Chapter 156
မကြာသေးမီနာရီပိုင်းလောက်က ယွမ်ရှင်းကျဲ၏အွန်လိုင်းပေါ်တွင် ထုတ်ဖော်ခဲ့သော စကားနှင့်ပင် ချန်ရှန့်မက်ခါကုမ္ပဏီ၏ဈေးကွက်တန်ဖိုးမှာ အရူးအမူးကျဆင်းသွားရသည်။
လက်ရှိအရှိန်အဟုန်ကို အခြေခံမည်ဆိုပါက ချန်ရှန့်ကုမ္ပဏီ၏စတော့မှာ တစ်ရက်အတွင်း ကန့်သတ်ချက်ထိ ကျဆင်းသွားတော့မည်ဖြစ်သည်။
ယွမ်ချန်ရှန့် အချိန်ခဏကြာအသက်ရှူရပ်တန့်သွားရကာ မေ့လဲတော့မလိုပင်ဖြစ်သွားရသည်။
မကြာသေးမီအချိန်က တိမ်များပေါ်တွင် လမ်းလျှောက်နေခဲ့သော ယွမ်ချန်ရှန့်မှာ ယခုအချိန်တွင် ရုတ်တရက်ဆိုသလို ရေခဲခန်းအထိကျဆင်းနေပြီဖြစ်သည်။
သူချင်ရွှမ်းအား တုန်ယင်နေသည့် အသံဖြင့်ပြောလိုက်လေသည် " မြန်မြန် ရှယ်ယာရှင်တွေကို အရေးပေါ်အစည်းအဝေးခေါ်လိုက် ဒီအတိုင်းဆက်သွားနေရင် ချန်ရှန့်ကို ပေါင်းစည်းထားဖို့တောင် အန္တရာယ်ရှိလာလိမ့်မယ်…"
ယွမ်ချန်ရှန့်၏မျက်နှာများ ဖြူဖျော့နေပြီး ယွမ်ရှင်းကျဲနှင့်ဆက်သွယ်နိုင်မည့် နည်းလမ်းမှန်သမျှကို ရှာဖွေနေခဲ့သော်လည်း အဆုံးတွင် သူရွေးချယ်စရာမရှိဘဲ ကုမ္ပဏီ၏စတော့မှာ အဆုံးမရှိသကဲ့သို့ ဆက်လက်ကျဆင်းနေလေသည်။
ထိုအချိန်၌ ယွမ်ချန်ရှန့် စေ့စပ်ပွဲတွင် သူပြောခဲ့ဖူးသည့် " ဂလင်းတွေဖြတ်တောက်ပစ်မယ်ဆိုရင် ငါတို့ဆက်ဆံရေးပြီးဆုံးပြီ…" ဟူသော စကားအား အမှတ်ရသွားခဲ့ကာ တိုက်ရိုက်ပင် လက်ကိုဆန့်၍ နောင်တများစွာဖြင့် သူ့ကိုယ်သူပါးရိုက်လိုက်မိတော့သည်။
သဘာဝကျစွာပင် ချန်ရှန့်ကုမ္ပဏီ၏စတော့ရှယ်ယာများကျဆင်းသွားရခြင်းမှာ ယွမ်ရှင်းကျဲ၏ တွက်ကိန်းအတိုင်းပင်ဖြစ်၏။
သို့မဟုတ် သူ့အစီအစဉ်၏လှေကားတစ်ဆင့်နှင့်ပင် ပို၍တူနေခဲ့သည်။
မက်ခါပိုင်း၊ စီးပွားရေးပိုင်းနှင့် ဖျော်ဖြေရေးပိုင်းတို့၏ အဓိကသတင်းဝဘ်ဆိုဒ်များအားလုံးမှာ ထိုအကြောင်းအား ထုတ်လွှင့်နေကြသည်ကို လော့ဝမ်ချွမ်း မြင်လိုက်ရသည်။ သိသိသာသာပင် ၎င်းတို့အားလုံးမှာ ယွမ်ချန်ရှန့်အား ဟာသလုပ်ကာ လှောင်ပြောင်နေကြလေသည်။
ယွမ်ရှင်းကျဲ၏နည်းပညာမှာ ခေတ်သစ်တစ်ခု၏တံခါးအား ဖွင့်လှစ်တော့မည့်အချိန်တွင် သူချန်ရှန့်မက်ခါကုမ္ပဏီအား လူသိရှင်ကြား စွန့်ပစ်ခဲ့သည်။ ၎င်းမှာ ခေတ်တစ်ခေတ်လုံးစာ စွန့်ပစ်ခံရခြင်းနှင့် တူညီနေသည်ဖြစ်ရာ သဘာဝကျစွာပင် စတော့ဈေးကွက်များ ကျဆင်းသွားရမည်ပင်။
ထို့အပြင် ထိုဖြစ်ရပ်မှာ အကျိုးသက်ရောက်မှုအတွဲလိုက်များသည် ယွမ်ချန်ရှန့်နှင့် သူ၏ကုမ္ပဏီအား ငရဲပြည်အထိ တိုက်ရိုက်ဆွဲချသွားပေလိမ့်မည်။
၎င်းမှာလုပ်ငန်းရှင်တိုင်းအတွက် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုပင်ဖြစ်၏။
ရှင်းချွမ်းမက်ခါကုမ္ပဏီအဆောက်အဦး၏အတွင်းပိုင်အပြင်အဆင်များအား စစ်ဆေးနေသော ယွမ်ရှင်းကျဲမှာမူ အလွန်တည်ငြိမ်သော အမူအယာရှိနေခဲ့သည်။ သူ့အားကြည့်ရသည်မှာ ယွမ်မိသားစု၏ ကံကြမ္မာဆိုးအပေါ် လုံးလုံးပင် စိတ်ပူသည့်ပုံမရချေ။
လော့ဝမ်ချွမ်းကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ တစ်နည်းအားဖြင့် ယွမ်ရှင်းကျဲနှင့်သူသည် တစ်ပုံစံတည်းပင်ဖြစ်၏။
ယွမ်မိသားစုအတွက် ပြစ်ဒဏ်နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် သူမည်သည့်အရာမှလုပ်ဆောင်ရန် မလိုအပ်တော့သည့်ပုံပင်။
" ခင်ဗျားဘာလို့ငေးနေတာလဲ.." ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းဆီသို့ လျှောက်လာပြီး သူ့ကိုကြည့်လျက် ပြုံးကာမေးလာခဲ့သည်။
သူ၏အသိစိတ်အားပြန်လည်ရရှိချိန်တွင် လော့ဝမ်ချွမ်းလက်ဆန့်ကာ ယွမ်ရှင်းကျဲ၏မျက်နှာကို ထိလိုက်ပြီး " မင်းဒီရက်ပိုင်း ဝိတ်တော်တော်ကျသွားတာနော် ပင်ပန်းနေပြီလား.."
ယွမ်ရှင်းကျဲ သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ " ကျွန်တော်သဘောကျတဲ့အရာကို လုပ်နေတာပဲလေ… မပင်ပန်းပါဘူး…"
လော့ဝမ်ချွမ်း မကျေနပ်သည့်ပုံစံဖြင့် ညည်းညူလိုက်ကာ သူ၏မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းမေးလာခဲ့သည်။
" နောက်ထပ်ကော ဘာလုပ်ဖို့ရှိသေးတာလဲ…"
" နောက်ထပ်လား…" ယွမ်ရှင်းကျဲ သူ၏မျက်လုံးများဖြင့် လော့ဝမ်ချွမ်းထံလှမ်းကြည့်လိုက်ပြီး စဉ်းစားနေသည်။ ခဏအကြာတွင် " ကျွန်တော်ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုကိုလုပ်ချင်တယ်…" တကယ်လို့ စစ်ဆေးကာလပြီးသွားပြီဆိုရင် NCLM ကွင်းထဲပြန်ပြီး နောက်ဆုံးပွဲပြီးအောင်ကစားမယ်…"
ထိုစကားအား ကြားလိုက်ရချိန်တွင် လော့ဝမ်ချွမ်း အနည်းငယ် အံ့ဩမိသွားသော်လည်း ၎င်းမှာ စိတ်ကြည်နူးရသည့် အံ့ဩမှုမျိုးပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ၏အပျော်အား ထုတ်ဖော်ပြရာတွင် ကျွမ်းကျင်သောသူမဟုတ်သဖြင့် သူဒီအတိုင်း နှုတ်ခမ်းကိုကိုက်လျက် ယွမ်ရှင်းကျဲအား ပြောလိုက်လေသည်။
" မင်းမက်ခါမောင်းတာကိုမမြင်ရတာတောင် အတော်ကြာပြီ…"
ယွမ်ရှင်းကျဲသူ၏ဂလင်းအားဖြတ်လိုက်သည့်အချိန်မှစ၍ မက်ခါအားထပ်မံအသုံးပြုခြင်း မရှိတော့ပေ။
သူ၏စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတို့မှာ ကောင်းကောင်းတိုးတက်လာသည့်တိုင် ကွင်းပြင်ထဲတွင် လေ့ကျင့်ရန် အချိန်မရှိခဲ့ပေ။
အစပိုင်းတွင် ယွမ်ရှင်းကျဲမှာ သာမန်မက်ခါအား နှစ်သက်သူအိုမီဂါတစ်ဦးသာဖြစ်ခဲ့သည်။ သူ၏အိမ်မက်မှာ မက်ခါမောင်းနှင်ခြင်း ဖြစ်ကြောင်းကို သဘောပေါက်ချင်ခဲ့သော်လည်း သူသည် ယနေ့ခေတ်၏ကြီးမားသော ရေဝဲထဲတွင် မိသွားခဲ့ရသည်။
ထိုအကြောင်းအား စဉ်းစားမိချိန်တွင် လော့ဝမ်ချွမ်း မတတ်နိုင်သော်လည်း သူ၏နှလုံးသားထဲတွင် အနည်းပို၍ မသက်မသာခံစားလိုက်ရသည်။
သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ယွမ်ရှင်းကျဲ၏ဆံပင်များအား အသာအယာပွတ်သပ်လိုက်ကာ ရှီးပေါ်လိုင်၏စကားများကို အတုခိုး၍ နူးညံ့စွာ ပြောလာခဲ့သည်။
" ကိုယ်မင်းမပါဘဲ နောက်ဆုံးပွဲစဉ်တွေကို မကြည့်ဘူး…"
ယွမ်ရှင်းကျဲ သူ၏စကားကြောင့် ရွှင်မြူးသွားရကာ မေးလိုက်လေသည်။
" ကျွန်တော် ခင်ဗျားရဲ့ MVPတွေကို ယူသွားမှာမကြောက်ဘူးလား…"
" အဲ့ဒါဆိုလည်း မင်းကို MVP ပေးမယ်လေ.."
လော့ဝမ်ချွမ်း ခေါင်းကိုငုံ့ကာ ယွမ်ရှင်းကျဲ၏နှာခေါင်းပေါ်သို့ ညင်သာစွာ အနမ်းပေးလိုက်ပြီး " အဲ့ဒါပြီးရင်တော့ မင်းကကိုယ့်အပိုင်ပဲ…"
လော့ဝမ်ချွမ်း၏ နူးညံ့သောအသံကြောင့် အညှို့ခံလိုက်ရကာ ယွမ်ရှင်းကျဲ၏နှလုံးခုန်သံသည် အရှိန်အဟုန်ဖြင့် ခုန်ပေါက်လာပြီး လော့ဝမ်ချွမ်း၏ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများထဲတွင် ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ကူကယ်ရာမဲ့နေသည့်ပုံဖြင့် ယွမ်ရှင်းကျဲ မျက်လုံးများမှေးလိုက်ကာ သူ၏ခေါင်းကိုအနည်းငယ် မော့လျက် လော့ဝမ်ချွမ်း၏ပါးပြင်အနီးသို့ တိုးကပ်သွားလိုက်သည်။ လော့ဝမ်ချွမ်းသည်လည်း သူ၏အောက်နှုတ်ခမ်းကို သပ်၍ ယွမ်ရှင်းကျဲ၏ခါးအား ဖက်ရန် လက်ကိုဆန့်ထုတ်လာခဲ့သည်။
အကယ်၍ ယူဂျင်း၏ပုံရိပ်သာ ရုတ်တရက်မပေါ်လာခဲ့ပါက သူတို့နှစ်ဦး နမ်းမိကြတော့မည်ဖြစ်သည်။
" ရှင်းကျဲ.. လာမဲ့ မင်းရဲ့ဆေးဘက်ဆိုင်ရာစစ်ဆေးမှု ရက်ချိန်းက…"
သူ့စကား၏လမ်းတဝက်မှာပင် ထိုသူနှစ်ဦး၏ပါးပြင်များ ထိတွေ့နေကြပြီး နေရာတွင်တောင့်ခဲနေသည်အား ယူဂျင်းမြင်လိုက်ရလေသည်။
ခဏအကြာတွင် ယူဂျင်းအသိစိတ်ပြန်ဝင်လာပြီး အလျင်အမြန်ပြောလိုက်သည်။
" ကျွန်တော် ကျွန် ကျွန်တော် မရည်ရွယ်ပါဘူး…"
" အဟွတ် " ဖိတ်ခေါ်မထားသည့် ဧည့်သည်၏နှောင့်ယှက်မှုကြောင့် ယွမ်ရှင်းကျဲ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချကာ အနောက်သို့ ဆုတ်လိုက်ရသည်။ ထို့နောက် လည်ချောင်းကိုရှင်း၍ တည်ငြိမ်ချင်ယောင်ဆောင်လိုက်ကာ " စစ်ဆေးမှုက ဘယ်တော့လဲ…"
ပြန်မပြောခင်မှာပင် ယူဂျင်း ယွမ်ရှင်းကျဲ၏ သဘာဝမကျနေသော အမူအယာအား ကြည့်လိုက်ကာ " ဒီနေ့နေ့ခင်းပဲ..ဆရာဝန်ပြောတာက တကယ့်လို့ စစ်ဆေးတဲ့ကာလပြီးသွားပြီဆိုရင် ကွင်းထဲပြန်လာလို့ရ
156.2
NCLM ၏နောက်ဆုံးပွဲစဉ်မှာ မနက်ဖြန်ဖြစ်သောကြောင့် လော့ဝမ်ချွမ်း၏အမူအယာမှာ ပို၍ပင်လေးနက်လာခဲ့သည် ။
" အဲ့ဒါဆို အခုပဲ ဆေးစစ်ဖို့သွားရအောင်…"
ပြောပြီးနောက် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏လက်ကိုဆွဲကာ ကုမ္ပဏီတံခါးဆီသို့ လျှောက်လာလိုက်သည်။
အဆုံးတွင် ယွမ်ရှင်းကျဲမှာ အရှက်ရနေမှုမှ အကယ်ခံလိုက်ရပြီဖြစ်သည်။
ယခုပင်ဖြစ်ပေါ်ခဲ့သော ယွမ်ရှင်းကျဲ၏ထိတ်လန့်နေသည့် အမူအယာအား ပြန်လည် သတိရသွားချိန်တွင် လော့ဝမ်ချွမ်း၏နှုတ်ခမ်းထောင့်များမှာ မနေနိုင်တော့ဘဲ အနည်းငယ်မြင့်တက်သွားရသည်။
ယွမ်ရှင်းကျဲ၏အမူအယာမှာ သကြားလုံးခိုးစားသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်နေကာ သူ့အား စကားလုံးတစ်လုံးကို အမှတ်ရသွားစေခဲ့သည်။
အရမ်းချစ်ဖို့ကောင်းတာပဲ...
လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲနှင့်အတူ သူ၏ခန္ဓာကိုယ်အား စစ်ဆေးရန်အတွက် ပရက်စ်ဆေးရုံရှိရာသို့ အတူလိုက်လာပေးခဲ့သည်။
ယွမ်ရှင်းကျဲ သူ၏ဂလင်းများကိုဖြတ်လိုက်သည့်အချိန်မှစ၍ အင်ပါယာ၏အဓိကဆေးရုံများမှာ ပြန်လည်ကောင်းမွန်လာမည့် နည်းလမ်းများအား အမြဲလိုလိုရှာဖွေလော့လာနေခဲ့ပြီး အနည်းငယ်တိုးတက်မှုရှိလာသော်လည်း အခြေအနေများမှာမူ အကောင်းဘက်သို့ ရောက်မလာသေးချေ။
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးပြီးနောက်တွင် ဆရာဝန်မှ ယွမ်ရှင်းကျဲအား ပြောလာခဲ့သည်။
" လက်ရှိမှာတော့ ဂလင်းတွေဖြတ်တောက်လိုက်တာရဲ့ ဘေးထွက်ဆိုးကျိုးတွေက အလွန်နိမ့်ကျတဲ့ အခြေအနေကိုရောက်ရှိသွားပြီဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ အခြေအနေကတော့ အတက်အကျရှိနေသေးတုန်းပဲ…ကုသမှုအတွက်တော့ တစ်ရက်လောက်ကြာမယ်ထင်တယ်…"
" ဒါပေမယ့် မနက်ဖြန်က NCLM ရဲ့နောက်ဆုံးပွဲစဉ်လေ…" ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်ကာ " တခြားနည်းလမ်းကော ရှိသေးလား…"
ဆရာဝန်မှ သက်ပြင်းချလိုက်ပြီး ပြန်ဖြေလာခဲ့သည်။
" ဒါကအထိရောက်ဆုံးနည်းလမ်းပဲ…"
ဘေးဘက်တွင်ရှိနေသော လော့ဝမ်ချွမ်းမှာမူ ယွမ်ရှင်းကျဲအားကြည့်လိုက်ပြီးမှ သူ၏မျက်လုံးများကို အောက်သို့နိမ့်လိုက်ပြီး အတွေးနက်နေခဲ့သည်။
ခဏအကြာတွင် ယွမ်ရှင်းကျဲ သူ၏မျက်လုံးများကို ပင့်၍ ဘေးတွင်ရှိနေသော လော့ဝမ်ချွမ်းအား ကြည့်ကာ နူးညံ့စွာ ပြောလာခဲ့သည်။
" ဒါမှမဟုတ်…ကျွန်တော်ဒီတိုင်းမကုတော့ဘဲ ကွင်းထဲဝင်လိုက်မယ်လေ…"
လော့ဝမ်ချွမ်း၏သွယ်လျသော ခန္ဓာကိုယ်မှာ နံရံအား မှီချလိုက်သည်။
ထို့နောက် မျက်မှောင်ကြုတ်လျက် တင်းမာနေသောအသံဖြင့် " မရဘူး "
" ဒါပေမယ့် ခင်ဗျားပြောတော့ ကျွန်တော်မက်ခါမသုံးရတာကြာပြီဆို…ပြီးတော့ ဒီအခွင့်အရေးကကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်…" ယွမ်ရှင်းကျဲ ဆက်ပြောလိုက်သည် " ကျွန်တော့်ကို ပြိုင်ခွင့်ပြုပါနော်…"
ယွမ်ရှင်းကျဲ ပြိုင်ပွဲအပေါ် အမှန်တကယ်ပင် ဂရုစိုက်ကြောင်းကို လော့ဝမ်ချွမ်းသိနေခဲ့သည်။
သို့သော် သူ့အတွက်မူ ယွမ်ရှင်းကျဲ၏ကျန်းမာရေးမှာ အနိုင်ရရှိခြင်းထက်ပို၍အရေးပါသည်။
သူယွမ်ရှင်းကျဲအား ထိုကဲ့သို့အန္တရာယ်မျိုး ယူရန်အတွက် ခွင့်မပြုနိုင်ပေ။
ထို့ကြောင့် လော့ဝမ်ချွမ်းဆရာဝန်အားမေးလိုက်လေသည်။
" တကယ်လို့ကုသမှုကို အရှိန်မြင့်လိုက်ဆိုရင် ကျွန်တော်တို့ အစောဆုံးဘယ်အချိန်ပြီးနိုင်မလဲ…"
" ဒါက.." ဆရာဝန်၏မျက်နှာပေါ်တွက် ရှက်ရွံ့နေသော အမူအယာပေါ်လာကာ ခဏကြာစဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည် " မနက်ဖြန် နေ့လည်ခင်းလောက်…"
ထိုစကားအားကြားပြီးနောက် အချိန်အတန်ကြာ တွေးတောလိုက်ပြီး လော့ဝမ်ချွမ်းဆရာဝန်အား ပြန်ပြောလိုက်သည်။
" ကုသမှုကို မြန်နိုင်သလောက် အမြန်စပါ…ပြီးရင် ယွမ်ရှင်းကျဲကို မနက်ဖြန်၃နာရီမတိုင်ခင်ပွဲထဲဝင်နိုင်အောင်လို့ ကြိုးစားပေးရမယ်…"
ယွမ်ရှင်းကျဲ ခဏတာမျှ မည်သို့တုံ့ပြန်ရမည်အား မသိတော့ပေ။ ထို့နောက် မဝံ့မရဲမေးလိုက်လေသည်။
" အဲ့အချိန်ကျရင် နေ့လည်ခင်းပွဲက ပြီးပြီမဟုတ်လား…"
" ဒီမနက်ကို သုံးဦးခြင်းပွဲစဉ်စမှာလေ ပြီးမှ တစ်ဦးချင်းစီတိုက်ရမှာ…" ယွမ်ရှင်းကျဲအားကြည့်လျက် လော့ဝမ်ချွမ်းစိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
" နေ့ခင်းကျရင် ခြောက်ယောက်စီ ခံစစ်ထိုးစစ်ပွဲရှိဦးမှာလေ.. အဲ့ဒီပုံစံက ကွာတားဖိုင်နယ်ပြီးမှ ထပ်ထည့်ထားတာ…"
" ကျွန်တော်အဲ့ဒါကိုမေ့တော့မလို့.." ယွမ်ရှင်းကျဲ၏မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် ဝိုင်းစက်သွားပြီး " အဲ့လိုဆိုရင် ကျွန်တော်မနက်ဖြန်နေ့ခင်းပွဲထဲဝင်နိုင်တဲ့အခါကျ ခြောက်ယောက်စီ ထိုးစစ် ခံစစ်ပွဲစဉ်မှာ ပါဝင်နိုင်မှာပေါ့နော်.."
ထိုကဲ့သို့ ခြောက်ဦးချင်းပွဲစဉ်မျိုးမှာ အဖွဲ့လိုက်ပွဲစဉ်အပြီးတွင်သာ ပေါ်လာမည်ဖြစ်ရာ ထို့နောက်တွင် မတော်တဆမှုဖြစ်ပျက်ခဲ့ခြင်းကြောင့် ယွမ်ရှင်းကျဲသည် ယခင်ပွဲစဥ်များတွ င် ၎င်းယှဉ်ပြိုင်မှုပုံစံမျိုးဖြင့် တစ်ခါမျှ မထိတွေ့ခဲ့ဖူးချေ။ ထို့ကြောင့် သူသည် အဆိုပါ ခြောက်ဦးချင်း ထိုးစစ်ခံစစ်ပွဲစဉ်အား အတော်အတန်စိတ်ဝင်စားနေမိသည်။
ရစ်ချက်သည်လည်း အရင်အချိန်တုန်းက ထိုကဲ့သို့ ခြောက်ဦးချင်း ထိုးစစ် ခံစစ်ပွဲစဉ်မျိုးအတွက် လေ့ကျင့်ပေးခဲ့ဖူးပြီး အရင်အချိန်များတွင် ယွမ်ရှင်းကျဲကောင်းကောင်းလုပ်နိုင်ခဲ့ကာ တပ်မှုးရာထူးဖြင့် အလွန်သင့်တော်ခဲ့လေသည်။
လော့ဝမ်ချွမ်းခေါင်းငြိမ့်လိုက်ပြီး ဆရာဝန်အား ဆက်လက်ပြောလာခဲ့သည်။
" ဒါပေမယ့် အရှိန်မြှင့်တင်ဖို့အတွက်နဲ့တော့ ဘယ်ကုသမှုကိုမှ မချန်ခဲ့ရဘူး… မဟုတ်လို့ကတော့…"
သူစကားမပြောပြီးခင်မှာပင် လော့ဝမ်ချွမ်းကြောင်အသွားရသည်။ အဘယ့်ကြောင့်ဆိုသော ကွင်းထဲသို့ အချိန်မီပြန်ဝင်နိုင်ရန်အတွက် ယွမ်ရှင်းကျဲမှာ ဆေးကုသမှုခံယူရမည့်အခန်းထဲသို့ ပြေးဝင်ကာ စတင်၍လဲချတော့မလိုလုပ်နေခဲ့သည်။
ခဏအကြာတွင် အခန်းထဲမှ ယွမ်ရှင်းကျဲ၏အသံ ထွက်ပေါ်လာသည်။
" ဒေါက်တာ..ကျွန်တော့ကို အခန်းတံခါးကူပိတ်ပေးပါဦး.."
လော့ဝမ်ချွမ်းခဏတာမျှ အံသြသွားခဲ့ရသည်။
သူထရပ်လိုက်ကာ ဆေးကုသခန်းရှိရာသို့ တည့်တည့်လျှောက်သွားလိုက်ပြီး အခန်း၏ဘေးဘက်တွင်ရပ်ကာ ယွမ်ရှင်းကျဲအား ကြည့်၍ တစ်လုံးချင်းပြောလိုက်လေသည်။
" ဘယ်လိုပဲဖြစ်ဖြစ်… မင်းဘာလို့ ဆေးရုံဝတ်စုံကိုအရင်မဝတ်တာလဲ…"
ယွမ်ရှင်းကျဲ ထပ်မံ၍ အလျင်အမြန်ထရပ်လိုက်ကာ သူ၏ခေါင်းကိုကုတ်လျက် ရှက်ရွံ့နေသည့်ပုံဖြင့် ပြောလာခဲ့သည်။
" ကျွန်တော်အလျင်လိုနေတော့ မေ့သွားလို့.."
လော့ဝမ်ချွမ်း ဆရာဝန်အား သန့်ရှင်းသော ဆေးရုံဝတ်စုံတစ်စုံအား လှမ်းတောင်းလိုက်သည်။ ထို့နောက် ဘေးဘက်တွင် အင်္ကျီအား ကိုင်၍ ယွမ်ရှင်းကျဲ၏အင်္ကျီလက်တိုကိုချွတ်နေသည်အား ကြည့်နေခဲ့ပြီး သူ၏ပိန်ပါးကာ ဖြူလျော်နေသော ကောက်ကြောင်းထွက်ပေါ်လာချိန်တွင် လော့ဝမ်ချွမ်း၏အမူအယာများမှာ အချိန်အတန်ကြာအထိ အနည်းငယ် မူမမှန်ဖြစ်သွားခဲ့ရသည်။
နေရောင်မှာ ယွမ်ရှင်းကျဲပေါ်သို့ကျဆင်းနေပြီး သူ၏အသားအရေမှာ နို့နှစ်ရောင်သန်းနေခဲ့သည်။
၎င်းအား " လှပကာ အရသာရှိသည် " ဟူသော စကားလုံးများဖြင့်သာ ဖော်ပြနိုင်ပေမည်။
လော့ဝမ်ချွမ်း၏အသက်ရှုနှုန်းမှာ အနည်းငယ် မြန်လာသောကြောင့် သူအလျင်အမြန်အကြည့်လွှဲလိုက်ရကာ ထပ်မံ၍အချိန်ကြာကြာ မကြည့်ရဲတော့ချေ။
ထိုစဉ် ယွမ်ရှင်းကျဲ၏ အချိန်အခါမဟုတ်သော အသံထွက်ပေါ်လာခဲ့သည်။
" ကျွန်တော့်ကို အဝတ်အစားတွေ တစ်ချက်လှမ်းပေးပါဦး…"
သူပြောလာသည်အား ကြားလိုက်ရချိန်တွင် လော့ဝမ်ချွမ်းသူ၏အရှက်ရမှုအား ဖုံးအပ်ရန်အတွက် ချောင်းအနည်းငယ်ဟန့်လိုက်ရသည်။ ထို့နောက် သူ့လက်ကိုဆန့်၍ ဆေးရုံဝတ်စုံအားလှမ်းပေးချိန်တွင် သူ၏မျက်လုံးများမှာ အနည်းငယ်လှုပ်ရှားသွားလေသည်။
xxxxxxxxx