေး လျှို့ဝှက်ချက်ကို သိရှိစေနိုင်သည့် ရှားပါးအရုပ်ဖြစ် သည်။) ]


စုကျိုသည် အသက်ကို ပြင်းပြင်းရှူပြီး နားထင်ကို ဖိထားလိုက်သည်။ နောက်တစ်စက္ကန့်တွင် ပစ္စည်းများကို ကူးယူလိုက်ရသည့်အတွက် ပင်ပန်းနွမ်းနယ်မှုများက သူမကို ရိုက်ခတ်လာပြီး ဝိညာဉ်စွမ်းအင်များ အကုန်ကုန်ခမ်းသွားတော့သည်။ သူ့ လက်ကောက်ဝတ်ရှိ ဝိညာဉ်စမ်းသပ်လက်ပတ်သည်လည်း ချက်ချင်းအမှောင်အတိကျသွားလေသည်။


စုကျိုသည် ခြေကုန်လက်ပန်းကျကာ ခွေကျသွားတော့ သည်။


“ကျဲ—” ဟု စုကျီကျီက ထိတ်လန့်တကြား အော်ဟစ်ကာ သူမကို ပြေး၍တွဲပေးလိုက်သည်။


စုကျိုမှာမူ မည်သည့်ခံစားချက်မျှ မပြဘဲ ငြိမ်သက်နေသည်။ ယခုတစ်ကြိမ် နောက်ဆက်တွဲဆိုးကျိုးမှာ မနေ့ညက ချန်ကျိုး အင်္ကျီလက်စကို ရရှိစဉ်ကထက်ပင်ပိုမိုပြင်း ထန်နေပါတော့သည်။


ကူးယူခြင်း စွမ်းရည်ကို အသုံးပြုလိုက်ခြင်းက သူမ၏ သွေးစွမ်းအင်ကို များစွာကုန်ခမ်းစေပုံရသည်။ သို့သော် ထွက်ပေါ်လာသည့် ပစ္စည်း၏ အရည်အသွေးမှာမူ သူမ၏ ကျင့်ကြံမှု ကန့်သတ်ချက် (ဝိညာဉ်စမ်းသပ်လက်ပတ် လင်းထိန်သည့် အကြိမ်အရေအတွက်) နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။


စုကျီကျီသည် အသင့်ပါလာသော အစေ့အဆန် ရောနှောမုန့်ကို စုကျို၏ ပါးစပ်ထဲသို့ အလောတကြီး ထိုးထည့်ပေးလိုက်သည်။ ၎င်းကို အရည်အသွေးနိမ့် ဝိညာဉ်နှံစားသီးနှံများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကြမ်းတမ်းသော် လည်း ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်နေသေးသည်။


မျှော်လင့်ထားသည့်အတိုင်းပင် စုကျိုသည် ထိုမုန့်ကို အရ သာပင် မခံနိုင်အားဘဲ ကမန်းကတန်းဝါးမျိုလိုက်ပြီးနောက်တုန်ရင်နေသော ခြေထောက်များဖြင့် ကြမ်းပြင်ပေါ်ရှိအိပ်ရာဆီသို့ ပြန်လည် ခွေကျသွားတော့သည်။


[ သွေးစွမ်းအင် +၅ ]


[ လက်ရှိ သွေးစွမ်းအင် တန်ဖိုး - ၃၉ ]


စုကျို သက်ပြင်းချမိသည်။ ထိုကဲ့သို့ အစေ့အဆန်မုန့်ကြမ်းများက သွေးစွမ်းအင်ကို ဂဏန်းတစ်လုံးစာမျှသာ တိုးစေနိုင်သော်လည်း အနည်းဆုံးတော့ သူမ၏ခေါင်းမူးဝေခြင်းနှင့် ခြေထောက်မခိုင်ခြင်းတို့ သက်သာသွားခဲ့ပြီဖြစ်သည်။


“ကျဲရဲ့မွေးရာပါ ဝိညာဉ်စွမ်းအင်က သိပ်ကို အစွမ်းထက်တာပဲ၊ တစ်ခါသုံးလိုက်ရုံနဲ့တင် ဒီလောက်ပင်ပန်းသွားတယ်”


စုကျီကျီ စိုးရိမ်စိတ်ဖြင့် ချီးကျူးမိသည်။ သူမသည် သွားကို တင်းတင်းကြပ်ကြပ် စေ့ထားပြီး သူမ တစ်နေ့စာ စားရန် သိမ်းထားသော အစေ့အဆန်မုန့် နှစ်လုံးကို သူမ၏ အိတ်ထဲမှ ထုတ်ယူကာ စုကျို လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။


“ကျဲ... အများကြီး စားထားနော်၊ ညီမလေး မနေ့ညက ဝိညာဉ်ကျောက်တုံးတချို့ ရထားတယ်၊ ဒီနေ့ အလုပ်ပြီးရင် ကျဲအတွက် ထိပ်တန်းအစိမ်းရောင်ဆန်စပါးတွေ သွားဝယ်ပေးမယ်”


“ဝယ်ဖို့ မလိုပါဘူး၊ အဲဒီအကြောင်းကို ဒီညမှပြောကြတာပေါ့”


စုကျိုသည် မနေ့က သူမ၏ သိုလှောင်ရုံထဲ၌ ရှိနေသော မျိုးဗီဇပြောင်း အစိမ်းရောင်ဆန်ကိုးထုပ်ကို ချက်ချင်း သတိရလိုက်သည်။ ၎င်းမှာ ဤမုန့်များထက် အဆပေါင်းများစွာသာလွန်ပုံရသည်။ သို့သော် သူမသည် ယခုအချိန်တွင် ၎င်းတို့ကိုထုတ်မသုံးရဲသေးပေ။ မဟုတ်ပါက သူ့ ဝိညာဉ်စွမ်းအင်များ ထပ်မံကုန်ခမ်းသွားပြီး ထိုနေရာ၌ပင် မေ့လဲသွားနိုင်သောကြောင့်ဖြစ်သည်။


“အလုပ်သွားဖို့ အချိန်တန်ပြီ!”


“မြန်မြန်လုပ်ကြ!”


“လမ်းမပိတ်နဲ့!”


အပြင်ဘက် စင်္ကြံလမ်းတွင် အလျင်စလို သွားလာနေသော ခြေသံများနှင့်အတူ ဆူညံသံများ တဖြည်းဖြည်းကျယ်လောင်လာသည်။ စုကျို၏ စုတ်ပြဲနေသော သိုလှောင်အိတ်မှာပစ္စည်းအားလုံးကို ဆံ့နိုင်လောက်အောင်မကြီးမားသဖြင့် သူမသည် အရုပ်ခုတင် ကိုးခု၏ထက်ဝက်ကို စုကျီကျီထံ ပေးအပ်လိုက်သည်။


“နင့်ကော, ကော ?”


“ကောက တွန်းလည်းသွားလုနေတာလေ”


စုကျိုအခြေအနေ အနည်းငယ် သက်သာလာသည်ကို မြင်သောအခါ စုကျီကျီသည် အသစ်ပြုလုပ်ထားသော ဝှီးချဲကို တွန်းလာပြီး သူမကို ထိုင်ရန်ကူညီပေးသည်။ စုကျို မျက်ခုံးပင့်လိုက်မိသည်။ တွန်းလှည်းကို လုတာဟုတ်လား ? သူမ စဉ်းစားနေစဉ်မှာပင် ခေါင်းလောင်းသံနှင့် စည်သံများ ထွက်ပေါ်လာပြီး သစ်သားအိမ် မီးခိုးရောင်လိုက်ကာမှာ တဖြည်းဖြည်း ပွင့်ဟသွားတော့သည်။


[ စောစောထသော ငှက်သည်အစာရ၏။ ယနေ့ ပိုးစာပင်များများစိုက်ပါက မနက်ဖြန်တွင် သင့် ကျင့်ကြံမှုတစ်ဆင့်မြင့်လာမည်မှာ အလွန်ပင်ကောင်းမြတ်လှပေသည်! ]


ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ထိုစာလုံးများနှင့်အတူ ကောင်းကင်ယံထက်တွင် ကြီးမားသော မြင်ကွင်းတစ်ခုပေါ်ထွက်လာသည်။ ၎င်းမှာ လစဉ်ထုတ်ပယ်ခံရသော ကျင့်ကြံသူများ၏ကြမ္မာဆိုးများ၊ မိုးထဲလေထဲတွင် တောင်ဝှေးတစ်ချောင်းဖြင့် တောင်းရမ်းစားသောက်နေရပုံများ၊ သစ်ခေါက်နှင့်မြေကြီးကို ဝါးမျိုကာ ဗိုက်ဖြည့်နေရပုံများနှင့် ငှက်ကြီးများ၏ထိုးသတ်ခြင်းကို ခံရပုံများကို အဖန်ဖန် ပြသနေသည်။


[ ကောင်းကင်ဘုံသို့ တက်လှမ်းရန် လှေကားရှိပါလျက်နှင့်၊ အဘယ်ကြောင့် ငရဲလမ်းသို့လျှောက်လှမ်းနေကြသနည်း ? ]


[ အားလုံးပဲ... ယနေ့သည် လသစ်၏ ပထမဆုံးနေ့ဖြစ် သည်၊ တိုက်ပွဲဝင်ကြစို့! ]


ထိုစိတ်ဓာတ်ကျဖွယ် မြင်ကွင်းများအပြီးတွင် ငှက်ကလေးများ မြည်သံ၊ ပန်းရနံ့များ၊ တင့်တယ်သော အဆောက်အ အုံများနှင့် ကျော်ကြားသော ဆရာသခင်များထံ၌ပညာ သင်ကြားနေသည့် ပျော်ရွှင်ဖွယ် မြင်ကွင်းများကောင်း ကင်တွင် လျင်မြန်စွာအစားထိုးပေါ်လာပြန်သည်။ ၎င်းမှာ လူများကို စိတ်ဓာတ်တက်ကြွစေရန် စနစ်တကျမှိုင်းတိုက်နေခြင်းပင်။


စုကျိုသည် ဤနည်းလမ်းကို လေးစားမိသည်။ စုကျီကျီက သူမကို အိမ်ပြင်သို့ တွန်းထုတ်လိုက်သောအခါ မနေ့ညက ‘U’ ပုံသဏ္ဍာန် ဖြစ်နေသော သစ်သားအိမ်တန်းမှာ ယခုအခါ ငှက်တောင်ပံများကဲ့သို့ဖြန့်ကားသွားပြီး ရှည်လျားကာ အဆုံးမရှိသော ရွှံ့နွံလမ်းမကြီးတစ်ခုပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။


ရှေ့သို့ ဆက်သွားလေလေ လမ်းမှာ ပိုမိုကျယ်ပြန့်လာလေ ဖြစ်သည်။ လမ်းဝဲယာတွင် ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်း နေသော သပ်ရပ်သည့် ပိုးစာစိုက်ခင်းများရှိနေသည်။ အနီးနားရှိပိုးစာပင်အချို့မှာ ကောင်းကင်သို့ ထိုးတက်နေပြီး ငွေရောင်တောက်ပသော သစ်ကိုင်းများနှင့် ကြည်လင်တောက် ပသည့် စိမ်းစိုသောအရွက်များဖြင့် ဝေဆာနေသည်။


“လမ်းဖယ်စမ်း!”


“ငါ့လမ်းကို မပိတ်နဲ့၊ ဖယ်ကြစို့!”


ထိုအချိန်တွင် အပြာရောင် နွားလားဥဿဘ တစ်ရာခန့် သည် ခန့်ညားထည်ဝါသော ကြေးရထားလုံးကြီးကိုဆွဲ၍ လမ်းမအတိုင်း အရှိန်အဟုန်ဖြင့် ပြေးလွှားလာကြသည်။


၎င်းတို့၏နောက်ကွယ်တွင်မူ ဘီးလေးဘီးတပ် သစ်သားနွားလှည်း အုပ်စုကြီးမှာ အနီးကပ်လိုက်ပါလာကြသည်။ စုကျိုမှာ အိမ်ပြင်သို့ခြေချရုံသာ ရှိသေးသော်လည်း ကောင်း ကင်တွင် ပျံသန်းနေသော၊ မြေပြင်တွင် ပြေးလွှားနေသော နွားလှည်းများ၏ကျော်တက်ခြင်းကို တစ်စီးပြီးတစ်စီးခံလိုက်ရလေတော့သည်။