အပိုင်း ၁၅၁
Viewers 17k

Chapter 151


ချီယင်က ယွမ်ရှင်းကျဲကို စိုက်ကြည့်နေသည်။ 

ဒီကောင်လေး အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာမယ်လို့ ထင်တောင်မထင်ထားမိဘူး...


ယွမ်ချန်ရှန့်က ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး လက်ဦးမှုယူကာ ယွမ်ရှင်းကျဲကို တောင်းပန်လိုက်သည်။


" ရှင်းကျဲ မင်းကို အတင်းလက်ထပ်ခိုင်းမိတာ အဖေမှားတာပါ... အဖေ မင်းအတွက် တကယ်စိတ်မကောင်းဖြစ်ရပါတယ်... အရမ်း စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ စိတ်အေးအေးထားပါ..."


ဥပဒေကို ပယ်ဖျက်ခိုင်းခြင်းက တော်ဝင်မိသားစုကို ဆန့်ကျင်နေသည်မှာ သံသယဝင်စရာမလိုသည့်အပြင် အယ်လ်ဖာအများစုကိုပါ သူ့ရန်သူဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်သည်။


ယွမ်ရှင်းကျဲ၏တောင်းဆိုချက် ရူးနှမ်းသည်ဟု အားလုံးထင်ကြသော်လည်း စိတ်စွမ်းအားတိုးစက်က သူတို့မျက်စိရှေ့တွင်သာရှိနေခြင်းဖြစ်၍ ၎င်းကို ပျောက်ကွယ်မသွားစေချင်ကြပေ။


သို့ဖြစ်၍ သူတို့၏အာရုံက စင်မြင့်ပေါ်မှ အခြားသုတေသီများအပေါ်သို့သာ ရောက်သွားသည်။


ချီယင်က ချန်းယွမ်ကို မေးလိုက်သည်။


" ဌာနမှူးချန်း အင်ပါယာမက်ခါသုတေသနဌာနက အင်ပါယာအတွက်၊ မက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ စစ်တပ်အတွက်ပဲ မက်ခါနည်းပညာအကုန်လုံးကို ပံ့ပိုးပေးသင့်တာလေ... ဘာလို့ယွမ်ရှင်းကျဲက ဒီလိုတောင်းဆိုချက်မျိုး လုပ်ရတာလဲ... ခင်ဗျားကိုယ်တိုင်က အယ်လ်ဖာဆိုတာ မေ့သွားတာလား..."


ချန်းယွမ်က အယ်လ်ဖာများဘက်မှသာ ရပ်တည်လိမ့်မည်ဟု ချီယင်တွေးလိုက်သည်။


ချန်းယွမ်က ချီယင်ကိုကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။


" ငါတို့ သုတေသနဌာနက ယွမ်ရှင်းကျဲကို ဘယ်အခြေအနေမှာမဆို ထောက်ခံပေးမှာ..."


ချန်းယွမ်၏စကားဆုံးသည်နှင့် အခြားသုတေသီများကလည်း ယွမ်ရှင်းကျဲဘက်တွင်သာ ရပ်တည်ကြမည်ဖြစ်ကြောင်း အတိအလင်းကြေညာကြသည်။


၎င်းတို့ထဲမှ အများစုက အယ်လ်ဖာများဖြစ်သည်။


ချီယင်က မျက်နှာကို ထပ်မံဖြတ်ရိုက်ခံရမည်ဟု မမျှော်လင့်ခဲ့မိပေ။ သူ့မျက်နှာက ဒယ်အိုးအောက်ခြေကဲ့သို့ မည်းတူးနေပြီဖြစ်သည်။


" ဒီ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က ဒီနည်းပညာတစ်ခုတည်းကိုပဲ ကြေညာဖို့မဟုတ်ဘူး... အိုမီဂါတွေအားလုံးရဲ့ ရပိုင်ခွင့်အတွက် တိုက်ခိုက်ပေးဖို့လည်းပါတယ်..."


ယွမ်ရှင်းကျဲက လူအုပ်ကြီးကိုကြည့်ကာ ခံစားချက်များ ရောထွေးနေသောအကြည့်ဖြင့် ကြည့်လိုက်သည်။


လူအုပ်ကြီး၏ အံ့အားသင့်ပြီး မေးခွန်းထုတ်လိုဟန်ဖြစ်နေသောအကြည့်ကို  ရင်ဆိုင်လိုက်ရပြီးသည့်နောက် ယွမ်ရှင်းကျဲက ဆက်ပြောလိုက်သည်။


" ကျွန်တော်က စိတ်စွမ်းအားတိုးစက်ကို တီထွင်ခဲ့တာပါ... ကျွန်တော်ကိုယ်တိုင်က အိုမီဂါဖြစ်ခဲ့လို့ လူ့အဖွဲ့အစည်းမှာ မမျှမတဆက်ဆံခံခဲ့ရတယ်... အဲ့ဒါကြောင့်မို့ ဒီအခွင့်အရေးကိုယူပြီး အိုမီဂါတွေအားလုံးဘက်က ရပ်တည်ပေးချင်တယ်... ကျွန်တော်က အိုမီဂါတစ်ယောက် မဟုတ်တော့တာတောင်မှပေါ့..."


" ကျွန်တော့်စွမ်းရည်ကို အသုံးချပြီး အိုမီဂါတစ်ယောက်ရဲ့တန်ဖိုးက လက်ထပ်ရုံတစ်ခုတည်း မဟုတ်ဘူးဆိုတာ အားလုံးကို ပြောပြချင်တယ်... စိတ်စွမ်းအားတိုးစက်ပေါ်လာ‌တာကြောင့် သူတို့တွေအတွက်လည်း ဘဝမှာအခွင့်အရေးတွေ ပိုရသွားနိုင်တာပဲလေ..."


" ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် စိတ်စွမ်းအားတိုးစက်ကို စတီထွင်တည်းက အိုမီဂါတွေအားလုံးအတွက်ပဲ လုပ်ခဲ့တာပါ... အင်ပါယာက ဒီဥပဒေကို ပြန်စစ်ဆေးပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်... အဲ့ဒါမှ အိုမီဂါတွေအကုန်လုံးက သူတို့ဘဝအတွက် ကိုယ်တိုင်ရွေးချယ်ခွင့် ရကြမှာပါ..."


ယွမ်ရှင်းကျဲ၏ စကားပြောပုံက နှိမ့်ချနေခြင်းမဟုတ်သကဲ့သို့ စိတ်ကြီးဝင်နေခြင်းလည်း မဟုတ်ပေ။ သူ့ဦးတည်ချက်က ရှင်းလင်းပြီး သူ၏ပြင်းထန်သောစိတ်ဓာတ်ကို သရုပ်ဖော်ပြနေကာ စကားလုံးများက သူ့အသက်ထက်ပို၍ ရင့်ကျက်နေသည်။


ပြောပြီးသည်နှင့် သတင်းထောက်များ၏ ကင်မရာမီးရောင် တဖျတ်ဖျတ်အသံမှလွဲ၍ ခန်းမဆောင်တစ်ခလုံး ငြိမ်ကျသွားသည်။


ပရိသတ်အများစုမှာ အယ်လ်ဖာများဖြစ်ကြသည်။ ယွမ်ရှင်းကျဲ၏စကားများကို နားထောင်ပြီးသည့်နောက်တွင် အချိန်ခဏခန့်အထိ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။


အကယ်၍ ပြောသည့်လူမှာ အခြားတစ်ယောက်ယောက်ဖြစ်ပါက ဤနေရာတွင်ပင် ပြစ်တင်ကြိမ်းမောင်းကြမည်ဖြစ်သည်။


သို့ရာတွင် ထိုစကားများကိုပြောသည့်လူက စိတ်စွမ်းအားတိုးစက်နည်းပညာကို လက်ဝယ်ပိုင်ဆိုင်ထားသော အိုမီဂါယွမ်ရှင်းကျဲဖြစ်နေသည်။


သူ့တန်ဖိုးကို အားလုံးအား သက်သေပြသနိုင်ခဲ့ပြီး အိုမီဂါများကို အထင်သေးသူများ၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။


ယွမ်ရှင်းကျဲ၏စကားကြောင့် ကွန်ယက်တစ်ခုလုံးပေါ်တွင်လည်း ချက်ချင်းအံ့အားသင့်သွားကြသည်။


အစပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများက အယ်လ်ဖာများသာရှိသည်။ အိုမီဂါအနည်းငယ်ကသာ မက်ခါများကို သဘောကျကြသည်။


ထို့အပြင် ယွမ်ရှင်းကျဲက အိုမီဂါများဘက်မှ ရပ်တည် ပြောဆိုပေးသောအခါတွင်မူ များပြားလှသည့်အိုမီဂါများကပါ သတင်းစာရှင်းလင်းပွဲကို ဝင်ရောက်ကြည့်ရှု့ကြတော့သည်။


၎င်းတို့ထဲမှ လူအများစုမှာ မက်ခါမောင်းနှင်သူများ မဟုတ်ကြသော်လည်း ယွမ်ရှင်းကျဲ၏လုပ်ရပ်များ၏ အဓိပ္ပါယ်ကို သဘောပေါက်ကြ၍ စိတ်လှုပ်ရှားနေကြသည်။


(ယွမ်ရှင်းကျဲက အံ့ဩစရာကောင်းလိုက်တာ... အယ်လ်ဖာတွေ အငမ်းမရလိုချင်နေတဲ့နည်းပညာကို တီထွင်ခဲ့တာက အိုမီဂါတစ်ယောက် ဖြစ်နေပါလား...)


(ဒီမြင်ကွင်းကို အယ်လ်ဖာတွေအားလုံးမြင်လိုက်ဖို့ ငါမျှော်လင့်မိတာပဲ...)


(ငါကိုယ်တိုင်က အိုမီဂါတစ်ယောက်ဖြစ်လို့ ယွမ်ရှင်းကျဲအတွက် ဂုဏ်ယူမိတယ်...)


( ငါ မျက်ရည်တောင်ဝဲလာပြီ... သတင်းစာရှင်းလင်းပွဲမှာ အိုမီဂါတစ်ယောက်ရဲ့အသံကို ကြားရလိမ့်မယ်လို့ မထင်ခဲ့မိဘူး...)


(ယွမ်ရှင်းကျဲနဲ့ သုတေသနဌာနကို ကျေးဇူးတင်ပါတယ်...)


သတင်းစာရှင်းလင်းပွဲမှ ယွမ်ရှင်းကျဲ၏ ပြောကြားချက်များက အယ်လ်ဖာအချို့ကို မိမိကိုယ်ကိုပြန်လည်သုံးသပ်မိစေခဲ့သည်။


လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သတိထား၍ မေးလိုက်သည်။

" တကယ်တော့ ငါလည်း ဒီဥပဒေပကို အမြဲဆန့်ကျင်နေခဲ့တာပါ...  ငါတို့ကုမ္ပဏီက မင်းနဲ့ ပူးပေါင်းလို့ ရနိုင်မလား..."


" ငါလည်း ဒီဥပဒေက မကောင်းဘူးလို့ထင်တယ်... တကယ်တော့ ငါက အိုမီဂါတွေကို အမြဲတမ်း ထောက်ခံပေးခဲ့တဲ့သူပါ..."


လူအများစုက ယွမ်ရှင်းကျဲနှင့် သုတေသနဌာန၏လုပ်ရပ်များကို သံသယဝင်နေဆဲဖြစ်သည်။


အချို့က မေးခွန်းထုတ်နေကြသည်။ 

" ဒီနည်းပညာကို ယွမ်ရှင်းကျဲက တကယ် တီထွင်ခဲ့တာဟုတ်ရဲ့လား... ဒါက မက်ခါသုတေသနဌာနဲ့ ပေါင်းစပ်ပြီးတော့မှ ရလာခဲ့တဲ့ ရလဒ်ဆိုပေမယ့် အိုမီဂါတွေကိုဖိနှိပ်နေတာကိုဆန့်ကျင့်တဲ့ ယွမ်ရှင်းကျဲရဲ့လုပ်ရပ် ပိုခိုင်မာသွားအောင် သူ့နာမည်တပ်ထားတယ်လို့ ကျွန်တော်သံသယဝင်မိတယ်..."


ချန်းယွမ် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


" သုတေသနဌာနက အရင်တည်းက ဒီလိုလုပ်ရပ်တွေမှာ တစ်ခါမှ ဝင်မပါခဲ့ဖူးပါဘူး... ပြီးတော့ အလိမ်အညာတွေကိုလည်း တမင်သက်သက် မဖန်တီးထားပါဘူး..."


အယ်လ်ဖာများစွာက ဒေါသထွက်ကုန်ကြသည်။ အိုမီဂါက အမြင့်တစ်နေရာတွင်ထိုင်ပြီး သူတို့ကို ထိန်းချုပ်နေကြသည်ကို လက်မခံနိုင်ကြတော့၍ ယွမ်ရှင်းကျဲ မျက်နှာသာပေးရန်လည်း မကြိုးစားချင်ကြတော့ပေ။

151.2


" ၂.၅ဆ စိတ်စွမ်းအားတိုးစက်ပဲမလား... အဲ့ဒါကို ယွမ်ရှင်းကျဲ မပါပဲနဲ့ တီထွင်လို့ မရဘူးလား..."


" ဟုတ်သားပဲ... လက်ထပ်ထိမ်းမြားတဲ့ ဥပဒေကလူဦးရေအတွက်ပဲလေ... ဒီလိုနည်းပညာမျိုးကို နှစ်အနည်းငယ်အတွင်း ထပ်တီထွင်လိုက်ရင် ရတာပဲ..."


ကျင်းရွှမ်က သူတို့ကို ဖြတ်ပြောလိုက်သည်။


" တစ်ခု သတိပေးရဦးမယ်... ကျွန်မတို့ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် ယွမ်ရှင်းကျဲမပါပဲ အဲ့စက်ကို တီထွင်မယ်ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက်ကြာသွားမှာပါ..."


အယ်လ်ဖာများက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောကုန်ကြသည်။


" ဆယ်နှစ်ဆိုလည်းဆယ်နှစ်ပေါ့... အဲ့နောက်ပိုင်းမှာ အဆင်ပြေသွားမှာပဲလေ... အဲ့ဒါက‌ မွေးဖွားမှုနှုန်းလျှော့ချပစ်တာထက်တော့ သာသေးတယ်..."


စကားပြောရခက်ပြီး ခေါင်းမာသည့်လူများကိုကြည့်ကာ ယွမ်ရှင်းကျဲ၏မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။


နောက်တစ်စက္ကန့်အကြာတွင် black boxနောက်တစ်ခုကို ထုတ်လာပြီး အားလုံးကိုပြောလိုက်သည်။


" ခုနက ပြလိုက်တဲ့ စိတ်စွမ်းအားတိုးစက်က ကျွန်တော်တီထွင်ထားတာထက် အဆင့်နိမ့်တဲ့စက်ပါ... စိတ်စွမ်းအားတိုးကိန်းညွှန်း ၄ဆထက် မြင့်တဲ့ စက်တစ်ခုကို ကျွန်တော်တီထွင်ပြီးပြီ..."


စကားမဆုံးမီမှာပင် ယွမ်ရှင်းကျဲကို နာမည်ဖျက်ချင်နေကြသော အယ်ဖာများ တိတ်ဆိတ်သွားကြသည်။


ခဏအကြာတွင် တစ်ယောက်ယောက်က ထအော်လိုက်သည်။


" ၄.၀ ထက်တောင် မြင့်တယ်တဲ့လား... တ...တကယ်ကြီးလား..."


" တကယ်လို့ ယွမ်ရှင်းကျဲက ဒါမျိုးစက်တစ်ခုကို တကယ်တီထွင်ထားနိုင်တာဆိုရင်တော့ သူက တကယ့် ပါရမီရှင်ပဲ... "


" ဒါ ... ဒါဆိုရင်တော့ သူ့တီထွင်မှုတွေက ဆယ်နှစ်ထက်ပိုပြီး ရှေ့ရောက်နေတာပဲ... ၂.၅ကနေ ၄.၀ တဲ့လား... ဒါကိုတီထွင်ဖို့က ပိုခက်ခဲတာလေ... ရာစုနှစ်ရဲ့တစ်ဝက်လောက် အချိန်ယူရမယ်လို့ ပြောရင်တောင် ချဲ့ကားလွန်းရာကျမယ်မထင်ဘူး..."


အားလုံးက ယွမ်ရှင်းကျဲ၏လက်ထဲမှ black box ကိုသာ ကြည့်နေကြသည်။


၎င်းက အစောပိုင်းမှတစ်ခုထက်ပို၍ သာမန်ဆန်သော်လည်း မက်ခါကုမ္ပဏီအားလုံး အလိုရှိနေကြသည့် ခေတ်အမီဆုံးနည်းပညာပါဝင်နေသည်။


ရာစုနှစ်တစ်ဝက်စာလောက် ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာမျိုးပဲ...


ယွမ်ရှင်းကျဲက နောက်ထပ် ဒီဇိုင်းမူကြမ်းကိုထုတ်၍ စားပွဲပေါ် ပစ်ချလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။


" ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု မြှင့်တင်ရေး စနစ်ကိုလည်း အဆင်သင့်လုပ်ပြီးသားပဲ..."


အားလုံး : “…”


ယွမ်ရှင်းကျဲက ထိုစကားကို သတင်းစာရှင်းလင်းပွဲမှ လူများကိုသာ ပြောပြနေခြင်းမဟုတ်ပဲ တော်ဝင်မိသားစုနှင့်ပါ ဆွေးနွေးနေခြင်းဖြစ်သည်။


တော်ဝင်မိသားစုကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြမည်ကို သူသိသည်။


ယွမ်ရှင်းကျဲက ကင်မရာကိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။


" ဥပဒေကို မပယ်ဖျက်သရွေ့ ကျွန်တော် ဒီနည်းပညာကို လူသိရှင်ကြား ထုတ်ဖော်မှာ မဟုတ်ပါဘူး..."


ထိုအချိန်တွင်...


တော်ဝင်မိသားစု၏ လျှို့ဝှက်တွေ့ဆုံခန်းအတွင်းတွင်...


ဘုရင်၊ ဘုရင်မ ၊ မင်းသားသုံးယောက်နှင့် မင်းသမီးများက ဖန်သားပြင်ရှေ့တွင်ထိုင်နေကာ သတင်းစာရှင်းလင်းပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။


အစပိုင်းတွင် စိတ်အားတိုးစက်ကို ထုတ်ဖော်ပြသလိုက်ချိန်၌ ဘုရင်နှင့် ဘုရင်မတို့ ထိတ်လန့်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အင်ပါယာမက်ခါသုတေသနဌာန၏ တိုးတက်ဖြစ်ထွန်းမှုက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသောကြောင့်ပင်။


ယွမ်ရှင်းကျဲ ထွက်ပေါ်လာချိန်တွင် ဘုရင်မ၏မျက်ဝန်းထဲ၌ ထိတ်လန့် အံ့ဩသွားမှုများ ဖြတ်ပြေးသွားသည်။ ယွမ်ရှင်းကျဲက သုတေသနဌာနတွင် နေရာရနေလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။


တကယ်လို့ သူမ ချီယင်ကိုခိုင်းပြီး အတင်းအကြပ် လက်ထပ်ခိုင်းတဲ့ကိစ္စသာ ပေါ်သွားမယ်ဆိုရင်...


ဘုရင်မက ဘုရင်ကြီးဘက်လှည့်ကြည့်ကာ တံတွေးမျိုချလိုက်ပြီး တည်ငြိမ်သည့်အသွင်ဖြင့်သာ ပြန်နေလိုက်သည်။


" ရှောင်ချွမ်းက အဲ့လောက်လူကဲခတ်တော်မယ် မထင်ခဲ့ဘူး... သူသဘောကျနေတဲ့လူက အံ့ဩလောက်တဲ့ အရည်အချင်းတွေ ရှိနေတာပဲ..."


အိုမီဂါတစ်ယောက်ဖြစ်သော မင်းသမီးလော့တိ၏မျက်လုံးများ ပြူးကျယ်သွားသည်။


" သုတေသနဌာနက လူတော်လေးဆိုတဲ့တစ်ယောက်က အိုမီဂါဖြစ်နေတဲ့အပြင် ဒုတိယအစ်ကိုတော် သဘောကျတဲ့သူ ဖြစ်နေတာလား..."


သူမ လော့ဝမ်ချွမ်းကို လှည့်လိုက်သည်။

" အစ်ကိုတော် ဘာလို့မပြောပြတာလဲ..."


သူမ လေသံအတွင်းမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူမ ယွမ်ရှင်းကျဲနှင့် ရင်းနှီးမှုရရန်လည်း မစောင့်နိုင်တော့ပေ။


လော့ဝမ်ချွမ်းက ခြေထောက်ချိတ်ထိုင်နေပြီး လက်ဖက်ရည်တစ်ငုံသောက်၍ ဖြည်းညင်းစွာပြောလိုက်သည်။


" သူက ပြောခွင့်မပြုလို့လေ..."


သူက ခပ်တည်တည်ဖြင့်သာ ပြောလိုက်သော်လည်း သူ့နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ 

အဲ့ဒါအပြင် သူ့မျက်ဝန်းတွေထဲမှာလည်း တစ်ခုခုရှိနေသလိုပဲ... မထိန်းချုပ်နိုင်တဲ့ ဝံ့ကြွားမှု၊ စိတ်ကြီးဝင်မှု... ပြီးတော့ တစ်ယောက်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ အလိုလိုက်နေတဲ့ပုံစံလိုမျိုး...


လော့တိ လန့်သွားသည်။

သူမရဲ့ ရေခဲတုံးလို ကြောက်စရာကောင်းတဲ့အစ်ကိုတော်က တစ်ယောက်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခင်ကြင်နာနေတဲ့ အမူအရာမျိုးလည်း လုပ်တတ်တယ်ပေါ့လေ...


ထို ထိတ်လန့်မှုက စိတ်စွမ်းအားတိုးစက်ကို မြင်လိုက်ရသည့်အချိန်က ထိတ်လန့်မှုထက် မလျော့ပေ။


ထို့နောက်တွင် ယွမ်ရှင်းကျဲက အိုမီဂါများဘက်မှရပ်တည်၍ ပြောပေးသည့်အခါ အားလုံးက စကားပြောရန်ပင် ကြောက်ရွံ့သွားသည်။


ဘုရင်ကြီးက ဖန်သားပြင်ကိုကြည့်က မျက်မှောင်ကြုတ်လိုက်သည်။


ဤအတောအတွင်းတွင် ဥပဒေအပေါ် အိုမီဂါများ၏ဆန့်ကျင်မှုက တဖြည်းဖြည်းတိုးနေဆဲဖြစ်သည်။


ယွမ်ရှင်းကျဲ၏လုပ်ရပ်က ဤဆန့်ကျင်မှု့ကို ပိုမိုအားပြင်းသွားစေမည်မှာ မလွဲဧကန်ဖြစ်သည်။


xxxxxxx