အပိုင်း ၁၅၄
Viewers 17k

Chapter 154.


ချီယင်တစ်ကိုယ်လုံး တောင့်တင်းသွားကာ လော့ဝမ်ချွမ်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်ပြီး " ဒုတိယ ဒုတိယအရှင် မင်း မင်းဘာလုပ်တာလဲ…"


သူ၏စကားမဆုံးခင်မှာပင် လော့ဝမ်ချွမ်း၏နှုတ်ခမ်းထောင့်များမှာ ကော့တက်သွားကာ အေးစက်၍ ရက်စက်သော အပြုံးကို ထုတ်ဖော်လာခဲ့သည်။


သူ၏လက်ချောင်းများကို အနည်းငယ်လှုပ်ရှားလိုက်ရာ အလင်းဓားသည် ချီယင်၏လည်ပင်းအား ခြစ်မိသွားခဲ့သည်။


၎င်းမှာ မပြင်းထန်သော်လည်း ချီယုအားပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သော်ကြောင့် အော်ဟစ်လာခဲ့သည် " အားး ဒုတိယအရှင် … မင်း … မင်းတကယ်ပဲ…"


ယွီဝမ်သည်လည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် အော်ဟစ်မိလိုက်သည်။ 


သွေးထွက်နေသာ ဒဏ်ရာအား ဖုံးအုပ်လိုက်ပြီး ချီယင်နီရဲနေသော မျက်လုံးများဖြင့် ဘုရင်အားကြည့်ကာ အက်ရှနေသော အသံနှင့်ပြောလာခဲ့သည် " အရှင်မင်းမြတ် အရှင်မင်းမြတ် ကျွန်တော်မျိုးကို ကယ်ပါဦး…အတိတ်တုန်းက ကျွန်တော်မျိုး အင်ပါယာအတွက် အများကြီးပေးဆပ်ခဲ့တာပါ…"


" အထင်မမှားပါနဲ့ ခင်ဗျားကိုမသတ်သေးပါဘူး…" လော့ဝမ်ချွမ်း သနားညှာတာပေးရန် တောင်းပန်နေခဲ့သော ချီယင်အား ငုံ့ကြည့်လိုက်ပြီး သူ၏စကားလုံးများမှာ တည်ငြိမ်နေခဲ့သည် " ဒါကမင်းအတွက်အမာရွတ်သေးသေးလေးပဲဖြစ်စေမှာပါ.. ဂလင်းကိုဖြတ်လိုက်ဖို့က ဒီထက်အကြိမ်ရာထောင်ချီမကပိုပြီးနာကျင်တယ်ဆိုတာမင်းသိရဲ့လား…"


ချီယင်တုန်တုန်ယင်ယင်နှင့် တောင်းပန်လိုက်သည် " ဒုတိယအရှင် ကျွန်တော်မျိုးမှားသွားပါတယ်… ယွမ်ရှင်းကျဲကို မလိမ်ခဲ့သင့်ပါဘူး.. သူ့ကိုစေ့စပ်ဖို့အတင်းဖိအားမပေးခဲ့သင့်ပါဘူး.. ဒါ‌ပေမယ့် ဒီပြစ်မှုတွေကတော့ တကယ်ကိုမလုပ်ခဲ့တာပါ…"


" တကယ်လား…" လော့ဝမ်ချွမ်း  အသံဖြင့် ပြန်မေးလာကာ ချက်ချင်းဆိုသလို ဘေးတွင်ရှိနေသော ရဲဝန်ထမ်းအား ကြည့်လိုက်ပြီး " ဒီကိုလာခဲ့ သူနဲ့ယွီဝမ်ကို စစ်ဆေးတဲ့အခန်းထဲခေါ်သွားပြီးတော့ ဝန်ခံလာတဲ့အထိ နှိပ်စက်လိုက်…"


သူ၏အသံမှာအေးစက်နေပြီး မည်သည့်ခံစားချက်မျှပင် ရှိမနေခဲ့ချေ။


ချီယင်မှာမူ လော့ဝမ်ချွမ်းအား မကောင်းဆိုးဝါးတစ်ကောင်အား ကြည့်နေသကဲ့သို့ ဖော်ပြ၍မရသည့် ကြောက်လန့်မှုမျိုးဖြင့် ကြည့်နေမိသည်။


ချီယင်တို့ ခေါ်ဆောင်သွားခံရပြီးနောက် ဘုရင်ကြီးမှ လော့ဝမ်ချွမ်းအား မေးမြန်းလာခဲ့သည် " မင်းအခုကျေနပ်သွားပြီလား…"


" ကျွန်တော်က ခင်ဗျားအတွက် မြစ်ပွားနာကို ဖယ်ရှားပေးခဲ့ရုံပဲရှိတာပါ.. ‌ပျော်သင့်တဲ့သူက ခင်ဗျားပဲလေ..ဟုတ်တယ်မလား…" လော့ဝမ်ချွမ်း တည်ငြိမ်စွာပြန်ဖြေလိုက်ပြီး ယခင်ရှိခဲ့သည့် ကြောက်မက်ဖွယ်အမူအယာများနှင့် လုံးလုံးဆိုသလို ကွဲပြားနေသည်။


ပြောပြီးချိန်၌ လော့ဝမ်ချွမ်းလှည့်ပြန်သွားလေသည်။


ဘုရင်ကြီးသည် သူ၏တင်းမာသောရုပ်သွင်အားကြည့်လျက် စိတ်ထဲတွင်ရုတ်တရက် ခံစားလိုက်ရသည်မှာ သူ၏ဤသားတော်သည်…


အရင်ကထက် ပို၍ကြောက်စရာကောင်းလာသည် ဟူ၍ပင်ဖြစ်သည်။


ဘုရင်တစ်ပါးဖြစ်လာဖို့ရန်လည်း ပို၍သင့်တော်လာခဲ့သည်။


မက်ခါသုတေသနဌာန၏ သတင်းစာရှင်းလင်းပွဲအပြီး မကြာမီတွင် တော်ဝင်နန်းတော်မှ မူလကရှိခဲ့သော ထိမ်းမြားလက်ထပ်ခြင်းအက်ဥပဒေ ပြင်ဆင်ခြင်းကိုဖျက်သိမ်းလိုက်ကြောင်း ကြေညာလာသည်။


ဘုရင်မင်းမြတ်သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာခဲ့ပြီး လူတိုင်းအား ပြောကြားလိုက်သည်။


"... ဒီဥပဒေမူကြမ်းဟာ အိုမီဂါများစွာ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည်ဟု ယူဆမိတဲ့အတွက် များစွာသော ဆွေးနွေးမှုများအပြီးမှာ အင်ပါယာက ဤဥပဒေမူကြမ်းကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ပါတယ်…အခုအချိန်ကစပြီးတော့ စွန့်ပစ်ကြယ်အပါအဝင် ဒေသအားလုံးရှိ အိုမီဂါများသည် ၎င်းတို့၏ အိမ်ထောင်ဖက်များကို ရွေးချယ်ပိုင်ခွင့်ရှိလာမည်ဖြစ်သည်…"


ထိုနေ့တွင်…


တော်ဝင်မြို့တော်၏ စည်ကားလှသော မြို့လယ်ခေါင်တွင် လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ထိုသူတို့မှာ အဆောက်အဦးနံရံရှိ သုံးဖက်မြင်အလင်းမျက်နှာပြင်ရှေ့တွင် မတ်တပ်ရပ်ကာ ယခုကဲ့သို့ ခက်ခက်ခဲခဲအနိုင်ရခဲ့သော အောင်ပွဲအတွက် လက်ခုတ်တီး၍ ချီးကျူးဂုဏ်ပြုနေကြသည်။


အိုမီဂါများမှာ မျက်ရည်များကျဆင်းလာကြကာ ဥပဒေကြောင့် အတူမရှိနိုင်ခဲ့ကြသော စုံတွဲများမှာမူ အနမ်းများပေးလျှက် ငိုကြွေးနေကြပြီး လူတိုင်း၏မျက်နှာပြင်ထက်တွင် အပြုံးများဝေဆာနေကြသည်။


ထိုဥပဒေကြမ်း ထွက်လာသည့်အချိန်တည်းက လူအတော်တော်များများသည် ဥပဒေကြမ်းအား ဖျက်သိမ်းရန် ဆန္ဒပြ ချီတက် တောင်းဆိုခဲ့ကြသည်။


သူတို့ထဲမှ အများစုမှာ အိုမီဂါများဖြစ်ပြီး ဆန္ဒပြပွဲတွင် အင်ပါယာ၏ သဘောထားမှာ အမြဲဆိုသလို တင်းမာခဲ့ကာ အနည်းငယ်ပင် မထီမဲ့မြင်ပြုသည့်ပုံ ပေါ်နေခဲ့သည်။


ထိုဥပဒေမူကြမ်းအား ရုပ်သိမ်းလိုက်ခြင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိုမီဂါများသည် တရားမျှတမှုမရှိသော ဥပဒေတစ်ရပ်ကို ၎င်းတို့ကိုယ်တိုင် လုံးလုံးလျားလျား ပယ်ဖျက်နိုင်လိုက်ကြောင်း ဖော်ပြနေလေသည်။


မရေတွက်နိုင်သော ကြယ်စင်စုရုပ်သံလိုင်းများမှာ ထိုမြင်ကွင်းအား ထုတ်လွှင့်ပြသနေကြသည်။


ထို့အတူ သတင်းကြေညာသူတိုင်းသည်လည်း ယွမ်ရှင်းကျဲ၏အမည်အား ထုတ်ဖော်ပြောကြားခဲ့ကြသည်။


ကြီးကြပ်သူများထဲမှတစ်ဦးက မှတ်ချက်ပေးလာသည်။


[ အယ်လ်ဖာတွေက မက်ခါလုပ်ငန်းတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားပြီး မက်ခါကုမ္ပဏီတိုင်းက အိုမီဂါတွေနဲ့ ဘီတာတွေကို အားနည်းတယ်လို့ ယူဆနေကြတဲ့ခေတ်‌တစ်ခေတ်မှာ ဒီယွမ်ရှင်းကျဲလို့ခေါ်တဲ့ အိုမီဂါတစ်ယောက်က လူတိုင်း‌ရဲ့ရှေ့ကိုထွက်ပေါ်လာနိုင်ခဲ့တယ်….]


[ အဲ့ဒီဥပ‌ဒေအသက်ဝင်လာတဲ့အချိန်မှာ ပထမဆုံးအနေနဲ့သူ့ရဲ့ဂလင်းကိုဖြတ်လိုက်ပြီးတော့ ဤအဖြစ်အပျက်က အိုမီဂါတိုင်းရဲ့ အမှီအခိုကင်းမဲ့တဲ့ စိတ်ဓာတ်ကို မကြုံစဖူးနိုးကြားသွားစေခဲ့တယ်…နေ့တိုင်းဆိုသလို လူပေါင်းသောင်းချီက လမ်းမတွေပေါ်တက်ပြီးတော့ ဆန္ဒပြခဲ့ကြတာ.. ]


[ ပြီးတော့ ပိုပြီး လေးစားဖို့ကောင်းတဲ့အရာက ယွမ်ရှင်းကျဲ တော်ဝင်သုတေသနာဌာနကိုဝင်ရောက်ပြီးတဲ့အချိန်မှာ စိတ်စွမ်းအားကို ချဲ့ထွင်နိုင်မဲ့နည်းပညာကို ဖွံ့ဖြိုးအောင်လုပ်ပေးခဲ့ပြီး ကြယ်စင်စုတစ်ခုလုံးကို အံ့သြသွားရအောင် လုပ်ခဲ့တာပဲ…အဲ့ဒီနည်းပညာအတွက် ဆုကြေးအနေနဲ့ သူက ဥပဒေကြမ်းကို ဖျက်သိမ်းပေးဖို့ပဲ တောင်းဆိုပေးခဲ့တာ…]


[ အချက်အလက်တွေက ယွမ်ရှင်းကျဲဒါကိုလုပ်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီးတော့ သူကရာစုနှစ်တွေအိုဟောင်းကြာညောင်းနေတဲ့ ABO အပြုသဘောဆောင်အရေးယူမှု သဘောသဘာဝကို အောင်မြင်စွာ ကောက်ချက်ဆွဲနိုင်ခဲ့တာ ]


ယွမ်ရှင်းကျဲ လူအုပ်ကြားထဲတွင် ရပ်နေပြီး မျက်နှာဖုံး ကိုဝတ်ဆင်ထားလျက် အလင်းမျက်နှာပြင်ပေါ်မှ အစီရင်ခံစာအား ကြည့်လိုက်ချိန်တွင် သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

154.2


သူသည်ထိုကဲ့သို့ အပြုသဘောဆောင်အရေးယူတစ်ခုတွင် မည်သည့်အချိန်ကမျှ ပါဝင်ခဲ့ဖူးခြင်းမရှိခဲ့ချေ။


သူဒီအတိုင်း…


သူ့ကိုယ်သူကယ်တင်ချင်မိပြီး လမ်းတစ်လျှောက်ရှိ လူများအား ကူညီချင်ခဲ့ရုံသာဖြစ်၏။


လော့ဝမ်ချွမ်းသည်လည်း သူ၏ဘေးတွင် မျက်နှာဖုံး တပ်ဆင်ကာ ရပ်နေခဲ့ပြီး အားပေးသံများအား သူ၏နားထဲ၌ ကြားလိုက်ရချိန်တွင် သူမပြုံးပဲမနေနိုင်တော့သဖြင့် မျက်နှာဖုံး ၏ဖုံးအုပ်ထားမှုအောက်တွင် အပြုံးသေးသေးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။


လူအုပ်ကြားထဲတွင် သူ၏လက်ကိုဆန့်ကာ ယွမ်ရှင်းကျဲ၏ခါးကိုဆွဲယူလိုက်ပြီး နားရွက်နားသို့ မှီချလိုက်သည်။


 " ဒါကအဆုံးသတ်မဟုတ်ဘူး… အခုမှစတင်ရမှာ…"


ယွမ်ရှင်းကျဲ မရယ်မိဘဲ မနေနိုင်တော့ချေ။ သူ၏မျက်လုံးများမှာ လခြမ်းကဲ့သို့ ကွေးတက်သွားပြီး လော့ဝမ်ချွမ်းအား တီးတိုးပြောလာခဲ့သည် " ကျွန်တော်နဲ့ အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်…"


လော့ဝမ်ချွမ်း သူ၏နောက်ထပ်လက်တစ်ဖက်ဖြင့် ယွမ်ရှင်းကျဲအား ပွေ့ဖက်လာခဲ့သည်။


သူ့ထက်ပို၍အရပ်ရှည်သော လူထံမှ အဖက်ခံလိုက်ရသဖြင့် ယွမ်ရှင်းကျဲ ခေါင်းကိုမော့ကာ မေးလိုက်လေသည် " ဘာဖြစ်လို့လဲ…"


ခဏအကြာတွင် လော့ဝမ်ချွမ်း လက်ဆန့်ကာ ယွမ်ရှင်းကျဲ၏မျက်နှာဖုံးအား ညင်သာစွာ ဆွဲချွတ်လိုက်ပြီးနောက် သူ၏မျက်နှာဖုံးကိုလည်း ချွတ်ကာ ခေါင်းကိုငုံ့လျက် ယွမ်ရှင်းကျဲ၏နှုတ်ခမ်းများအား နမ်းရှိုက်လာခဲ့သည်။


" ကိုယ်ကသာ ‌အဖော်ပြုခွင့်ပေးခဲ့တဲ့အတွက် မင်းကိုကျေးဇူးတင်ရမှာပါ…"


လော့ဝမ်ချွမ်း၏နူးညံ့သော အသံမှာ အော်ဟစ်အားပေးနေကြသော လူအုပ်ကြီးထဲတွင် နစ်မြုပ်သွားလေသည်။


ယွမ်ရှင်းကျဲ မျက်လုံးများအား မှိတ်ထားလျက် လော့ဝမ်ချွမ်း၏ကိုယ်မှ မင့်အ‌မွှေးရနံ့အား ပျော်မွေ့နေခဲ့သည်။


လော့ဝမ်ချွမ်းပြောသည်မှာ အမှန်ပင်ဖြစ်၏။


ဒါက အဆုံးသတ်မဟုတ်ဘဲ အစသာဖြစ်သည်။


သူလုပ်ဆောင်ရမည့် အရာများမှာ အခုထိ အပြီးမသတ်ရသေးပေ။


လက်ထပ်ထိမ်းမြားမှု ဥပဒေကြမ်းဖျက်သိမ်းပြီးချိန်တွင် ယွမ်ရှင်းကျဲမှာ လူသိများသူတစ်ဦးဖြစ်လာရသည်။ အချိန်အတော်အတန်ကြာသည်အထိ အဓိကအသံလွှင့်ဌာနကြီးများအားလုံးက သူ့အား အင်တာဗျူးချင်ခဲ့ကြသည်။


သို့သော်လည်း ယွမ်ရှင်းကျဲမှာမူ မကျော်ကြားချင်ပေ။ သူ့ထံတွင် လုပ်စရာအများအပြားရှိနေသည်ဖြစ်ရာ လော့ဝမ်ချွမ်းမှ ရှေ့ထွက်၍ ထိုအင်တာဗျူးများအား သူ့အစားတားဆီးပေးနေရ‌သည်။


လော့ဝမ်ချွမ်း အရှေ့ထွက်ချိန်တွင် ယွမ်ရှင်းကျဲအား မေးမြန်းရန်ပြေးလာသည့် သတင်းထောက်များမှာ ရပ်တန့်သွားရပြီး ယွမ်ရှင်းကျဲမည်သည့်အချိန်တွင် စိတ်စွမ်းအားချဲ့ထွင်မှု နည်းပညာအား လူအများရှေ့သို့ ချပြလာနိုင်မည်နည်းဟူ၍သာ မေးမြန်းလိုက်ရသည်။


လော့ဝမ်ချွမ်း၏ မျက်နှာမှာမူ ရေခဲတုံးကဲ့သို့ ပြောစရာစကားမရှိဟူသည့် အမူအယာအား အမြဲလို သယ်ဆောင်ထားခဲ့သည်။


ထို့ကြောင့် သတင်းထောက်များမှာ ရွေးချယ်စရာမရှိတော့သဖြင့် မက်ခါသုတေသနဌာမှ ချန်းယွမ်နှင့် ကျင်းရွှမ်တို့ဆီသို့သာ သွားလိုက်ကြရပြီး သူတို့ရှိနိုင်မည့်နေရာများတွင် နေ့စဉ်ရက်ဆက် စခန်းချနေကြရသည်။


မက်ခါကုမ္ပဏီများမှ ဥက္ကဌများစွာသည်ပင် ထိုတပ်စု၌ပါဝင်လာကြသည်။


မည်သို့ပင်ဖြစ်စေ သူတို့အခုချိန်ထိ အသုံးဝင်နိုင်မည့် အချက်အလက်တစ်စုံတစ်ရာအား မရရှိသေးပေ။ သူတို့သိလာခဲ့သည့် တစ်ခုတည်းသောအရာမှာ မက်ခါသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့တွင် သူ၏ပံ့ပိုးကူညီမှုအတွက် ယွမ်ရှင်းကျဲအား မက်ခါသုတေသနဌာနမှ ဆုကြေးအနေဖြင့် အတော်အတန်ပေးအပ်ခဲ့သည်ဟူ၍ပင်။


သဘာဝကျစွာပင် ယွမ်ချန်ရှန့် နှင့် ချင်ရွှမ်းတို့သည်လည်း မြှောက်ပင့်မှု အများအပြားကို လက်ခံရလိုက်သည်။ လူပေါင်းမြောက်များစွာသည် ယွမ်မိသားစု၏ ချန်ရှန့်ကုမ္ပဏီနှင့် ပူးပေါင်းရန်အတွက် လာရောက်မေးမြန်းနေကြသည်။


အဆုံးမှာတော့ လူတိုင်း၏စိတ်ကူးယဉ်မှုထဲတွင် ယွမ်ရှင်းကျဲမှာ ယွမ်မိသားစု၏သားဖြစ်သည့်အတွက် ယွမ်မိသားစုအား ထိုနည်းပညာသုံးစွဲဖို့ရန်အတွက် ဦးစားပေးခွဲဝေလိမ့်မည်ဟူ၍ပင်ဖြစ်သည်။


သို့ဖြစ်ရာ လူတိုင်းမှ ယွမ်ရှင်းကျဲအား မထိတွေ့နိုင်ချိန်တွင် ယွမ်ချန်ရှန့်မှာ အချိန်ခဏကြာ မက်ခါလောက၏အချစ်တော်ဖြစ်လာခဲ့ပြီး သွားလေရာတွင် မျက်နှာပွင့်လန်းခဲ့ရသည်။


အလွန်အတ္တကြီးသော ယွမ်ချန်ရှန့်မှာ ယခုအချိန်တွင် တိမ်တွေပေါ်သို့ ပျံတက်မလို ဖြစ်နေလေ၏။ မည်သို့ပင်ဖြစ်စေ ချင်ရွှမ်းမှာမူ သူ့ကဲ့သို့ အကောင်းမြင်စိတ်မရှိခဲ့ပေ။ ထို့ကြောင့် မည်သူမှ မရှိသည့်အချိန်တွင် သူမမျက်မှောင်ကြုတ်လျက် ယွမ်ချန်ရှန့်အား မေးလာခဲ့သည် " ရှင်းကျဲက အဲ့ဒီနည်းပညာကို ချန်ရှန့်ကုမ္ပဏီကိုပေးမယ်ဆိုတာ ရှင်သေချာလို့လား…"


ရှင်းကျဲ၏အိမ်ထောင်ရေးကို အတင်းအကျပ်ခိုင်းစေခဲ့သည့်လုပ်ရပ်မှာ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ပေါ်ထွန်းခဲ့သည့် ပါရမီရှင်တစ်ဦးကို ပျက်စီးလုနီးပါးဖြစ်ခဲ့သည်။


ထို့အပြင် စေ့စပ်ပွဲမတိုင်ခင်အချိန်က ယွမ်ချန်ရှန့်သည် " မင်းသာဂလင်းတွေကိုဖြတ်တောက်ပစ်မယ်ဆိုရင် ငါတို့ရဲ့ဆက်ဆံရေးကို ရပ်တန့်ပစ်မယ် " ဟူသော စကားမျိုးအား ပြောခဲ့ဖူးလေသည်။


" အဟမ်းး ရှင်းကျဲက ယွမ်မိသားစုကို ကျိန်းသေပေါက် ကူညီရလိမ့်မယ်…" ယွမ်ချန်ရှန့် သူ၏လည်ချောင်းကိုရှင်းကာ အလွန်အကောင်းမြင်နေသော အမူအယာဖြင့် " လက်ထပ်မှုအတွက် ဖိအားပေးခဲ့တာ ငါ့အပြစ်ဆိုပေမဲ့လည်း မမေ့နဲ့ဦးလေ ကလေးဘဝကနေ ကြီးလာတဲ့အထိ ငါတို့သူ့ကိုကောင်းကောင်းဆက်ဆံပေးခဲ့တာပဲကို…"


ထိုသို့ပြောပြီးနောက် ယွမ်ရှင်းကျဲ၏အတွေးများအား အတည်ပြုရန်အတွက် ယွမ်ချန်ရှန့်သူ့အား လူကိုယ်တိုင် တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။


xxxxxx