🍬19🍬ပျက်စီးသွားပြီ
Viewers 982

Chapter (19)

ပျက်စီးသွားပြီ 



ထာဝရနတ်ပန်းထဲက စိတ်ဝိညာဥ်တစ်ခု ဖုန့်ဝူယိအတွေးထဲ ဝင်လာခဲ့သည်။ ၎င်းက သေးငယ်သော ဖီးနစ်ငှက်ငယ်လေးပင်။ သူ့နံဘေးမှာ အတောင်ပံများ လှုပ်ရှားရင်း ပျံဝဲနေခဲ့ကာ အနီရောင် ဝိညာဥ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲ ပို့နေ၏။ 


ဖုန့်ဝူယိလည်း ငြိမ်ငြိမ်ကလေး ထိုင်ရင်း ထိုစွမ်းအင်များကို စုပ်ယူနေသည်။ သူ စွမ်းအင်များကို စတင်စုပ်ယူလိုက်သည်နှင့် ပတ်ဝန်းကျင်က ထာဝရနတ်ပန်းရဲ့ အရှိန်အဝါက အနည်းငယ် လျှော့ကျသွားသည်။ ထိုအခိုက်ကို အခွင့်အရေး ယူချင်တဲ့ လူကြီး၆ယောက်ကလည်း တစ်ပြိုင်တည်း ပြေးဝင်လာကြသည်။


၎င်းအပြုအမူကြောင့် တောင်ထိပ်က အရှင်ချင်းလုံ မျက်မှောင်ကြုတ်သွားသည်။


အရှင်ချင်းလုံ: "ပေချွမ်းရင် ...."


တစ်ဖက်လူ နာမည်ခေါ်လိုက်တာနဲ့ ပေချွမ်းရင် ချက်ချင်း သဘောပေါက်သည်။ သူမက လေပေါ်မှာ လမ်းလျှောက်နေသလို ပြေးထွက်သွားခဲ့ပြီး ဖုန့်ဝူယိအား ပထမဆုံး တိုက်ခိုက်လာသော လူတစ်ယောက်ရှေ့မှာ ဖျတ်ကနဲ ပြေးထွက်သွား၏။ 


ပေချွမ်းရင် ပြေးထွက်သွားပုံက အလင်းတစ်ချက်လိုပါပဲ။ ဖုန့်ဝူယိကို အပြတ်ရှင်းပစ်ဖို့ပဲ အာရုံရောက်နေတဲ့ အကြီးအကဲတစ်ယောက်ဟာ လုံးဝ သတိမထားမိဘဲ ခေါင်းပြတ်သွားခဲ့သည်။ ပထမတစ်ယောက်ရဲ့ လည်ပင်းက ထွက်လာတဲ့ သွေးတွေကြောင့် ဒုတိယတစ်ယောက်လည်း ဓားဆွဲထုတ်ကာ ချက်ချင်း ကာလိုက်သည်။


ချွင်း!


သို့သော် အသံတစ်သံက သူ့အနောက်ဖက်ကနေ ထွက်လာပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်အောက်ပိုင်းက ခံစားလို့ မရတော့တာကို တွေ့လိုက်ရသည်။ သူ့ရဲ့ ခါးအောက်ပိုင်း ပြတ်သွားပြီ။ 


ပေချွမ်းရင် လှုပ်ရှားသွားတာက အလွန်မြန်ဆန်ကာ သူမဟာ မသေမျိုးနယ်ပယ်က အဆင့်မြင့်သူ ဖြစ်ကြောင်း ပြသနေ၏။


တုံးကျန်း: "......."


နန်ချင်းချင်း: "......"


ပေချွမ်းရင် လူငါးယောက်ကို ရှင်းပြီးတဲ့အခါ ဖုန့်ဝူယိလည်း ထာဝရနတ်ပန်းထဲက ဖီးနစ်အမွေးကို အလုံးစုံ စုပ်ယူပြီးလေပြီ။ အနီရောင် ဝိညာဥ်စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲကနေ လေထုအလယ် ဖြာထွက်သွားသည်။


ဝုန်း!


မြေကြီးတွေ တုန်ခါသွားစဥ် ဖုန့်ဝူယိ နံဘေးသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ အချိန်ကိုက်ပင်။ သူ့အောက်က ကျင်းကြီးထဲမှ ယင်ရှစ် ပြေးထွက်လာသည်။ သူမ လေထုအလယ် ပြန်ရောက်သည်နှင့် ​ကျင်းကြီးထဲကနေ အဖြူရောင် အလင်းတန်းကြီး ကောင်းကင်သို့ ထိုးတက်သွားကာ တိမ်တွေကြားထဲ ထိုးဖောက်သွား၏။ 


ဖုန့်ဝူယိ: "အခင်းအကျင်း မျက်လုံး??"


ယင်ရှစ်: "ဟုတ်တယ်.... ငါ ငါ့အမေရဲ့ ဝိညာဥ်အပိုင်းအစကို ပြန်ရပြီ! တကယ်တော့ တော်ဝင်အင်ပါယာမြို့ရဲ့ အကြီးဆုံး အခင်းအကျင်းအောက်မှာ ချုပ်ထားတာက ငါ့အမေရဲ့ ဝိညာဥ်အပိုင်းအစ မဟုတ်ဘူး!"


"........"


ဖုန့်ဝူယိ ဆွံ့အသွားသည်။ ဒါက ဘယ်လိုဖြစ်တာလဲ။ သူတို့အားလုံးက အကြီးဆုံး အခင်းအကျင်းအောက်မှာ မြွေဖြူနတ်ဘုရားမရဲ့ ဝိညာဥ်အပိုင်းအစ ရှိတယ်လို့ ထင်နေကြတာလေ။ ဒါက မဟုတ်ဘူးတဲ့လား။


နံဘေးကို ကြည့်လိုက်တော့ အစောင့်တွေက တစ်ယောက်မှ မရှိတော့ချေ။ နောက်ပြီး အကြီးအကဲ ၆ယောက်စလုံးကလည်း ရက်ရက်စက်စက် အသတ်ခံထားရသည်။ အခုအခင်းအကျင်း မျက်လုံးက ပွင့်သွားပြီမလို့ သူတို့နှစ်ဦး ဤနေရာ၌ ဆက်နေစရာ အကြောင်း မရှိတော့ချေ။


နှစ်ယောက်သား လျှင်မြန်စွာ ပြန်ပြေးထွက်လာခဲ့သည်။ ထိုစဉ် တော်ဝင်အင်ပါယာမြို့ကို ဝန်းရံထားသော မိသားစုကြီးငါးခုရဲ့ အခင်းအကျင်း မျက်လုံးများ ပွင့်လာလေ၏။ မတူညီသော အလင်းရောင်များက ကောင်းကင်အထိ ထိုးဖောက်ထားခဲ့ကာ တဖြည်းဖြည်း ချိတ်ဆက်ဖို့အတွက် ပြင်ဆင်နေကြသည်။


ဖုန့်ဝူယိ အနောက်ပြန် လှည့်ကြည့်လိုက်တော့ တော်ဝင်အင်ပါယာမြို့ထဲက လူတစ်ယောက်မှ မရှိပေ။ ၎င်းတို့က ထူးထူးဆန်းဆန်းကို ပျောက်ကွယ်သွားကြတာပင်။ သို့သော် သူ့မှာ ထိုအကြောင်းကို တွေးနေရန် အချိန်မရှိတာကြောင့် ချိန်းထားသော နေရာသို့သာ ပြေးထွက်လာခဲ့သည်။


သို့သော်။ 


ဝုန်း!


တောထဲ စဝင်ချိန်၌ အသံနက်ကြီးတစ်ခု ကောင်းကင်မှ ပြိုကျလာခဲ့သည်။ နှစ်ယောက်သား အနောက်သို့ အမြန်ဆုတ်လိုက်သောအခါ သူတို့နှစ်ယောက် ရပ်ခဲ့သောနေရာ၌ ကျင်းကြီးတစ်ခု ဖြစ်သွားတာ တွေ့လိုက်ရသည်။ တစ်ပြိုင်တည်း ဓားဆွဲထုတ်လိုက်စဥ် ကြီးမားသော အနက်ရောင် အရိပ်တစ်ခုက သူတို့ဘက်ကို ရိုက်ချလာ၏။ 


ဝုန်း! 


နှစ်ယောက်သား ထိုအနက်ရောင် အရိပ်ကို ဓားစွမ်းအင်ဖြင့် ဖြိုခွင်းလိုက်သော်လည်း ရလဒ်အနေဖြင့် သူတို့ကသာ လွင့်သွားခဲ့ရသည်။ ဟန်ချက်ကို သေချာပြန်ထိန်းရင်း ခေါင်းမော့ကြည့်လိုက်စဥ် အစောကနေရာမှာ ရှိနေတဲ့ အရာက နဂါးနက်တစ်ကောင် ဖြစ်နေတာ တွေ့လိုက်ရလေ၏။


ဖုန့်ဝူယိ: "နဂါးနက်??"


ယင်ရှစ်: "နင်သိလား....."


"အင်း.... ဒဏ္ဍာရီသားရဲဂိုဏ်းက အဲဒီကောင်ကို ကျွေးမွေးဖို့ နတ်သားရဲတွေကို သုံးနေတာ!"


ယင်ရှစ်မျက်လုံးတွေက ချက်ချင်းကြီး သတ်ဖြတ်ချင်လာတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်သွားတော့သည်။ သူမက ငွေရောင်ဓားကို လှပစွာ ဝေ့ယမ်းလိုက်ပြီးနောက် နဂါးနက်ကြီးထံ ပြေးဝင်သွား၏။ ဖုန့်ဝူယိ တားချိန်ပင် မရလိုက်ချေ။ 


ယင်ရှစ် အနေနဲ့ နဂါးနက်ကို လုံးဝ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် တစ်ဖက်က သူတို့ကို တိုက်ခိုက်လာပြီ ဖြစ်တာကြောင့် ဖုန့်ဝူယိလည်း ထွက်ပြေးချင်စိတ် မရှိတော့ပါ။ နှစ်ယောက်အတူ ပြေးဝင်သွားစဥ် နဂါးနက်က သူတို့ဘက်သို့ ဟိန်းဟောက်လာခဲ့သည်။ 


၎င်းရဲ့ အသံလှိုင်းက မသေမျိုးနယ်ပယ်က လူသားတစ်ယောက်ရဲ့ ခွန်အားနီးနီး ရှိသည်။ သို့သော် သူတို့ကလည်း မကြာသေးခင်ကမှ နတ်စွမ်းအင်တချို့ကို စုပ်ယူထားတာကြောင့် ခွန်အားတွေက တိုးတက်လာပြီ။ နှစ်ယောက်သား ထိုအသံလှိုင်းကို ခပ်မြန်မြန် ရှောင်လိုက်ကြရင်း ဓားစွမ်းအင်များကို ပစ်လွှတ်လိုက်သည်။


လခြမ်းသဏ္ဌာန် ဓားအလင်းများက ရာချီအလင်းများနှယ် ဖြတ်ပြေးသွားစဥ် နဂါးနက်ကြီးကလည်း ရှောင်လေ၏။ ဓားအလင်းများ ကုန်သွားတဲ့အခါ ၎င်းရဲ့ အမြှီးနက်ကြီးက ဖုန့်ဝူယိနဲ့ ယင်ရှစ်ဘက်သို့ ဝှစ်ကနဲ ဝေ့ယမ်းလာသည်။ အရှိန်က အတော်လေး မြန်သည်။


သူတို့နှစ်ယောက် ရှောင်ချိန်မရလိုက်ဘဲ လွင့်သွားပြန်၏။ 


ဝှစ်!


ထိုအချိန်၌ သူတို့အနောက်ကနေ အစိမ်းရောင် အလင်းတစ်ခု ဖြတ်ပြေးလာသည်။ ၎င်းက သူတို့ကြားကနေ နဂါးနက်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။ တစ်ဆက်တည်း ဖုန့်ဝူယိနဲ့ ယင်ရှစ်ရဲ့ ခါးကို လူတစ်ယောက်က ထိန်းပေးရင်း ​မြေပေါ် ချပေးလိုက်သည်။


တုံးကျန်း: "ငါတို့ လာပြီ!"


နဂါးနက်ရဲ့ နောက်ထပ် တိုက်ကွက်ကို နန်ချင်းချင်းက ကာကွယ်ထားသော်လည်း တစ်ဖက်က အင်မတန် ခွန်အားကြီးတာကြောင့် သူမကပါ လွင့်လာခဲ့သည်။


နဂါးနက်ကြီး သူတို့လေးယောက်ဆီ ပြေးလာတော့မယ့် အခိုက်အတန့်မှာပဲ ကောင်းကင်ကနေ ဝုန်းကနဲ အသံနဲ့အတူ စိမ်းပြာရောင် အလင်းတန်းများ ထိုးကျလာ၏။ နဂါးနက်သည် လမ်းတစ်ဝက်မှာတင် ရပ်သွားကာ အခြေအနေ မဟန်တော့ကြောင့် ချက်ချင်း သိလိုက်ပြီး လှည့်ထွက်ပြေးချင်သည်။


သို့သော်လည်း ထိုးဆင်းလာတဲ့ စိမ်းပြာရောင် အလင်းတန်းများက သံကြိုးအသွင် ပြောင်းကာ ၎င်းရဲ့ တစ်ကိုယ်လုံးကို ချုပ်နှောင်ပစ်လိုက်သည်။


ဝူး!


၎င်းက အတင်းရုန်းကန်ရင်း သံကြိုးတွေလက်က လွတ်အောင် ကြိုးစား၏။ ကံမကောင်းချင်တော့ သူ့ခမျာ လုံးဝ မလွတ်မြောက်နိုင်ဘဲ သံကြိုးတွေက ကောင်းကင်ယံမှ တိမ်တိုက်တွေထဲ ရောက်အောင် ဆွဲခေါ်သွားတာကိုပဲ ခံလိုက်ရသည်။


နဂါးနက်ကြီး တိမ်တွေထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို တွေ့ရတော့မှ တုံးကျန်းက သက်ပြင်းချလေ၏။


"တော်သေးတာပေါ့.... ဦးရီးတော် လှုပ်ရှားလိုက်လို့..."


ယင်ရှစ်: "သူ့ကို ဘယ်ခေါ်သွားတာလဲ?"


တုံးကျန်းက ရှင်းပြသည်။


"လောလောဆယ်တော့ ဦးရီးတော်က သူ့ကို အကျဥ်းချထားလိမ့်မယ်...သွားရအောင် တော်ဝင်အင်ပါယာမြို့က ပျက်စီးတော့မှာ...."


တုံးကျန်းက ဆက်ပြီး မရှင်းပြလာသော်လည်း အခင်းအကျင်းမျက်လုံးများ ပွင့်သွားစဥ်က ရိုက်ခတ်သွားသော အရှိန်အဝါကြောင့် မူမမှန်ကြောင်း လူတိုင်း သိကြသည်။ လေးယောက်သား တောင်ထိပ်သို့ ပြန်ရောက်လာခဲ့သည်။


တောင်ထိပ်၌ အရှင်ချင်းလုံနဲ့ ပေချွမ်းရင်က အသင့်စောင့်နေကြကာ ၎င်းတို့ဘေးတွင်တော့ လင်ရုချောင်နဲ့ ပိုင်ယင်ကျစ်လည်း ရောက်နေကြပြီ။


ပိုင်ယင်ကျစ် :"ဖုန့်ဝူယိ... ဘယ်လိုလဲ?"


ဖုန့်ဝူယိ ခေါင်းညိတ်ပြလိုက်သည်။


"အကုန်အဆင်ပြေတယ်....ဒါက ဘယ်လိုဖြစ်တာလဲ? ဘာလို့ တော်ဝင်အင်ပါယာမြို့က ပျက်စီးသွားတာလဲ?"


တုံးကျန်း: "ဒီလောကမှာ အစကတည်းက လူသားဆိုတာ မရှိဘူး... အကုန်လုံးက သားရဲတွေချည်းပဲ အထက်နယ်မြေက လူတွေ ဆိုတာက တကယ်တော့ တောင်ပံမျိုးနွယ်စုတွေ... ဒဏ္ဍာရီသားရဲဂိုဏ်းထဲက လူတွေကလည်း တောင်ပံမျိုးနွယ်စုတွေပဲ... တော်ဝင်အင်ပါယာမြို့က သူတို့တွေ အယောင်ဆောင်ပြီး တည်ထားတဲ့ မြို့လေ... ဘာကြောင့်လဲဆိုတော့ ငါလည်း မသိဘူး... မင်း ဦးရီးတော်ကို မေးကြည့်!"


ဖုန့်ဝူယိသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အခင်းအကျင်းအောက်၌ တဖြည်းဖြည်း ပျက်စီးနေသော တော်ဝင်အင်ပါယာမြို့အား အေးစက်စွာ စိုက်ကြည့်နေသော အရှင်ချင်းလုံဘက် လှမ်းကြည့်လိုက်သည်။


တစ်ဖက်လူက သူတို့အားလုံးဘက်ကို ကျောပေးလျက် ရပ်နေ၏။ ဖုန့်ဝူယိ မနှောင့်ယှက်ချင်တာကြောင့် တိတ်တိတ်လေးပဲ ရပ်နေလိုက်သည်။


အနောက်က ပေချွမ်းရင်နဲ့ တုံးကျန်းတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ တုံးကျန်းက ပေချွမ်းရင်အနားကို အသာလေးကပ်ပြီး တိုးတိုးလေး မေး၏။ 


"ဒေါ်လေး.... ဘယ်လိုလဲ? ဖုန့်ဝူယိလား?"


ပေချွမ်းရင်ကလည်း အသံတိုးတိုးနဲ့: "မပြောတတ်ဘူး... သူတို့နှစ်ယောက်ရဲ့ အခြေအနေက ဘယ်လိုလဲ?"


"မြင်တဲ့အတိုင်းပဲ... ဒေါ်လေး အဲ့နိမိတ်က မှန်ရဲ့လား... ဖုန့်ဝူယိက ယောက်ျားလေးနော်... ပြီးတော့ သူ့ရဲ့ဖီးနစ်သွေးကြောတွေ နိုးထဖို့က တော်တော်ကြီး လိုသေးတယ်... "


ပေချွမ်းရင်က တုံးကျန်းအား မျက်စောင်းထိုးလိုက်သည်။


"ယောက်ျားလေးလည်း နိမိတ်ထဲမှာ အရှင်က ဖီးနစ်တစ်ကောင်ကို လက်တွဲလိမ့်မယ်လို့ ပြောထားတယ်... ပြီးတော့ အဲ့ဖီးနစ်ကပဲ သခင်မကို ကူညီနိုင်မှာ သူတို့နှစ်ယောက် မြန်မြန် တိုးတက်သွားရင် အကောင်းဆုံးပဲ...."


တုံးကျန်း. "ဒါပေမဲ့ နှစ်ယောက်စလုံးက ရေခဲတုံးနဲ့ သစ်သားပုံဖမ်းထားကြတာလေ... ဘယ်လိုလုပ်ကြမလဲ?"


နှစ်ယောက် ဆွေးနွေးနေကြစဥ် တော်ဝင်အင်ပါယာမြို့ကတော့ တဖြည်းဖြည်း ပြိုကျပျက်စီးနေပြီ။ တကယ်တော့ မိသားစုကြီးငါးခုက ထိန်းချုပ်ထားတဲ့ အခင်းအကျင်း မျက်လုံးတွေက နတ်သားရဲ တစ်ကောင်ကို ချိတ်ပိတ်ထားတာ မဟုတ်ဘဲ မြို့ကြီးတစ်ခုလုံးကို ဖျက်စီးပစ်နိုင်တဲ့ အခင်းအကျင်းကြီးကို ထိန်းချုပ်ထားတာပဲ ဖြစ်လေသည်။


အခု အရှင်ချင်းလုံက ထိုအခင်းအကျင်းကို ဖွင့်လိုက်သောအခါ တော်ဝင်အင်ပါယာမြို့ကလည်း ပျက်စီးသွား၏။ အရှင်ချင်းလုံ ဒီမြို့ကြီးကို ဘာကြောင့် ဖျက်စီးလိုက်လဲ ဆိုတာတော့ ဘယ်သူမှ တိတိကျကျ မသိပေ။ 


ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့ ဒဏ္ဍာရီသားရဲဂိုဏ်းထဲက ဂိုဏ်းသားတွေဟာ ဓားပျံတွေ ကိုယ်စီနဲ့ အဝေးသို့ ခွဲထွက်သွားတာ တွေ့လိုက်ရသည်။ သူတို့ ရွှေ့ပြောင်းနေရပြီ ဆိုတော့ အရှင်ချင်းလုံက ဒဏ္ဍာရီသားရဲဂိုဏ်းကိုလည်း အလွတ်မပေးမယ့် ပုံပါပဲ။


ဖုန့်ဝူယိ အရှေ့ဆုံးက လူကို ငေးကြည့်လိုက်သည်။ ထိုလူက အင်မတန် အေးဆေး တည်ငြိမ်စွာဖြင့် ရပ်ကြည့်နေပုံမှာ သူ အနှစ်၂၀၀ လောက် အခြေချခဲ့တဲ့ နေရာကို လုံးဝ မနှမြောသည့်အလား။


အရာအားလုံး ပျက်စီးသွားတော့မှ ကောင်းကင်က အခင်းအကျင်း စက်ကွင်းကလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားခဲ့လေသည်။ 


ဖုန့်ဝူယိ: "ရှစ်ဇွင်း တပည့်တို့ ဘာဆက်လုပ်ရမလဲ?"


"ပြန်မယ်!"


တစ်ခွန်းတည်း ပြန်ဖြေပြီးနောက် လေထဲသို့ ပျံသန်းသွားတော့သည်။ လေထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တာက မသေမျိုးနယ်ပယ်တွေသာ ရှိသည်။ မသေမျိုးနယ်ပယ် မရောက်သေးခင် ကောင်းကင်မိုးကြိုးနယ်ပယ်တောင် ဓားပျံ သို့မဟုတ် သန့်စင်ထားသော လက်နက်ဖြင့်သာ ပျံသန်းနိုင်၏။ 


ဒါ့ကြောင့် အရှင်ချင်းလုံနဲ့ ပေချွမ်းရင်ကလွဲရင် ကျန်တဲ့လူတွေက ဓားပျံစီးကာ လိုက်ကြရသည်။ အရှင်ချင်းလုံ ဘယ်သွားမလဲ မသိသော်ငြား ဘယ်သူကမှ မမေးဘဲ လိုက်သွားကြ၏။ 


တစ်ရက်လောက် ပျံသန်းပြီးနောက် သူတို့ရှေ့တွင် တောင်ထိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဓားတစ်လတ်ကောင်းကင်အထိ ထိုးဖောက်ထားသလို ဖြောင့်ဖြောင့်ကြီး ဖြစ်သည်။ တောင်ထဲမှာ လူမနေသလို တိတ်ဆိတ်လျက် ရှိ၏။ 


အနားရောက်တော့ အဘိုးကြီးနှစ်ယောက်က ထွက်လာကြိုသည်။ အဘိုးကြီးနှစ်ယောက်ဟာ အရှင်ချင်းလုံအား လေးလေးစားစား ဦးညွတ်လေသည်။


"အရှင် ပြန်လာတဲ့အတွက် ကြိုဆိုပါတယ်!"


အရှင်ချင်းလုံက စကားမပြော။ သူက ထိုလူအိုနှစ်ယောက်ကို ဖြတ်ကျော်သွားတော့မယ့် အချိန်မှာပဲ တောင်ထဲကနေ လူတစ်ယောက်က ပျံသန်းလာခဲ့ပြန်၏။ ထိုလူက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့အရှိန်အဝါက ကောင်းကင်က နတ်ဘုရား တစ်ပါးလိုပင်။


၎င်းက မသေမျိုးနယ်ပယ်ထဲ စတင် ဝင်ရောက်ထားကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။ ထိုလူက အရှင်ချင်းလုံထံ တန်းတန်းမတ်မတ် ပျံသန်းလာရင်း လက်ထဲ၌ ရေခွက်တစ်ခွက်ကို ကိုင်ထား၏။ အနားရောက်လာရင်ပဲ သူ့ဆီက မွှေးကြိုင်တဲ့ လက်ဖက်နံ့ သင်းသင်းလေးကို ရလိုက်သည်။


သူ ကိုင်ထားတာက လက်ဖက်ရည် မဟုတ်တာကြောင့် ထိုအမွှေးရနံ့က သူ့အနံ့ဖြစ်ကြောင်း ခန့်မှန်းရ လွယ်လေ၏။ 


"ယဲ့လင်.... အရှင် ပြန်လာတာကို ကြိုဆိုတဲ့ အနေနဲ့ ဝိညာဥ်ရေစင် ယူလာပါတယ်"


ထိုလူငယ်က အရှင်ချင်းလုံရှေ့မှာ ဒူးတစ်ဖက် ထောက်လေသည်။ အရှင်ချင်းလုံက ထိုသူ့ရဲ့ ဝိညာဥ်ရေစင်ကို လက်ခံလိုက်တော့ လူငယ်လေးရဲ့ အပြုံးတွေက တောက်ပသွား၏။


ထိုစဥ် ဖုန့်ဝူယိကို တစ်ယောက်ယောက်က တွန်းလွှတ်လိုက်တာကြောင့် ဖုန့်ဝူယိ အရှင်ချင်းလုံရဲ့ လက်မောင်းကို တိုက်မိမလို ဖြစ်သွားခဲ့သည်။ သူ အရှိန်ထိန်းလိုက်လို့သာ မဟုတ်ရင် တိုက်မိသွားပြီ။ ထိုအချိန်တွင် ယဲ့လင်က ဖုန့်ဝူယိကို စိုက်ကြည့်ပြီး အနောက်က တုံးကျန်းကိုလည်း စူးစူးရဲရဲ စိုက်ကြည့်ပစ်သည်။


အရှင်ချင်းလုံရှေ့မှာ သူ့အရှိန်အဝါကို ထုတ်မသုံးရဲတာကြောင့် တုံးကျန်းကို ဘာမှမပြောတော့ပေ။


ယဲ့လင်: "အရှင် တစ်ခုခု သုံးဆောင်တော့မလား... အရင်က ကျွန်တော်ချက်ပေးတဲ့ ဟင်းလျာတွေကို အရှင် အမှတ်ရနေမယ် ထင်ပါတယ်..."


ယဲ့လင်က ပြောပြီး တောက်ပစွာ ပြုံးပြလိုက်သည်။


ဖုန့်ဝူယိ: "......."


သူက ရှစ်ဇွင်းအတွက် ဟင်းချက်ပေးတာလား။ ဒီစကားတွေကို နားထောင်ကြည့်ရသလောက်ဆို ရှစ်ဇွင်းကလည်း သူ့လက်ရာကို ကြိုက်တယ်လို့ ပြောခဲ့ဖူးပုံပါပဲ။


ဖုန့်ဝူယိရင်ထဲ ချဥ်စူးသွားသည်။ သူ ရှစ်ဇွင်းကို မော့ကြည့်လိုက်တော့ တစ်ဖက်လူက ဘာမှမပြောပေ။ သို့သော် ယဲ့လင်က ရိုးနေပြီ ဖြစ်တာကြောင့် ဖုန့်ဝူယိဘက်သို့သာ လှည့်လိုက်သည်။


"ဒီက ညီလေးက......"


ဖုန့်ဝူယိလည်း အလျင်အမြန် ဂါဝရပြုလိုက်သည်။


"ရှစ်ဇွင်းရဲ့ တံခါးပိတ်တပည့် ဖုန့်ဝူယိပါ...."


ယဲ့လင်က မသေမျိုးနယ်ပယ် ရောက်နေပြီမလို့ အကြီးအကဲ တစ်ယောက်လို့ ပြောလို့ရသည်။


"အိုး.... မင်းက အရှင့်ရဲ့ တပည့်လေးလား... လင်ရုချောင်ကိုပဲ တွေ့ဖူးတာဆိုတော့ မင်းကို မသိလိုက်တာ.... ငါက ယဲ့လင်ပါ... အရှင့်ရဲ့....."


ပေချွမ်းရင်: "ယဲ့လင်.... မလိုအပ်တာတွေ မပြောနဲ့တော့... အရှင် အနားယူချင်လောက်ပြီ... "


ယဲ့လင်က ရယ်လိုက်သည်။


"သိပါတယ်.... ကြွပါ...."


တောင်ထဲ၌ အဆောက်အဦးတွေ အများကြီး ရှိသည်။ ဖုန့်ဝူယိလည်း အခန်းတစ်ခန်း ရ၏။ အိပ်ဆောင်တွေက တစ်ဆောင်နဲ့ တစ်ဆောင် သိပ်မဝေးလှသော်လည်း လူဦးရေက နည်းတာကြောင့် တောင်ထွတ်တစ်ခုလုံး တိတ်ဆိတ်လျက် ရှိသည်။


ဖုန့်ဝူယိသည် ဝိညာဥ်စွမ်းအင် ပေါများသော တောင်ထွတ်ထဲ၌ အနားယူရင်း အခန်းထဲမှာပဲ ၅လလောက် တံခါးပိတ်ကျင့်ကြံလိုက်သည်။ 


သို့သော် သူ ပြန်ထွက်လာတော့ တုံးကျန်းတစ်ယောက် အလောတကြီးနဲ့ ပြေးလာတာ တွေ့လိုက်ရသည်။


ဖုန့်ဝူယိ: "ဘာဖြစ်တာလဲ?"


"မြန်မြန်လာစမ်းပါ!"


တုံးကျန်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း တောင်တက် တောင်ဆင်း လမ်းတစ်လျှောက်လုံး ပြေးလွှားနေ၏။ ဖုန့်ဝူယိမှာ ဘာမှမေးချိန်မရဘဲ လိုက်သွားရာမှ တစ်ခုသော ရေကန်နား အရောက်တွင် ယဲ့လင်တစ်ယောက် ပေါ့ပါးစွာ ကခုန်နေတာကို တွေ့လိုက်ရတော့သည်။


ဖုန့်ဝူယိ: "......."


ဖုန့်ဝူယိ တစ်ဖက်လူရဲ့ လက်ကို ဖြုတ်ချလိုက်သည်။


"ငါ အကကြည့်ရတာ မကြိုက်ဘူး!"


"ကျစ်! သူ ဘယ်သူ့ကို ကပြနေတာလဲ အရင်ကြည့်!"