အပိုင်း ၁၅၅
Viewers 17k

Chapter 155


ယွမ်ချန်ရှန့် ယွမ်ရှင်းကျဲအားခေါ်လိုက်ပြီး ချိတ်ဆက်မိသွားချိန်တွင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်နေကာ မေးလိုက်မည်အပြုတွင် ဆက်သွယ်မှုကိုလက်ခံလိုက်သူမှာ ယွမ်ရှင်းကျဲမဟုတ်သည်ကိုရှာတွေ့သွားခဲ့သည်။


" ဟယ်လို ရှင်းကျဲရဲ့လက်ထောက် ယူဂျင်းပါ…" မျက်နှာပြင်၏အခြားတစ်ဖက်ရှိကောင်လေးတစ်ယောက်မှ ဖြေကြားလာခဲ့ပြီး " ကိစ္စတစ်ခုခုရှိလို့လား…"


ထိုအချိန်များတွင် ယွမ်ရှင်းကျဲဆီသို့ ရောက်လာမည့် မရင်းနှီးသည့် ဆက်သွယ်ရေးနံပါတ်များမှာ ယူဂျင်းထံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။


" လက်ထောက်လား.. ရှင်းကျဲက လက်ထောက်တောင်ရှိနေပြီလား.." ယွမ်ချန်ရှန့် အံ့ဩသွားကာ မေးလိုက်ပြီးနောက် သူ၏မျက်နှာအမူအရာကို ပြန်တည်လိုက်ကာ ဆက်ပြောလာခဲ့သည်။


 " ငါကယွမ်ရှင်းကျဲရဲ့ အဖေ ယွမ်ချန်ရှန့်ပဲ…သူ့ကို နည်းပညာပူးပေါင်းမှုနဲ့ပတ်သက်ပြီး မိသားစုနဲ့အမြန်ဆုံးလာဆွေးနွေးဖို့ပြောလိုက်ပါ…"


ယူဂျင်း ယွမ်ချန်ရှန့်အား အပြုံးပင်မပါသည့် မျက်နှာတည်တည်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။


 " ယွမ်ချန်ရှန့် ခင်ဗျားက သောက်တလွဲတွေတွေးနေတာပဲ…"


ကြောင်အသွားရသဖြင့် ယွမ်ချန်ရှန့်သတိပြန်ဝင်ရန် အချိန်ခဏကြာ လိုအပ်သွားခဲ့သည်။ထို့နောက် အလွန်‌စိတ်တိုလွန်းရသောကြောင့် သူ၏နားရွက်များပင် နီမြန်းလာကာ ဒေါသတကြီးပြောလိုက်လေသည်။


 " မင်းလို လက်ထောက်လောက်အဆင့်က ဘယ်လိုတောင် ပြောရဲရတာလဲ…ငါက သူ့အဖေကွ ဒီနေ့လိုနည်းပညာတွေထုတ်ဖော်လာနိုင်တဲ့အထိ ကျွေးမွေးစောင့်ရှောက်လာတဲ့ သူ့အဖေကွ…"


" ကျွန်တော်တောင်းပန်ပါတယ် လူကြီးမင်းယွမ်.." ယူဂျင်းအလျင်အမြန် ယဉ်ယဉ်ကျေးကျေးတောင်းပန်လိုက်သည်။


 "ရှင်းကျဲက ဒီလိုပြောဖို့ တောင်းဆိုထားလို့ပါ…'


ယွမ်ချန်ရှန့်၏မျက်လုံးများမှာ ရှော့ရနေမှုကြောင့် ပြူးကျယ်သွားကာ သူယုံပင် မယုံကြည်နိုင်တော့ဘဲ " ဘာပြောတယ် "


" ရှင်းကျဲပြောတာက တကယ်လို့ ယွမ်ချန်ရှန့်သာ နည်းပညာပူးပေါင်းမှုအကြောင်း မေးလာခဲ့မယ်ဆိုရင် အဲ့ဒီလိုပြန်ဖြေပေးဖို့ပါ …" ယူဂျင်း ယွမ်ချန်ရှန့်ကိုကြည့်၍ သူ‌ကောင်းကောင်းမ ကြားလိုက်မည်အား စိုးရိမ်သွားပုံဖြင့် ထိုစကားလုံးအား ထပ်မံပြောဆိုလိုက်သည်။


 " ယွမ်ချန်ရှန့် ခင်ဗျားက သောက်တလွဲတွေတွေးနေတာပဲ…"


ယွမ်ချန်ရှန့် လက်သီးတင်းတင်းဆုပ်လိုက်ကာ သူ၏နှလုံးသားထဲမှ ဒေါသနှင့် အရှက်ရမှုကိုမြိုချရန် ကြိုးစားလိုက်ပြီး သက်ပြင်းတစ်ချက်ချ၍ ယူဂျင်းအားပြောလိုက်လေသည်။


 " အဲ့ဒါဆိုလည်း မင်းကပဲ ရှင်းရှင်းကို ကူပြောပေးပါဦး..ငါသူ့အပေါ်လုပ်ခဲ့မိတာတွေအတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်လို့…ဒါပေမယ့် သူလည်း စိတ်လိုက်မာန်ပါ အလျင်စလိုမလုပ်လိုက်သင့်ဘူး..တကယ်လို့ သူ့ရဲ့နည်းပညာတွေကို ယွမ်မိသားစုကုမ္ပဏီကိုမပေးဘူးဆိုရင် သူဘယ်သူ့ကိုပေးမှာလဲ…အခြားသူတွေနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် အဲ့ဒါက ပြင်ပလူများတွေရဲ့ လယ်ကွင်းထဲကို မြေသြဇာများပက်ကျဲပေးတာနဲ့တူနေလိမ့်မယ်…"


" ယွမ်ချန်ရှန့် ခင်ဗျားကတကယ်ပဲ သူတောင်းစားလိုပဲ…" ယူဂျင်းတည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး သူ၏အသံမှာ အနည်းငယ်အားနာနေပုံဖြင့် " အားနာလိုက်တာ ယွမ်ရှင်းကျဲက ကျွန်တော့ကိုအဲ့လိုပြောခိုင်းလိုက်လို့ပါ…" 


မည်သို့ပင်ဖြစ်စေ ယူဂျင်း၏အမူအယာမှာ အလွန်ယဉ်ကျေးနေသည့်တိုင်အောင် သူ့နှုတ်ခမ်းထောင့်ရှိ အပြုံးမှာ တဖြည်းဖြည်းချင်းတိုးလာကာ မထိန်းချုပ်နိုင်တော့မည့်ပုံ ပေါ်နေခဲ့သည်။


ရုတ်တရက်ဆိုသလို ယွမ်ချန်ရှန့်၏မျက်နှာမှာ အနီမှအဖြူသို့ပြောင်းလဲသွားရသည်။


သူ့စကားအဆုံးတွင် ယူဂျင်းယဉ်ကျေးစွာ ထပ်မံပြောဆိုလာသည် " ရှင်းကျဲက ခင်ဗျားကို ဝေးဝေးလိမ့်လိုက်ဖို့လည်း မှာလိုက်ပါသေးတယ်…" ထို့နောက် ချက်ချင်းဆိုသလို ဆက်သွယ်မှုအား ဖြတ်တောက်ပစ်လိုက်လေသည်။


ဆက်သွယ်မှုအား မဖြတ်တောက်ခင် တစ်စက္ကန့်အလိုတွင် တစ်ဖက်လူမှ " ပူ- ချီ " ဟူ၍ရယ်မောနေသည့်အသံအား ကြားလိုက်ရသည်ဟု ယွမ်ချန်ရှန့်ထင်မိသွားခဲ့သည်။


ယူဂျင်းမှာမူ မအောင့်အီး‌နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောနေ၏။


အရှက်ခွဲခံလိုက်ရသော ယွမ်ချန်ရှန့်၏လက်ချောင်းများမှာ တုန်ယင်နေပြီး သူမရပ်တန့်နိုင်ခဲ့ချေ။


သူသည်အလွန်ဒေါသထွက်နေခဲ့ရသော်လည်း စိတ်ကိုလွတ်ပေးလိုက်ရန်အတွက်မူ အသုံးမဝင်ကြောင်းကို သိနေခဲ့သည်။ ထိုအချိန်တွင် အရေးကြီးဆုံးအရာမှာ ယွမ်ရှင်းကျဲအား ချော့မော့ရန်နှင့် ထိုနည်းပညာအား ချန်ရှန့်ကုမ္ပဏီသို့ လွဲပြောင်းပေးရန်သာဖြစ်သည်။


မဟုတ်ပါက ထိုနည်းပညာကို အခြားကုမ္ပဏီများမှ သိမ်းယူသွားနိုင်မည်ဆိုလျှင် ချန်ရှန့်မှာ ​​အလွန်ခက်ခဲသည့်အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။


အခြားတစ်ဖက်မှကြည့်သော် ချန်ရှန့်ထိုနည်းပညာအား ရယူနိုင်နေသရွေ့ ၎င်းတို့မှာ စီးပွားရေးနယ်ပယ်တွင် နောက်လာမည့် အနှစ်၂၀လောက်အထိ ခြေကုပ်ယူနိုင်မည်ဖြစ်သည်။


ယွမ်ချန်ရှန့် ယွမ်ရှင်းကျဲ ကိုယ်တိုင်မဆက်သွယ်နိုင်သည့်အတွက် ငွေလွှဲစာသာပို့လိုက်ရတော့သည် [ 2မီလီယံကြယ်ဒင်္ဂါးလွဲပြောင်း : စာတို : ရှင်းရှင်း အဖေတို့ကမိသားစုတွေပဲလေ.. ချန်ရှန့်ကုမ္ပဏီကအခုမင်းကိုအလိုရှိနေတာ..မင်းမိသားစုကိုကူညီရမယ်နော်…အဖေက မင်းကို ဒုဥက္ကဌရာထူးနဲ့ရှယ်ယာတွေအပြင် ပိုက်ဆံအများကြီးပေးမယ်ဆိုတာကို မင်းစိတ်ချလို့ရတယ်…]


[ 2မီလီယံကြယ်ဒင်္ဂါးလွဲပြောင်း : စာတို : ရှင်းရှင်း ဖိအားပေးခဲ့တဲ့လက်ထပ်ပွဲအတွက်ကတော့ အဖေတကယ်စိတ်မကောင်းပါဘူး … အဖေမင်းကိုတောင်းပန်ပါတယ်… အဖေ့ကိုခွင့်လွှတ်ပေးပါနော်…]


[....]


ယွမ်ချန်ရှန့် အရင်အချိန်တုန်းက ယွမ်ရှင်းကျဲအား ထိုမျှ မလိုက်လျောခဲ့ဖူးပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်ရှင်းကျဲအားကျေနပ်စေရန် ကြယ်ဒင်္ဂါးမီလီယံဆယ်ချီပေးပို့ခဲ့လေသည်။


ယွမ်ချန်ရှန့်၏စိတ်ထဲ၌ ထိုမျှပိုက်ဆံဖြင့်သာဆိုလျှင် ယွမ်ရှင်းကျဲသည်လည်း သူ၏စိတ်ထားကြောင့် ခံစားသွားရလိမ့်မည်ဟူ၍ပင်။


သို့သော် ထိုပမာဏအတိုင်း စာတိုတစ်စောင်နှင့်အတူ ငွေပြန်လွှဲလာရန်မှာ ယွမ်ရှင်းကျဲအတွက် အချိန်အများကြီးမကြာလိုက်ပါချေ " ဒါပဲလား သနားဖို့ကောင်းလိုက်တဲ့ တစ္ဆေကောင်…"


ယွမ်ချန်ရှန့် ယွမ်ရှင်းကျဲအား ၎င်းမှာ တစ်စိတ်တပိုင်းသာရှိသေးကြောင်းကို အလျင်အမြန်ပြန်ပြောလိုက်ချင်မိသော်လည်း သူ့အကောင့်မှာ အပိတ်ခံလိုက်ရကြောင်းကို ရှာတွေ့သွားခဲ့သည်။


ယွမ်ချန်ရှန့် ဒေါသထွက်ကာ စိုးရိမ်သော်ငြား သူလုပ်နိုင်မည့်အရာ မရှိခဲ့ပေ။ သူ့အခြေအနေတစ်ခုလုံးမှာ ကူကယ်ရာမဲ့စွာဖြင့် ဒေါသတကြီးဖြစ်နေရသည့် အခြေအနေသို့ စိုက်ရောက်နေခဲ့သည်။


သေချာပေါက်ပင် ယွမ်ချန်ရှန့်သည်သာမက ယခင်ကအတိုက်အခံလုပ်ခဲ့ဖူးသော ချီလင်မက်ခါကုမ္ပဏီမှ ဥက္ကဌလျိုအပြင် အခြားမက်ခါကုမ္ပဏီများမှာလည်း ယွမ်ရှင်းကျဲအား လူကိုယ်တိုင်ဆက်သွယ်ချင်နေကြသည်။


မည်သို့ပင်ဖြစ်‌စေ ယွမ်ရှင်းကျဲသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် အချက်အလက်များအား ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။


လူတိုင်းမှာ သိချင်စိတ်ကြောင့် သေတော့မလိုဖြစ်နေရချိန်တွင် သတင်းထောက်တစ်ဦးမှာ မက်ခါကုမ္ပဏီအသစ်တစ်ခုသည် တိုးတိုးတိတ်တိတ်စာရင်းသွင်းလာခဲ့သည်အား သတင်းရလာခဲ့သည်။


ထိုကုမ္ပဏီ၏ တရားဝင်ပိုင်ရှင်မှာ လော့ဝမ်ချွမ်းဖြစ်ပြီး ဥက္ကဌမှာမူ ယွမ်ရှင်းကျဲဖြစ်သည်။


ကုမ္ပဏီ၏နာမည်မှာ ရှင်းချွမ်းမက်ခါကုမ္မဏီဖြစ်ပြီး သိသိသာသာပင် ၎င်းမှာ လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့ ပူးပေါင်းတည်ထောင်ခဲ့သော အရာဖြစ်သည်။

155.2


ကုမ္ပဏီမှာ ရက်အနည်းငယ်အကြာကမှ စာရင်းသွင်းထားခြင်းဖြစ်ပြီး လော့ဝမ်ချွမ်းသည်လည်း ထိုနေရာတွင်ရှိနေသဖြင့် အစီအစဉ်များမှာ အလွန်ချောချောမွေ့မွေ့ဖြစ်နေပြီး ဝန်ထမ်းများသည်လည်း ထိုအိမ်ရှေ့စံမင်းသားအား အပြစ်လုပ်မိမည်စိုးသောကြောင့် ထိထိရောက်ရောက်လုပ်ဆောင်နေကြသည်။


သေချာပေါက်ပင် ယွမ်ရှင်းကျဲ၏ ယခုလုပ်ဆောင်နိုင်စွမ်းအရဆိုလျှင် သူ့အား မည်သူကမျှ ခက်ခဲစေရန် မလုပ်ဆောင်နိုင်တော့ပေ။


ယွမ်ရှင်းကျဲကုမ္ပဏီအသစ်၏ မတည်ငွေများမှာ သူသိမ်းဆည်းထားခဲ့သော ပိုက်ဆံများအပြင် မက်ခါသုတေသနဌာနမှ ဆုကြေးအဖြစ်ပေးအပ်ခဲ့သော ငွေများလည်း ပါဝင်သည်။


လော့ဝမ်ချွမ်းတွင်လည်း ပိုင်ဆိုင်မှုအများအပြားရှိနေသည့်တိုင် ၎င်းမှာ သူ၏ပထမဆုံးသော ကုမ္ပဏီစတင်တည်ထောင်ခြင်းဖြစ်လေသည်။ သူ ယွမ်ရှင်းကျဲအား ငွေအမြောက်အမြား ပေးအပ်ခဲ့ပြီး ကုမ္ပဏီ၏ဒုတိယအကြီးဆုံး အစုရှယ်ယာရှင် ဖြစ်လာခဲ့သည်။


ထို့အပြင် လော့ဝမ်ချွမ်းသည် ကုမ္ပဏီအတွက် နေရာတစ်ခုပေးခဲ့သည်။၎င်းမှာ ယခင်က သူဝယ်ယူခဲ့သော မက်ခါပြုပြင်မွမ်းမံသည့် စက်ရုံဖြစ်ပြီး ယွမ်ရှင်းကျဲအား အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ရန် ခေါ်ဆောင်ခဲ့ဖူးသောနေရာလည်းဖြစ်သည်။


မက်ခါပြုပြင်မွမ်းမံသည့် စက်ရုံတွင် ကြမ်းခင်းနေရာအလုံအလောက်နှင့် စက်ကိရိယာ အပြည့်အစုံရှိပြီး အမှန်တကယ်ပင် မက်ခါကုမ္ပဏီတစ်ခုအတွက် အလွန်သင့်တော်‌သော နေရာတစ်ခုဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် တော်ဝင်မိသားစုများသာ အသုံးပြု၍ရသော ဆောက်လုပ်ရေးစက်ရုပ်များသည် မူလအဆောက်အဦးအား အထပ်မြင့်အဆောက်အဦးအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။


အစပိုင်းတွင် ယွမ်ရှင်းကျဲမှာ ကုမ္ပဏီအား ချွမ်းကျဲ ဟုပေးချင်ခဲ့သော်လည်း လော့ဝမ်ချွမ်းမှ ယွမ်ရှင်းကျဲ၏နာမည်ကို အရှေ့တွင် ထားရန်ခွင့်ပြုပေးဖို့ တောင်းဆိုလာခဲ့သည်။


" ကျွန်တော်နာမည်တွေကို ဂရုမစိုက်ဘူး…အဲ့ဒါက ခင်ဗျားက အများကြီးကူညီပေးခဲ့ပြီးတော့ နေရာအတွက်ပါပေးခဲ့လို့ပဲ…" ယွမ်ရှင်းကျဲ ခေါင်းကိုကုတ်လျက် ပြောလိုက်လေသည် " အဲ့ဒါကြောင့် ခင်ဗျားရဲ့ ချွမ်းစာလုံးကို အရှေ့မှာထားတာက ပိုကောင်းတယ်…"


သို့သော်လည်း လော့ဝမ်ချွမ်းမှပြောလာခဲ့သည် " မင်းကကိုယ်မပါဘဲနဲ့လည်း ကုမ္ပဏီတစ်ခုထောင်နိုင်ပါတယ်ကွာ.. ဒါပေမယ့် မင်းမရှိရင်တော့ ဒီကုမ္ပဏီကြီးက ဘာအဓိပ္ပါယ်မှ မရှိတော့ဘူးလေ…"


ထိုနည်းဖြင့်ပင် ကုမ္ပဏီ၏နာမည်မှာ ရှင်းချွမ်းဖြစ်သွားခဲ့ရကာ ကြယ်များစုဝေးနေပြီး မှောင်မိုက်သောညများထဲတွင် လူများအား အလင်းရောင်ပေးမည့် အလင်းမြစ်တစ်စင်းကဲ့သို့ အနာဂတ်အတွက်မျှော်လင့်ချက်ဖြစ်သည်ဟု အဓိပ္ပါယ်ရလေသည်။


ကုမ္ပဏီမှ စီးပွားရေးတရားဝင်မစတင်ခင်မှပင် လုပ်ငန်းရှင်များ၏စိတ်ဝင်စားမှုအားဆွဲဆောင်နိုင်နေပြီဖြစ်သည်။


ယွမ်ရှင်းကျဲ ကုမ္ပဏီတစ်ခုတည်ထောင်လိုက်ခြင်းမှာ သူ၏နည်းပညာဖြင့်သာ ငွေရှာရန်ဖြစ်ပြီး အခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လျော့ချမည်ဟု ‌ဆိုလိုနေသည်။


အချိန်အတိုင်းအတာတစ်ခုအထိ ထိုကုမ္ပဏီသည် အခြားကုမ္ပဏီများ၏ အဆင့်အတန်းအား ထိခိုက်စေနိုင်ပြီး အနာဂတ်တွင် ၎င်းတို့၏ ဈေးကွက်ဝေစုကို ညှစ်ထုတ်လာမည်ကို လူတိုင်းက စိုးရိမ်လာကြသည်။


သူတင်လိုက်သည့် ပို့စ်ရှိကွန်မန့်အရေအတွက်မှာ သူမည်သည့်ကုမ္ပဏီနှင့်တွဲလုပ်မည်ဟု မေးမြန်းလာကြသော အရေအတွက်ကဲ့သို့ပင် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်။


ယွမ်ရှင်းကျဲတွင် သူ၏ကိုယ်ပိုင်စဉ်းစားချက်များ ရှိနေသည့်အတွက် မေးခွန်းများအား အလွယ်တကူ မဖြေကြားခဲ့ပေ။


သူတို့ထဲမှ အချို့မှာ ယွမ်ရှင်းကျဲအား ချန်ရှန့်ကုမ္ပဏီနှင့် ပူးပေါင်းမည်လားဟူ၍ မေးမြန်းလာကြသောကြောင့် ယွမ်ရှင်းကျဲ ချိုချိုသာသာပြန်ဖြေလိုက်သည် " ပထမဆုံးအနေဖြင့် ကျွန်တော်တို့ ချန်ရှန့်ကုမ္ပဏီကိုဖယ်ထုတ်မှာပါ…"


၎င်းမှာ ယွမ်ရှင်းကျဲပြန်ဖြေခဲ့သည့် တစ်ခုတည်းသော မေးခွန်းဖြစ်သည်။


မကြာမီတွင် " ယွမ်ရှင်းကျဲ ချန်ရှန့်ကုမ္ပဏီနှင့်ပူးပေါင်းရန် ငြင်းပယ် " ဟူသော ခေါင်းစဉ်မှာ အဓိကခေါင်းစီးများတွင် နေရာယူလာတော့မည်ဖြစ်ပြီး လူများစွာ၏အာရုံစိုက်မှုကို အောင်အောင်မြင်မြင် ရယူနိုင်သွားမည် ဖြစ်သည်။


ကွန်မန့်နေရာတွင် လူများစွာက အားပေးနေခဲ့ကြသည်။


" ယွမ်ချန်ရှန့်က အဲ့လိုညစ်ပတ်တဲ့အရာတွေ လုပ်ခဲ့ပြီးတာတောင်မှ သူကယွမ်ရှင်းကျဲကို ပြန်ကပ်ရဲသေးတာလား…"


" လုပ်တာကောင်းတယ် … အဲ့ဒီလိုမိဘမျိုးတွေက တကယ်ပဲ ခွင့်လွှတ်ပေးလို့မရဘူး…"


" အံ့ဩဖို့ကောင်းလိုက်တာနော် .. ငါတကယ်ပဲ ယွမ်ရှင်းကျဲက သနားသွားပြီး ယွမ်မိသားစုကို ခွင့်လွှတ်ပေးလိုက်မှာ ကြောက်နေတာ…"


" အခုတော့ ယွမ်ချန်ရှန့်သေတဲ့အထိနောင်တရသွားမှာပဲ ဟား ဟား ဟား…"


" သူတို့သာ စောစောသိခဲ့မယ်ဆိုရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမှမဟုတ်ဘူးနော်…"


" သူ့သားရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီးတော့ နံပါတ်၁ဖြစ်လာနိုင်တဲ့ ကုမ္ပဏီတစ်ခုကို သူ့သားရဲ့အတင်းအကြပ်လက်ထပ်ပွဲနဲ့ လဲလိုက်ရတာပဲ…မျက်နှာတည့်တည့်ကို ဖြတ်ရိုက်ခံရတာနဲ့ပဲ ထိုက်တန်တယ်.."


ယွမ်ရှင်းကျဲသည် ထိုမျှ အညှာအတာကင်းမဲ့ကာ သူတို့ချန်ရှန့်ကုမ္ပဏီနှင့် မပူးပေါင်းကြောင်းကို လူအများရှေ့တွင် ဖွင့်ချလိုက်မည်ဟု ယွမ်ချန်ရှန့်မထင်ထားခဲ့ပေ။ ၎င်းမှာ သူ့မျက်နှာအား နှစ်ကြိမ်တိုင်တိုင် ဖြတ်ရိုက်လိုက်ခြင်းနှင့်ပင် တူနေခဲ့သည်။


ထိုအချိန်မှသာ " ခင်ဗျားကသောက်တလွဲတွေ တွေးနေတာပဲ " ဟူသောစကားမှာ စိတ်ဆိုးရုံပြောလိုက်သည် မဟုတ်ကြောင်းအား သူသဘောပေါက်သွားခဲ့သည်။


မကြာမီ ချင်ရွှမ်းရောက်ချလာကာ ယွမ်ချန်ရှန့်အား ထိတ်လန့်နေသောအသံဖြင့် ပြောလာလေသည် " ကုမ္ပဏီရဲ့ စတော့ဈေးကွက်က စပြီးကျလာနေပြီ…"


တုန်ယင်နေသော လက်များဖြင့် မှတ်ဉာဏ်တုအား ဖွင့်လိုက်ချိန်တွင် အသေအချာပင် အစပိုင်းအချိန်က မြင့်တက်နေခဲ့သော ချန်ရှန့်ကုမ္ပဏီ၏စတော့ရှယ်ယာမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။


xxxxxx