အပိုင်း ၁၅၃
Viewers 17k

Chapter 153


လော့ဝမ်ချွမ်း၏မျက်လုံးထဲတွင် နားမလည်နိုင်သော ရည်မှန်းချက်အနည်းငယ်အား ဖုန်းကွယ်ထားခဲ့သည်။


သူ၏မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်ချိန်တွင် ဘုရင်ကြီးမှာ ရှင်းပြ၍မရနိုင်သော ရင်းနှီးမှုအချို့အား ခံစားလိုက်ရသည်။


အစပိုင်းတွင် ဘုရင်ကြီးမှ သူ့အား အတွေ့အကြုံဟု ခေါင်းစဉ်တပ်၍ စွန့်ပစ်ကြယ်ဆီသို့ မောင်းထုတ်ခဲ့ခြင်းမှာ လော့ဝမ်ချွမ်း၏ ရည်မှန်းချက်ကြီးမားသော ပုံစံအား သူငြင်းပယ်လိုသောကြောင့်ဖြစ်သည်။


ယခုအချိန်တွင်မူ လော့ဝမ်ချွမ်း သူ့ကိုယ်သူအား ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်သည့်တိုင် သူ၏မျက်လုံးထဲတွင် လျစ်လျူရှုထား၍မရသော ရက်စက်မှုအချို့ ရှိနေသေးသည်။


ဘုရင်ကြီးသည် လော့ဝမ်ချွမ်းအားကြည့်လျက် ချောင်းဟန့်လိုက်ပြီးနောက် မေးလိုက်လေသည်


 " ဘီတာဖြစ်လာတဲ့တစ်စုံတစ်ယောက်အတွက် ချီယင်နဲ့ရင်ဆိုင်ဖို့ ဒီလောက်ခွန်အားတွေကိုဖြုန်းပစ်ရတာ ထိုက်တန်လို့လား…"


လော့ဝမ်ချွမ်း သူ၏မျက်လုံးများအား မြင့်တင်လိုက်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


" ကျွန်တော် သူ့ကိုထိခိုက်စေတဲ့ ဘယ်သူကိုမှလွှတ်မပေးဘူး…"


လော့ဝမ်ချွမ်း၏အဖြေနှင့် သူ၏တင်းမာနေသောမျက်နှာအားမြင်လိုက်ရချိန်တွင် ဘုရင်သည်ပင် ကြောက်လန့်သွားရသည်။


သူသည် ယွမ်ရှင်းကျဲအပေါ်ထားရှိသည့် လော့ဝမ်ချွမ်း၏ခံစားချက်အား အထင်သေးနေမိသေးသည့်ပုံပင်။


တော်ဝင်မက်ခါသုတေသနဌာန၏ သတင်းစာရှင်းလင်းပွဲအပြီးတွင် ချီမိသားစုဝင်များမှာမူ မတည်ငြိမ်နိုင်တော့ပေ။


ချီယုမထင်ထားခဲ့သည်မှာ ထိုသူသည် မက်ခါမောင်းနှင်ရာတွင်သာ အရည်အချင်းရှိနေရုံသာမက တော်ဝင်မက်ခါသုတေသနအဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး မျိုးဆက်များအား ကျော်လွန်၍ နည်းပညာများကို တိုးတက်စေသူဖြစ်သည်။


သူ၏နှလုံးသားထဲတွင် ယွမ်ရှင်းကျဲအပေါ်အားနာသည့်စိတ်များ ပို၍ ပို၍ ပေါ်ထွက်လာရသည်။ ထိုသူသည် အလွန်အရည်အချင်းရှိသော်လည်း ချီမိသားစု၏ဖိအားပေးမှုကြောင့် ဂလင်းများကို ဖြတ်တောက်ပစ်ခဲ့ရသည်။


ချီယင်နှင့် ယွီဝမ်တို့သည်လည်း နောင်တအသီးသီးရခဲ့ကြသည်။


" ငါပြောမယ် မင်းဘာလို့ အဲ့အချိန်တုန်းက ယွမ်မိသားစုကို စော်ကားခဲ့တာလဲ…" ယွီဝမ် ချီယင်အား အလျင်အမြန်ပြောလိုက်ပြီး " မင်းသာ ယွမ်ရှင်းကျဲကို အဲ့ဒီကိစ္စပြီးပြီးချင်း တောင်းပန်ခဲ့မယ်ဆိုရင် ငါတို့ သူ့ဆီက နည်းပညာကို ရရင် ရနိုင်ဦးမှာ…"


ချီယင်သည်လည်း ကိစ္စတစ်ခုလုံးအပေါ်နောင်တရနေပြီး ပြောလာခဲ့သည် " အဲ့ကောင်လေးက ကံကောင်းပြီး လော့ဝမ်ချွမ်းရဲ့သစ်ပင်ကြီးပေါ်ကို မှီတက်နိုင်တယ်လို့ပဲ ငါအမြဲထင်ထားခဲ့တာ..သူဘီတာဖြစ်သွားရင် ကန်ထုတ်ခံရမှာပဲပေါ့… ဘယ်သူသိနိုင်မှာလဲ သူကိုယ်တိုင်က အဲ့သစ်ပင်ကြီးဖြစ်နေခဲ့တာလေ…"


သူ၏စကားများထဲတွင် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဆင်းရဲနေမှုများ ပြည့်နှက်နေခဲ့သည်။


အကယ်၍သာ အင်ပါယာက ဥပဒေကို အမှန်တကယ် ဖျက်သိမ်းလိုက်ပြီး ချီမိသားစုသည် ယွမ်ရှင်းကျဲ၏ ချဲ့ထွင်ထားသည့်နည်းပညာကို မရနိုင်ဘူးဆိုပါက ချီမိသားစုမှာ မက်ခါလောကထဲတွင် ထပ်မံ၍ ခြေကုပ်ရယူနိုင်တော့မည် မဟုတ်ပေ။


" တစ်ခု စဉ်းစားမိသွားတာ.. လျိူမိသားစုကလည်း ငါတို့ကိုခေါ်ပြီး ဆူပူကြိမ်းမောင်းခဲ့တာ… ပြီးတော့ ငါတို့ကို ဘာလို့သူတို့ကိုအတူခေါ်ပြီး ယွမ်မိသားစုကို ဆန့်ကျင်ရတာလဲဆိုပြီး မေးခဲ့သေးတယ်…"


ချီယင် သက်ပြင်းတစ်ချက်ချလိုက်ပြီး အ‌ခန်းထဲတွင် အရှေ့သို့အနောက် လျှောက်နေ‌မိသည်။


အချိန်အတန်ကြာပြီးမှ သူယွီဝမ်အား ပြောလိုက်လေသည် " ငါအခုပဲ ယွမ်ရှင်းကျဲနဲ့ ယွမ်မိသားစုကို သွားတောင်းပန်လိုက်မယ်…"


ထိုရွေးချယ်မှုမှာ သံသယပင်ဝင်ရန်မလိုပေ သူ၏တစ်ဘဝလုံးမောက်မာစွာနေထိုင်လာသည့် ချီယင်အတွက် လွန်စွာခက်ခဲလှသည်။ 


သို့သော်လည်း အခြားနည်းလမ်းဟူ၍မရှိတော့ပေ။ မည်သူကများ ယခုအချိန်တွင် ယွမ်ရှင်းကျဲအား အင်ပါယာ၏ရေပန်းအစားဆုံးသူဖြစ်အောင် လုပ်ခဲ့မိသည်နည်း။


အွန်လိုင်းပေါ်တွင် အိုမီဂါများမှာ ယွမ်ရှင်းကျဲအားချွင်းချက်မရှိ ထောက်ခံနေကြပြီး မူလအစတုန်းက ကြားနေခဲ့ကြသော ဘီတာများသည်ပင် ချဲ့ထွင်နည်းပညာအတွက် ဘက်ပြောင်းလာကြကာ သဘောထားပြောင်းလဲခဲ့ကြသည် အယ်လ်များမှာမူ အိမ်ထောင်ရေးအက်ဥပဒေ ဖျက်သိမ်းရေးကို စတင် ထောက်ခံလာကြသည်။


သို့ဖြစ်ရာ ဤနည်းပညာကြောင့် တော်ဝင်မိသားစုသည် ကျိန်းသေပေါက် အပေးအယူလုပ်လိမ့်မည်ဟု မှန်းဆနိုင်ပေမည်။


ထို့ကြောင့် ချီမိသားစု၏အနာဂတ်အတွက် ချီယင်အံတင်းတင်းကြိတ်၍ ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းအား ခေါ်လိုက်‌ရသည်။


သေချာသလောက်ပင် ချီယင်သည် ထိုနှစ်ဦးထံမှ လှောင်ပြောင်ကဲ့ရဲ့မှုနှင့် ဆူပူကြိမ်းမောင်းမှုများအား ခံနေရသော်လည်း သူ၏အပြုအမူကိုပြောင်းလဲကာ " ဟုတ် ဟုတ်ကဲ့ မင်းမှန်ပါတယ် " စသည်ဖြင့် ယွမ်မိသားစု၏ဆူပူမှုအား လက်ခံရုံသာ တတ်နိုင်ခဲ့သည်။


ယွမ်ရှင်းကျဲ၏သဘောထားမှာ သူ၏မိဘများထက် ပို၍ အရေးကြီးကြောင်း သိနေသဖြင့် ယွမ်မိသားစုအား တောင်းပန်ပြီးချိန်တွင် ချီယင် ယွမ်ရှင်းကျဲထံသို့ စာတစ်စောင်ပေးပို့လိုက်သည်။


ဆက်သွယ်မှုအား လက်ခံရချိန်တွင် ယွမ်ရှင်းကျဲ၏အမူအယာမှာမူ အံ့ဩခြင်းမရှိ ဆက်လက်တည်ငြိမ်နေဆဲပင်ဖြစ်၏။


" ရှင်းကျဲ.. ငါချီယင်ပါ ချီမိသားစုကအရင်ကထဲက မင်းကိုအများကြီးမျက်နှာသာပေးခဲ့ဖူးတယ်လေ အဲ့ဒါကြောင့်ပဲ ငါတို့ကမင်းနဲ့တွဲပေးဖို့ အကောင်းဆုံးကြိုးစားခဲ့တာ… စေ့စပ်ပွဲမှာ ဖြစ်ခဲ့တာတွေအတွက်ကိုလည်း ငါအမြဲတမ်းအပြစ်ရှိသလို ခံစားခဲ့ရပါတယ်ကွာ.."


အကယ်၍ ယွမ်ရှင်းကျဲသာ ချီယင်၏ပုံစံအမှန်အား သိမထားခဲ့ဘူးဆိုပါက သူထိုရိုးသားပုံရသည့် စကားများကို ယုံလိုက်မိနိုင်သည်။


ဘေးတွင်ရှိနေသော ချီယုမှာ ယွမ်ရှင်းကျဲအားမြင်လိုက်ချိန်တွင် ချီယင်အားဘေးသို့ တွန်းပို့လိုက်ပြီး ပြောလာခဲ့သည် " ရှင်းကျဲ ငါတို့ချီမိသားစုကမင်းအပေါ်အလွန်မကောင်းခဲ့တာကို ငါသိပါတယ်…ပြီးတော့ အဲ့ဒီအတွက် ငါဘာမှပြန်လုပ်ပေးလို့မရနိုင်ဘူး ဆိုတာကိုရောပဲ…ဒါပေမယ့် ငါရိုးရိုးသားသားနဲ့ မင်းအမြန်ပြန်ကောင်းလာနိုင်ဖို့ကို ဆုတောင်းပေးနေမှာပါ.. ငါနဲ့အတူမရှိနိုင်ဘူးဆိုရင်တောင်မှ.. မင်းအဆင်ပြေပါစေကွာ.."


ချီယုနောက်ဆုံးစကားသုံးလုံးကို ပြောလိုက်ချိန်တွင် သူ၏အသံမှာ အက်ရှကာ တုန်ယင်နေခဲ့သည်။


၎င်းမှာ ပထမဦးဆုံးအကြိမ် ယွမ်ရှင်းကျဲ၏ရှေ့တွင် သူ၏အပြစ်ရှိမှုကို ထုတ်ဖော်လာခြင်းဖြစ်သည်။


ယွီဝမ်သည်လည်း ပြောလိုက်လေသည် " ရှောင်ယွမ်…မင်းစိတ်ဆိုးမယ်ဆိုတာ ငါသိပါတယ်..ဒါပေမယ့် ချီမိသားစုကလည်း ယွမ်မိသားစုကို အရင်တုန်းကအများကြီးကူညီခဲ့တာပဲလေ…ငါတို့မစွမ်းဆောင်နိုင်ဘူးဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဖူးပါဘူး.."


ယွမ်ရှင်းကျဲ မလှုပ်ရှားသည်ကို မြင်ရသဖြင့် ချီယင်ထပ်ပြောလိုက်သည် " ရှင်းကျဲ ငါမင်းကိုသတင်းစာရှင်းလင်းပွဲမှာတုန်းက ပြောလိုက်တဲ့စကားကအမှန်ပါပဲကွာ.. မင်းသာအလိုရှိနေ‌သရွေ့ ငါမင်းကိုမက်ခါစစ်တပ်ထဲမှာ အရေးကြီးတဲ့ရာထူးတစ်ခုပေးလို့ရပါတယ်…"


ထိုလူသုံးဦး၏ ပြပွဲအား ယွမ်ရှင်းကျဲ မျက်နှာသေဖြင့်သာ ကြည့်နေခဲ့သည်။ ရုတ်တရက်‌ဆိုသလို သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ကာ " ခင်ဗျားတို့မှာ ကျွန်တော်နဲ့ဆက်သွယ်ချင်တဲ့စိတ်ရှိနေသေးတာလား…"

153.2


ကြောင်အသွားပြီး ချီယင်မထင်ထားသည့်ပုံဖြင့် ပြန်မေးလိုက်သည် " မင်းဘာကိုဆိုလိုတာလဲ…"


" ကျွန်တော့်ကိုလာဘ်ထိုးဖို့ စဉ်းစားမနေပါနဲ့…" ယွမ်ရှင်းကျဲ၏အပြုံးတွင် သူ့စိတ်အခြေအနေကောင်းမွန်နေပုံအား ထုတ်ဖော်နေကာ " ချီယင် ခင်ဗျားရဲ့ ချီမိသားစုအတွက်ပဲ စိတ်ပူနေ‌သင့်တယ်…"


စကားပြောပြီးနောက် ယွမ်ရှင်းကျဲ ဖုန်းချလိုက်လေသည်။


ထိုသူသုံးဦးမှာမူ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ ရှုပ်ထွေးသွားကြရသည်။


ရုတ်တရက်ဆိုသလို ချီမိသားစုအိမ်တွင် တံခါးခေါက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။


ချီယင်၏စိတ်ထဲတွင် မကောင်းသည့်ကြိုတင်သတိပေးချက် ဖြစ်ပေါ်သွားရသည်။


တံခါးအားဖွင့်လိုက်ချိန်တွင် ဝတ်စုံပြည့်ဖြင့် ရဲဝန်ထမ်းတစ်စုမှာ တံခါးရှေ့တွင် ရပ်နေကြပြီး ရဲမှူးမှ အိမ်ထဲတွင်ရှိနေသော လူသုံးဦးအား ပြောလိုက်လေသည်။


 " ဗိုလ်ချုပ်ကြီး ချီယင် မင်းရေတပ်ဗိုလ်ချုပ်ဖြစ်လာတော့မယ့် အချိန်အတွင်းမှာ မင်းနဲ့မင်းရဲ့ဇနီးသည်တို့က အဂတိလိုက်စားမှုနှင့် အခြားနည်းလမ်းများအပြင် လာဘ်ပေးလာဘ်ယူမှုနဲ့ စည်းစိမ်ဥစ္စာများစွာကို တရားမဝင်ရယူထားတယ်ဆိုတဲ့ အစီရင်ခံစာတစ်‌စောင်ကို ကျွန်တော်တို့ လက်ခံရရှိထားတယ်… ထို့အပြင် မင်းကအဲ့ဒီပြစ်မှုတွေကို ကျူးလွန်ထားတယ်လို့လည်း ကျွန်တော်တို့သံသယရှိတယ်.."


ထိုစကားအားကြားလိုက်ရသောအချိန်တွင် ချီယင်၏မျက်နှာသည် လုံးလုံးပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။


 " ငါမလုပ်ခဲ့ဘူး.. ဒါကချောက်ချတာပဲ.. ဒါတွေအကုန်လုံးက မဖြစ်နိုင်တာတွေ အကုန်အတုတွေ…"


" အရှင်မင်းမြတ်လည်း ဒီအကြောင်းကိုသိပါတယ်…"


 ရဲမှုးက အေးစက်စွာပြောလိုက်ပြီး " မင်းနဲ့မစ်ယွီဝမ်တို့ကို အတူလိုက်လာခဲ့ဖို့ ပြောချင်ပါတယ်…"


ယွီဝမ်၏ နူးညံ့သိမ်မွေ့သောမျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားကာ ထိတ်လန့်တုန်လှုပ်သောအသံဖြင့် သူမပြောလိုက်လေသည်။


 " မဟုတ်ဘူး မဖြစ်နိုင်ဘူး ကျွန်မဒါတွေမလုပ်ခဲ့ဖူးပါဘူး.."


ဘေးတွင်ရှိနေသော ချီယုမှာမူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူ၏မိဘများသည် တရားမဝင်သောအရာများအား လုပ်နေကြမည်ဟု သူတစ်ချိန်လုံး မထင်ထားခဲ့ဖူးချေ။ သူတို့သည် ရဲမှုးအားတောင်းပန်နေကြသော်လည်း အဆုံးတွင် ထိုဝတ်စုံပြည့်နှင့်လူများတွင် တင်းမာသောသဘောထားရှိနေကာ ထိုသူနှစ်ဦးအား တိုက်ရိုက်ပင်ဆွဲခေါ်သွားလိုက်သည်။


အတိတ်တုန်းက ချီယင်သည် မိဖုရားကြီး၏ လော့ဝမ်ချွမ်းနှင့်ယွမ်ရှင်းကျဲတို့အား ခွဲပစ်ရာတွင် အသုံးပြုသည့် ချက်စ် အစိတ်အပိုင်းတစ်ခုဖြစ်နေသောကြောင့် သူ့ထံတွင် အကြောက်အလန့်မရှိခဲ့ခြင်းဖြစ်သည်။


ယခုအချိန်တွင်မူ ဘုရင်ကြီးသည် ချီမိသားစုအား သေသေချာချာစုံစမ်းရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သဖြင့် မိဖုရားကြီးပင် မကူညီနိုင်တော့ပေ။


" ငါ့ကိုလွှတ်… ငါ့ကိုလွတ်…"


ချီယင်ဒေါသတကြီး ရုန်းကန်လိုက်သည်။ စစ်မြေပြင်တွင် အလွန်စွမ်းဆောင်နိုင်ခဲ့သော ဗိုလ်ချုပ်တစ်ဦးမှာ ယခုအချိန်တွင် အကျဉ်းသားတစ်ဦးဖြစ်ရတော့မည် ဖြစ်သဖြင့် သူ့တွင် အရှက်ရမှုများ ပြည့်နှက်နေခဲ့သည်။


ချီယု၏မျက်လုံးများမှာ နီရဲနေပြီး သူ၏မိဘများနောက်တွင် ဆက်လက်ငိုယိုနေသော်လည်း ရဲများ၏တားမြစ်ခြင်းအား ခံလိုက်ရလေသည်။


မကြာမီ ချီဇနီးမောင်နှံအား ဘုရင်ကြီးရှေ့မှောက်သို့ ခေါ်သွားလိုက်ကြသည်။


လော့ဝမ်ချွမ်းမှာမူ ဘုရင်၏ဘေးတွင်ထိုင်နေကာ ထိုသူနှစ်ဦးအား မျက်နှာသေဖြင့် ကြည့်လျက် သူ၏မျက်လုံးများမှာ နားမလည်နိုင်မည့်ပုံပေါ်နေခဲ့သည်။


သဘာဝကျစွာပင် ချီယင်သူ၏ပြစ်မှုများအား ဝန်ခံရန် ငြင်းပယ်လိုက်ကာ ဘုရင်မင်းမြတ်အပေါ် သူ၏သစ္စာစောင့်သိခဲ့မှုများအား ထုတ်ဖော်ပြသလျက် နှစ်များတစ်လျှောက်တွင် အင်ပါယာအတွက် မရေမတွက်နိုင်သော သူ၏အကျိုးဆောင်မှုများကို ပြန်လည်ပြောပြနေခဲ့သည်။


 " တစ်စုံတစ်ယောက်က ကျွန်တော်မျိုးကို သတင်းပေးလိုက်တယ်ဆိုတာ သိပေမယ့် အဲ့ဒီလူက ဒီလောက် စက်ဆုပ်ရွံရှာဖို့ ကောင်းမယ်လို့ မမျှော်လင့်ထားဘူး…"


" စက်ဆုပ်ရွံရှာဖို့ကောင်းတယ်လား…" ဘုရင်ကြီးမှ နှာခေါင်းရှုံ့လိုက်ကာ လော့ဝမ်ချွမ်းမှပေးအပ်လာသည့် သက်သေအပုံလိုက်ကြီးကို ချီယင်၏မျက်နှာသို့ ပစ်ပေါက်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလာခဲ့သည် " ပြစ်မှုတိုင်းကို ကောင်းကောင်းမှတ်တမ်းတင်ထားခဲ့တာ…အဲ့ထဲကတစ်ခုခုကို ရွေးလိုက်ရုံနဲ့တင် မင်းချက်ချင်း ထုတ်ပယ်ခံရလိမ့်မယ်…မင်းက အလုပ်ကောင်းတွေများကြီး လုပ်ခဲ့တာဆိုတော့လေ ဘယ်လိုတောင် သူများကို စက်ဆုပ်ရွံရှာဖို့ကောင်းတယ်လို့များ ပြောရဲရတာလဲ…"


သိသိသာသာပင် ချီယင်၏အပြစ်များအား ဖြေလျော့ပေးရန် မရည်ရွယ်ထားခဲ့ပေ။


ပုံနှိပ်ထားသော သက်သေခံစာရွက်များမှာ နေရာအနှံ့ပြန့်နှံ့သွားပြီး ဒူးထောက်လျက်ရှိကြသော ချီယင်နှင့် ယွီဝမ်တို့၏မျက်လုံးများထဲတွင် မယုံနိုင်သော အမူအယာများဖြစ်ပေါ်လာခဲ့သည်။


" ဒါက…" ချီယင် တုန်တုန်ယင်ယင်ဖြင့် စာရွက်တစ်ရွက်အား ကောက်ယူလိုက်ချိန်တွင် သူ၏ခေါင်းထဲတွင် ဗလာကျင်းသွားရသည်။


ယွီဝမ်သည်လည်း ထိတ်လန့်တုန်လှုပ်လာခဲ့သည်။ သူတို့နှစ်ဦးစလုံးပင် ထိုသက်သေများအားလုံးအပြင် သူတို့လာဘ်ထိုးထားသည့်အချိန်တိုင်း ပြောခဲ့သော စကားများအား စာရွက်ပေါ်တွင် လွယ်လင့်တကူ ရှာဖွေနိုင်သွားမည်ဟု မထင်ထားခဲ့မိပေ။


" အရှင်မင်းကြီး.. ဒုတိယအရှင် ကျွန်တော်မျိုးတကယ့်ကိုမသိတာပါ.." ချီယင်မှာ ဆက်ပြောနေသော်ငြား သူ၏စကားလုံးများမှာမူ ပို၍ ဖျော့တော့ကာ အင်အားမဲ့လာရသည်။


ဘုရင်ကြီးမှ လော့ဝမ်ချွမ်းအား လှည့်ကြည့်လာကာ မေးလိုက်သည်။


 " မင်းဘယ်လိုဖြေရှင်းချင်လဲ…"


လော့ဝမ်ချွမ်းထရပ်လိုက်သည်။


ထိုသူနှစ်ဦးထံသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ ရုတ်တရက်ဆိုသလို ငုံ့ချလိုက်လေသည်။


ခဏအကြာတွင် လော့ဝမ်ချွမ်းဓားကိုဆွဲထုတ်၍ ချီယင်၏လည်ပင်းပေါ်သို့ထောက်ထားလိုက်သည်။


xxxxxxx