Ch 8
Viewers 2k

🥝 Chapter 8


စုကျိုသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


သို့သော် သူမသည် မျက်နှာသုတ်ပဝါကို ညှစ်ရန် လက် လှမ်းလိုက်စဉ် သူ့လက်ကောက်ဝတ်ပေါ်တွင် စုကျီကျီဝတ်ထားသကဲ့သို့ ဝိညာဉ်စမ်းသပ်သည့် လက်ပတ်သုံးကွင်းအပြင်၊ အနက်ရောင်နှင့် ပန်းရောင်ဖျော့ဖျော့ အမာရွတ်များစွာ ယှက်နွယ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုအမာရွတ်များမှာ ကင်းခြေများများသဖွယ် ကြည့်ရဆိုးလှ၏။


ဤအရာများမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ သွေးဖောက်ထုတ်ခဲ့သည့် ဒဏ်ရာဟောင်းများ ဖြစ်ပေလိမ့်မည်။ သွေးခဏခဏ ဖောက်ထုတ်လွန်းသဖြင့် ဒဏ်ရာများမှာများ ပြားလှသလို နက်ရှိုင်းလှရာ ကျင့်ကြံသူတစ်ဦး၏ခန္ဓာ ကိုယ်မှ ပြန်လည်ကုစားနိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။


စုကျိုသည် မည်သည့်ခံစားချက်မျှ မပြဘဲ မျက်နှာကို သုတ်လိုက်ပြီး အင်္ကျီလက်ကို ပြန်လိပ်ချလိုက်သည်။ သူမသည် သူမ "ငါးကန် အကြွေးမှတ်တမ်း" ကိုထုတ်ယူလိုက်ပြီး ‘ငါး’ ခုနစ်ကောင်စလုံး၏အကြွေးစာရင်းတွင် ‘အမာ ရွတ်ဖျောက်ခ’ အဖြစ်တစ်ကောင်လျှင် ဝိညာဉ်ကျောက်တုံး တစ်သိန်းစီထပ်တိုးလိုက်လေသည်။


“ကျဲ... အခု အိပ်တော့မလို့လား ?”


“အင်း”


စုရှင်းချန်သည် သူတို့မောင်နှမ သုံးဦးအတွက် အိပ်ရာကို ကြမ်းပြင်ပေါ်တွင် သေသေသပ်သပ် ခင်းကျင်းပေးလိုက်သည်။ စုကျီကျီကမူ မီးမန္တန်ကိုအိပ်ရာ၏ညာဘက်အစွန် ဆုံးသို့ ရွှေ့လိုက်ပြီး ခေါင်းအုံးကိုတည့်အောင်လုပ်ကာ စုကျို လှဲလျောင်းနိုင်ရန် ကူညီပေးသည်။


စုကျီကျီ အကူအညီဖြင့် လမ်းလျှောက်ခြင်းက ထိုင်နေခြင်းထက် သူ့ အားအင်များကို ပိုမိုမြန်ဆန်စွာပြန်လည်ပြည့်ဖြိုးစေကြောင်း စုကျို သတိထားမိလိုက်သည်။ မဆိုးပါဘူး... နောင်ကျရင်တော့ ဒီ ‘ငါး’ ခုနစ်ကောင်စလုံးကို သူ့ကို ပြုစုဖို့စေခိုင်းရမည်ဟု သူ တွေးလိုက်သည်။


“ဒါဆို... ကျဲက မနက်ဖြန် တကယ်ပဲ အရာရှိရုံးကို သွားပြီး ခွင့်ပြန်တိုင်တော့မှာလား?”


စုကျိုသည် အိပ်ရာထဲတွင် လှဲလျောင်းရင်း မျက်လုံးများကို မှိတ်ထားလိုက်ကာ “အင်း” ဟု ပြန်ဖြေလိုက်သည်။


*ဝမ်းသာစရာပဲ!*


စုကျီကျီသည် ပျော်ရွှင်စွာဖြင့် ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူ့ နဖူးပေါ်မှ ဂဏန်းကို ထိတွေ့ကြည့်ကာ ပြတင်းပေါက်မှ အလင်းနှင့် တိုက်စစ်ကြည့်လိုက်သည်။ ၎င်းမှာ အနီရောင်ဖြင့် ‘ထုတ်ပယ်ခံရနိုင်ခြေရှိသော သတိပေးချက်’ ပြနေဆဲဖြစ်သော်လည်း သူ့အဆင့်မှာတော့ နေရာ ၅၀ ကျော်တက်လှမ်းသွားခဲ့ပြီဖြစ် သည်။


“ကျဲရဲ့ ပါရမီက တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ မနက် ဖြန် အရာရှိဆီမှာ မှတ်ပုံတင်လိုက်ရင် ကျီကျီထက်ပိုကောင်းတဲ့ ပါရမီအဆင့်သတ်မှတ်ချက်ရမှာ သေချာတယ်။”


တစ်ခုတည်းကနေ ကိုးခု၊ ဒါမှမဟုတ် မရေမတွက်နိုင်အောင် ဖန်တီးနိုင်တာက... နားထောင်ရုံနဲ့တင် အလွန်အစွမ်းထက်ပုံရသည်။ ဝိညာဉ်စွမ်းအင် ပြန်ဖြည့်ပေးသည့် ထိုအင်္ကျီလက်စကိုလည်း သူ့ ကျဲကပင် ဖန်တီးခဲ့သည် မဟုတ်ပါလား။


စုကျီကျီသည် လက်ဖြင့် မန္တန်များပြုလုပ်ရင်း ဝိညာဉ်စွမ်း အင်ကို အသုံးပြုနေစဉ် လှဲလျောင်းနေသော စုကျိုကို စူးစမ်းစွာကြည့်လိုက်သည်။ ထို့နောက် ပြုံးလျက် စောင်ကို သေသေချာချာ ခြုံပေးကာ “ဒါဆို... ကျဲ အိပ်တော့နော်!” 


မကြာမီမှာပင် အခန်းထဲတွင် နွေဦးကာလကဲ့သို့ နွေးထွေးငြိမ်သက်သွားတော့သည်။ သို့သော် စုကျိုမှာတော့ တစ် ဖက်သို့ လှည့်လိုက်ရင်း အိပ်မပျော်နိုင်ဖြစ်နေရသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်တွင် သူမ မရရှိသေးဘဲ ကျန်ရှိနေသော သန်းနှင့်ချီသည့် ဝိညာဉ်ကျောက်တုံးများအကြောင်းကိုသာ တွေးမိနေတော့သည်။


တောက်... ဒီလောက် ပိုက်ဆံတွေ အများကြီးကို တကယ်ပဲ ပြန်တောင်းရမယ်။


ဒီလိုနဲ့ သူမ ဘယ်လိုလုပ် အိပ်ပျော်နိုင်ပါ့မလဲ!


စုကျိုသည် နေရထိုင်ရခက်လှသဖြင့် မျက်လုံးများကို ကြေးခေါင်းလောင်းကြီးများသဖွယ် ပြူးကျယ်စွာ ဖွင့်လိုက်မိသည်။


[ အချိန်သည် ငွေပင်၊ အိပ်မပျော်နိုင်ဖြစ်နေပါက ယနေ့ ကျင့်ကြံခြင်းဆိုင်ရာ သိလိုသည်များကို ချေဖျက်ပြီး ထိပ်တန်းလူချွန် ကို မေးမြန်းသင့်ပါသလား? ]


[ အတူသွားလာသူ သုံးဦးရှိလျှင် ထိုအထဲ၌ ငါ့ကိုသင်ကြား ပေးနိုင်သူ တစ်ဦးမုချပါရမည်။ ]


[ စိတ်နောက်ကိုယ်ပါဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန် ယနေ့ ကျင့်ကြံခြင်းဆိုင်ရာ မေးခွန်းများနှင့် ပိုးမွေးမြူရေး ပြဿနာများကို အချိန်မီ ဖြေရှင်းရန်အကြံပြုအပ်သည်။ ]


စုကျိုသည် သူ့ဝိညာဉ်စမ်းသပ်လက်ပတ်လေး လင်းထိန်လာသည်ကို သတိပြုမိလိုက်သည်။


[ ပထမထပ်မှ လူချွန်အား တိုင်ပင်ရန်: စာတိုခ ၁ ဝိညာဉ်ကျောက်တုံး (လက်ခံရရှိချင်မှ ရရှိမည်)၊ မဖြစ်မနေ ဖတ်ရှုရမည့် စာစောင်များကို ဝယ်ယူနိုင်သည်။ ]


[ ဒသမထပ်မှ လူချွန်အား တိုင်ပင်ရန်: ... ]


[ ... အထပ် ၃၀ မြောက်မှ လူချွန်အား တိုင်ပင်ရန်: တယ်လီပို့အတွက် ၅ ဝိညာဉ်ကျောက်တုံး... ]


သူမ တစ်ဖက်သို့ လှည့်လိုက်စဉ် သူမ၏ ညာဘက်လက်ဘေးရှိ ကြမ်းပြင်မှ အကြွေစေ့ထည့်ရသော စာတိုက်တိုင်လေးတစ်ခု တဖြည်းဖြည်း မြင့်တက်လာသည်။


စုရှင်းချန်နှင့် စုကျီကျီတို့မှာ ကျင့်ကြံခြင်း၌ အာရုံစိုက်နေကြပြီး အဖိုးအိုမှာလည်း အိပ်ပျော်နေပြီဖြစ်သည်။ စုကျို သည် စာရင်းများကို အသာအယာ ဖတ်ကြည့်နေရင်းမှ ချက်ချင်းမျက်လုံးများ တောက်ပလာကာ အကြွေးတောင်းရမည့် စာရင်းကိုထုတ်ယူလိုက်သည်။


— ၇။ ချန်ကျိုး...


— ၆။ ... သေဆုံး


— ၅။ ကျင်ချန်း ဝိညာဉ်ပိုးကောင်ဂေဟာ ၃၅ ထပ်မြောက်မှ လူချွန်၊ ဝိညာဉ်ကျောက်တုံး ၁၃၀,၀၀၀ ခန့်...


စုကျိုသည် ပြုံးလိုက်ပြီး ထထိုင်လိုက်တော့သည်။


ဝိညာဉ်ပိုးကောင်ဂေဟာ၊ ၃၅ ထပ်မြောက်။


လှိုင်းလုံးများသဖွယ် တစ်စောင်ပြီးတစ်စောင် ဆက်တိုက် ရောက်ရှိလာသော ပိုးစာရွက်စာလွှာများ။ နေမင်းကြီးကဲ့သို့ တောက်ပသော ငှက်မွှေးသရဖူကို ဆောင်းထားသည့် ချော မောသော အမျိုးသားတစ်ဦးရှေ့တွင် စာလွှာများမှာ တောင်ပုံရာပုံ ဖြစ်နေသည်။


“ဒီနေ့ လူချွန် ကျင်ချန်းက ဘယ်သူ့စာကို ရွေးပြီးဖြေကြားပေးမလဲဆိုတာ သိချင်မိတယ်၊ အဲဒီ ကံကောင်းတဲ့သူက ငါသာ ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲ~”


“မြတ်စွာဘုရား မ,စပါစေ၊ လူချွန်က ကျွန်တော့်စာကိုပဲ ရွေးပါစေ!”


ကျင်ချန်းသည် ကြာပန်းကန်ဘေးတွင် ရဟန္တာတစ်ပါးကဲ့သို့ အပြုံးဖြင့်ထိုင်နေသည်။ သူသည် ထုံးစံအတိုင်း တည်ငြိမ်အေးဆေးစွာဖြင့် မျက်လုံးကို မှိတ်လိုက်ပြီး စာတစ်စောင်ကို လက်ညှိုးဖြင့် ကျပန်းထိုးပြလိုက်သည်။


သို့သော် ယနေ့တွင်တော့ ထူးခြားစွာဖြင့် ပိုးစာရွက် နှစ်ရွက်မှာ ဘေးချင်းယှဉ်လျက် ပူးကပ်ကာရောက်ရှိလာသည်။


“ဟေး... ဒါက စီနီယာ ကျင်ချန်းကို အရူးအမူး စွဲလမ်းတဲ့သူ ဖြစ်ရမယ်! သိပ်ကို စိတ်အားထက်သန်နေတာပဲ၊ တတိ ယထပ်ကနေတောင် ပိုးစာရွက်စာတို နှစ်စောင်တောင်ပို့ထားတယ်!”


“စီနီယာ ကျင်ချန်းရဲ့ ဂုဏ်သတင်းက တကယ်ကို ပြန့်နှံ့နေတာပဲ၊ အထပ် ၃၀ ကျော်အထိတောင် ကျော်ကြားနေတာ!”


ကျင်ချန်းအား လက်ဖက်ရည် ပြုစုပေးနေသော ဂျူနီယာလေးမှာ လွန်စွာ အားကျနေမိသည်။ ကျင်ချန်းကတော့ ဘာမှမပြောဘဲ ပြုံးလျက် ပိုးစာရွက်များကိုယဉ်ကျေးစွာ ပုတ်ခါလိုက်သည်။


ချက်ချင်းဆိုသလိုပင် အမျိုးသမီး အသံနှစ်သံမှာ မြူမှိုင်းဝေနေသော ငါးမျှားကန်ကို ဖြတ်ကျော်ကာ ကျင်ချန်း၏ နားထဲသို့ ထပ်တူကျစွာ အော်ဟစ်ဝင်ရောက်လာတော့ သည်!


— “ကျင်ချန်း... နောက်တစ်ယောက်က နင့်အလှည့်ပဲ!... နင့်အလှည့်!”


— “ကိုယ့်ကိုယ်ကိုယ် စင်ကြယ်အောင် ဆေးကြောထားလိုက်ဦး၊ ငါ အဲဒီကိုတက်လာတဲ့အခါ နင့်ကို အဝတ်တွေ အကုန်ချွတ်ပစ်မယ်... အကုန်ချွတ်ပစ်မယ်!”


ကျင်ချန်းအား လက်ဖက်ရည်ငှဲ့ပေးနေသော ဂျူနီယာလေးမှာခဏတာ တောင့်တင်းသွားသည်။ ဘေးပတ်ဝန်းကျင်မှ “စီနီယာက သိပ်ချောတာပဲ!”


“လူချွန် ကျင်ချန်းက သိပ်အစွမ်းထက်တာပဲ!” ဟု အော် ဟစ်အားပေးနေကြသော လူအုပ်ကြီးမှာလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။


ကျင်ချန်း၏ခန့်ညားထည်ဝါသော အပြုံးမှာလည်း ခဏတာ တောင့်တင်းသွားရတော့သည်။


၃၅ ထပ်တွင်ရှိသော နောက်ထပ်အကြွေးရှင် ‘ငါး’ ထံသို့ အကြွေးတောင်းခံလွှာ ပေးပို့ပြီးနောက်တွင်တော့ စုကျိုစိတ်ပေါ့ပါးသွားပြီး အနည်းငယ်အိပ်ချင်လာသည်။


“ကော... ကျဲအတွက် ဝှီးချဲအသစ်တစ်ခု လုပ်ပေးရမလား? ကျဲ အခန်းထဲမှာ ဒီတစ်ခုနဲ့ထိုင်နေရတာ သိပ်ပြီး နေလို့မကောင်းပုံပဲ” ဟု စုကျီကျီ တိုးတိုးလေးမေးလိုက်သည်။


“စကားမများနဲ့။”


စုကျို မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကလေးနှစ်ယောက်မှာ သူ့ဘေးတွင် ထိုင်လျက် တရားထိုင်နေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ကြေးမီးအိမ်ပေါ်မှ မီးမန္တန်မှာလည်း ကုန်ခမ်းလုနီးပါးဖြစ်နေပြီ။


စုကျီကျီသည် သမ်းဝေလိုက်ရင်း ချန်ကျိုး အင်္ကျီလက်စပေါ်မှ လှပသော ပိုးစာရွက် ပန်းထိုးပုံစံကိုစက္ကူပေါ်တွင် ဂရုတစိုက် ကူးရေးနေသည်။


“ကော... ဒီလိုလှတဲ့ ပန်းပုံစံမျိုး ကျီကျီတစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ သူက သိပ်လည်း အစွမ်းထက်တာပဲ၊ ပြူပြူ ဆိုပြီးတော့လေ! ဒီည ကျီကျီ အရင်ကထက်သုံးဆလောက် ပိုပြီးကျင့်ကြံနိုင်တယ်!”


“ကော... ပြူပြူဆိုတာ ဘယ်လိုရေးတာလဲ?”


“...ငါလည်း မသိဘူး”


“ဒါဆို မေမေ့ ဆီ စာရေးရင် ကျီကျီ ပုံပဲဆွဲလိုက်မယ်” 


စုကျီကျီသည် ခဲတံကို ယူကာ စာမျက်နှာအပြည့်ပုံဆွဲလိုက်တော့သည်။


စုရှင်းချန် နှုတ်ခမ်းများ တွန့်သွားကာ စုကျိုမှာတော့ အသံထွက်အောင် ရယ်မိတော့မတတ်ဖြစ်သွားရသည်။


“ကော... ကျဲက အရင်ကထက် အများကြီး သက်သာလာပြီနော်၊ ဟုတ်တယ်မလား ?” 


စုကျီကျီက သတ္တိမွေးကာ တိုးတိုးလေး မေးလိုက်သည်။


စုရှင်းချန်ကတော့ တိတ်ဆိတ်နေဆဲပင်။ ကောင်မလေးက မန္တန်ကို တစ်ကျော့ပြန် ရွတ်ဆိုနေစဉ်မှာပင် စုကျိုသည် တဖြည်းဖြည်း ငိုက်မြည်းလာပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။


နောက်တစ်နေ့ မနက်တွင် စုကျိုသည် ချွေးများရွှဲလျက် နိုးလာသည်။


သူမ ကိုယ်ကိုထောက်ပြီး ထိုင်လိုက်သောအခါ ကြမ်းပြင်ပေါ်ရှိ သူ့ အိပ်ရာမှနေ၍ ကျောက်စိမ်းတစ်ပြင်တည်းဖြင့် ပြုလုပ်ထားသော အများသုံး ခုတင်ကြီး၏ဘေးစွန်းသို့ မည်သို့မည်ပုံ လိမ့်တက်သွားမှန်းမသိရောက်နေပြီး ခုတင်ဘောင်နှင့် တင်းတင်းကြပ်ကြပ်ကပ်နေသည်ကို သတိပြုမိလိုက်သည်။


တစ်ခန်းတည်းနေ အဖိုးအိုမှာ အပြင်သို့ထွက်သွားနှင့်ပြီ ဖြစ်သဖြင့် ခုတင်ကြီးမှာ အားလပ်နေ၏။


သူ မတ်တပ်ထရပ်ပြီး ဝတ်ရုံကိုထပ်ဝတ်လိုက်ရုံရှိသေး၊ နားထဲတွင် အသိပေးသံ တစ်ခုမြည်လာသည်။


[ ‘လူငါးယောက်အိပ် ကျောက်စိမ်းခုတင်’ ၏ကိုးခုမြောက် ကူးယူခြင်း ပြီးဆုံးပါပြီ... ]


စုကျို: "?" ဟင်?


[ ‘လူငါးယောက်အိပ် ကျောက်စိမ်းခုတင်’ ကို ကူးယူရာ တွင် အနည်းငယ် မှားယွင်းမှုများဖြစ်ပေါ်ခဲ့ပါသည်။ ]


“ကျဲ... နိုးပြီလား ?” စုကျီကျီသည် အပြင်မှဝင်လာရင်း သူ့ ပျော်ရွှင်မြူးကြွသောအသံလေးဖြင့် နှုတ်ဆက်လိုက်သည် - “ကောကတော့ တကယ့်လူဆိုးလေးပဲ၊ မနေ့ညက ကျဲအတွက် ဝှီးချဲအသစ်တစ်စီးကို သူကိုယ်တိုင် တိတ်တ ဆိတ် ထွက်လုပ်ပေးနေတာ၊ ကျီကျီကိုလည်းမပြောနဲ့တဲ့...”


စုကျိုသည် မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သောအခါ တစ်ညလုံး မအိပ်ထားသည့်အလား မျက်ကွင်းညိုနေသော ကောင်မလေးကိုတွေ့လိုက်ရသည်။ ထို့ပြင် ကောင်မလေး ၏မျက်ဝန်းများမှာ ပျော်ရွှင်နေရာမှ နောက်တစ်စက္ကန့်အတွင်း ကြောင်အသွားသည်ကိုလည်း မြင်လိုက်ရ၏။


“ဘုတ်!”


စုကျို ဝေခွဲမရဖြစ်နေစဉ်မှာပင် လေးလံသောအရာတစ်ခု ကြမ်းပြင်ပေါ်သို့ ကျသွားသည့် အသံကိုကြားလိုက်ရသည်။


“ဘုတ်! ဘုတ်!”


“ဘုတ်... ဘုတ်...”


သူ ငုံ့ကြည့်လိုက်သောအခါ စာကလေးများအိပ်ရန်ပြုလုပ် ထားသည့်အလားသေးငယ်လွန်းသော ခုတင်အသေးလေး ၇ ခု၊ ၈ ခုခန့်မှာ သူ့ဝတ်ရုံထဲမှ ကြမ်းပြင်ပေါ်သို့ လိမ့်ကျလာသည်ကိုတွေ့လိုက်ရသည်။


စုကျို ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။


“ဘုတ်!” ဆိုသည့် အသံနှင့်အတူ ကိုးခုမြောက် ခုတင်လေးမှာ သူ့ ညာဘက်အင်္ကျီလက်ထဲမှ ထပ်မံလျှောကျလာပြန် သည်။