🍬18🍬ထာဝရနတ်ပန်း
Viewers 980

Chapter (18)

ထာဝရနတ်ပန်း 



ထာဝရနတ်ပန်း ဟူသော အရာကြောင့် ဖုန့်ဝူယိတို့ တစ်အုပ်စုလုံး ဆွံ့အသွားကြသည်။ နန်ချင်းချင်း၊ ယင်ရှစ်နဲ့ တုံးကျန်းတို့က ဖုန့်ဝူယိဘက်ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်၏။ အကြောင်းမှာ ထာဝရနတ်ပန်းရဲ့ ပုံပန်းသဏ္ဌာန်က ဖီးနစ်ငှက်တစ်ကောင်ရဲ့ အမွေးပုံလို တစ်ပုံစံတည်း တူသောကြောင့်ပင်။ 


ဘယ်သူကမှ ဖုန့်ဝူယိဟာ ဖီးနစ်အစစ်ရဲ့ သွေးကြောပါသလား မသိသော်ငြား ဖီးနစ်ငှက်နဲ့ ဆက်နွယ်နေမှာတော့ အသေအချာပင်။


သူတို့အကြည့်တွေကို သတိထားမိတဲ့ ဖုန့်ဝူယိက အေးအေးဆေးဆေးပဲ ပြန်ဖြေလာသည်။


"ငါအဲ့ပန်းအကြောင်း မကြားဖူးဘူး... အဖေနဲ့ အမေကလည်း မပြောပြခဲ့ဘူး... မင်းတို့ သိထားတာ တစ်ခုခုရှိလား?"


တုံးကျန်း :"ထာဝရနတ်ပန်းက ဖီးနစ်တစ်ကောင်ရဲ့ မျက်ရည်ကနေ ပေါက်ဖွားလာတဲ့ ပန်းတဲ့... သူက နေရာတိုင်းမှာ ပေါက်နိုင်တဲ့ ပန်းမဟုတ်ဘူး သူပွင့်လာဖို့ အပင်နဲ့ မြေဆီမလိုဘူး... သူက နေရာတိုင်းမှာ ပွင့်နိုင် ပေါ်လာနိုင်တဲ့ ပန်းတစ်မျိုးပဲ... ထာဝရနတ်ပန်း ပွင့်လာစေမယ့် တစ်ခုတည်းသော အရာက ဖီးနစ်အမွေးပဲ!... အဲဒါက နတ်ဖီးနစ်ငှက်ရဲ့ အမွေးအစစ်နော်..."


ဖုန့်ဝူယိ လန့်သွားသည်။ သူတင်မက အားလုံး ထိတ်လန့်သွား၏။ သူတို့နေတဲ့ အဆင့်နိမ့် နယ်မြေမှာ ဒဏ္ဍာရီလာ ငှက်တစ်ကောင် ထွက်လာဖို့မပြောနှင့် ၎င်းရဲ့ အမွေးလေးတစ်မွေး ထွက်လာဖို့ပင် မဖြစ်နိုင်ပေ။


တုံးကျန်းသာ တခြားသူဆိုရင် သူပြောတာကို ဘယ်သူမှ ယုံလိမ့်မည် မဟုတ်ချေ။ သို့သော် သူဟာ အရှင်ချင်းလုံရဲ့ ဆွေမျိုး ဖြစ်နေတာကြောင့် မဟုတ်တဲ့ သတင်းတွေကို မပေးဘူးဆိုတာ သေချာသည်။


တုံးကျန်းက ဖုန့်ဝူယိကို ကြည့်နေကာ ဖုန့်ဝူယိ တစ်ခုခုသိနေမလား ခန့်မှန်းနေပုံရသည်။ ကံမကောင်းချင်တော့ ဖုန့်ဝူယိက အေးအေးဆေးဆေးသာ ရပ်နေပြီး ထာဝရနတ်ပန်း ဆိုတာကိုလည်း စိတ်ဝင်စားပုံမပြပေ။


သို့နှင့် တုံးကျန်းလည်း သူ့ဘာသာသူ စကားဆက်လိုက်ရသည်။ 


"ထာဝရနတ်ပန်း ပွင့်လာပြီဆိုရင် သူက မီးဒြပ်စင်ရဲ့ ဝိညာဥ်စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင်တယ်.... မီးဒြပ်စင် ရှိတဲ့လူတွေက အဲဒီပန်းဘေးမှာ လေ့ကျင့်နိုင်တယ်... ငါ့အထင်တော့ ယင်ရှစ် လိုချင်တဲ့ပစ္စည်းက အဲ့ပန်းအောက်မှာ ချိတ်ပိတ်ထားလိမ့်မယ်!"


ယင်ရှစ်: "ဘာလို့လဲ?"


ဖုန့်ဝူယိ: "ပန်းတစ်ပွင့်က အဲ့လောက်တောင် အစွမ်းထက်လား?"


တုံးကျန်း ဖုန့်ဝူယိအား မျက်စောင်းထိုးလိုက်သည်။ ဖုန့်ဝူယိ ဒီလောက်အထိ တုံးအနေမယ်လို့ သူမထင်ထားပေ။ ထိုစဥ် စကားပြောနေတဲ့ လူနှစ်ယောက်က သူတို့ဘေးကနေ ကျော်ဖြတ်သွားလေပြီ။ သေချာပေါက် လူလေးယောက် ရပ်နေတာကိုလည်း မတွေ့လိုက်ချေ။


ထို့နောက် လူလေးယောက်သာ အဓိကမျှော်စင် ရှိရာသို့ စတင် ချဥ်းကပ်လာခဲ့ကြသည်။ ရတနာက ဖုံးကွယ်​ပေးထားတယ် ဆိုပေမယ့်လည်း သတိကတော့ ပေါ့လို့မဖြစ်ပေ။ အဓိက လမ်းမပေါ်မှာ တဖြည်းဖြည်း အစောင့်တွေ များလာတာကြောင့် လေးယောက်သား အိမ်တစ်အိမ်ထဲက ဖြတ်သွားဖို့ ပြင်ကြသည်။


သို့သော် ခြံထဲ ဝင်ဝင်ချင်းမှာပဲ ဝုန်းကနဲ အသံနဲ့အတူ အိမ်ထဲကနေ ခြံထဲကို လွင့်လာသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုအချိန်၌ လေးယောက်သား ထို​ခြံဝန်းရဲ့ အုတ်တံတိုင်းပေါ်တွင် ရပ်နေလျက်သား ​ဖြစ်နေကြကာ လွင့်လာတဲ့ အရာက လူဆိုတာကို ထင်ထင်ရှားရှား တွေ့လိုက်ရသည်။


တစ်ယောက်တည်း မဟုတ်သော နှစ်ယောက်ပင်။ အမျိုးသမီး တစ်ယောက်နဲ့ ကလေးတစ်ယောက်။ အမျိုးသမီးက ၃နှစ်အရွယ် ကလေးငယ်ကို သူမရင်ခွင်ထဲ မလွှတ်တမ်း ပွေ့ဖက်ထားကာ အုတ်တံတိုင်းနဲ့ တိုက်မိတော့မည်။


ထိုစဥ် အရိပ်တစ်ခု ပြေးထွက်လာခဲ့ပြီး သူမတို့ နှစ်ယောက်ကို ပွေ့ဖက်ထားလိုက်ပေသည်။


အမျိုးသမီး: "ရှင်....."


ဝင်ကယ်လိုက်သူက တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နေသော အမျိုးသားတစ်ဦး ဖြစ်လေသည်။ ထိုလူက အမျိုးသမီးနဲ့ ကလေးကို သူ့အနောက်မှာ ကွယ်ဝှက်ထားကာ အိမ်ထဲက ထွက်လာတဲ့ လူတစ်​ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖို့ အသင့်ဖြစ်နေ၏။ 


တကယ်တော့ သူ့ဒဏ်ရာတွေကလည်း ပြင်းထန်တာကြောင့် သူ့အနောက်က လူနှစ်ယောက်ကို ဒဏ်ရာမရအောင် ကာကွယ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး ဆိုတာလည်း သိနေပုံပါပဲ။ 


အိမ်ထဲကနေ ထွက်လာသူက သွေးစွန်းနေသော ဓားကို ကိုင်ထားသည်။ ၎င်းရဲ့ဓားက ဒဏ်ရာရနေသော အမျိုးသားကို ချိန်ထားကာ အေးစက်စွာ စိုက်ကြည့်နေ၏။


"ညီသုံး.... မင်းဖယ်တော့! မဟုတ်ရင် ငါမင်းကိုပါ အရှင်မထားတော့ဘူး!"


ဒဏ်ရာရထားတဲ့ အမျိုးသားကလည်း လက်ထဲကဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။


"အစ်ကိုကြီး... ကျွန်တော့်ဇနီးက အသက်၅နှစ် အရွယ်လောက်ကတည်းက သားရဲသွေးကြောတွေကို ဖြတ်ထားပြီးသား!! သားလေးက အပြစ်ကင်းတယ် သားရဲသွေး တစ်စက်မှမပါဘူး... သူ့ကို အသက်ချမ်းသာပေးပါ!"


သို့သော် တစ်ဖက်လူက ခေါင်းခါလေသည်။


"ထာဝရနတ်ပန်း ပွင့်ဖို့ သားရဲသွေး လိုတယ်... ဟုတ်မဟုတ် ငါတို့ စမ်းကြည့်ရမှာပဲ!"


လင်မယားနှစ်ယောက်သာမက တံတိုင်းပေါ်မှာ ကြည့်နေသော လူလေးယောက်လည်း မျက်နှာပျက်သွားခဲ့သည်။ ဒါက သွေးကိုသုံးပြီး နတ်ပန်းပွင့်အောင် လုပ်နေတာပဲ မဟုတ်ဘူးလား။ ဒါဆို ထာဝရနတ်ပန်းက သူ့ဘာသာသူ ပွင့်လာတာမဟုတ်ဘဲ ပွင့်လာအောင် သားရဲသွေးနဲ့ ယဇ်ပူဇော်နေတာပဲ။ 


ယင်ရှစ်က အနည်းငယ် သွေးအေးသည်။ သူမဟာ အမေသေဆုံးခဲ့တဲ့ အကြောင်းကို မမေ့နိုင်တာကြောင့် ယုံကြည်ရတဲ့လူ မဟုတ်ရင် ဝင်ကူညီလိုပေ။ သို့သော် သားရဲသွေးသုံးပြီး နတ်ပန်းပွင့်လာအောင် လုပ်တာက သားရဲတွေကို သတ်ဖြတ်နေတာပဲမလို့ သူမ လက်မခံနိုင်ချေ။


သူမ တံတိုင်းပေါ်ကနေ အရင်ခုန်ချသွားသည်။ ဖုန့်ဝူယိလည်း တားမနေချေ။ ယင်ရှစ်က လေထဲမှာတင် ဓားတစ်ချောင်းကို တိုက်ရိုက်ဆွဲထုတ်ကာ အိမ်ထဲက ထွက်လာသူရဲ့ ဓားစွမ်းအင်ကို ဝင်ဖြတ်လိုက်လေ၏။


လေထုတစ်ခုလုံး တုန်ခါသွားကာ ဝုန်းကနဲ မြည်သံနဲ့အတူ အစ်ကိုကြီး ဆိုသူက လွင့်သွားလေသည်။ ယင်ရှစ် လုံးဝ မရပ်ပေ။ သူမက တစ်ဖက်လူက သူမဘယ်သူလဲ မဖော်ထုတ်ခင်အထိ ဆက်တိုက် တိုက်ခိုက်နေပြီးမှ နောက်ဆုံးတော့ ရန်သူက လည်ပင်းမှာ ဒဏ်ရာတစ်ချက်နဲ့အတူ သေဆုံးသွား၏။ 


လင်မယားနှစ်ယောက်မှာ ဆွံ့အနေလျက်သား။ ယင်ရှစ်က ရန်သူလား မိတ်ဆွေလား မသိသေးတာကြောင့် ဇနီးဖြစ်သူကို ကာကွယ်ရင်း ယင်ရှစ်အား သတိထားကာ ကြည့်နေကြလေသည်။


အမျိုးသား: "မိန်းကလေး... ကူညီပေးလို့ ကျေးဇူးတင်ပါတယ်... ကျုပ်တို့ ဘာမှမမြင်လိုက်သလို သဘောထားပါ့မယ်"


ယင်ရှစ် တစ်ဖက်လူဘက် ချာကနဲ လှည့်ကြည့်လိုက်၏။


"ဒီနေရာက မလုံခြုံဘူး... ရှင်တို့သားက သားရဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ထွက်သွားတော့!"


"ကျေးဇူးတင်ပါတယ်"


အမျိုးသားက ယင်ရှစ်ကို လက်သီးလက်ဝါးဆုပ်ကာ ဂါဝရပြုလိုက်သည်။ ထို့နောက် ခြံဝန်းအတွင်း လုံးဝ တိတ်ဆိတ်သွား၏။ ယင်ရှစ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျန်တဲ့ သုံးယောက်က ဝင်မစွက်ဖက်ပေ။ အကြောင်းမှာ သူတို့ကလည်း သားရဲတွေ ဖြစ်တာကြောင့် သားရဲအချင်းချင်း ကူညီရမှာပင်။


နောက်ထပ် အိမ်တွေကြားထဲကနေ ဖြတ်လာတော့ အိမ်သားတော်တော်များများ မရှိကြတော့တာကို သတိထားမိလိုက်သည်။


နန်ချင်းချင်း: "ဘယ်လိုဖြစ်တာလဲ?"


သို့သော် ပင်မမျှော်စင်အနား ချဥ်းကပ်လာတဲ့ အခါမှာတော့ သန္ဓေတည်နယ်ပယ်၊ တော်ဝင်စစ်သူကြီးနယ်ပယ်က အလွှာသုံးလွှာအဖြစ် ဖွဲ့စည်းလျက် ပင်မမျှော်စင်အား ဝန်းရံထားတာ တွေ့လိုက်ရသည်။ လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်၏။ 


ပင်မမျှော်စင်က သေသေချာချာ ချိတ်ပိတ်ထားသော်လည်း အထဲက အလင်းရောင်ကိုတော့ ပိတ်ဆို့မထားနိုင်ပေ။ အနီရောင် အလင်းတန်းတွေ အထဲကနေ ဖြာထွက်နေခဲ့ကာ တစ်ချက်ကလေးမှ ပျောက်မသွား။ 


ပင်မမျှော်စင် အနားကို ရောက်ရောက်ချင်း ဖုန့်ဝူယိ သူ့ခန္ဓာကိုယ်ထဲက ပူလောင်လာတာကို ခံစားလိုက်ရသည်။ ငွေရောင်မျက်နှာဖုံးအောက်က သူ့မျက်ခုံးတွေ တွန့်ချိုးသွားတာကို သတိမထားမိပေမယ့် အနေအထား မူမမှန်တာကြောင့် တုံးကျန်းက ဘာဖြစ်တာလဲလို့ ချက်ချင်း မေးလာသည်။ ဖုန့်ဝူယိ ဘာမှမပြောဘဲ ခေါင်းပဲ ခါပြလိုက်သည်။


သို့သော် သူ့စိတ်ထဲမှာတော့ ထိုထာဝရနတ်ပန်းက သူ့ကို ဆွဲငင်နေသလို ခံစားနေရလေသည်။ အခုအချိန်မှာတော့ ထာဝရနတ်ပန်းက ဖီးနစ်ငှက်နဲ့ သက်ဆိုင်နေကြောင်း သူ ယုံကြည်နေပြီ။ သူ့မှာ ဘယ်သူမှ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေသေး၏။


အဲဒါကတော့ အမေက သူ့ကို ကိုယ်ဝန်ဆောင်နေစဥ် ဖီးနစ်သွေးတစ်စက်ကို မတော်တဆ သောက်ခဲ့မိတာပါပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ ဖီးနစ်သွေးတွေ ရှိသည်။


ဖုန့်ဝူယိ တွေးနေတဲ့ အချိန်မှာပဲ ပင်မမျှော်စင်က ဝုန်းကနဲ တုန်ခါသွားသည်။ လေထဲက အစောင့်တွေတင်မက မြေကြီးတွေကပါ ကြမ်းကြမ်းတမ်းတမ်းကို တုန်သွား၏။ ဖုန့်ဝူယိ ဘေးကို ကြည့်လိုက်တော့ ယင်ရှစ်အမူအရာက မူမမှန်တော့ပေ။


တုံးကျန်း ခန့်မှန်းထားသလို ထာဝရနတ်ပန်းအောက်မှာ မြွေဖြူနတ်ဘုရားမရဲ့ ဝိညာဥ်အပိုင်းအစကို ချုပ်နှောင်ထားတာ ဆိုရင် ၎င်းအပိုင်းအစကလည်း ယင်ရှစ်ကို ဆွဲခေါ်နေတာပဲ ဖြစ်ပေလိမ့်မည်။


ဝုန်း!


နောက်တစ်ချက် တုန်ခါသွားချိန်မှာတော့ ပင်မမျှော်စင်ရဲ့ အကာအရံတွေအကုန် ပွင့်သွားလေ၏။


တုံးကျန်း: "သတိထားကြ!"


ထိုအချိန် မြင်လိုက်ရတာက ပင်မမျှော်စင်ထဲ၌ လူ၆ယောက်ဟာ အလယ်က အနီရောင် ပန်းပွင့်ကြီးကို ဝန်းရံထားကြပြီး သူတို့ရဲ့စွမ်းအင်တွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာပါပဲ။ အနီရောင် ပန်းပွင့်ကြီးဟာ အကုန်လုံး မပွင့်လာသေးဘဲ လှပပါးလွှာသော ပွင့်ချပ်အနည်းငယ်ကိုသာ ထုတ်ပြထား၏။ 


၎င်းထံမှ အနီရောင်​တောက်တောက် အလင်းမှုန်များကလည်း ပျံ့ကျဲနေသည်။ ထူးဆန်းတာက ပန်းပွင့်ဟာ အကိုင်းမပါဘဲ သေးငယ်သော အခင်းအကျင်း စက်ကွင်းတစ်ခုပေါ်၌ ပွင့်လန်းနေခဲ့တာပင်။ နောက်ပြီး ထိုစက်ကွင်းက အလွန်အစွမ်းထက်ပြီး အလွန်လျှို့ဝှက်သည်။


၎င်းကို ဖုန့်ဝူယိ အရှင်ချင်းလုံဆီမှာ မြင်ဖူးသည်။ ရှစ်ဇွင်းက အဲဒီအခင်းအကျင်း စက်ကွင်းဟာ သူတစ်ယောက်တည်းသာ လုပ်နိုင်ကြောင်း ပြောခဲ့ဖူးတာကြောင့် ထာဝရနတ်ပန်းက ရှစ်ဇွင်းကြောင့် ပွင့်လာတာဖြစ်မယ်လို့ ဖုန့်ဝူယိ ချက်ချင်း သဘောပေါက်လိုက်၏။


'ရှစ်ဇွင်း ငါ့ကိုဒီအိမ်ထဲ လာခိုင်းတာ မထူးဆန်းတော့ပါဘူး...သူက သေသေချာချာ စီစဥ်ထားတာပဲ!'


အဲဒီလို ပြန်တွေးကြည့်တော့ သူ့ရင်ထဲမှာ နွေးထွေးသွားသည်။ သူ့ကို ထာဝရနတ်ပန်း ရစေချင်လို့ ရှစ်ဇွင်းက ဝင်ပါခဲ့တာပဲ ဖြစ်လိမ့်မည်။


သူ တွေးနေတုန်းမှာပဲ ထာဝရနတ်ပန်းဆီက အနီရောင် အလင်းတန်းတစ်ခုဟာ မြွေတစ်ကောင်လို လိမ်တွန့်ရင်း ဖုန့်ဝူယိဆီကို ပြေးလာလေတော့သည်။ လေးယောက်စလုံး တစ်ပြိုင်တည်း ထိတ်လန့်သွားကာ ဘယ်သူမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ အနီရောင် အလင်းတန်းက ဖုန့်ဝူယိတစ်ကိုယ်လုံးကို ရစ်ပတ်ကာ ဆွဲခေါ်သွားလေပြီ။


အဲဒီအချိန်မှာ ဖုန့်ဝူယိရဲ့ အကာအကွယ်ကလည်း ပျက်သွားတာကြောင့် လေထုထဲမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာရာ အစောင့်တွေ အကုန်လုံး ထိတ်လန့်သွားကာ ဓားတွေ လှံတွေ ဆွဲထုတ်ကြတော့သည်။ သို့သော် အနီရောင် အလင်းတန်းဆီက အရှိန်အဝါက သူတို့အားလုံးကို ရိုက်ထုတ်ပစ်ခဲ့သည်။


တော်ဝင်စစ်သူကြီးနယ်ပယ်က လူတွေတောင် မခံနိုင်ရာ သန္ဓေတည်နယ်ပယ်လောက်က ပြောစရာတောင် မလိုတော့ပေ။ ဖုန့်ဝူယိ လွင့်လာတာက ပင်မမျှော်စင်ထဲရှိ လူကြီးများကို အံ့သြထိတ်လန့်သွားစေသည်။ ဘယ်သူမှ ဖုန့်ဝူယိကို သိကြတာတော့ မဟုတ်ချေ။


ထာဝရနတ်ပန်းက သူ့ဆက်ခံသူကို သူဘာသာ ရွေးချယ်လိုက်တာမလို့ သူတို့အတွက် အခွင့်အရေး မရမှာကို ကြောက်ကြသည်။ ဒါကြောင့် အနီရောင် အလင်းတန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ သို့သော် လက်ဝါးတွေ အလင်းတန်းမျှင်လေးကို ထိလိုက်တယ် ဆိုရင်ပဲ ကောင်းကင်နဲ့ မြေကြီးက တစ်ပြိုင်တည်း တုန်ခါသွားခဲ့ကာ ပင်မမျှော်စင်ကြီးပါ ပြိုကျသွားတော့သည်။


အဆောက်အဦး အပိုင်းအစများနဲ့အတူ အစောင့်တွေသာမက အကြီးအကဲ ၆ယောက်လည်း လွင့်သွားကြသည်။ 


ဝုန်း!


နောက်ထပ် အသံတစ်ချက်နဲ့အတူ မြေကြီးတွေက ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ဖုန့်ဝူယိကို ဆွဲခေါ်သွားသော ထာဝရနတ်ပန်းအောက်၌ အခင်းအကျင်း စက်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ ၎င်းကို မြင်သည်နှင့် နန်ချင်းချင်းက ယင်ရှစ်ကို မြန်မြန် တွန်းထုတ်လိုက်သည်။


"မြန်မြန် သွားတော့!"


ယင်ရှစ်ကလည်း ဖျက်ကနဲ ပြေးထွက်သွားကာ အခင်းအကျင်း စက်ကွင်းထဲ တိကျစွာ ခြေချလိုက်ပေ၏။ သူမ ရောက်သည်နှင့် စက်ကွင်းက စတင်လည်ပတ်ကာ သူမလည်း ပျောက်သွားတော့သည်။


အထက်မှာတော့ ထာဝရနတ်ပန်းက လူတစ်ကိုယ်စာလောက် ကြီးထွားလာခဲ့ကာ ၎င်းရဲ့ပွင့်ချပ် အလုံးစုံကိုလည်း ပွင့်ချလိုက်ပါပြီ။ အနီရောင် စွမ်းအင်တွေက အလွန်အမင်း ပူလောင်တာကြောင့် မီးဒြပ်စင် ရှိတဲ့ ဖုန့်ဝူယိပင် အနည်းငယ် အထိမခံချင်သလို ဖြစ်လာသည်။


သို့သော် ရှစ်ဇွင်းက ပြင်ဆင်ပေးထားတာကြောင့် သူ သေချာပေါက် ခံနိုင်ရည်ရှိအောင် ကြိုးစားရမည်။ ဖုန့်ဝူယိ မငြင်းနေတော့ဘဲ ပန်းပွင့်ထဲ ခုန်ဝင်လိုက်ကာ တင်ပျဥ်ခွေ ထိုင်လျက် စတင်ကျင့်ကြံတော့သည်။ 


ဖုန့်ဝူယိ လက်ခံလိုက်တဲ့အခါ ပန်းပွင့်များက သူ့ကို ဖုံးအုပ်ပေးဖို့အတွက် ပြန်လည်ငုံသွားခဲ့သည်။ တုံးကျန်းနဲ့ နန်ချင်းချင်းသည်လည်း ရန်သူကို သတိပေးမိမှာ ကြောက်တာကြောင့် နောက်ပြန်ဆုတ်ကာ အရှင်ချင်းလုံ ပြောထားသော တောင်ထိပ်သို့ ပြေးထွက်လာခဲ့၏။ 


တစ်ဖက်က တောင်ထိပ်ပေါ်၌ အနက်ရောင်ဝတ် အနက်ရောင်ဝတ် အရှင်ချင်းလုံဟာ အနီရောင်ပန်းပွင့်ကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။


သူ့အနောက်မှာတော့ လှပသော မိန်းကလေးတစ်ယောက် ရပ်နေသည်။


"အရှင် သူ့ကို စိတ်မချလို့လား... ကျွန်တော်မျိုးမ သွားကာကွယ်ပေးဖို့ လိုမလား?"


"မလုပ်နဲ့!.... သူကိုယ်တိုင် သန်မာလာမှ ရမယ်!"


သူမက ခေါင်းညိတ်လိုက်၏။


"အရှင်က သူ့အတွက် သားရဲသွေးတစ်စက် သုံးလိုက်တယ်ဆိုတော့ အရှင့်အတွက် အရေးကြီးတဲ့ လူပဲ ဖြစ်မယ်... ဒီတစ်ခေါက် သခင်မပေဟွားလော့ကို သွားတွေ့ရင် သူ့ကိုလည်း ခေါ်သွားမယ်မလား?"


အရှင်ချင်းလုံ တိတ်ကျသွားသည်။ ပေချွမ်းယင်က သူ့အမေကို ခစားနေသူ ဖြစ်လေ၏။ အမေ ဇာတ်မြှုပ်နေပြီးနောက် သူ့ကို ကာကွယ်စောင့်ရှောက်ဖို့ အနောက်က လိုက်နေခဲ့ကာ ရင်းနှီးတယ်လို့ ဆိုလို့ရသည်။ 


ပေချွမ်းယင်မှ အရှင် ကောင်လေးတစ်ယောက်ကို အလေးပေး ဆက်ဆံနေတာ တွေ့တော့ သူမ နည်းနည်းလေး သဘောပေါက်သွားသည်။ သခင်မက သူ့အတွက် အဖော်တစ်ယောက် ခေါ်လာပေးဖို့ ပြောထားတာက အခုတော့ ဖီးနစ်ငှက်ငယ်လေး တစ်ကောင် ဖြစ်နေလေသည်။


ဒီအတွက် သူမမှာ ဝေဖန်ချင်စိတ် မရှိချေ။ အရှင်နဲ့ သခင်မသာ လက်ခံထားရင် သူမကလည်း ထိုကောင်လေးကို ကာကွယ်ပေးမှာပင်။ 


သူမ တွေးနေတုန်း တုံးကျန်းနဲ့ နန်ချင်းချင်း ပြန်ပြေးလာတာ တွေ့လိုက်ရသည်။


တုံးကျန်း: "အာ..... ဒေါ်ဒေါ်ယင်ရော ရောက်နေတာကိုး...."


ပေချွမ်းယင် ချက်ချင်း မျက်နှာကြီး မည်းမှောင်ကျသွားသည်။ 


"ငါ့ကို ဘယ်လိုခေါ်လိုက်တယ်??"


"အမ်.... အဟဲဟဲ...."


တုံးကျန်း ရယ်မောရင်း အရိုက်မခံရအောင် သူ့ဦးလေးအနားပဲ ပြေးကပ်နေလိုက်တော့သည်။ ပေချွမ်းယင်က သူ့ကို အဒေါ်လို့ခေါ်ရင် မကြိုက်တာ သိပေမယ့် သူ့ပါးစပ်က စရင်းနောက်ရင်း နှုတ်ကျိုးနေတာကြောင့် မကြာခဏ ခေါ်မိရာကနေ မကြာခဏလည်း အရိုက်ခံရလေသည်။


တုံးကျန်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့ဦးလေးက ဝေးကွာနေသော အနီရောင် ပန်းပွင့်ကြီးအား စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ ၎င်းအေးခဲနေသော မျက်လုံးတွေက တစ်ချက်ကလေးမှ မျက်တောင်ခတ်မသွား။ 


ဒါက ဖုန့်ဝူယိကို စိတ်ပူနေတယ် ဆိုတာ အသိသာကြီး။