🍬20🍬နောက်ထပ် လက်ဆောင်
Viewers 981

Chapter (20)

နောက်ထပ် လက်ဆောင်



ထိုစကားကြောင့် ဖုန့်ဝူယိ ပြောစရာစကား ပျောက်ရှသွားသည်။ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တော့ ယဲ့လင် ကခုန်နေတဲ့ နေရာက သစ်ပင်အောက်မှာ လက်ဖက်ရည် သောက်နေသူကတော့ အရှင်ချင်းလုံပါပဲ။ 


သူက စားပွဲတစ်ဝိုင်းနဲ့ လက်ဖက်ရည်ကို အရသာခံသောက်နေကာ အချိုပွဲတွေကလည်း မနည်းပေ။ တစ်ချက် ကြည့်လိုက်တာနဲ့ ဘယ်သူ လုပ်ပေးထားသလဲ သိသာ၏။


တုံးကျန်း: "မင်း တံခါးပိတ်ကျင့်ကြံနေတဲ့ ၅လ အတွင်းမှာ အဲ့ယဲ့လင်က ဦးရီးတော်အနားကို တစ်ချိန်လုံး လိုက်ကပ်နေတာ.... "


"အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ?"


"ကျစ်! မင်းက ငတုံးပဲဟ!!"


တုံးကျန်းက ပြောရင်း ဖုန့်ဝူယိရဲ့ နောက်ကျောဘက်သို့ လက်ဝါးစွမ်းအင်ဖြင့် ရိုက်ချလိုက်သည်။ တုံးကျန်းက သူ့ထက် အဆင့်မြင့်တာကြောင့် ထိုလက်ဝါးစွမ်းအင်ကို မခုခံနိုင်လိုက်ဘဲ ယဲ့လင်ရှိရာသို့ လွင့်သွားတော့သည်။


ယဲ့လင်က ငှက်တစ်ကောင်လို ပေါ့ပါးစွာ ကခုန်နေဆဲပါပဲ။ အရှင်ချင်းလုံက သူ့ကို မော့မကြည့်သော်လည်း လက်မခံကြောင်းလည်း မပြချေ။ ထိုစဥ် ဖုန့်ဝူယိက လွင့်လာတာကြောင့် ယဲ့လင်က ရုတ်တရက် တုံ့ပြန်လိုက်တဲ့ အနေနဲ့ အဖြူရောင် ပဝါစကို ပစ်လွှတ်လိုက်၏။


မသေမျိုးနယ်ပယ်ရဲ့ အစွမ်းက မသေးတာကြောင့် ဖုန့်ဝူယိ ကမန်းကတမ်း ရှောင်လိုက်သော်လည်း ပဝါဖြူက သူ့မျက်နှာကို ရိုက်မိသွားခဲ့သည်။ 


"ဖုန့်ဝူယိ!!"


တုံးကျန်းလည်း ထိတ်လန့်သွားကာ ပျာပျာသလဲ ပြေးချလာသည်။ သူ ရောက်သွားချိန်မှာတော့ ဖုန့်ဝူယိက မြက်ခင်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်လျက် ထိုင်နေပြီ။ မြက်ခင်းပေါ်မှာတော့ သူ့ရဲ့ ငွေရောင်မျက်နှာဖုံးက နှစ်ခြမ်းကွဲထားတာကြောင့် ပြုတ်ကျသွားပြီး မျက်နှာဖုံးပေါ်ကို သွေးတစ်စက်က စီးကျသွားသည်။


"ဖုန့်ဝူယိ!"


တုံးကျန်းက ပျာပျာသလဲ ပြေးလာထူသည်။


"မင်း အဆင်ပြေရဲ့လား?"


ဖုန့်ဝူယိ သူ့နဖူးကို ထိကြည့်လိုက်တော့ နဖူးမှာ သွေးတွေ။ 


ယဲ့လင်: "......."


တုံးကျန်း: "ဦးရီးတော်.... ဖုန့်ဝူယိ နဖူးကွဲသွားပြီ!!"


ဖုန့်ဝူယိ: "ရတယ်.....ငါ....."


ဖုန့်ဝူယိ ခေါင်းမော့လိုက်တော့ သူ့ရှေ့မှာ အနက်ရောင် အရိပ်တစ်ခုက ရောက်နေပြီ။ 


"ရှစ်ဇွင်း....."


အရှင်ချင်းလုံရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားခဲ့သည်။ ဖုန့်ဝူယိနဖူးက ဒဏ်ရာဟာ သေးသော်လည်း သွေးစီးတာက မရပ်ဘဲ သူ့နှာခေါင်းထိပ်အထိ စီးကျလာ၏။ အရှင်ချင်းလုံ လက်သီးတင်းတင်း ဆုပ်ထားလိုက်မိတော့သည်။


ရုတ်တရက် သူတွေ့ခဲ့ရတဲ့ အနာဂတ်ထဲက ဖုန့်ဝူယိတစ်ကိုယ်လုံး သွေးနဲ့ ဒဏ်ရာတွေ ပြည့်နေတဲ့ မြင်ကွင်းကို သတိရမိသွားသည်။


"ရှစ်ဇွင်း ကျွန်တော်....."


အရှင်ချင်းလုံဘက်က လက်တစ်ဖက် ဝေ့ယမ်းလိုက်တဲ့အခါ နဖူးက ဒဏ်ရာကလည်း အမာရွတ်မကျန်အောင် လုံးဝ ပျောက်ကွယ်သွားတော့၏။ 


ယဲ့လင်: "ညီလေး.... မင်း အဆင်ပြေရဲ့လား?"


ယဲ့လင်လည်း အပြေးကလေး ရောက်လာသည်။ သို့သော် သူ ရောက်ရောက်ချင်း အရှင်ချင်းလုံဆီက ရိုက်ချက်ကြောင့် ခပ်ဝေးဝေးသို့ လွင့်သွားခဲ့ရသည်။ ယဲ့လင်တစ်ယောက် အံ့သြနေတဲ့ အချိန်မှာပဲ သူ့ပါးစပ်ထဲကနေ သွေးနှစ်လုတ် ထွက်ကျလာ၏။


"အရှင်!"


ဝုန်း!


ကောင်းကင်က ဖိအားတစ်ခု ကျဆင်းလာချိန်၌ ယဲ့လင် လုံးဝ ပြန်မထနိုင်တော့ဘဲ မြေကြီးပေါ်၌ ပြားပြားဝပ်သွားခဲ့သည်။ ဖိအားက သူ့ခန္ဓာကိုယ်ထဲက အရိုးတွေကို ဆွဲနုတ်နေသလို အလွန်နာကျင်တဲ့ ဝေဒနာကို ခံစားခွင့်ပေးသလို သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို တဖြည်းဖြည်း ဝါးမျိုသွားနေ၏။ 


ယဲ့လင် ကြောက်လာသည်။ ခေါင်းမော့ကြည့်လိုက်တဲ့အခါ အရှင်ချင်းလုံရဲ့ လူသတ်တော့မယ့် မျက်လုံးတွေနဲ့ တွေ့သွားသည်။ ယဲ့လင် ဝိညာဥ်လွင့်မတတ် လန့်သွားရသည်။ အကြောင်းမှာ အရှင်ချင်းလုံရဲ့ အခုလိုပုံစံအား သူတစ်ခါမှ မတွေ့ဖူးတာကြောင့်ပါပဲ။


"ပေချွမ်းရင် မနေ့က မင်းကို ဘာပြောထားလဲ??"


ယဲ့လင်: "အရှင် ကျွန်တော် သတိမထားမိလိုက်လို့ပါ... "


"ဖုန့် ဝူ ယိ!! သူက ငါ့လူ.... ဒီနေ့ မင်းသူ့သွေးတစ်စက် ကျအောင် လုပ်ခဲ့တဲ့အတွက် ငါမင်းကို အပြစ်ပေးမယ်!"


"မလုပ်ပါနဲ့!"


ယဲ့လင် အလန့်တကြား ဟစ်အော်လိုက်၏။


"နောက်တစ်ခါ မဖြစ်စေရပါဘူး... ကျွန်တော် နောက်တစ်ခါ သတိထားပါ့မယ်! "


တုံးကျန်း: "သွားစမ်းပါ! ဦးရီးတော်က လုံကျောက်ကိုတောင် မလွှတ်ပေးတာ မင်းကို လွှတ်ပေးမယ် ထင်နေလား???"


ယဲ့လင်: "မဟုတ်ဘူး... မဟုတ်ဘူး.... ငါက သခင်မ ရွေးထားတဲ့ အရှင့်ရဲ့ အနာဂတ် ကိုယ်လုပ်တော်ပဲ.... "


ဖုန့်ဝူယိ: "....?"


ယဲ့လင် စကားဆက်မပြောနိုင်အောင် ဖိအားတွေ ထပ်ကျလာပြန်သည်။ အရှင်ချင်းလုံဟာ လက်တစ်ချောင်းတောင် လှုပ်စရာမလိုဘဲ မသေမျိုးနယ်ပယ်ကို လုံးဝ ထလို့မရအောင် ဖိထားနိုင်၏။ ကြည့်နေတုန်းမှာပဲ ယဲ့လင်ရဲ့ ကျင့်ကြံမှုအဆင့်က မသေမျိုးနယ်ပယ်ကနေ ကောင်းကင်မိုးကြိုးနယ်ပယ်သို့ ကျဆင်းသွားသည်။


ယဲ့လင် သေမတတ် ထိတ်လန့်လာသည်။ မသေမျိုးနယ်ပယ် ရောက်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်လဲ။ အရှင်က ဒါကို မသိတာ မဟုတ်ဘဲ သူ့ရဲ့ ကျင့်ကြံမှုတွေကို ဖျက်စီးပစ်လိုက်လေသည်။ သူဒါကို လုံးဝ လုံးဝ လက်မခံနိုင်သော်လည်း ဘယ်လိုမှ မခုခံနိုင်ပေ။


ဖုန့်ဝူယိ ဝင်မတားတာကိုလည်း တုံးကျန်း အံ့သြနေ၏။ သူမပြောနှင့် အဝေးတစ်နေရာက ကြည့်နေခဲ့သော ပေချွမ်းရင်ပင် အလွန်အမင်း ထိတ်လန့်သွားရသည်။ အကြောင်းမှာ ယဲ့လင်ရဲ့ နယ်ပယ်က ဧကရာဇ်နယ်ပယ်အထိ ကျဆင်းသွားလို့ မရပ်သေးချေ။ 


ဖုန့်ဝူယိလည်း မတတ်သာတော့တာကြောင့် ရှစ်ဇွင်း လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ ဒါကို ရှစ်ဇွင်းက သူ့အတွက် လုပ်တာဖြစ်ကြောင်း နားလည်ပါ၏။ အခု သူဝင်မတားရင် ယဲ့လင်ရဲ့ ကျင့်ကြံမှုအဆင့်က ချီစုဆောင်းမှု နယ်ပယ်အထိ ရောက်တော့မည်။


"ရှစ်ဇွင်း..... "


ပေချွမ်းရင်လည်း အပြေးကလေး ရောက်လာသည်။


"အရှင် ရပ်လိုက်ပါတော့... ယဲ့လင်လည်း သင်ခန်းစာ ရနေလောက်ပါပြီ..."


"ရှစ်ဇွင်း......"


ယဲ့လင်ကိုယ်ပေါ်က ဖိအားတွေ နောက်ဆုံးတော့ ရပ်သွားခဲ့သည်။ သို့သော် သူ့ရဲ့ ကျင့်ကြံမှုတွေကတော့ ဧကရာဇ်နယ်ပယ် အဆင့်တစ်သာ ရှိတော့၏။ သူ့ခမျာ လုံးဝ မလှုပ်နိုင်တော့ဘဲ မြက်ခင်းပြင်ပေါ်၌ ပုံလျက်သားလေး လဲကျနေသည်။ 


ပေချွမ်းရင် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ယဲ့လင်က အရှင့်ကို အမြဲတမ်း ဆွဲဆောင်နေလို့ သူမ သိပ်သဘောမကျသော်လည်း ဖုန့်ဝူယိမျက်နှာကို ဒဏ်ရာရအောင် လုပ်လိုက်တာကိုတော့ သူမလည်း မဖြစ်စေချင်ပေ။ 


အရှင်နဲ့ ဖုန့်ဝူယိကြား ဆက်ဆံရေးကို တိတိကျကျ မသိထားရသေးသော်လည်း အရှင်က ဖုန့်ဝူယိကို အရာအားလုံးထက် ပိုဂရုစိုက်တာ သိသာထင်ရှားသည်။ ယဲ့လင်ကို ကြည့်လိုက်မယ်ဆိုရင် အရင်က လှပတဲ့ ငှက်တစ်ကောင် အသွင်က လုံးဝ မရှိတော့ဘဲ အတော်လေး ကြည့်ရဆိုးနေပြီ။ 


"ချွမ်းရင်....."


အရှင့် အသံကြောင့် ပေချွမ်းရင်လည်း လန့်ဖြတ်သွားသည်။ 


"အမိန့်ရှိပါ အရှင်!"


"တောင်ထွတ်တစ်ခုလုံးကို သတင်းလွှင့်လိုက်... ငါ့မှာ တပည့်နှစ်ယောက် ရှိတယ်... ရည်ရွယ်ချက် ရှိရှိမရှိရှိ ငါ့တပည့်ကို ထိတဲ့လူ သူ့လိုပဲ အဆုံးသတ်ရမယ်...."


"အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်!"


ပေချွမ်းရင် ယဲ့လင်ကို ဆွဲခေါ်ကာ သစ်ပင်အောက်မှ ပျောက်ကွယ်သွားခဲ့သည်။ တုံးကျန်းလည်း ဆက်မနေရဲတာကြောင့် ကျားလိုက်နေသလို ထွက်ပြေးသွား၏။ သစ်ပင်အောက်မှာ လူနှစ်ယောက်သာ ကျန်ခဲ့သည်။


ဖုန့်ဝူယိ သူဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကို လွှတ်လိုက်တဲ့ အချိန်မှာ တစ်ဖက်ကလည်း ပြန်လှည့်ကြည့်လာရာ မျက်လုံးချင်း ဆုံသွားပြီး ဖုန့်ဝူယိ ပျာပျာသလဲ အကြည့်လွှဲချလိုက်သည်။ သူ့မှာ မျက်နှာဖုံး မရှိတော့ပေ။ ဒဏ်ရာက မရှိတော့ပေမယ့် ဒဏ်ရာရသွားတဲ့ ထိတ်လန့်မှုက မပျောက်သေးချေ။


တကယ်လို့သာ သူ မရှောင်ခဲ့ရင် ဒါမှမဟုတ် ရှစ်ဇွင်းသာ မရှိနေခဲ့ရင် အဲဒီယဲ့လင်က သူ့ကို သတ်တော့မယ်လို့ ခံစားနေရလေသည်။ ဒါကြောင့်လည်း ရှစ်ဇွင်း အပြစ်ပေးနေတာကို သူ ဝင်မတားခဲ့တာပဲ ဖြစ်ပေ၏။ ယဲ့လင် သူ့ကိုဒီလောက်ထိ မုန်းနေမယ်လို့ သူလည်းပဲ မထင်ထား။


"ယိအာ... နဖူးက နာသေးလား?"


ဖုန့်ဝူယိ ချက်ချင်း ခေါင်းခါလိုက်သည်။


"တပည့် မနာတော့ပါဘူး... တကယ်တော့ အလောတကြီး ပြေးလာမိတဲ့ ကျွန်တော့်အမှားပါ... အစ်ကိုယဲ့လင်က အဲ့လောက် ဒေါသကြီးမယ်လို့ မထင်ထား..."


"မင်း သူ့အတွက် ပြောပေးနေစရာ မလိုဘူး!"


ဖုန့်ဝူယိ ပါးစပ်ပိတ်ထားလိုက်သည်။ 


အရှင်ချင်းလုံ: "ဒီတောင်ထွတ်ကို သူတော်စင်တောင်ထွတ်လို့ ခေါ်တယ်... ကိုယ့်ပိုင်နက်ပဲ မင်းဒီက ဝိညာဥ်စွမ်းအင်တွေကို စိတ်ကြိုက် စုပ်ယူလို့ရတယ်.... အရည်အချင်းတွေ တိုးတက်လာချင်ရင် အပြင်ထွက်ရမယ်! ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ပြန်လာနိုင်မှာ မဟုတ်ဘူး"


ဖုန့်ဝူယိ: "ကျွန်တော် အပြင်ထွက်ပြီး အတွေ့အကြုံ ယူသင့်ပြီလို့ ပြောချင်တာလား?"


"အခု မဟုတ်ဘူး!! မင်း အရည်အချင်းနဲ့ ခွန်အားတွေ တိုးတက်လာမှ ဖြစ်မယ်... ယဲ့လင်လိုလူမျိုးနဲ့ ထပ်တွေ့ရင် မင်းဒဏ်ရာ ရသွားတာမျိုး မမြင်ချင်ဘူး နားလည်လား?"


ရှစ်ဇွင်းအသံက သူ့ကို ဆူနေသံပေါက်သော်လည်း ဘာကြောင့်ရယ်မသိ သူ့နှလုံးသားက နွေးထွေးသွားတာကြောင့် နှုတ်ခမ်းထောင့်စွန်းများက ကွေးညွတ်သွား၏။


ဖုန့်ဝူယိ ခေါင်းမော့ကြည့်လိုက်တဲ့အခါ တစ်ဖက်လူက သူ့ကို ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်။ ပြုံးယောင်သမ်းနေတဲ့ နှုတ်ခမ်းတွေက အရှိန်မသေသေးတာကြောင့် အရှင်ချင်းလုံအား ပြုံးပြနေသလို ဖြစ်သွားသည်။ ဖုန့်ဝူယိ သူ့ဘာသာသူ ပြန်ထိန်းလိုက်ချင်သော်လည်း ရှစ်ဇွင်းက နည်းနည်းလေး ပြုံးနေသလို ခံစားလိုက်ရလေသည်။


ဖုန့်ဝူယိ: "......."


"မေးစရာ ရှိသေးလား?"


"အမ်.... ရှိပါတယ် ကျွန်တော်သိချင်တာက ခေါင်းလောင်းက ဘာလို့ ကျွန်တော့်ကို မကာကွယ်ပေးတာလဲ"


အရှင်ချင်းလုံ: "မင်းကိုယ်တိုင်က သူ့ကို သုံးဖို့ ဆန္ဒမရှိခဲ့လို့လေ... ယိအာ... ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် ကြိုးစား..."


"ဟုတ်ကဲ့...."


"ဘာရှိသေးလဲ?"


"အမ်... ဟိုဟာ.... ယဲ့လင်ပြောတဲ့ ရှစ်ဇွင်းရဲ့ ကိုယ်လုပ်တော် ဆိုတာက....??"


"အခြေအမြစ်မရှိတဲ့ စကားတွေ... ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..."


ဖုန့်ဝူယိ: "သူချက်ထားတဲ့ ဟင်းတွေကို ကြိုက်တယ် ဆိုတာက....?"


"ကိုယ် ကြိုက်တာ မဟုတ်ဘူး!! ကိုယ့်အမေ"


"သခင်မကလား?"


"တကယ်လို့ ရှစ်ဇွင်း အသက်၅၀၀ ပြည့်တဲ့နေ့မှာ လက်တွဲဖော် မရှိသေးဘူးဆိုရင် အမေက သူနဲ့ လက်ထပ်ရမယ်လို့ ပြောတယ်... ဒါပေမဲ့ ရှစ်ဇွင်း အဲ့ကိစ္စကို ကတိမပေးခဲ့ဘူး ဒီအတွက် မင်းစိတ်ထဲ ထည့်ထားနေစရာ မလိုဘူး..."


"သခင်မက အခု ဘယ်မှာလဲ?"


"အနားယူနေတယ်... တစ်နေ့ မင်းနဲ့ ပေးတွေ့မယ်..."


ဖုန့်ဝူယိ ပြုံးလိုက်သည်။


"ဟုတ်ကဲ့!"


အဲဒီနောက် နှစ်ယောက်သားကြားက စကားဝိုင်းက တိတ်ဆိတ်သွားပြန်သည်။ ဖုန့်ဝူယိ ဘာလုပ်ရမှန်း မသိတာကြောင့် ကွဲသွားတဲ့ မျက်နှာဖုံးလေးကိုပဲ ပြန်ကောက်လိုက်သည်။ သူ ပြန်ထလိုက်တဲ့ အချိန်မှာတော့ သူ့မျက်နှာမှာ နောက်ထပ် ငွေရောင် မျက်နှာဖုံးအသစ်က ထပ်ရောက်နေပြီ။ 


ဖုန့်ဝူယိ မျက်နှာဖုံးကို ကိုင်ကြည့်ရင်း အံ့သြသွား၏။ ခေါင်းမော့ကြည့်လိုက်တော့ ရှစ်ဇွင်းလက်ထဲမှာ စိမ်း​ပြာရောင် အကြေးခွံတစ်ခုက လွင့်မျောနေသည်။ ၎င်းကို တစ်ချက် ကြည့်လိုက်တာနဲ့ စိမ်း​ပြာနဂါးရဲ့ အကြေးခွံပဲ ဆိုတာကို မမေးဘဲတောင် သိနိုင်လေသည်။ 


သူ ကြည့်နေတဲ့ အချိန်မှာပဲ အရှင်ချင်းလုံက စိမ်းပြာနဂါးရဲ့ ကြေးခွံကို မိမိနဖူးထဲ ထည့်သွင်းလိုက်တာ တွေ့လိုက်ရ၏။ အကြေးခွံက မျက်နှာဖုံးကို ဖြတ်ကာ ဖုန့်ဝူယိရဲ့ နဖူးထဲသို့ စိမ့်ဝင်သွားပြီး အေးမြသော အငွေ့အသက်နဲ့အတူ လွှမ်းခြုံသွားခဲ့သည်။ 


ဖုန့်ဝူယိ မျက်နှာဖုံးကို ထပ်ကိုင်ကြည့်လိုက်သည်။


"ရှစ်ဇွင်း.... ဒါက??"


"မင်းအတွက် နောက်ထပ် အကာအကွယ် တစ်ခု... ယဲ့လင်ရဲ့ ကိုယ်လုပ်တော် ဆိုတဲ့စကားကြောင့် မင်း စိတ်ထဲ ခံပြင်းသွားတယ်မလား... ဒါက ရှစ်ဇွင်းပေးတဲ့ နောက်ထပ် လက်ဆောင်တစ်ခုလို့ သတ်မှတ်လိုက်..."


ဖုန့်ဝူယိ: "......."


ဖုန့်ဝူယိ တကယ်ကို ဆွံ့အသွားသည်။ သူတကယ် ယဲ့လင်ရဲ့ အဲဒီစကားကြောင့် စိတ်ညစ်သွားတာ မှန်ပေမယ့် သူ့အနေနဲ့ ရှစ်ဇွင်းရဲ့ အတွင်းရေးကိစ္စမှာ ဝင်ပါစရာ အကြောင်းမရှိတာကြောင့် အသံတိတ်နေဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။ အမှန်စင်စစ် သူ့ရင်ထဲမှာ တကယ်ကို ချဥ်စူးနေခဲ့တာပဲ ​ဖြစ်သည်။ 


သူ ရှစ်ဇွင်းလက်ကို ကိုင်ထားမိချိန်ဆို မလွှတ်ပေးချင်ပေ။ ယဲ့လင် ကပြနေတာကို အသာတကြည် လက်ခံပေးနေတာကိုလည်း သူ မကြိုက်ပါ။ မပြောရဲတာကြောင့်သာ မျက်နှာလွှဲဖို့ ဆုံးဖြတ်မိခဲ့တာပင်။


သို့သော် မထင်မှတ်ဘဲ ရှစ်ဇွင်းက သူ့ကိုချောဖို့ စိမ်းပြာနဂါးတစ်ကောင်ဆီက ရထားသော ကြေးခွံကို ပေးလာခဲ့သည်။ ဒါက ရှစ်ဇွင်းသူ့အပေါ် ဘယ်လောက် ဂရုစိုက်ပေးသလဲ မြင်သာနေပြီ။ 


"ကျေးဇူးတင်ပါတယ် ရှစ်ဇွင်း!"


"စိတ်ပြေသွားပြီလား?"


"အွန်း....."


ဖုန့်ဝူယိ ပြုံးပြလိုက်တဲ့အခါမှ အရှင်ချင်းလုံက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြ၏။ ထို့နောက် သူ့နောက်လိုက်ခဲ့ဟု ဆိုတာ ဓားချွန်လို တောင်ထိပ်သို့ ခေါ်သွားလေသည်။ အရှင်ချင်းလုံဟာ သူ့အရည်အချင်းနဲ့ ပျံသန်းလို့ ရသော်လည်း လှေကားတွေအတိုင်း တစ်လှမ်းချင်း တက်သွားတာကြောင့် ဖုန့်ဝူယိလည်း ထိုအတိုင်း လိုက်ရသည်။


ဖုန့်ဝူယိ လက်တစ်ဖက်က အရှင်ချင်းလုံရဲ့ အနက်ရောင် ဝတ်ရုံလက်ရှည်ကို ဆုပ်ကိုင်ထားသည်။ ရှစ်ဇွင်းဆီက လက်ဆောင်ရထားတာကြောင့် စိတ်ကြည်နေရာ ခဏခဏကို ပြုံးနေမိသည်။


ထိုစဥ် အရှေ့ကသွားနေသူထံမှ မေးသံကို ကြားလိုက်ရသည်။


"မင်း ချင်းလုံတောင်ထွတ်ကို ဝင်လာတာ ရှစ်ဇွင်းဆီမှာ တပည့်ခံဖို့လား?"


ဖုန့်ဝူယိ ချက်ချင်း ခေါင်းညိတ်ပြသည်။


"အဖေနဲ့သိတာ ရှစ်ဇွင်းပဲ ရှိတာလေ... အဲဒါကြောင့် ရှစ်ဇွင်းဆီ လာခဲ့တာ ... "


"လုံဝူကျီကို သတ်သွားတဲ့လူက အစောကတည်းက ဒဏ္ဍာရီသားရဲဂိုဏ်းမှာ မရှိတော့ဘူး... အဲ့ကိစ္စပြီးတော့ အထက်နယ်မြေက သူ့ကို ခေါ်သွားတာ... မင်း သိချင်ရင် အထက်နယ်မြေကို သွားရမယ်..."


ဖုန့်ဝူယိ သူနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုစဥ် သူတို့တက်လာတာ တော်တော် အမြင့်ကြီးကို ရောက်နေကြောင်း တွေ့လိုက်ရ၏။ တောင်ထဲက အိမ်တွေကို မမြင်ရတော့ဘဲ တိမ်တွေချည်းသာ မြင်နေရသည်။ နေရာတိုင်းက တိမ်တွေချည်းပင်။


တကယ်လို့များ ဒီနေရာကနေသာ ပြုတ်ကျသွားခဲ့ရင် သူ့မှာ ဓားပျံရှိတယ် ဆိုရင်တောင် သေချာပေါက် ဟန်ချက်ကို ထိန်းဖို့က ခက်လိမ့်မည်။ မသေရင်တောင် ဒဏ်ရာက အကြီးအကျယ် ပြင်းထန်မှာ သေချာ၏။